ဆယ့်နှစ်လမိုးလင်္ကာ

တယောက်က သူရေးတဲ့စာတပုဒ်အတွက် မိုးအကြောင်း သိလိုတယ်လို့ မေးတာနဲ့ စုဆောင်းထားတာကို ပို့လိုက်တယ်။
၁။ တန်ခူးမည်မှတ် ဖက်ဆွတ်ရေတိုး သင်္ကြန်မိုး။
၂။ ကဆုန်အတွင်း မြေသင်းပျံပျံ မိုးနှံနှံ။
၃။ နယုန်မိုးသေး မြက်သားမွေး။
၄။ ဝါဆိုလပြောင်း မိကျောင်းဖွေးဖွေး မိုးအေးအေး။
၅။ ဝါခေါင်တကြောင်း ထနောင်းကြောင်းခြစ် ဆူးရစ်ပွင့်ကာ မိုးမရွာ ရွာပါသော်လည်း မိုးမသည်း။
၆။တော်သလင်းတိမ်ညို စဖိုသည်ဆင်းရဲ မိုးမစဲ။
၇။ သီတင်းကျွတ်တွင် ပလ္လင်ဆေးမိုးရွာသွန်းဖြိုး။
၈။ တန်ဆောင်မုန်းတွင်း ဆီးနှင်းတဖြိုက် မိုးတလိုက်။
၉။နတ်တော်ရောက်ငြား မိုးသားမငြိမ် ဆင်ရာတိမ်။
၁၀။ ပြာသိုချမ်းပြင် ဆီးနှင်းရောယှက် နှမ်းပုံပျက်။
၁၁။ တပိုတွဲ နွှဲ၍ရွာခြင်း သန်းမိုးကြွင်း။
၁၂။ တပေါင်းလည်းကူး မိုးသားကျူး။ ။ (မုံရွေးဆရာတော်) 

တန်ခူးလတွင်ရွာသောမိုး
တန်ခူးလတွင် ရွာသောမိုးကို သင်္ကြန်မိုးဟူ၍ လည်းကောင်း ဖက်ဆွတ်မိုး ဟူ၍ လည်းကောင်း ခေါ်ကြသည်။ မြန်မာအဘိဓာန်တွင် ဖက်ဆွတ်မိုးကို တပေါင်းလအကုန် တန်ခူးလဆန်းတွင် သစ်ရွက်ရော်များကို ကြွေစေသောမိုးဟု ဖွင့်ဆိုထားသည်။ တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေးတိုး၊ သင်္ကြန်မိုးဟု မုံရွေးဆရာတော်က ဆိုထားသည်။ တန်ခူးလတွင် သင်္ကြန်မိုးသည် သစ်ပင်များရှိ ဖက်ရွက်ကို ဆွတ်ခြွေမှု ပြုနေကြောင်း ဖော်ပြနေသည်။ ဖက်ဆွတ်မိုးကို ဒဂုန်ဦးစန်းငွေက တလုံးချင်း ဖွင့်ဆိုထားသည်။
ဖက် = သနပ်ဖက်၊အင်ဖက်၊ ပြောင်းဖူးဖက်၊ ငှက်ပျောဖက် စသော ဖက်အမျိုးမျိုး။
ဆွတ် = ခူးသည်၊ ကြွေအောင်ပြုသည်၊ ခြွေသည်၊ ဆွတ်ခူးသည်၊ ခူးဆွတ်သည်၊ ဆွတ်ချူသည်။
မိုး = ရွာသွန်းသောမိုး။

ဖက်ဆွတ်ရေမျိုး၊ မချိုးသောက်ရာဟု မဃဒေဝလင်္ကာကြီးတွင် ဆိုထားသည်။ မိုးသည် တောတောင်အနှံ့ ကြွေကျထားသော သစ်ရွက်ခြောက်တို့ကို တွန်းတိုက်စီးဆင်းလာသည်။ ထိုရေသည် နီသောအဆင်းဖြင့် ချောင်းများ၊ မြစ်များသို့ စီးဝင်သည်။ ထိုရေကို သောက်မိပါက ရောဂါရတတ်သည်ဟု အယူရှိကြသည်။ ထို့ကြောင့် ထိုရေကို မသောက်ကောင်းဟု ဆိုကြသည်။ 

