Interview on my story ကျွန်တော့အကြောင်း အင်တာဗျူး (၂)

(တို့ခေတ်သတင်းဂျာနယ်)

၁၉၉ဝ ပြည့်နှစ်၊ မေလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်း၊ ပုလဲမဲဆန္ဒနယ်မြေ အမှတ် ၂ မှရွေးကောက်ခံ လွှတ်တော်အမတ် ဒေါက်တာတင့်ဆွေ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) နှင့် တို့ခေတ်သတင်းဂျာနယ်အင်တာဗျူး

တို့ခေတ်။ ဆရာ့မိသားစုတွေအကုန်လုံးက အခုလက်ရှိ အမေရိကန်ပြည်ထောင်စုမှာပဲလားခင်ဗျ။

ဒေါက်တာတင့်ဆွေ။ ဟုတ် ကျွန်တော် ၂၁-၁၂-၁၉၉ဝ နေ့မှာ အိန္ဒိယနိုင်ငံကိုရောက်ခဲ့ပြီး၊ ၁၈-၈-၂ဝ၁၄ နေ့ စစ်အာဏာသိမ်းနှစ်ပါတ်လည်နေ့မှာ အမေရိကန်ပြည်ထောင်စုကို တရားဝင်အခြေချနေထိုင်ဘို့ ရောက်ပါတယ်။ သားသမီးတွေကလည်း သူတို့အစီအစဉ်နဲ့သူတို့ တယောက်ပြီးတယောက် ဒီကိုရောက်နေနှင့်ကြပါတယ်။

တို့ခေတ်။ ၁၉၈၈ ခုနှစ်လူထုအရေးတော်ပုံဖြစ်တော့ ဆရာကအစိုးရဝန်ထမ်းဘဝ (ထားဝယ်) မှာတာဝန်ကျနေရာကနေ အလုပ်က ထွက်ခဲ့တယ်။ အဲဒီအချိန်ကစပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲ ပါတီဝင်တစ်ယောက်အနေနဲ့ ပါဝင်လာခဲ့တယ်။ အခုလက်ရှိရော NLD ပါတီဝင်တစ်ယောက်အဖြစ်ရှိနေဆဲပဲလားဆရာ။

ဒေါက်တာတင့်ဆွေ။ ကျွန်တော် NLD ထဲဝင်ပြီးနိုင်ငံရေးလုပ်ဘို့ ကျန်းမာရေးဦးစီးဌာနကိုရော NLD ကိုရော လျှောက်လွှာတင်ပြီး ၁၅ နှစ်ကြာ လုပ်ခဲ့ရတဲ့အစိုးရဆရာဝန်ဘဝကနေ ထွက်ပါတယ်။ ၁၉၉ဝ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်း၊ ပုလဲ မဲဆန္ဒနယ်မြေ အမှတ် (၂) NLD ကနေ အရွေးခံခဲ့ရပါတယ်။ ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲမတိုင်ခင်မှာ NLD ပါတီညီလာခံတွေ အဆင့်ဆင့်လုပ်တော့ လူတိုင်းက ပါတီဝင်လျှောက်လွှာအသစ် ပြန်တင်ကြရပါတယ်။ ကျွန်တော်က ပြည်ပမှာနေထိုင်နေရသူဖြစ်လို့ လျှောက်လွှာအသစ် ပြန်တင်လို့မဖြစ်နိုင်ပါ။ အဲတာကြောင့် ကနေ့ ကျွန်တော်ရဲ့ပါတီဝင် မေးခွန်းကိုဖြေရရင် မဟုတ်ဘူး၊ ဟုတ်တယ်ပဲ ဖြေရမှာပါ။

