How to live with Hepatitis B (ဘီ) ပိုးရှိသူနဲ့ အတူနေရခြင်း

၁။ B ပိုးနှင့်ဆိုင်သော ဆောင်ရန်၊ ရှောင်ရန်နှင့် ရောဂါအကြောင်းသိချင်ပါတယ်ရှင်။ ကိုယ့်ပတ်ဝန်းကျင်မှာ ဘီပိုးရှိတယ်ဆိုရင် ဘယ်လိုနေထိုင်ရမည်နှင့် ထိုသူအားဘေးဖယ်ထားချင်း(ခြင်း)မျိုးမဟုတ်ဘဲ မည်သို့ ပြုမူရမည်နည်း။ ကျေးဇူးပြု၍ ဖြေကြားပေးပါရှင့်။ ကျွန်မတို့နဲ့ အလုပ်လုပ်နေသူမှာ B ပိုးရှိနေတဲ့အတွက်ဘယ်လိုလုပ်သင့်ပါသလဲ။ ရုံးလုပ်ငန်းပိုင်းမှာပါ။ သူက သိပ်မကြာသေးခင်က အခြားနယ်မှ ပြောင်းလာတာပါ။ သူနဲ့စကားပြောဖြစ်ရင်း ဘာကြောင့် နေပြည်တော်တွင်မလုပ်ဘဲ ကျွန်မတို့ဆီလာလာရတာလဲ မေးတော့ ရုံးက B ပိုးရှိတာသိလို့ အဝေးပို့တာပါတဲ့။ ဒါကြောင့်ခု ကျွန်မတို့ အလုပ်ကိုယ်တူတူလုပ်နေရပါတယ်။ ရောဂါကူးမခံချင်ပါဘူး။ သူ့ကိုယ်လည်းမချန်ထားချင်ပါဘူး ဘယ်လို လုပ်ရမလဲဆိုတာ နည်းလမ်းလေးပေးပါအုံးရှင့် ကျွန်မ B ပိုးကာကွယ်ဆေးကိုယ် သုံးကြိမ်ထိုးပြီးပါပြီ safe ဖြစ်ရဲ့လားဆိုတာ သိချင်ပါတယ်ရှင့် လမ်းညွန်ပေးပါအုံးရှင့်။

၂။ ဆရာ ကျတော့အသက် ၃၁ နှစ်ပါ။ အိမ်ထောင်ရှိပါတယ်။ ကျတော့မှာ အသည်းရောင် အသားဝါ B ပိုးရှိပါတယ်။ ကလေးယူလို့ ရ-မရ ဖြေပေးစေရှင်ပါတယ်။

၃။ ၂၈နှစ်/Male/နယ်ကပါဆရာ။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က သွေးလှူချင်လို့ သွေးစစ်ကြည့်တဲ့အခါ ကျွန်တော်မှာ HBV ဘီပိုးတွေ့ရတယ်။ ကိုယ့်သဘောနဲ့ကိုယ် Lamivudine, 1bd ၆ လစားပြီးတော့ ဆက်မစားတော့ဘူးဆရာ။ သွေးလည်းထပ်မစစ်ကြည့်ဘူး။ ပြဿနာက ကျွန်တော့မှာ အရမ်းချစ်ရတဲ့ ချစ်သူတယောက်ရှိတယ်။ (တနှစ်လောက်ကြာရင် လက်ထပ်မှာပါ) ရှိနေတယ်ဆရာ။ သူကတော့ Regular Blood Donar ပါဆရာ။ 

၄။ B ပိုးက ရေတဖန်ခွက်ထဲသောက်ခြင်းဖြင့် ကူးစက်နိုင်ပါသလား။

၅။ ကျွန်မမှာ ဘီပိုး ရှိတယ်ဆရာ။ ပိုက်ဆံကလည်းမတတ်နိုင်တော့ ဆရာဝန်စစ်ခိုင်းသမျှလည်း မစစ်နိုင်ဘူးဆရာ။ ဘယ်လို နေထိုင် စားသောက်ကုသရမယ်ဆိုတာ ပြောပေးပါလားဆရာ။ ကုသလို့လည်း ပျောက်ပါသလားဆရာ။ ကျွန်မက စာသင်တဲ့ ဆရာမတယောက်ပါဆရာ။ ကလေးတွေကော ကူးစက်နိုင်ပါသလား။

