Interview on my story ကျွန်တော့အကြောင်း အင်တာဗျူး (၁)
Envoy journal interview အင်တာဗျူး
၁။ ငယ်ဘဝ ဖြတ်သန်းမှု
ကျွန်တော့်ငယ်ဘဝက သူလိုကိုယ်လိုပါဘဲ။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းရွာဆိုတဲ့ ရွာလေးမှာ မွေးတယ်ပြီး၊ အမေ့ရွာက မင်းတိုင်ပင်။ ကျွန်တော်က မင်းဘေးသင့်လို့ မင်းပြေး။
မင်းရွာမှာ ငါးနှစ်သားအထိနေခဲ့တယ်။အဲဒီကာလက တောနယ်တွေမှာ လက်နက်ကိုင်အဖွဲ့ အရောင်စုံတွေဟာ နေ့ရောညပါ လှုပ်ရှားနေခဲ့တာကို ကလေးမျက်စိနဲ့မြင်ခဲ့ရတယ်။ အိမ်မှာ သေနတ်မျိုးစုံကို စပါးကျီမှာ ခြင်းတောင်းနဲ့ အပြည့်ရှိတာလဲ မှတ်မိတယ်။ သူပုန်တဖွဲ့ဝင်လာလိုက်၊ နောက်တဖွဲ့ဝင်လာလိုက်၊ အစိုးရတပ်တွေလာလိုက်။ အားလုံးက ကျွန်တော်တို့ မိဘအိမ်မှာဘဲ တည်းခိုကြတယ်။ ဒါ့ပြင် ညဆိုရင် ဓါးပြတွေရွာဝင်လို့ ပုန်းခဲ့ရဘူးတယ်။ ဒီအခြေအနေတွေကြောင့် မိဘတွေက ကျွန်တော် ငါးနှစ်သားမှာ နွားလှည်းတစီးနဲ့ မုံရွာကိုအပြီးအပိုင် ပြောင်းခဲ့ကြရတယ်။
မုံရွာမှာဘဲ (၅) တန်းကနေ (၁ဝ) တန်းအထိကျောင်းနေခဲ့တယ်။ မုံရွာမှာ မီးကြီးလောင်တဲ့အထဲမှာ ဇာတာတွေပါသွားလို့ ကျောင်းအပ်တဲ့အခါ အဖေက သူမှတ်မိတဲ့မွေးနေ့ကိုပေးတယ်။ အမေမှတ်ထားတဲ့ မြန်မာသက္ကရာဇ်မွေးနေ့နဲ့က မတူဘူး။ အဲဒီခေတ်က (၄) တန်၊ (၇) တန်း၊ (၉) တန်းနဲ့ (၁ဝ) တန်းတွေအားလုံး အစိုးရစစ်လို့ခေါ်တာကိုဖြေရတယ်။ မွေးနေ့ကို တောက်လျှောက်အတည်ယူရတာမို့ ဘွဲလက်မှတ်မှာရော ရွေးကော်ပွဲမှတ်ပုံတင်တာရောပါ ဒီမွေးရက်ဘဲ။
ကျွန်တော် ကိုးတန်းရောက်တော့ အသက်က (၁၅) နှစ်မပြည့်လို့ စာမေးပွဲမဖြေရဘူး။ ဇာတာအသစ်လုပ်၊ တရားရုံးမှာ ကြမ်းကျိန်တာလဲမရလို့ စာမေးပွဲမကျဘဲ အတန်းတတန်းကို နှစ်နှစ်နေခဲ့ရတယ်။ နောင်မှာလဲ ဖြေတာတွေအကုန်အောင်ပြီး၊ မဖြေတာမှာကျတဲ့ အတွေ့အကြုံတစ်ခု ထပ်ရပြန်တယ်။ စစ်တက္ကသိုလ် DSA 11 