Symbol of medicine ဆေးပညာ သင်္ကေတ
မြန်မာပြည်မှာသာ အဲလိုများတယ်။ တချို့တိုင်းပြည်တွေမှာ ကြက်ခြေနီတဆိပ်သုံးတာလဲရှိတယ်။ ကြက်ခြေဖြူ (ဆွစ်ဇာလန်) အလံကို ကပ်တာလဲရှိတယ်။ ကျွန်တော်က ပန်းချီလေးဘာလေး ရေးတတ်တော့ ဆေးကျောင်းသားဘဝတုံးက ဆရာတယောက်ရဲ့ ပေါ်ကာစ (မာဇဒါ-ဖင်မလီယာ) ကားသစ်လေးမှာ စက်ဝိုင်းထဲမယ် မြွေသဘောမျိုး မျဉ်းကြောင်း (ဇစ်-ဇက်) နဲ့ဆွဲပြီး၊ မြွေမျက်စိအဖြစ် ထိပ်နားလောက်မှာ အနီစက်ကလေးတခု ချပေးလိုက်ပါတယ်။ အဲဒီတုံးက ဒီသင်္ကေတာဟာ သမိုင်းနဲ့အညီဖြစ်တာကို မသိခဲ့ပါ။
ဘယ်တိုင်းပြည်မှာမဆို ဆေးညာနဲ့ပတ်သက်ရင် အများဆုံးသုံးကြတဲ့ သင်္ကေတဟာ မြွေပတ်နေတဲ့ တုတ်ချောင်းလေး ဖြစ်တယ်။ ဒါဟာ ပဟေဠိတခုလဲ ဖြစ်ပါတယ်။ ဆရာဝန်တွေတောင် လုံးစေ့ပတ်စေ့ မသိသူကများတယ်။ ဖတ်မှတ် လေ့လာသူတွေကြားမှာလဲ အမြင်တွေ ခြားနားတယ်။ ဆေးတောင်ဝှေးလား၊ တုတ်ကောက်လား၊ ဆေးထိုးအပ်လား၊ မြွေက တကောင်လား။ နှစ်ကောင်လား၊ မြွေမှာ အဆိပ်ရှိလား၊ မရှိလား။ ဘယ်တုံးက ဘာကြောင့်သုံးခဲ့တာလဲ။ တောင်ပံပါတာ နဲ့ မပါတာ။ ဘာ-ညာ၊ စသဖြင့်။
နိုင်ငံတကာမှာ အများစုလက်ခံသုံးစွဲနေတာက Rod of Asclepius (အက်စကလိပီးယပ်စ်) အချောင်းဖြစ်တယ်။ ဂရိဒဏ္ဍာရီအရ Rod of Asclepius ဟာ Serpent-entwined rod မြွေ ဒါမှမဟုတ် မြွေလို တွားသွားတဲ့ အကောင်ပါတဲ့ တုတ်ချောင်းလို့ အဓိပ္ပါယ်ရတယ်။ ဒီမြွေကအဆိပ်မရှိဘူး။ မကျန်းမာသူတွေ၊ ထိခိုက်ဒဏ်ရာရသူတွေ လဲလျှောင်းရာ ကြမ်းပြင်မှာ တွားသွာနေကြလေ့ ရှိကြတယ်။ ဒီလို ရောဂါဘယတွေကို ပျောက်စေနိုင်စွမ်းကို ယုံကြည်လာရာကနေ ပိုပြီး ရေပမ်းစားလာခဲ့တယ်။ Asklepian လို့လဲ ခေါ်သေးတယ်။ အေသင်ဒဏ္ဍာရီတပုဒ် အလိုအရ (အက်စကလိပီးယပ်စ်) ဟာ ကြောက်စရာကောင်းလှတဲ့ မိန်းမ Gorgon (ဂေါ်ဂွန်) ရဲ့ သွေးကို ဆေးအဖြစ်ရခဲ့တယ်လို့ ဆိုထားတယ်။ ဒီမိန်းမရဲ့ ဘယ်ဘက်ကရတဲ့သွေးဟာ လူတွေကို သေစေပြီး ညာဘက်ကရတဲ့သွေးက သေသူကိုပြန်ရှင်စေနိုင်တယ်။