ထို့ပြင် ဖက်ဆွတ်ရေကိုပင် လောင်သင်ရေ ပြာရေဟုပင် ခေါ်ကြသေးသည်။ တပေါင်း၊ တန်ခူးလများတွင် တောင်ယာလုပ်ကိုင်သူတို့သည် တောင်ယာကို မီးရှို့ကြရာ သစ်ပင်ကြီးငယ်နှင့် ချုံနွယ်ပိတ်ပေါင်းများ မီးလောင်၍ အောင်မှမြေကြီးများမှာ မီးအပူဖြင့် ကျက်တော့သည်။ ကျက်နေသော မြေပြင်ပေါ်ရှိ သစ်ရွက်ပြာများပေါ်သို့ မိုးရွာချသောကြောင့် စီးဆင်းလာသောရေကို လောင်သင်ရေဟုခေါ်ကြသည်။ မီးလောင်ပြာများ ပါဝင်သောကြောင့် ပြာရေဟုလည်း ခေါ်ကြသည်။ ဥတုဘောဇနကျမ်းတွင် လောင်သင်ရေ၊ ဖက်ဆွတ်ရေ ကျသောကြောင့် မြစ်ရေ၊ ချောင်းရေတို့ကို မချိုးမသောက်ကောင်းဟု ဖော်ပြထားသည်။

ကဆုန်လတွင်ရွာသောမိုး
ကဆုန်လသည် မြန်မာလများတွင် ဒုတိယလဖြစ်သည်။ နွေရာသီ၏အလယ် ဖြစ်သောကြောင့် အပူရှိန်လွန်ကဲနေတော့သည်။ ဒါ့ကြောင့် ကဆုန် နယုန် ဆွေ့ဆွေ့ခုန်ဟု ဆိုကြသည်။ သို့သော်လည်း မိုးသည် တခြိမ်းခြိမ်းနှင့် ခြိမ်းခြောက်နေတတ်သည်။ မိုးမရွာသော်လည်း မိုး၏ တပ်လှန့်သံကြောင့် မြေသင်းရနံ့တို့သည် အရပ်ထက်ဝန်းကျင်၌ တပျံ့ပျံ့ မွှေးနေသည်။ ထို့ကြောင့် ရှေးတောင်သူ ဦးကြီးတို့သည် ကဆုန်အတွင်း မြေသင်းပျံ့ပျံ့ မိုးနှံံ့နှံ့ဟု ဆိုကြတော့သည်။

နယုန်လတွင်ရွာသောမိုး
နယုန်လတွင် နေပူအားလျော့ကာ မိုးသည် မြူးလာတော့သည်။ တခါတရံတွင် ကောင်းကင်တပြင်လုံး မိုးသားများ မည်းမှောင်အုံ့ဆိုင်းပြီး ပြင်းထန်စွာ မိုးသံပေး၍ မိုးသေးမိုးဖွဲကလေးများကို သွန်ချတော့သည်။ အရိုးပြိုင်းပြိုင်း ဖြစ်နေကြသော သစ်ပင်သစ်ကိုင်းများမှာလည်း ရွက်ညွှန့်ကလေးများ ကိုယ်စီစိမ်းစို လာကြသည်။ ခြောက်သွေ့နေသော မြေပြင်မျာလည်း နယုန်မိုးသေး မိုးဖွဲကလေးများကြောင့် မျက်နုကလေးများသည် စိုစိုပြေပြေ ဖြစ်လာသည်။ ထို့ကြောင့် ရှေးတောင်သူများက နယုန်မိုးသေး မြက်သားမွေးဟု ဆိုကြပေသည်။

ဝါဆိုလတွင်ရွာသောမိုး
ဝါဆိုလတွင် အပူရှိန်ပြင်းထန်ခြင်း မရှိတော့ပေ။ ထိုလတွင်ရွာသောမိုးရေသည် အလွန်အေးမြသည်။ တောတန်းတလျှောက်တွင်လည်း မိကျောင်းပန်များသည် ဖွေးနေအောင် ပွင့်နေကြသည်။ ထို့ကြောင့် တောင်သူများက ဝါဆိုလပြောင်း မိကျောင်းဖွေးဖွေး မိုးအေးအေးဟု ဆိုကြသည်။ မြစ်ချောင်း အင်းအိုင်များ ရေပြည့်လျှံနေကြ၍ ဝါဆိုဝါခေါင် ရေဖောင်ဖောင်ဟု ဆိုကြပြန်သည်။

ဝါခေါင်လတွင်ရွာသောမိုး
ဝါခေါင်လ၌ အထက်အညာတွင် တခါတရံမှသာ မိုးရွာတတ်သည်။ ရွာသည့်အခါတွင်လည်း ဖွဲဖွဲကလေးသာ ရွာတတ်သည်။ ဒါ့ကြောင့် တောင်သူဦးကြီးများက ဝါခေါင်တကြောင်း ထနောင်းကြောင်ချစ်၊ ဆူးရစ်ပွင့်ကာ၊ မိုးမရွာ၊ ရွာပါသော်လည်း မိုးမသည်းဟု ဆိုကြသည်။ မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွင်တော့ မိုးက ဝါဆိုဝါခေါင် ရေဖောင်ဖောင် ဆိုသည့်အတိုင်း ရေတွေကြီးလို့ သပြေသီးတောင် ကောက်ကြနေ တော့သည်။

တော်သလင်းတွင်ရွာသောမိုး
တော်သလင်းလတွင် မိုးသားများ ကင်းစင်၍ ကြည်လင်သာယာလျက်ရှိသည်။ နေမင်းသည်လည်း ကောင်းကင်ပြင်တွင် ပြင်းပြစွာ ထွန်းလင်းနေသည်။ ဒါ့ကြောင့် တော်သလင်းနေ ပုစွန်သေဟုလည်း ဆိုကြသည်။ ထိုလတွင် မြင်ရေပြင်ကိုလည်း တော်သလင်း မြစ်တွင်းသင်ဖြူးခင်း ဆိုသည့်အတိုင်း မြစ်ရေပြင်သည် ကြည်လင်နေပြီး လှိုင်းလေများ ကင်းစင်သဖြင့် သင်ဖြူးများ ဖြန့်ခင်းထားသကဲ့သို့ ပြန့်ပြူး ငြိမ်သက်လျက်ရှိသည်။ ထိုလတွင် သာယာကြည်လင်နေသော်လည်း တခါတရံ ရာသီဥတု ဖောက်ပြန်သည့် အချိန်များရှိသည်။ ထိုအချိန်တွင် မိုးရွာပါက မိုးများတတ်သည် ထို့ကြောင့် တော်သလင်းမိုး ကန်သင်းကျိုးဟု ဆိုကြသည်။ လယ်ကန်သင်းများ ကျိုးအောင် မပြတ်မစဲ ရွာတတ်သောကြောင့် ဖြစ်သည်။ 

စပါးကိုနေလှမ်းပြီးမှ ထမင်းချက်ရသော ရှေးစဖိုသည် ထမင်းချက်သများများသည် မစဲအောင် ရွာနေသော မိုးရေအောက်တွင် စပါးမလှမ်းနိုင်သဖြင့် ဆင်းရဲဒုက္ခရောက်ကြရရှာသည်။ တောင်သူဦးကြီးများက တော်သလင်း တိမ်ညို စဖိုသည်ဆင်းရဲ မိုးမစဲဟု ခေါ်ကြလေတော့သည်။

သီတင်းကျွတ်တွင်ရွာသောမိုး
သီတင်းကျွတ်လတွင် ရွာသောမိုးကို ပလ္လင်ဆေးမိုးဟု ခေါ်ကြသည်။ ဤနေရာတွင် ပလ္လင်ဆိုသည်မှာ သင်ပုတ်ပလ္လင် ကိုဆိုလိုခြင်းဖြစ်သည်။ စေတီပုထိုးများတွင်ရှိသော ဆွမ်းတင်ရန် ပြုလုပ်ထားသည့် အုတ်ခုံဖြစ်သည်။ ဆွမ်းပွဲများကို ပလ္လင်ပေါ်တင်၍ ကပ်လှူကြသည်။ ထိုပလ္လင်ပေါ်တွင် ပေကျံနေသည့် အညစ်အကြေးများကို မိုးက စင်ကြယ်အောင် ဆေးကြောပစ်လိုက်၍ ပလ္လင်ဆေးမိုးဟု ခေါ်ခြင်းဖြစ်သည်။ ထို့ကြောင့် သီတင်းကျွတ်တွင်း၊ ပလ္လင်ဆေးမိုး၊ ရွာသွန်းဖြိုးဟု ဆိုကြသည်။

တန်ဆောင်မိုးတွင်ရွာသောမိုး
တန်ဆောင်မုန်းလသည် မြန်မာလတွင် ရှစ်လမြောက်ဖြစ်သည်။ မိုးလတဝက်နှင့် ဆောင်းလတဝက် တို့ ရောနေသောလဖြစ်သည်။ မိုးနှောင်း ဆောင်းဦး ဖြစ်၍ သာယာကြည်နူးဖွယ်ကောင်းသောလ ဖြစ်သည်။ နှင်းကျလိုက် မိုးရွာလိုက်ဖြစ်နေ၍ တောင်သူဦးကြီးများက တန်ဆောင်မုန်းတွင် ဆီးနှင်းတပြိုက်၊ မိုးတလိုက်ဟု ဆိုကြတော့သည်။ 

နတ်တော်လတွင်ရွာသောမိုး
လက်ဝဲသုန္ဒရရေးသည့် ရတုတွင်လည်း နတ်ပန်းဝေမြိုင်၊ သဇင်လှိုင်က၊ ဖြိုင်ဖြိုင်မကြဲ၊ စွတ်ရုံ ဖွဲ၏၊ သွန်းမြဲဟန်မှာ၊ ဆင်ရာတိမ်မိုး၊ ခေါ်ကြရိုးတည့် 

နတ်တော်လတွင် ရွာသောမိုးက ဆင်ခြေရာတိမ်သွားအောင် ရွာသောမိုး ဟူ၍ လည်းကောင်း၊ နတ်တော်လမှာ မိုးမရွာဘဲ မိုးသားတိမ်လိပ်တို့သာ ကောင်းကင်မှာ ဆင်ယင်လှုပ်ရှားကြသည်ဟူ၍ လည်းကောင်း ဆိုကြသလို ဆင်ခြေရာ ပျောက်ရုံ ခပ်တိမ်တိမ်ရွာသောမိုး၊ ဆင်ခြေရာ မြင်းခြေရာ တိမ်မြုပ်အောင် ရွာသောမိုးဟုလည်း ဆိုကြသည်ကို မှတ်သားခဲ့ရသည်။

နတ်တော်ရောက်ငြား မိုးသားမငြိမ်၊ ဆင်ရာတိမ် တောထဲတွင်ဆင်များကို လိုက်လံရှာဖွေသောအခါ ဆင်ခြေရာများကို သစ်ခက်ချိုးပြီး စိုက်ထောင်မှတ်သားကြရသည်။ မည်သည့်ခြေရာသည် အဟောင်း၊ မည်သည့်ခြေရာသည်အသစ် စသည်ဖြင့် စစ်ဆေးမှတ်သားကြသည်။ ဆင်ခြေရာကို ဆင်ရာဟု ဆင်ဖမ်းသမားတို့က ခေါ်ကြသည်။ နတ်တော်လတွင် မိုးရွာတတ်သည်။ အတော်သည်းသည်းရွာလျှင် ဆင်ခြေရာများပင် တိမ်ပျောက်သွားတတ်သည်။ ထို့ကြောင့် ဆင်ဖမ်းသဘင်ကျင်းပချိန်တွင် ရွာသောမိုးကို ဆင်ရာတိမ်မိုး၊ ဆင်ရာဖျောက်မိုးဟု ခေါ်ကြသည်။

ဒဂုန်ဦးစန်းငွေက ဆင်ရာတိမ်မိုးကို သည်းသည်းထန်ထန် ရွာချလိုက်မည်ဟူ၍ ရှစ်ခွင်တိုင်း အုံ့မှိုင်းကာ။ တိမ်တပ်ကြီးဆင်၍ ချီတက်လာသည်။ ထိုအခါ ကောင်းကင်တခို၊ ပြိုတော့မလို မိုးသားတွေ မငြိမ်မသက် တလှုပ်လှုပ်တရှားရှား ဖြစ်လာကုန်သည်။ ထို့ကြောင့် ဆင်ရာတိမ်မိုးကား မိုးမရွာဘဲ တိမ်တွေသာမည်း၍ ဆင်းလာသောမိုးဖြစ်သည်ကို စွဲ၍ ဆင်ရာတိမ်မိုးဟုခေါ်သည်ဟု ဆိုထားသည်။ ဆင်ရာတိမ်၏ အနက်ရင်းမှာ မိုးသားတိမ်လိပ်တွေ မငြိမ်မသက် လှုပ်လှုပ်ရှားရှားနှင့် မိုးကွက်ဆင် ခြင်းသာဖြစ်သည်။ ရွာသည်ကို မဆိုကြောင်း မိန့်ဆိုထားသည်။