ကိုသွားဖြေတော့၊ ကိုယ်လက်ကြံ့ခိုင်ရေး စစ်တာ၊ ဉာဏ်ရည်စစ်တာ၊ စိတ်ပိုင်းစစ်တာ၊ စစ်မြေပုံဖတ်ရတာ စတဲ့အဆင့်တွေအားလုံး အောင်တယ်။ ဒုတိယအဆင့် ဆေးစစ်တာလဲ အောင်ပြန်တယ်။ ဘာမှထပ်မစစ်တော့ဘဲ အဖြေစောင့်တာမှာ ပါမလာဘူး။ ဒါကြောင့်လဲ စစ်ဗိုလ်မဖြစ်လိုက်ဘဲ ဆရာဝန်ဖြစ်လာတာပါ။ ကံတရားဆိုတာ ဆန်းကြယ်လှပါတယ်။
ရှစ်တန်းသမိုင်းထဲမှာ ဆိုရှစ်လစ်စနစ်ဆိုတာ စသင်ရတော့ နိုင်ငံရေးနဲ့မိတ်ဆက်ဖြစ်လာတော့တယ်။ မြန်မာစာမှာ ကဗျာတွေ၊ လင်္ကာတွေပါတာကို အလွတ်ကျတယ်။ နားနဲ့နှုပ်မှာ စွဲနေတော့တယ်။ ပြည်သူ့နီတိကိုလဲ စွဲနေတယ်။ ငယ်ကတည်းက ပုံဆွဲဝါသနာပါတယ်။ အစဉ်အလာ ဆွဲနည်းပါ။ မျဉ်းဖြောင့်၊ အချိုးကျတဲ့မျဉ်းကွေး၊ (ပါစပက်တစ်) တွေကို လက်ခံတယ်။ ညစ်ပေတာမျိုး မကြိုက်ဘူး။ နိုင်ငံရေးလုပ်တဲ့အခါမှာလဲ ဖြောင့်နေတာ၊ ညီညာနေတာ၊ သန့်နေတာမျိုး ဖြစ်ချင်စိတ်က အမြဲလွှမ်းမိုးနေတော့ အဆင်မပြေတာတွေ ဖြစ်ရတော့တယ်။
မုံရွာဟာ နယ်ကျောင်းသာဖြစ်လို့ အထက်တန်းခေါ်တဲ့ (၈) တန်းမှာ သိပ္ပံဘာသာရပ်တွေကို သင်နိုင်တဲ့ ကျောင်းဆရာ မရှိခဲ့ဘူး။ (၁ဝ) တန်းရောက်မှ ကံအားလျော်စွာ (ဘီအက်စ်စီ) ဘွဲ့ရဆရာနှစ်ဦးရောက်လာလို့ (၈) တန်း၊ (၉) တန်းနဲ့ (၁ဝ) တန်း၊ သုံးတန်းစာ ရူပဗေဒ၊ ဓါတုဗေဒနဲ့ သချင်္ာဘာသာတွေကို တနှစ်ထဲနဲ့ အပြီးသင်ယူကြရတယ်။ ဆရာတွေကလဲ တက္ကသိုလ်မှာ အင်္ဂလိပ်လိုသင်တာမို့ ကျောင်းသားတွေကိုလဲ အင်္ဂလိပ်လိုဘဲသင်ပေးတယ်။ ခေတ်က ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်းတာ မကြာလှသေးအချိန်ပါ။ စာသင်နှစ် တဝက်တပျက်ကြီးမှာ အင်္ဂလိပ်လိုမသင်ရဆိုတဲ့ အထက်အမိန့် လာလို့ စာသင်တာတွေ ကပြားဖြစ်ကြရတော့တယ်။ အထက်အမိန့် ဆိုတာရယ် ဟိုမစစ် ဒီမစစ် ဆိုတာရယ်ကို ငယ်ကတည်းက မကြိုက်ခဲ့ပါ။