(ဘီ) ပိုး ဘယ်လိုကူးသလဲ

၁။ ပိုးပါနေတဲ့ အပ်အမျိုးမျိုး ဆေးထိုးအပ်၊ တက်တူးထိုးအပ်၊ အပ်စိုက်ကုအပ်၊ အလှအပကွင်းတပ်တဲ့အပ်၊ နားဖေါက်တဲ့အပ်၊ မူးယစ်ဆေးထိုးတဲ့အပ်၊

၂။ လိင်။ ပိုးရှိသူ ယောကျ်ား-မိန်မကနေ လိင်ဆက်ဆံရာမှာ အကာအကွယ် မသုံးရင်။

၃။ မိခင်ကနေ ကလေး။ ခွဲမွေးမွေး၊ ရိုးရိုးမွေမွေး မထူးပါ။ ကိုယ်ဝန်ဆောင်ချိန်သွေးစစ်ရင် hepatitis B surface antigen (HBsAg) အနုတ်ပြနေရမယ်။ HBsAg test positive ဖြစ်နေရင် သူကနေမွေးလာတဲ့ကလေးကို ကာကွယ်ဆေး ၂ မျိုးလုံး ၁၂ နာရီအတွင်း ထိုးပါ။ ကာကွယ်ဆေးရိုးရိုးကို မွေးမွေးချင်း + ၁ လ + ၆ လမှာ စုစုပေါင်း (၃) ခါထိုးပါ။ ကလေးကို အသက် ၉-၁၈ လရှိရင် antibody test အပေါင်းပြနေမယ်။ တကယ်လို့ အနုတ်သာပြနေသေးရင် စတုတ္ထအကြိမ် ကာကွယ်ဆေးထိုးပါ။ 

၄။ လက်ပွန်းတတည်းနေခြင်း။ သွေး ဒါမှမဟုတ် ခန္ဓာကိုယ်ကထွက်တဲ့အရည်နဲ့ ထိတွေ့မိသူတွေကိုလဲ ကူးနိုင်တယ်။ အနာအဆာနဲ့ မျက်လုံးထဲဝင်ရာကနေသာကူးမယ်။ သွားတိုက်တံ၊ အမွှေးရိတ်ဓါး၊ လက်သည်းညှပ်တွေ မျှသုံးရင်လဲကူးနိုင်တယ်။

၅။ ဆေးရုံ-ဆေးခန်း-ဓါတ်ခွဲခန်း။ 

(ဘီ) ပိုးရှိနေတာက ပြန်ပျောက်မှာလား

လူကြီးဆိုရင် ပျောက်နိုင်တယ်။ ၉ဝ% ပျောက်မယ်။ ၁ဝ% က နာတာရှည်အသဲရောင်ဖြစ်မယ်။ ကလေးတွေမှာ ဆိုးတယ်။ ၄ဝ% ပျောက်မယ်။ ၆ဝ% နာတာရှည်အသဲရောင်ဖြစ်မယ်။ အသက် ၁ နှစ်ဝန်းကျင်ကလေးတွေ ၁ဝ% သာ ပျောက်မယ်။ ၉ဝ% နာတာရှည်အသဲရောင်ဖြစ်မယ်။

ရက်တိုနဲ့ နာတာရှည်ဆိုတာဘာလဲ

(ဘီ) ပိုးနဲ့ထိတွေ့မိပြီးနောက် ၆ လအတွင်းမှာဖြစ်တာက ရက်တို။ ဒိနောက်ပြန်ပြီး သက်သာလာမယ်။ ၆ လနောက်မှာ သွေးစစ်လို့ (HBsAg+) ဖြစ်နေရင် နာတာရှည်လို့ သတ်မှတ်နိုင်တယ်။ ပြန်မပျောက်တော့ပါ။ 

