Personal hygiene for women အမျိုးသမီးများ တကိုယ်ရေသန့်ရှင်းရေး
အမျိုးသမီးတွေ တကိုယ်ရေသန့်ရှင်းရေးကို လိုတာထက်မပိုသင့်ပါ။ အဆန်းတွေ မသုံးသင့်ပါ။ ဗဂျိုင်းနားမှာ အကျိုးရှိစေတဲ့ ပိုးတွေရှိနေတာ ကောင်းတယ်။ သန့်ရှင်းအောင်ဆိုပြီး ဆေးတွေနဲ့လုပ်ရင် ပိုးအကောင်းတွေပါသေစေပြီး၊ (ဖန်းဂတ်စ်) မှိုပိုး ဝင်လာစေတတ်တယ်။ ရိုးရိုးဆပ်ပြာနဲ့ ရေဆိုရင် လုံလောက်ပါတယ်။ မွှေးတိုင်း မကောင်းပါ။ စျေးကြီးတိုင်း မကောင်းပါ။ တချို့ အမွှေးအကြိုင်ဆပ်ပြာတွေ မတည့်ဘူး။ ဆပ်ပြာက (အယ်လ်ကာလီ) ဓါတ်ပါတာမျိုး မသင့်ပါ။ တချို့က Fabric softeners တွေနဲ့ မတည့်ဘူး။ ဖုံးကွယ်ထားအပ်တဲ့ အတွင်းနေရာတွေ ပူနွေးစိုထိုင်းနေတာ ကြာရင်မကောင်းပါ။ မိုးရာသီမှာ အထူးဆင်ခြင်ပါ။ သင်္ကြန်ကာလ တချိန်လုံးရေစိုနေရင် သတိထားပါ။ အဲဒီနေရာကို ခြောက်သွေ့စေပါ။ လေသလပ်တာ ဖြစ်နိုင်သလောက် လုပ်ပေးပါ။
ဝါဂွမ်းနဲ့လုပ်တဲ့အတွင်းခံသာ ဝတ်ဆင်ပါ။ ရာသီလာစဉ်သုံးပစ္စည်း သန့်ပါစေ။ အသုံးအဆောင်ပစ္စည်း၊ ဆေးဝါးတွေနဲ့ ကိုယ်နဲ့ မတည့်-မသင့်လို့ဖြစ်နိုင်တယ်။ ကိုယ်ဝန်မရအောင်ထည့်တဲ့ IUCD ထည့်သူ ၅% မှာ ပိုးဝင်တတ်တယ်။ Vinegar douches ဆိုတဲ့ (ဗဂျိုင်းနား) သန့်အောင် ဗနီဂါနဲ့ ဆေးကြောနည်း မသင့်ပါ။ သန့်ရှင်းရေးကို လိုတာထက် မပိုစေနဲ့။ (ဗဂျိုင်းနား) ဟာ သူ့အလိုလို သန့်အောင်ကြိုးစားနိုင်တယ်။
အဖြူဆင်းရင်
ရာသီလာနေချိန်ဆိုတာ ပိုးဝင်ဘို့ အခြေအနေကောင်းတခုဖြစ်တယ်။ အဖြူဆင်းလို့ ဆေးသောက်၊ ဆေးထည့်နေရရင် ရာသီလာနေချိန်မှာလဲ ဆက်လုပ်ရမယ်။ အိမ်ထောင်သည်တွေဆိုရင် နှစ်ယောက်လုံးကို ဆေးတပြိုင်တည်းကုသရမယ်။ အဖြူဆင်းပြီး၊ ယားတာက ခဏခဏဖြစ်လေ့ရှိတယ်။ မှို (ဖန်းဂတ်စ်) ပိုးဝင်လို့ဖြစ်တယ်။ လိင်ဆက်ဆံမှုနဲ့မဆိုင်ပဲလည်း ဖြစ်တတ်တယ်။ (ထရွိုင်ကိုမိုးနပ်စ်) အမျိုးအစားကတော့ လိင်ကတဆင့်ကူးစက်တယ်။ ခပ်စိုထိုင်းထိုင်းနဲ့ ပူနွေးနွေး အခြေအနေကို ဖန်းဂတ်မှိုပိုးတွေက ကြိုက်တယ်။