အဓိပ္ပါယ်ဖွင့်ဆိုမှုတွေက ကွဲပြားကြတယ်။ ဘာသာရေး၊ စာပေနဲ့ ဒဏ္ဍာရီတွေထဲမှာ ဒီလို မြွေလိုအကောင်းမျိုးကို သားသမီး ထွန်းကားစေရေး ဒါမှမဟုတ် အသက် ဖန်တီးဖြစ်တည်မှုအတွက် ကိုယ်စားပြုတယ်။ မြွေဟာ အရေခွံလဲတတ်တာမို့ အသစ်ဖြစ်ခြင်း မွေးဖွါးခြင်း၊ ပြောင်းလဲခြင်း၊ မသေနိုင်ခြင်း၊ ကုစားပေးခြင်းဆိုတဲ့ အဓိပ္ပါယ်တွေကို ဆောင်စေတယ်။ တချို့က "သေခြင်းတရား၊ ရှင်သန်ခြင်း နဲ့ ရောဂါဝေဒနာတွေကြား တာဝန်များရတဲ့ သမားတော်" လို့ ယူဆတယ်။ နောက်ပြီး ဆေးဝါး နဲ့ အဆိပ် ဆိုတဲ့အစွန်းနှစ်ပါးကို ချိန်ဆရတဲ့ပညာကိုလဲ ကိုယ်စားပြုတယ်။
မြွေဆိပ်ဟာ ဆေးဘက်မှာ သုံးနိုင်တယ်။ အနာကျက်စေအာင်၊ သတိလစ်စေအောင် လုပ်နိုင်တယ်။ သွေးကြောထဲ သွေးခဲပိတ်နေတာ၊ ကင်ဆာ၊ ဆီးချို နဲ့ ဦးနှောက်ရောဂါတချို့မှာ သုံးတယ်။ သုတေသနတွေလဲ လုပ်နေတယ်။ မြွေဟာ အသိဉာဏ်ကြီးမားတယ်လို့လဲ ယုံကြည်ကြတယ်။
ဒီသင်္ကေတကိုအသုံးပြုတာဟာ အမေရိကားမှာ ဆေးပညာနဲ့ပတ်သက်တာအားလုံးထဲက ပညာပိုင်းဆိုင်ရာမှာ ၆၂% နဲ့ ဆေးပညာ + ငွေကြေးနဲ့ဆိုင်တာတွေမှာ ၇၆% သုံးတယ်လို့ သုတေသနတခုကဆိုပါတယ်။ မမှန်ဘူး၊ မသင့်ဘူးလို့ ဝေဖန်တာတွေလဲရှိတာပါဘဲ။ သူတို့ သုံးနေတာမျိုးက Caduceus (ကဒူးစီးယပ်စ်) ဆိုတာ ဂရိ အိုလံပစ်နတ်ဘုရား Hermes (ဟားမီစ်) ရဲ့ လက်စွဲတော် ကိုင်ဆောင်ရတဲ့ အဆောင်ဖြစ်တယ်။ ရောမသမိုင်းမှာတော့ ဘုရားရဲ့တမန်တော် Mercury (မာကျူရီ) လက်ဝဲလက်ထဲမှာ ကိုင်ရတဲ့ အဆောင် ဖြစ်တယ်။ ဒီခေတ်ပေါ်သင်္ကေတမှာ မြွေနှစ်ကောင်ပါတယ်။ လက်စွဲတော်မှာ တောင်ပံပါတာဟာ တမန်တော်သဘောဖြစ်တယ်။ တကယ်က ကုန်သွယ်ရေးနဲ့ဆိုင်တဲ့ အငြင်ပွါးမှုတွေမှာ ဘက်မလိုက်စေရအောင် လမ်းညွှန်မှုပေးရတာဖြစ်တယ်။ ဒါကြောင့် ဒီသင်္ကေတတုတ်ချောင်းကို Symbol of medicine ဆေးပညာသင်္ကေတ၊ Medical practice ဆေးကုသမှုကိုယ်စားပြု သုံးနေကြတာဟာ မှားတယ်လို့ ဆိုတယ်။