(ဘီ) ပိုးက သူများကိုမကူးအောင် ဘယ်လိုလုပ်ရမလဲ

အတူနေသူတွေတွေအားလုံး (ဇနီး၊ ခင်ပွန်းအပါအဝင်) Hepatitis B vaccine ကာကွယ်ဆေးထိုးပါ။ (၃) ခါထိုးရမယ်။ တသက်စာ ကာကွယ်ပေးမယ်။ ဒါ့အပြင် စူးရှနိုင်တာတွေမှန်သမျှ မထိခိုက်အောင် ဂရုစိုက်ပါ။ ဖြစ်တာနဲ့ ပတ်တီးစီးပြီး ဖုံးအုပ်ထားပါ။ အဲလိုအရာတွေနဲ့ မျှဝေမသုံးပါနဲ့။ နှာချေ၊ ချောင်းဆိုး၊ ရင်ချင်းအပ်တာနဲ့ မကူးပါ။ ပိုးရှိသူက ချက်ကျွေးတာ စားလို့လဲ မကူးပါ။

နေမကောင်းတိုင်း (ဘီ) ပိုးရက်တိုဖြစ်ပါသလား

အများအားဖြင့် (ဘီ) ပိုးဝင်တာကို မသိလိုက်ဘူး။ နေမကောင်းမဖြစ်ဘူး။ တချို့မှာ ခံစားရမှာတွေကတော့ ဖျားမယ်၊ အားယုတ်မယ်၊ အဆစ်တွေ အသားတွေနာမယ်၊ အစားပျက်မယ်၊ တုပ်ကွေးနဲ့တူတယ်။ ရှားရှားပါးပါးဖြစ်တာတွေကတော့ ပျို့အန်မယ်၊ အသားဝါဖြစ်မယ်။ ဝမ်းပျက်မယ်။ 

ရက်တိုအဆင့်ပြီးသွားတာကို ဘယ်လိုသိမလဲ

သွေးစစ်ရင် (HBsAb+) တွေ့မယ် Antibodies ခုခံအား (အင်တီဘေ်ဒီ) တွေရှိနေပြီ။ နောက်ထပ် (ဘီ) ပိုး လာမကူးတော့သလို သူများကိုလဲ မကူးစေဘူး။

နာတာရှည်ဖြစ်ပြီလို့ ဘယ်လိုသိနိုင်မလဲ

၆ လကျော်အထိ ပိုးတွေ့နေရင် နာတာရှည်။ ဆေးစစ်ရတော့မယ်။ အသဲကုဆရာဝန်နဲ့ ၆ လ၊ ဒါမှမဟုတ် ၁ နှစ်တခါ ပြနေရမယ်။ လူအများစုဟာ ကျန်းမာပြီး လူကောင်းလိုနေနိုင်ကြပါတယ်။ ဒါပေမဲ့ ကိုယ်ကနေကောင်းနေပေမဲ့ သူများကို ကူးစေမှာကို သိထားပြီး ရှောင်ကျဉ်စရာမှန်သမျှ ရှောင်ကျဉ်ရမယ်။

ဘယ်စမ်းသပ်နည်းတွေနဲ့ စောင့်ကြည်နေမှာလဲ

Hepatitis B blood panel, Liver function tests (ALT), Hepatitis B e-Antigen (HBeAg), Hepatitis B e-Antibody (HBeAb), Ultrasound and imaging နဲ့ လိုအပ်သူတွေကို Liver biopsy တွေလုပ်မယ်။ လိုအပ်လာရင် ဆေးကုမယ်။

နာတာရှည်ဖြစ်တာ ပျောက်သွားနိုင်သလား

အခုထိတော့ ပျောက်ဆေး မရှိသေးပါ။ ဒါပေမဲ့ နာတာရှည်သမားတွေမှာ ဗိုင်းရပ်စ်ပိုးတွေကို နှေးစေအောင် ဆေးတွေက လုပ်ပေးနိုင်ပြီ။ ပိုးတွေ နည်းလေလေ အသဲကိုထိခိုက်မှာ နည်းလေလေဖြစ်တယ်။ ကံကောင်းရင် ဗိုင်းရပ်တွေကို လုံးဝ ထိန်းနိုင်တယ်။ ရှားတော့ရှားတယ်။ သုတေသနတွေအရ အလားအလာကောင်းတွေရှိတယ်။ 