မွေးလမ်းကြောင်းရောင်တာ
သန့်ရှင်းရေးနည်းလို့လည်း ဖြစ်တတ်တယ်။ ပိုးက အဝတ်စိုလိုမျိုးမှာ ၁ နာရီလောက် ရှင်နေနိုင်လို့ အဝတ်စိုကို အတူသုံးမိရင် ကူးနိုင်တယ်။ ဖိုဆိုရင် ယင်ဖိုတောင် မသန်းဘူးတဲ့ အမျိုးသမီးများမှာတောင်မှ ဗက်တီးရီးယား အရေအတွက် အပြောင်းအလဲကြောင့် ဖြစ်ရတတ်တယ်။ (ဗဂျိုင်းနား) သန့်ချင်လို့ ပိုးသန့်ဆေးပါတဲ့ ဆေးရည်ကို ဆရာဝန်မညွှန်ဘဲ မသုံးပါနဲ့။ (အင်တီဟစ်တမင်း) လိမ်းဆေး၊ ထုံဆေးလိမ်းရင် နာတာ၊ ယားတာ သက်သာစေမယ်။ အတူနေတာ အထူးသတိထားပါ။ ပဋိဇီဝဆေးကို လိုမှသာသုံးပါ။
မွေးလမ်းကြောင်းယားတာ
အပျိုတွေလည်းဖြစ်ကြတယ်။ အဖြစ်မနည်းပါ။ တချို့မှာ တခါတလေသာဖြစ်ပြီး တချို့ တာရှည်ဖြစ်တယ်။ တာရှည်နဲ့ ခဏခဏ ဖြစ်ဖန်များရင် နောင်မှာ ကင်ဆာအထိ ဖြစ်မလာဘူးလို့ မပြောနိုင်ပါ။ မစိုးရိမ်ပါနဲ့၊ ရှားလွန်းပါတယ်။ အောက်ခံ ရောဂါ တခုခုရှိနေလို့ဖြစ်တာ များတယ်။ ရောဂါရယ်လို့ မဟုတ်ဘဲ အစိုဓါတ်ကနေလဲ ဖြစ်စေနိုင်တယ်။ အစိုဓါတ်ဆိုတာ ဆီးစိုနေတာ၊ ဝမ်းသွားတာ နဲနဲပေကျန်တာ၊ ချွေးထွက်များတာ။ အစားအသောက်ထဲမှာ ကိုယ်နဲ့အဆင်မပြေတာ ဥပမာ ကေဖင်း၊ ခရမ်းချဉ်သီးနဲ့ မြေပဲ ပါနေတာတွေကနေ ဖြစ်စေနိုင်တယ်။ Moisturisers (Emollients) လိမ်းဆေးအနေနဲ့ လာတယ်။ ဘာလို့ ယားတာဖြစ်ဖြစ်နေနေ သက်သာစေမယ်။ ဆေးများသွားလို့လည်း ကိစ္စမရှိဘူး။ ယားလို့ ကုတ်ရင် ပိုဆိုးစေတယ်။ အတတ်နိုင်ဆုံး မကုတ်မိအောင် ထိန်းပါ။ (ကော်တွန်) လက်အိတ်သုံးပါ။ လက်သည်းအတိုဖြတ်ပါ။ လက်သည်းနီဆိုးတာ သတိထားပါ။
ဗဂျိုင်းနား အနံ့ဆိုးနေတာ