ကျောင်းစာထဲက ဆိုရှယ်လစ်စနစ် နဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် မတူတာတွေကို ကျောင်းသားအသိနဲ့ သိခဲ့တယ်။ ဒီအဲအသိအတိုင်း နောင်မှာ ဒီမိုကရေစီကိုဘဲ စည်းကမ်းပြည့်ဝသော စတဲ့ နာမဝိသေသန ထည့်လာတာကို တွေ့ကတည်းက သဘောမကျပါ။
၂။ နိုင်ငံရေးသမားတစ်ယောက်ဖြစ်လာဖို့အတွက် အဓိကအကြောင်းအချက်
မျိုးရိုးထဲမှာ မရှိပါ။ ဆေးကျောင်းသားဘဝ တရုပ်အရေးအခင်းထဲပါလို့ တရက်ထဲသာ မန္တလေးနန်တွင်းထာင်ထဲမှာ နေခဲ့ရဘူးတယ်။ ၁၉၈၈ အရေးအခင်းမှာတော့ အစိုးရဆရာဝန်လုပ်နေတုန်းပါ။ ဝန်ထမ်းမှန်သမျှ နိုင်ငံရေးနဲ့ ကင်းရမယ်ဆိုတဲ့ (မဆလ) မူအတိုင်း ကင်းအောင်နေနိုင်သလောက်နေပါတယ်။ ပုလဲမှာဆန္ဒပြသူတွေကို ကြက်ခြေနီတပ်ဖွဲလုပ်ပြီး ကူညီ အားပေးတယ်။ ထားဝယ်မှာ အလှူငွေထည့်ပေးတယ်။ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဆရာမောင်သော်က ပုလဲကိုလာတော့ ဆွေးနွေးပွဲကို မတက်ဘဲနေခဲ့ရတယ်။
ကံအကြောင်းသင့်လာပြန်တော့ တပြည်လုံးကဆန္ဒပြသူတွေထဲမှာ အစိုးရအမှုထမ်းပေါင်းစုံပါနေတာ ထင်ရှားတော့ နိုင်ငံရေးလုပ်ချင်ရင် အလုပ်ကထွက်ဘို့ ဖြစ်တာတယ်။ အရင်က ဆရာဝန်တွေဟာအလုပ်ရဘို့မလွယ်သလို ထွက်ဘို့လဲ ခက်တယ်။ ထွက်နိုင်တယ်ဆိုတာနဲ့ ရန်ကုန်ဆင်းပြီး ထွက်စာတင်တာ တပါတ်နဲ့ထွက်ခွင့်ရပါတယ်။ လုပ်သက် (၁၅) နှစ်အတွက် ပင်စင်တွေ၊ ခံစားခွင့်တွေ ဘာမှမသိပါ။
NLD ပါတီကို ပုလဲမှာစည်းရုံးရေးမှူးတွေနဲ့တွဲပြီး ထူထောင်လိုက်ကြပါတယ်။ ရွေးကောက်ပွဲဝင်မဲ့သူရွေးကြပါဆိုတော့ တာဝန်က ပခုံးပေါ်ရောက်လာပါတော့တယ်။ စည်းရုံးရေးမှူးတွေက အိမ်ကိုလာပြောတဲ့ညအထိ ငါအမတ်လုပ်ချင်တယ်၊ လုပ်ချင်လုပ်ရလိမ့်မယ်၊ ငါပြင်ဆင်ထားမယ် ဆိုတာ မရှိသေးခဲ့တာအမှန်ပါ။ စည်းရုံးရေးကာလမှာ (မဆလ) က ပညာတတ်တွေကို တမင်တကာနှိမ်တယ်၊ သူတို့အမတ်တွေအားလုံးလဲ မိုးကျရွှေကိုယ် အပေါ်ကနေချပေးတယ်ဆိုပြီး ပြောခဲ့ဟောခဲ့တော့ ကိုယ်လုပ်ရင်အဲလိုမဖြစ်အောင်ကြိုးစားကြတယ်။ ပုလဲကမြို့က သေးသေးလေးပါ။ ပညာတတ်လို့ ခေါ်နိုင်မဲ့ တက္ကသိုလ်က ဘွဲ့တခုခုရထားသူတွေကို လိုက်ရှာကြတယ်။ (မဆလ) အုပ်ချုပ်တာ (၂၆) နှစ်ဆိုတော့ ဘွဲ့ရပြီးသူတွေလဲ ပါတီထဲမဝင်ရင် ဘာအလုပ်မှရကြတာမဟုတ်လို့ သူတို့ပါတီနဲ့ လွတ်တာက မရှိသလောက်ရှားတယ်။ ဒါနဲ့ဘဲ ကျွန်တော်အမတ်လောင်းဖြစ်လာတော့တယ်။ ပုလဲ NLD ပါတီဟာ ဖွဲ့စည်းတာရော၊ လွှတ်တော်ကိုယ်စားလှယ် ရွေးတာပါ၊ နယ်သူနယ်သားတွေချည်းသက်သက်ဖြစ်လို့ ဗဟိုကနေ ဦးစီးဆောင်လုပ်ပေးစရာမလိုခဲ့တာ မှတ်တမ်း တင်ရစ်ပါတယ်။
၃။ အခက်ခဲဆုံးကာလ
ပြည်ပထွက်ကာစ ပဌမ (၆) လာဟာ အခက်ခဲဆုံးပါ။ ဒါကလဲ နေထိုင်စားသောက်ရေးအခက်အခဲသာ ဖြစ်ပါတယ်။ အတူလာသူတွေက ရရာအလုပ်ထွက်လုပ်ကြရတယ်။ (၉) တန်းကျောင်းသား ကျွန်တော့်သားလဲပါတယ်။ (၆) လ နောက်မှာ အိမ်ကဆေးတွေမှာယူ၊ ဆေးကုပြီးဝင်ငွေရှာပါတယ်။ နောက် (၆) လနေတော့ ဒေလီကို တက်နိုင်လာပါတယ်။ ကျွန်တော် နိုင်ငံရေးလုပ်ရတာ အစအဆုံးအားလုံး အိပ်စိုက်ပါဘဲ။ ၁၉၉ဝ ကာလတွေတုန်းက ဆရာဝန်ဖြစ်ခဲ့လို့ ဝင်ငွေ ရှိခဲ့ပါတယ်။ ပြည်ပရောက်ပြီး (၂-၃) နှစ်လောက်ကစပြီး တာဝန်ပေးတဲ့ စဉ်ပြိုင်အစိုးရကနေပေးတဲ့ အထောက်အပံ့ ရပါတယ်။ နေဖြစ်ယုံပါ။ ၁၄-၉-၂ဝ၁၂ နေ့မှာ NCGUB အစိုးရအဖွဲ့ဖျက်ပြီးကတည်းကနေ အခုထိ အထောက်အပံ့ဆိုတာ လုံးဝမရှိတော့ပါ။ နိုင်ငံရေးလုပ်သူတွေအဖို့ နေထိုင်စားသောက်ရေးအခက်အခဲကို မညီးညူကြရပါ။
နိုင်ငံရေးသမား ဆိုတဲ့ဝေါဟာရကို အတော်ကြာအထိ အစာမကျေဖြစ်ခဲ့ပါတယ်။ (မဆလ) ခေတ်မှာ ပါတီ၊ ကောင်စီက လူကြီးဆိုသူတွေရယ် (ဖဆပလ) ခေတ်က နိုင်ငံရေးသမားတွေရယ်ဟာ နာမည်ကောင်းမရကြပါ။ ကျွန်တော် လွှတ်တော် ကိုယ်စားလှယ် အရွေးခံရတဲ့အထိ ကိုယ့်ကိုယ်ကို နိုင်ငံရေးသမားရယ်လို့ ထင်မထားမိခဲ့ပါ။ (နဝတ/အအဖ) ခေတ်တွေမှာလဲ နိုင်ငံရေးပါတီတွေကို ရစရာမရှိအောင်ပုတ်ခတ်ဆဲရေးပြီး၊ သူတို့ကမှ အမျိုးသားနိုင်ငံရေး ဆိုပြီး သူတို့ကိုယ်သူတို့ အမွှန်းတင်ခဲ့တယ်။ နောက်ထပ် နာမဝိသသန တခု ထပ်တိုးလာတာပါ။ ကျွန်တော်ကတော့ ကိုယ်လုပ်သင့်တဲ့ တာဝန်တခု၊ လူမှုရေးအလုပ်တခုလို့သာ အခုထိသဘောထားမိတယ်။