ဘယ်ဆေးတွေကို တရားဝင်အသိအမှတ်ပြုထားပါသလဲ

- Interferon Alpha (Intron A) ထိုးဆေး။ ၁၉၉၁ ကတည်းကသုံးတယ်။ တပါတ်မှာ အကြိမ်များစွာ၊ ၆ လ၊ ၁ နှစ်ကြာထိုးတယ်။ ဒိထက်ပိုချင်လဲပိုမယ်။ flu-like symptoms, depression, and headaches တွေ ခံစားရနိုင်တယ်။

- Pegylated Interferon (Pegasys) ထိုးဆေး။ ၂ဝဝ၅ မှာ စသုံးတယ်။ တပါတ် ၁ ခါထိုးတယ်။ ၆ လ၊ ၁ နှစ် ကြာ ထိုးတယ်။ flu-like symptoms and depression တွေ ခံစားရနိုင်တယ်။

- Lamivudine (Epivir-HBV, Zeffix, or Heptodin) သောက်ဆေး။ ၁၉၉၈ ကစသုံးတယ်။ တနေ့ ၁ လုံး။ ၁ နှစ်ကြာ သောက်ရမယ်။ 

- Adefovir Dipivoxil (Hepsera) သောက်ဆေး။ ၂ဝဝ၂ ကစသုံးတယ်။ တနေ့ ၁ လုံး။ ၁ နှစ်ကြာသောက်ရမယ်။ Entecavir (Baraclude) သောက်ဆေး။ ၂ဝဝ၅ ကစသုံးတယ်။ တနေ့ ၁ လုံး။ ၁ နှစ်ကြာသောက်ရမယ်။ 

- Telbivudine (Tyzeka, Sebivo) သောက်ဆေး။ ၂ဝဝ၈ ကစသုံးတယ်။ တနေ့ ၁ လုံး။ ၁ နှစ်ကြာသောက်ရမယ်။

(ဘီ) ပိုးတွေ့တိုင်း ဆေးသောက်ရမှာလား။ မဟုတ်ပါ။ နာတာရှည်သမားတွေက ဘာတွေကိုရှောင်ရမလဲ။ အရက်လုံးဝမသောက်ပါနဲ့။ ဆေးလိပ်ဖြတ်ပါ။ ဆေးသောက်စရာမှန်သမျှ ဟာဗယ်ဆေးတွေအပါအဝင် ဆရာဝန်ကို ပြပြီးမှသာ သောက်ပါ။ အစားအသောက် လုံလောက်မျှတအောင်စားသောက်ပါ။ သွေးလှူလို့မရပါ။

ကိုယ်ဝန်ဆောင်နေလို့ (ဘီ) ပိုးစစ်ရမလား။ ကိုယ်ဆောင်မှန်သမျှ စစ်ပါ။ မွေးလာမဲ့ကလေးကို ကူးဘို့ အခွင့်အလမ်း ၉၅% ရှိတယ်။ ကလေးကို မွေးမွေးချင်း (၁) Hepatitis B vaccine ကာကွယ်ဆေး နဲ့ (၂) Hepatitis B Immune Globulin (HBIG) ကာကွယ်ဆေးတမျိုးပါ ထိုးရမယ်။ ကလေးကို နို့တိုက်နိုင်ပါတယ်။ အကျိုးနဲ့ အပြစ်မှာ အကျိုးကပိုသာတယ်။ 

ဖခင်မှာ ဘီပိုးရှိနေပေမဲ့ အထက်ကနည်းတွေကိုလိုက်နာရင် ဇနီးကိုမကူးစေပါ။ ကလေးယူရင်လဲ ကလေးကို မွေးကတည်းက (ဘီ) ကာကွယ်ဆေး မပျက်မကွက်ထိုးပြီး အထက်ကနည်းတွေအတိုင်း လိုက်နာပါ။

ဒေါက်တာတင့်ဆွေ

၃၀-၆-၂၀၁၆

၃၀-၆-၂၀၂၁


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