ပြာသိုလတွင်ရွာသောမိုး
ပြာသိုလတွင် ရွာသောမိုးကို နှမ်းပုံဖျက် မိုးဟုခေါ်ကြသည်။ထိုရာသီတွင် တောင်သူကြီးတို့ နှမ်းပင်များကိုနုတ်၍ စုပုံထားသည့် အချိန်ဖြစ်သည်။ နှမ်းစည်းများကို ထောင်ထားသည့်အချိန်ဖြစ်သည်။ နှမ်းနုတ်၍ နှမ်းပုံဖြစ်ပြီးသည်မှ နှမ်းခါသည်အထိ နေကို အလွန်လိုသည်။ နေပူမှ နှမ်းသီးများ ပုပ်လွယ် ရိလွယ်သည်။ ပုပ် ရိမှလည်း နှမ်းထောင်း၍ နေလှမ်းသောအခါ အသီးများအက်ကွဲ၍ အတွင်းက နှမ်းစေ့များ ထွက်လွယ်သည်။ 

သို့ဖြစ်၍ နှမ်းပုံထားသောအခါနှင့် နှမ်းထောင်းထားသော အခါတို့၌ နေပူ၏အကူအညီကို အထူးလိုအပ် သည်နှင့်အမျှ မိုးအန္တရာယ်ကို အထူးစိုးရိမ်ရသောအခါ ဖြစ်သည်။ ထိုအချိန်၌ မိုးရွာချလိုက်လျှင် နှမ်းများ ပျက်စီးကုန်၍ တောင်သူတို့ ရင်ကျိုးရသည်။ ထို့ကြောင့် ပြာသိုလ၌ ရွာသောမိုးကို နှမ်းပုံဖျက်မိုးဟု ခေါ်ကြသည်။

တပို့တွဲလတွင်ရွာသောမိုး
တပို့တွဲလသည် ဆောင်းလရာသီ၏ နောက်ဆုံးလဖြစ်သည်။ ရာသီဖောက်ပြန်၍ မိုးရွာပါက မိုးအကြွင်းအကျန်များ ရွာသည်ဟုဆိုကြသည်။ ထို့ကြောင့် တပို့တွဲ နွှဲ၍ရွာခြင်း သန်းမိုးကြွင်းဟုလည်း ခေါ်ကြသလို တပို့တွဲ နွှဲ၍ရွာခြင်း ကျန်မိုးကြွင်းဟုလည်းခေါ်ကြသည်။

တပေါင်းလတွင်ရွာသောမိုး
တပေါင်းလသည် ဆောင်းရာသီတဝက်နှင့် နွေရာသီတဝက် ရောနေသောလဖြစ်သည်။ ဆောင်းအကုန် နွေအကူး လဖြစ်သည်။ နေ့ပူလို့ ညခမ်း တပေါင်းလသရမ်းဟုလည်း ဆိုကြပေသည်။ တပေါင်းလတွင် ကောင်းကင်ယံ၌ မိုးသားတိမ်တိုက်များ ဖြစ်ပေါ်တတ်သည်။ ထို့ကြောင့် တပေါင်းလည်းကူး မိုးသားကျူးဟု ဆိုကြလေသည်။

ကိုးကား - 
မုံရွေးဆရာတော်။
ထွန်းရီ (ရှေးဟောင်းသုတေသီ)၊ ဦးသိန်းအောင် (မြန်မာစာ) ၏ မြန်မာ့ရာသီဆယ့်နှစ်လ၊။
ဦးအေးနိုင်၏ ဆယ့်နှစ်လရာသီ။

ဒေါက်တာတင့်ဆွေ

Comments

Post a Comment

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