အနံ့ဆိုးက တော်တော်နဲ့ မပျောက်သေးရင် စိတ်ဖိစီးမှု ရှိလာတတ်တယ်။ လူတောသူတော တိုးဘို့ရာမှာ အခက်အခဲ ရှိလာနိုင်တယ်။ တကိုယ်ရေသန့်ရှင်းမှု နည်းလို့လားဆိုပြီး သန့်ရှင်းရေးကို ပိုလုပ်ပါလိမ့်မယ်။ သန့်ရှင်းရေးလုပ်ရာမှာ သတိထားစရာတွေ ရှိတယ်။ ဆေးဆိုင်တွေက ဆေးကြောရည်တိုင်းက နေရာတိုင်းအတွက် မသုံးသင့်ပါ။ ပိုးရှိသမျှကို သေစေတာ မကောင်းပါ။ ကိုယ်ထဲ၊ ကိုယ်ပေါ်မှာ ပိုးဆိုတာတွေ အမြဲရှိနေတယ်။ သူ့ရောမှာ သူ့အမျိုးအစားရှိနေတာက ကောင်းတယ်။ ရှိသင့်တာတွေကု ရှင်းလိုက်ရင် မျှခြေပျက်မယ်။ ဗဂျိုင်းနားကို ပိုးသေဆေးနဲ့ဆေးလို့ မှို (ဖန်းဂတ်စ်) ပိုး ဝင်လာနိုင်တယ်။ (ဗဂျိုင်းနားဖလိုရာ) ဆိုတာ သူ့ဖါသူရှိနေသင့်တဲ့ ပိုးတွေကိုခေါ်တယ်။ မိုက်ခရိုဖီးလစ် ဗက်တီးရီးယားတွေ အများကြီးရှိတယ်။ (လက်တိုဗက်ဆီးလိုင်) ဆိုတာတွေက အဓိကကျတယ်။ အကာကွယ်ပေးနေတဲ့ ပိုးမျိုးသာဖြစ်တယ်။ အက်စစ်ဓါတ်ကို ထိန်းပေးတယ်။ ဒါကြောင့် ဗဂျိုင်းနားကို လိုတာထက်ပိုပြီး ဆေးကြောရင် ဒီအက်စစ်ဓါတ်အခြေအနေ ပြောင်းသွားပြီး ပိုးသစ်တွေ ဝင်လာစေနိုင်တယ်။ အသစ်ဝင်တဲ့ပိုးတွေကို ရောဂါရစေတဲ့ပိုးတွေလို့ခေါ်တယ်။
ဆရာဝန်မလိုတဲ့ အထောက်အကူနည်းတွေ
အလွန်အကျွံဆေးကြောခြင်း၊ ဆေးဖြန်းပြီးဆေးကြောခြင်း၊ အဝတ်အစား တင်းကြပ်နေအောင် ဝတ်ဆင်ခြင်း၊ ဓါတုဆေးတွေ ဥပမာ အမွှေးအကြိုင်ပါတဲ့ဆေးကြောရည်၊ ပိုးသေဆေးဆပ်ပြာတွေသုံးရာကနေ ဗဂျိုင်းနားရောင်တာနဲ့ မှိုပိုးဝင်တာတွေဖြစ်စေနိုင်တယ်။ ကိုယ်ဝန်တားနည်း၊ ဗဂျိုင်းနားထဲ ပစ္စည်းထည့်ထားတာ၊ အသွင်းအထုတ် လုပ်တာ၊ အတူနေတာမှာ စအိုလမ်းနည်းကို ဗဂျိုင်းနားလမ်းနည်းနဲ့တွဲပြီး ဆက်ဆံတာ၊ အိမ်ထောင်သည်တွေ အတူနေပြီးတဲ့နောက် ဆီးသွားတဲ့ အလေ့အကျင့် လုပ်သင့်တယ်။ ဗဂျိုင်းနားထဲကို အသစ်ဝင်လာတဲ့ ပိုးတွေက ဆီးလမ်းကို ရောက်လာမှာကို တားရာ ရောက်တယ်။ ဒါကြောင့် မင်္ဂလာဆောင်ကာစ သတို့သမီး အတော်များများမှာ ဟန်းနီးမွန်း ဆီးအောင့်တာ ဖြစ်ကြရတယ်။ မိန်းကလေးတိုင်း ကိုယ်နံ့ မတူတတ်တာထဲမှာ ဒီနေရာက အနံ့လဲပါတယ်။ သဘာဝပါ။ ရာသီဆင်းချိန်မှာလဲ အနံ့မတူ ဖြစ်လာနိုင်တယ်။ ဆင်းတဲ့ရာသီသွေးက ဟောင်းနေတာဆိုရင် တမျိုးဖြစ်နိုင်တယ်။ မေ့လျှော့ပြီး ရာသီလာတုံးသုံးတဲ့ Tampon ကို မထုတ်ဘဲထားမိရင်လဲ ဖြစ်တတ်တယ်။
စည်ပိုင်းထဲ စိမ်ချိုးတာထက် ရေကိုအပေါ်ကနေလောင်းချနည်းက ကောင်းတယ်။ ရေမခြောက်သေးခင် အတွင်းခံ မဝတ်ပါနဲ့။ မှိုပိုးတွေက စိုထိုင်းတာကိုကြိုက်ကြတယ်။ ခေါင်းလျှော်တာကို သီးသန့်လုပ်ပါ။ တချို့ ခေါင်းလျှော်ရည်က ကိုယ်နဲ့မသင့်တာဖြစ်နိုင်တယ်။ ဆပ်ပြာ၊ ရေမွှေး၊ ချွေးနံ့ပျောက်ဆေးတွေက ကိုယ်နဲ့ သင့်-မသင့် သတိထားပါ။ လိုမယ်ထင်ရင် ပြောင်းသုံးပါ။ မသုံးဘဲ နေလို့ရရင် မသုံးပါနဲ့။
(ရောဂတ်) ဒိန်ချဉ် စားပေးသင့်တယ်။ (ကွန်ဒွမ်) မှာ သုက်ပိုးသတ်ဆေးလဲ တွဲထားတာဆိုရင် ကိုယ်နဲ့ သင့်-မသင့် ကြည့်ပါ။ ဆီးစပ်မွှေး မရိတ်ပါနဲ့။ စိတ်ဖိအားများနေရင် လျှော့ချပါ။ ကိုယ်အလေးချိန်များနေရင် လျှော့ချပါ။ အတွင်းအင်္ဂါနေရာ သန့်ရှင်းရေးလုပ်ရင် (ထိုင်နေတဲ့ အနေအထားမှာ) လက်ကို ရှေ့ကနေ နောက်ဖက်ဆီသာ တလမ်းသွား လှုပ်ရှားပါ။ (ကော်တွန်) ၁ဝဝ% ခပ်ချောင်ချောင်ကိုသာ ဝတ်ဆင်ပါ။ အကြပ်တွေ မဝတ်ပါနဲ့။ အတွင်းခံကို နေ့တိုင်းလဲလှယ်ပါ။ စိုထိုင်းတာများရင် တနေ့တခါမကလဲပါ။ နေလို့ရတဲ့ နေရာ-အချိန်တွေမှာ အတွင်းခံမဝတ်ဘဲနေပါ။ လေသလပ်ခံပါ။ ရေနဲ့ နေ့တိုင်း မိန်းမကိုယ်ကို အသာအယာဆေးကြောပါ။ Feminine hygiene sprays and douches ကိရိယာတွေ၊ အသုံးအဆောင်တွေ မသုံးဘဲသာ ဆေးပါ။ မွှေးစေလိုရင် တခြားနေရာမှာသာ ရေမွှေးသုံးပါ။
ကွန်မင့်နေရာမှာ မဟုတ်တရုတ်တွေလာမရေးစေလိုပါ။ ကိုယ်ပိုင်နည်းဆိုရင်လည်း ကိုယ့်ဖေ့စ်ဘွတ်မှာသာ တင်စေလိုပါတယ်။
ဒေါက်တာတင်ဆွေ

Comments
Post a Comment