၄။ ဆုံရှုံးမှု
ဆုံးရှုံးတယ်လို့ပြောချင်လဲပြောပေါ့။ မိသားစုတာဝန်မကျေခဲ့ပါ။ နိုင်ငံရေးအလုပ်ထဲမှာ အချိန်ကုန်နေခဲ့ရတယ်။ မကြာခင် တိုင်းပြည်ကနေ ထွက်ပြေးရတယ်။ သားသမီးတွေက ကျောင်းသားတွေချည်းဘဲ။ သူတို့အမေခင်မြာ တာဝန်နှစ်ဆထက် လေးတာကိုထမ်းရတယ်။ ကလေးတွေလဲ အတန်းပညာရော အသိပညာပါ ရသင့်ကြတာထက် နည်းသွားကြတော့တယ်။ မြန်မာပြည်ကဘွဲ့ တယောက်မှ မရကြပါ။ ပြည်ပြေးအမတ်သားသမီးဆိုပြီးခွဲခြားဆက်ဆံတာ နှိမ်တာလဲခံကြရသေးတယ်။ မုံရွာမှာ စစ်တပ်ဘောလုံးပွဲလုပ်ရင် သမီးကို ပန်းစီးဆက်ဘို့ လူရွေးတယ်။ ကွမ်းတောင်ကိုင်လို ရုပ်ရေအတွက်မဟုတ်ဘဲ၊ နာမ်နှိမ်ဘို့သက်သက်အတွက် ပါ။ အဲလိုနေ့များမှာ သမီး ကျောင်းမသွားတော့ပါ။
ပြည်ပမှာ မိသားစုအတူနေနိုင်လာကြပြန်တော့လဲ နည်းတမျိုးနဲ့ သားသမီးတွေခံကြရပါသေးတယ်။ ကျွန်တော်က NLD မို့ NLD မလိုလားသူတွေက မကြိုက်ပါ။ ဖအေက ဝန်ကြီးဆိုတဲ့နာမည်နဲ့လုပ်နေရလို့ လူကြီးသားသမီး ကို မျက်စိဆံပင်မွှေး စူးကြတာလဲ ရှိတယ်။ သားတွေကိုတော့ အမျိုးသမီးဦးစားပေးသူတွေက ဖယ်ကျဉ်ထားတယ်။ မိသားတစုလုံးက ဗမာတွေမို့ တိုင်းရင်းသားလူနည်းစု မဟုတ်ပြန်လို့ အနှိမ်ခံရတာလဲ တကယ်ရှိပါတယ်။ ဒါတွေအားလုံးဟာ ကျွန်တော့် နိုင်ငံရေးကြောင့်ပါ။ မိဘကြောင့် သားသမီးတွေပါနစ်နာတယ်ဆိုတာ ဆွေစဉ်မျိုးဆက် ဆုံးရှုံုးမှု ဖြစ်ပါတယ်။
လူထုအတွက်ပြောရရင် ပြည်ပကိုထွက်လာရပြီးနောက် တတ်နိုင်တာလုပ်တာပါဘဲ။ ဒါပေမဲ့ အနှစ် ၂ဝ ကြာတော့ ပြန်စဉ်းစားမိရာကနေ မဲပေးတာယူ၊ မဲပေးသူထားခဲ့၊ ငါ တာဝန်မဲ့ခဲ့သလား ဆိုပြီး ကိုယ့်ကိုယ်ကိုပြန်မေးမိလာပါတယ်။
၅။ မျှော်လင့်မထားတဲ့အဖြစ်အပျက်
လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ရော နိုင်ငံရေးအယူအဆအရ မနီးစပ်သူတွေနဲ့က ပဋိပက္ခရယ်လို့မရှိပါ။ အနီးကပ်ဆုံး နေကြပြီး၊ ကျွန်တော်က လူယုံလို့၊ လူရင်းလို့ ပုံထားတဲ့ သူတွေကနေ ရန်သူလိုဖြစ်သွားခဲ့တာ ရှိပါတယ်။ ကိုယ်နဲ့ (၁၅) နှစ်မက တွဲလုပ်လာသူတွေ တချို့နဲ့ လမ်းခွဲရခြင်းပါ။ စစ်ထောက်လှမ်းရေးလက်ကနေ လွတ်မြောက်နိုင်ခဲ့ပေမဲ့ အနီးကပ် စက်ကွင်း က မလွတ်ကင်းခဲ့ပါ။ နိုင်ငံရေးမှာ ကိုယ်နဲ့ အမြင်မတူသူတွေရှိတာက ပုံမှန်သဘောမို့ မထောင်းတာပေမဲ့ မဟုတ်တမ်းတရားစွပ်စွဲတာ၊ စော်ကားတာ၊ အသေရဖျက်တာ၊ ပိုဆိုးတာက ဖအေမနိုင်ရင် မိသားစုကိုပါ ဖျက်ဆီးဘို့ ကြိုးပမ်းတာတွေကိုပါ ကြုံခဲ့ရပါတယ်။ ဘယ်လိုမှ မထင်မှတ်တာတွေ ကြုံရတတ်သလို ဘယ်လိုမှထင်မထားသူတွေကနေ ယုတ်မာကောက်ကျစ်တာ၊ ဂုံးတိုက်ချောပြစ်တာမျိုးလဲ ရှိခဲ့ပါတယ်။ တယောက်ကနေ ကျွန်တော့်မှာ အိုမင်းပျက်ယွင်းနေတဲ့ ပုလဲကအိမ်ကလေးသာ ကျန်တော့ပေမဲ့၊ ဘယ်မှာ အိမ်-တိုက် ဘယ်နှစ်လုံး၊ ပါတီကငွေ ဘယ်နှစ်သိန်း ဘုံးထားတယ် စသဖြင့် ပြောတာခံရပါတယ်။ ပြဿနာ ဖြစ်တဲ့အခါ ပါတီတွင်းကိစ္စမို့ မီဒီယာကို ကျွန်တော်ကထုတ်မပြောပါ။ တဖက်ကတော့ မမေးဘဲပြောခဲ့ပါတယ်။ မပြည့်စုံ (မမှန်ကန်တဲ့) သတင်းဖြစ်လို့ ဝါရင့်မီဒီယာတွေက မသုံးခဲ့ပါ။ သူ့လူသူယုံမိလို့ သုံးခဲ့တဲ့ဌာနတခုမှာတော့ ပြဿနာတက်သွားပါတယ်။
နိုင်ငံရေးထဲမှာ ကိုယ်ပစ်မှတ်မှတ်ထား တိုက်နေသူကိုသာမကာ အနားကလူတွေကိုပါ သတိထားရမယ် ဆိုတာ ထင်မထားခဲ့တာ အမှန်ပါ။
၆။ ယူကြုံးမရအဖြစ်
ကျွန်တော်ရေးထားတဲ့ မှတ်တမ်းလေးတခုရှိတယ်။ ဆရာဝန်ဖြစ် ၁၅ နှစ်အကြာ၊ မြန်မာပြည်မှာ သွေးနဲ့ချွေးတို့စီးဆင်းရာ ဒုက္ခမြစ်ကြီးတစင်း ပေါ်ထွန်းလာ၊ နိုင်ငံရေးပင်လယ်မှာ ခုန်ချမိ၊ ကနေ့အထိ။ ယမုန်နာမြစ်စ်ီးဆင်းရာ ဒေလီမှာသာ၊ အနှစ်နှစ်ဆယ်ကျော်ကြာ၊ မိသားစုထဲမှာ စစ်ထောက်လှမ်းရေး စစ်ဆေးတာ ပဌမဆုံးခံရတဲ့ သားအကြီးရဲ့ အရိုးပြာကို မျှောလိုက်ရတာ ဂင်္ဂါမြစ်ထဲမှာ။ ဒုက္ခရစရိယာ ကျင့်ရာအနားက သုဇာတာ ရွှေခွက်မျောရာ နာရဥ္ဇရာမြစ်ကိုရောက်တာ ဘယ်နှစ်ခေါက်မှန်းမသိပါ၊ သာဝတ္ထိအနားမှာ မပဒါ ပရိဒေဝမီး လောင်မြိုက်တဲ့မြစ်အနား၊ သံဝေဂပွါးခဲ့ဘူးပါသည် လို့ ရေးမှတ်ခဲ့ဘူးပါတယ်။
အမေဆုံးတော့ရော အဖဆုံးတော့ပါ ကျွန်တာ်ပြည်ပမှမှာဘဲ။ အမေဆုံးတာကို နောက် လေးလလောက်နေမှသိရတယ်။ ထောက်လှမ်းရေးက ပြည်တွင်း-ပြည်ပအဆက်အသွယ်ကို လုံးဝပိတ်ပင်ထားလို့ပါ။ အခုတော့ အဲလိုမဟုတ်တော့လို့ နာရေးသတင်း စောသိနိုင်ခြင်းသည် အပြောင်းအလဲဖြစ်သည် လို့ ဆိုချင်ပါတယ်။
၇။ ဆုံးရှုံးမှု သို့မဟုတ် နောင်တ
မရှိဘူးထင်ပါတယ်။ လေးလေးနက်နက်စဉ်းစားတာမျိုး မရှိသေးပါ။ မရှိသေးတာကိုက စစ်စစ်ပေါက်ပေါက် လိုက်ရှာနေရတာမျိုးမို့ ရှိအုံးတော့ မဖြစ်စလောက်နေမှာပါ။ နိုင်ငံရေးထဲဝင်ပါတာကို မိဘတွေက သဘောမကျကြပါ။ ကိုယ့်မိသားစုတာဝန်တွေ ပျက်ခဲ့တယ်။ ဆရာဝန်လုပ်တုန်းက ဆရာ ဆိုပြီး လေးစားအားကိုးမှုသက်သက်ရခဲ့တယ်။ နိုင်ငံရေးထဲမှာ ပြိုင်ဘက်လို၊ ဆန့်ကျင်ဘက်လို၊ ရှားရှားပါးပါးက ရန်သူလိုသဘောထားခံရတယ်။ စစ်အစိုးရကတော့ သူပုန်၊ ဝရမ်းပြေး၊ ပြည်ပြေးလို့ သတ်မှတ်တာခံရတယ်။ ဒီဆန့်ကျင်ဘက်သဘောတွေက နောင်တ ရယ်လို့တော့ မဖြစ်စေပါ။
၈။ မှတ်မှတ်ရရဖြစ်နေတဲ့ အကြောင်းအရာ
ကျွန်တော် NLD ထဲဝင်ပြီး ရွေးကောက်ပွဲဝင်ဘို့လုပ်တော့ ညီတယောက်က အစိုးရဝန်ထမ်းဖြစ်လို့ သူနဲ့ ကင်းကင်းရှင်းရှင်း နေခဲ့တယ်။ သူ့ကိုပြဿနာမဖြစ်စေချင်လို့ပါ။ ဒါပေမဲ့ ကျွန်တော် အိန္ဒိယဘက်ကို လွတ်အောင်ထွက်ပြေးပြီဆိုတာ သေချာချိန်မှာ ညီအရင်းကို ဖမ်းပြီးထောင် (၄) နှစ် ချလိုက်တယ်။ ညီကနေ ကျွန်တော့်ဆီ အဆက်အသွယ်တခါဘဲ လုပ်ဘူးတယ်။ သူကနေ အမေရိကန်သမတ ဂျော့ ဘွတ်ရှ် (စီနီယာ) ရဲ့ အတ္ထုပတ္တိစာအုပ်ကို လူကြုံနဲ့ပို့ဘူးတယ်။ သူ့ကိုထောင်ချတော့ ကွန်မြူနစ် တဲ့။