ဆရာဝန်တွေ ရွတ်ဆိုလိုက်နာကြရတဲ့ Hippocratic Oath (ဟစ်ပိုခရေးတီးစ်) ပဋိညာဉ် မူရင်းမှာ ဒီလိုစထားတယ်။ “ကျွန်ုပ်သည် သမားတော်ကြီး Apollo (အပိုလို) အားလည်းကောင်း၊ Asclepius (အက်စ်ကလိပီးယပ်စ်) အားလည်းကောင်း၊ Hygieia (ဟိုက်ဂျီယာ) အားလည်းကောင်း၊ Panacea (ပင်နာစီးယပ်) နှင့် နတ်ဘုရားများ အားလည်းကောင်း တိုင်တည်လျှက် ့့့”
၁။ Apollo (အပိုလို) ဟာ ကုသပေးသူ၊ မကောင်းဆိုးဝါးတွေရန်က အကာကွယ်ပေးသူ အဖြစ် ရှေးဟောင်းဂရိနဲ့ ရောမက ဒဏ္ဍာရီတွေထဲမှာ အရေးအပါဆုံး နတ်ဘုရားတဆူဖြစ်တယ်။ (အိလိယက်) မဟာကဗျာကြီးထဲမှာ ဘုရားသမားတော် အဖြစ် ဖေါ်ညွှန်းထားတယ်။ သူကတော့ မြားတံကိုသုံးတယ်။
၂။ (အပိုလို) ရဲ့သား ဆေးပညာဖခင် Aesculapius (အက်စကလိပီးယပ်စ်) ရဲ့ လက်စွဲတော် ကိုင်ရတဲ့ ဆေးတောင်ဝှေး ဖြစ်လာတယ်။ မရဏကို မြွေဆီက နေရခဲ့တာဖြစ်တယ်။ သူကနေ လူတွေကို မသေအောင် ဆေးကုသပေးခဲ့တော့ လူတွေကိုသေမျိုးဖြစ်စေအောင် (ဇီးယပ်) ဘုရင်ကြီးကနေ ဆေးဆရာကို မိုးကျိုးလက်နက်နဲ့ သေစေခဲ့တယ်။ "ဒီဒဏ္ဍာရီကနေ လူတွေဟာ သဘာဝတရားကို မလွန်ဆန်နိုင်ဘူးဆိုတာ သက်သပြေလိုက်တာဖြစ်တယ်။"
၃။ (အက်စကလိပီးယပ်စ်) ရဲ့သမီးတော်ဟာ Hygieia (ဟိုက်ဂျီယာ) ဖြစ်ပြီး ဆေးဝါး နတ်ဘုရားမဖြစ်တယ်။ သူ့သင်္ကေတကတော့ Bowl of Hygieia (ဟိုက်ဂျီယာ) ခွက်ဖြစ်ပြီး၊ မြွေတကောင်လဲပါတယ်။
၄။ Panacea (ပင်နာစီယာ) ဆိုတာကတော့ Universal remedy ၉၆ ပါး ရောဂါ အားလုံးကို ပျောက်ကင်းစေတဲ့ဆေးဝါး နတ်သမီးဖြစ်တယ်။
ကောက်ချက်ချရရင် ဆေးပညာ၊ ဆရာဝန်၊ ဆေးဝါး၊ ဆေးကုသမှုတွေဟာ (ဟားမီစ်) နဲ့ (မာကျူရီ) တို့နဲ့မသက်ဆိုင်ဘဲ (အပိုလို)၊ (အက်စ်ကလိပီးယပ်စ်)၊ (ဟိုက်ဂျီယာ)၊ (ပင်နာစီယာ) တို့သာ ဆိုင်တယ်။ ဒါကြောင့် မြွေတကောင်တည်း ပတ်နေတဲ့ တုတ်ချောင်းကို ဆေးပညာမှာ သုံးနေတာဟာ သမိုင်းနဲ့ညီတယ်။ အဆိပ်မရှိတဲ့မြွေဖြစ်ပြီး၊ တောင်ပံလဲ မပါရပါ။
ဖြည့်စွက်ချက်
ကျွန်တော်ဟိုတုန်းက ကြိုးစားပမ်းစား ဆွဲထားခဲ့တဲ့ သင်္ကေတရုပ်လေးကို AI အကူအညီနဲ့ ပိုမိုတောက်ပလှပအောင် ပြန်လည် ပြင်ဆင်နိုင်ခဲ့ပါပြီ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment