Carbimazole လည်ပင်းကြီးဟော်မုန်းများခြင်းအတွက်ဆေး

၁။ ဆရာရှင် အမျိုးသမီး အသက် ၂၂ အိမ်ထောင်မရှိ လည်ပင်ကြီးနေလိုပါဆရာ ၂၀၁၉ က စဖစ် (ဖြစ်)တာပါဆရာ ပြထားတဲ့ဆေး၂မျိုးကိုစွဲသောက်ရင်ဘေးထွက်ဆိုးကျိုးရှိလားရှိရင်လဲပြောပြပေးပါအုံးရှင် ဘာတေရှောင်သင့်လဲဆရာရှင် ဘာဆေးကိုဝယ်သောက်သင့်လဲဆရာရှင်။ အမှားပါရင်တောင်းပန်ပါတယ်ရှင့်။ကျေးဇူးတင်ပါတယ်ဆရာ။

၂။ မင်္ဂလာပါ ဆရာရှင့် ကျွန်မအသက် ၂၅နှစ်ပါ အိမ်ထောင်ရှိပါတယ်ရှင့် ကျွန်မ thyroid hormone ဆေး camazol သောက်နေတာ ၅နှစ်ခန့်ရှိပါပြီရှင့် ခုတလောလည်ပင်းကနေလဲ ပူစပ်ပူလောင် ခံစားနေရပါတယ်ရှင့် ပိုဆိုးလာတာလား ကင်ဆာအဆင့်ရောက်နိုင်လား ဖြေပေးပါရှင့် ဆရာကျန်းမာပါစေရှင့် Hypo လား Hyper လား သိပါရစေဆရာရှင့်။

၃။ ကျွန်မက Hyperthyroidism ကြောင့် Carbimazole ကို သောက်နေတာ 2009 ဇန်နဝါရီလကတည်းကပါ။ T3, T4 & THS ကလဲ normal range ပြန်ေရောက်နေတာ 2009 ဒီဇင်ဘာလ ကတည်းကပါ။ အဲဒါ Carbimazole ကို ဆက်သောက်နေဖို့ လိုသေးပါသလား ဆရာ။ ဘာဖြစ်လို့လဲ ဆိုတော့ Carbimazole စသောက်ကတည်းက ကိုယ်အလေးချိန် တဖြည်းဖြည်း တက်လာပါတယ်။ စိုးရိမ်တာက တအားဝလာမှာကိုပါ။ နောက်ပြီးတော့ ကျွန်မအခု သွေးတိုးလို့ ဆေးသောက်နေရပါတယ်။ အရင်က တခါမှသွေးမတိုးဘူးပါ။ အသက်က 32 နှစ်ပါ။ သွေးတိုးတာကရော Carbimazole ရဲ့ side effect ကြောင့်များလားလို့ သိချင်ပါတယ်ရှင့်။ နောက်တခုက Carbimazole ကို ကြာကြာ စွဲသောက်ရင် adverse effect အနေနဲ့ hypothyroidism ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ရပ်လို့ရမယ်ဆိုရင် ရပ်ချင်ပါတယ်။ ရောဂါ စဖြစ်ကတည်းက လည်ပင်းကလဲ နဲနဲေဖောင်းနေပါတယ်။ အခုကောင်းသွားတဲ့အထိ ဖောင်းနေတုံးပါဘဲ။ လည်ပင်း ပြန်ပိန်/မပိန် နဲ့ ပြန်ပိန်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ သိချင်ပါတယ်ရှင့်။ ကျွန်မက လောလောဆယ် စင်ကာပူမှာပါ။ ဒီက ဆရာဝန်တွေကို သိချင်တာတွေ အကုန်မေးဖို့ အဆင်မပြေလို့ပါ။ ကျွန်မ နောက်တခု သိချင်တာကတော့ hyperthyroidism ကြောင့် ကလေးယူရင် ဘာတွေ effect ဖြစ်နိုင်ပါသလဲဆရာ။ ဘာတွေကြိုတင် ပြင်ဆင်ထားရမလဲ သိချင်ပါတယ်။ ကျွန်မတို့က နောက်နှစ်လောက် ကလေးယူဖို့ အစီအစဉ်ရှိပါတယ်။

လည်ပင်းကြီးဟော်မုန်းများရောဂါကို အစပိုင်းမှာသာ ဆေးပေးတယ်။ ရင်တုံတာ၊ လက်တုံတာ၊ စိုးရိမ်စိတ်များတာ၊ အပူမခံနိုင်တာတွေဖြစ်ရင် Beta-blockers ဆေးပေးတယ်။ သွေးတိုးကိုလည်း ဒီဆေးပေးတတ်တယ်။ လူနာရဲ့ နှလုံးခုန်နှုန်း မနှေးသူတွေကိုမှ ပေးရတယ်။ သိထားဘို့က လည်ပင်းကြီး ဟော်မုန်းများ ရောဂါကို ပျောက်အောင်လုပ်တာ မဟုတ်ဘူး။ ခံစားရတာတွေ သက်သာအောင် လုပ်တာ သက်သက်ဖြစ်တယ်။ ဒီဆေးအုပ်စုထဲက Propranolol (US), Metoprolol (UK) ကို သုံးသင့်တယ်။ လက္ခဏာ သက်သာတာသာမက ဟော်မုန်းအပေါ်မှာ အနည်းနဲ့အများ သက်ရောက်လို့လည်း ဖြစ်တယ်။

ရောဂါကင်းစင်အောင်ကတော့ ခွဲစိတ်တာ ဒါမှမဟုတ် Radioisotope therapy အနုမြူဆေး ပေးတာလုပ်ရတယ်။ လည်ပင်ကြီးဟော်မုန်းထွက်မှာကို နှိမ်တဲ့ဆေးက Carbimazole (UK), Methimazole (US), နဲ့ Propylthiouracil တွေ ဖြစ်တယ်။ ဆေးကို အစပိုင်းမှာ များများပေးရတယ်။ များများနဲ့ ကြာကြာပေးပြန်ရင် ပြောင်းပြန်ဖြစ်ပြီး ဟော်မုန်းနည်း လက္ခဏာတွေ ဝင်လာတတ်တယ်။ Carbimazole ဆေးဟာ လည်ပင်ကြီးဟော်မုန်းထွက်မှာကို နှိမ်တဲ့ဆေးက ဖြစ်တယ်။

ဆေးရဲ့ မကောင်းတာတွေထဲမှာ ခေါင်းမူးတာ၊ ခေါင်းကိုက်တာ၊ ပျို့တာ၊ အန်တာ၊ အစာမကြေတာ၊ ဗိုက်နာတာ၊ အဆစ်နာတာ၊ ကြွက်သားနာတာ၊ အရသာခံတာကို ထိခိုက်တာ၊ ထုံတာတွေ ပါတယ်။ နောက်ပြီး အရေပြား နီမြန်းပြီး၊ ယားယံတာ၊ အရေပြား-မျက်စိတွေ ဝါတာ၊ ကိုယ်ပူတာ၊ ချမ်းတာ၊ လက်တုံတာ၊ သွေးယိုတတ်တာ၊ ဆံပင်ကြွတ်တာ၊ မျက်စိ ကြည့်မကောင်းတာ။ ပိုအရေးကြီးတာက ရိုးတွင်းခြင်ဆီကို ထိခိုက်လို့ သွေးဖြူဥတမျိုး Neutrophil နည်းစေတတ်တယ်။ ဖြစ်လာရင် လည်ပင်းနာတာမျိုး ပိုးဝင်လာစေတတ်တယ်။ ကိုယ်ဝန်ဆောင် နေသူဆိုရင် အချင်းကနေ ဖြတ်နိုင်လို့ ကလေးဆီ ဆေးရောက်စေနိုင်တယ်။ ဆေးများသွားရင် ရင်ပတ်နာတယ်၊ အဆစ်တွေနာတယ်၊ ခေါင်းတအားကိုက်တယ်၊ အန်တယ်။ နှလုံး၊ သည်းခြေ၊ အသဲ၊ အဆုပ် မကောင်းသူတွေကို သတိထားပေးရတယ်။

ဒါတွေက ဘေးထွက်သက်ရောက်မှု စုံသလောက်ပါ။ လူတိုင်းတော့ အဲလို မဖြစ်ပါ။ သွေးတိုးတာနဲ့ လူဝလာတာ မပါတာ တွေ့ရပါမယ်။ Hypothyroidism ခေါ် ဟော်မုန်းးနည်းတာဖြစ်လာနိုင်တယ်လို့လဲ မပါပါ။ လည်ပင်း နည်းနည်းကြီးနေတာ သက်သာလာမှာပါ။ ခွဲဘို့အထိ လူတိုင်း မလိုပါ။ Hyperthyroidism ခေါ် လည်ပင်းကြီးဟော်မုန်းများရောဂါ ရှိပေမဲ့ ကလေးယူလို့ ရပါတယ်။ ရောဂါသက်သက်ကတော့ ကလေးကို မထိခိုက်ပါ။ ဆေးတွေကတော့ သတိကြီးကြီးထားရတယ်။

အပြီးအပိုင်ပျောက်ဘို့ ခွဲစိတ်ကုသနည်းကို အရင်ကတည်းက သုံးတယ်။ အရွယ်အစား ကြီးနေသူတွေအတွက် အခုလည်း သုံးပါတယ်။ ကြီးတဲ့အလုံးက အောက်ကို ဖိအားသက်ရောက်နေတာ၊ ကင်ဆာဖြစ်နိုင်တာအတွက်ဆို ခွဲမှ ကောင်းတယ်။ နောက်ပြီး ဆေးဒဏ် မခံနိုင်သူတွေကတော့ ခွဲတာ ကောင်းတယ်။ မျက်လုံးပြူးတဲ့အဆင့်၊ အလုံး သိပ်ကြီးသူတွေကိုလည်း ခွဲတာက ပိုကောင်းတယ်။

ဒီလိုအပ်ချက် မဟုတ်ရင် Radioiodine ကို သုံးသင့်တယ်။ မခွဲဘဲ ရလို့ဖြစ်တယ်။ လည်ပင်းကြီးကို ခွဲရတာ အတော်ကြီး သတိထားရတာမို့လည်း ပါတယ်။ Radioiodine (Iodine-131) အနုမြူဆေးက ဆေးတောင့်၊ ဆေးရည်ရှိတယ်။ တခါတည်းပေးစနစ် သုံးတယ်။ ပဌမတကြိမ်နဲ့ မရသူတွေကို ဆေးပိုများပြီး နောက်တခါ ထပ်ပေးတယ်။ Radioiodine ablation နည်းသုံးနေတာ နှင် ၅ဝ ကျော်ပါပြီ။ ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်ချိန်ကလွဲရင် သုံးပါတယ်။ အောင်မြင်မှု ၇၅-၁ဝဝ% ရှိတယ်။ ဒီဆေးကြောင့် လည်ပင်းကြီးဟော်မုန်း ထုတ်တာကို အပြီးအပိုင် ဖျက်ပြစ်လိုက်တာမို့ ဟော်မုန်း အစာထိုးပေးရတတ်တယ်။ ဆေးစျေးလည်းမကြီး၊ စိတ်လည်းချရပါတယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