အလားတူပါဘဲ ကျွန်တော့် ဇနီးကိုလဲဖမ်း၊ မုံရွာထောင်ထဲမှာချုပ်ထားပြီး စစ်တယ်။ စစ်မေးတာမှန်သမျှ ကျွန်တော် ဘယ်လို လွတ်အောင်ပြေးသလဲ။ ဘယ်သူတွေကနေ ဘယ်လိုကူညီသလဲဆိုတာတွေကိုသာ မေးတယ်။ တရားရုံးမှာ ပုဒ်မတပ်တော့ စက်ဘီးခိုးမှု တဲ့။ ကျွန်တော်တို့အိမ်မှာ သားသမီးကလဲများ၊ ကူဘော်လောက်ဘက်ကလဲ များလှတာမို့ စက်ဘီး ဘယ်နှစ်စီးရှိလဲ ကျွန်တော် မသိပါ။
၉။ ရှေ့မှာ မြန်မာနိုင်ငံအတွက် ဘာတွေမှန်းထားလဲ
လူသားတွေဟာ အရိုင်းအစိုင်းဘဝကနေ တဖြေဖြေးယဉ်ကျေးလာတယ်။ အသားစိမ်းတော့ မစားတော့ဘူး၊ စည်းကမ်း ကလနား ထားတဲ့နေရာမှာ ထားလာကြတယ်။ ခွန်အားကြီးသူအုပ်ချုပ်နည်းကနေ၊ ဘရာသခင်ပေးတဲ့ အခွင့်အာဏာဆိုတာ ဖန်တီးပြီး အုပ်ချုပ်ခဲ့တာ ရာစုနှစ်နဲ့ကြာတယ်။ အများအကြိုက်ရွေးချယ်အုပ်ချုပ်တဲ့နည်းကို အများစုကလက်ခံလာကြပြီ။ ကျွန်တော်တို့ဆီမှာတော့ ခွန်အားကြီးသူကနေစာ အုပ်ချုပ်တာ ဆက်ရှိသေးတယ်။ စစ်တပ်ကပေးတဲ့ အုပ်ခွင့်အာဏာ ဆိုတာကို စမ်းသပ်ကာစသာ ရှိသေးတယ်။
၁ဝ။ အဖြစ်ချင်ဆုံး ဆန္ဒတခု
တိုင်းပြည်အတွက်မျှော်မှန်ချက်ပြောရရင် အားတက်စေချင်ပါတယ်။ ရင်ဆိုင်နေရတာကို လျှော့မတွက်စေချင်ပါ။ လားရာတော့ ကောင်းနေပါပြီ။ သွားစရာခရီး ဝေးလွန်းပါသေးတယ်။ အားလိုတယ်။ သေနတ်မဟုတ်ပါ၊ ညီညွတ်ခြင်းသည်သာ အား ဖြစ်ပါတယ်။
ပြောပြီးသားအချက်တွေက နိုင်ငံရေးစကားတွေသာဖြစ်တယ်။ တကယ်တန်း လူ့ဘဝဆိုတာ လောဘဇောတွေ၊ နိုင်လိုမင်းထက်ပြုမှုတွေက ဒင်းကြမ်းပြည့်နေတယ်။ မြန်မာပြည်မှာ နိုင်ငံရေးသာမက လူတွေရဲ့ ဘာသာရေး အထိန်းအကွပ်နဲ့ နီတိတရားတွေကိုပါ ပြောင်းလဲပြုပြင်နိုင်လာတဲ့နေ့ကို ကျွန်တော်မျှော်မှန်းပါတယ်။
ဒေါက်တာတင့်ဆွေ
၁၆-၁-၂ဝ၁၄
Comments
Post a Comment