တို့ခေတ်။ အဝေးရောက် NLD အဖွဲ့နဲ့ ဆရာနဲ့ရော ပတ်သက်ဆက်နွယ်မှုမျိုးရှိပါသလား။

ဒေါက်တာတင့်ဆွေ။ ၁၉၉ဝ နောက်ပိုင်းမှာ NLD လွှတ်တော်ကိုယ်စားလှယ်တွေ၊ စည်းရုံးရေးမှူးတွေနဲ့ လူငယ်တွေ ပြည်ပထွက်ကြပါတယ်။ NLD/LA လွတ်မြောက်နယ်မြေပါတီဖွဲတော့ ကျွန်တော်လည်း တာဝန်ရှိခဲ့ပါတယ်။ အခု နောက်ဆုံးရှိနေတဲ့ NLD/LA ပါတီ ထဲမှာတော့ တရားဝင်ပါမနေပါ။ ဒါပေမယ့် NLD နဲ့ရော NLD/LA နဲ့ပါ ဆက်သွယ်မှု ကောင်းကောင်းရှိပါတယ်။ အတူတူလို့ပဲ အမြဲသဘောထားပါတယ်။ ကျွန်တော်က အဖွဲ့ဝင်နံပါတ်တို့ ကပ်ပြားတို့ရှိမှလို့ သဘောမထားပါ။ ရာသက်ပန်ဖြစ်ပါတယ်။

တို့ခေတ်။ ၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲအတွက် ဆရာမဲဆွယ်စည်းရုံးရေးမှာ ဟောပြောခဲ့ဖူးတဲ့စကားတွေ မှတ်မှတ်ရရရှိရင် ပြောပြပေးပါခင်ဗျ။ ဥပမာ "ခင်ဗျားတို့ ကမ္ဘာ့ဘဏ်မှာ အပ်ထားတဲ့ ပိုက်ဆံထုတ်ဖို့ အပေါင်ထားတဲ့ ရွှေတွေ ဘယ်ရောက်သွားလဲ" စသည့်စကားမျိုး၊ မဲဆွယ်ဆောင်ပုဒ်မျိုးပါဆရာ။

ဒေါက်တာတင့်ဆွေ။ ၁၉၉ဝ တုံးက ရွေးကောက်ပွဲရဲ့ အခင်းအကျင်းနောက်ခံဟာ ၂၆ နှစ်ကြာအုပ်စိုးခဲ့တဲ့ ဗိုလ်ချုပ်နေဝင်းရဲ့အစိုးရဖြစ်ပါတယ်။ ၁၉၈၈ အရေးအခင်းကို ဖြစ်ပေါ်စေခဲ့တဲ့အဓိကအချက်တခုဟာ ၁၉၈၇ မှာ မြန်မာနိုင်ငံဟာ LDC ခေါ်တဲ့ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံစာရင်းဝင်ခဲ့တာပါ။ နေ့စဉ်သတင်းစာတွေ၊ တီဗွီနဲ့ရေဒီယိုတွေ၊ မိန့်ခွန်းတွေ၊ အစီရင်ခံစာတွေ အားလုံးထဲမှာ စီမံကိန်းတွေအောင်မြင်နေတယ်လို့ပဲ ကြားသိဖတ်ရှုနေခဲ့ကြတဲ့လူထုကြီးဟာ LDC သတင်းသိရတာနဲ့ တသက်နဲ့တကိုယ် မမေးဘူးသေးတဲ့မေးခွန်းတခု မေးပါတော့တယ်။ တို့တိုင်းပြည် သယံဇာတတွေ ပေါကြွယ်လှတယ်ဆိုပြီး ချမ်းသာလှ ချမ်းသာလှနဲ့ ဘာလို့လူမွဲဖြစ်ရသလည်း။ စီမံကိန်းတွေလည်း အောင်မြင်နေတယ်ဆို။ ပတ္တမြားတွေ၊ ကျောက်စိမ်းတွေ၊ ရွှေတွေ ဘယ်ရောက်သွားသလည်း။

အဲတော့ ကျွန်တော့်ရဲ့ ၁၉၉ဝ ရွေးကောက်ပွဲမဲဆွယ်စကားပြောတော့ အဲဒီအဖြေကိုထုတ်ပေးဘို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဦးနေဝင်းဟာ မြန်မာကျပ်ငွေကို ရွှေနဲ့အာမခံထားတဲ့နယ်ပယ်ကနေ ထွက်လိုက်တယ်။ ရွှေတွေကိုပြန်ထုတ်ယူတယ်။ ဗိုလ်ချုပ်စောမောင် အာဏာသိမ်းတော့ အရံေရွှေရော ငွေရော မရှိသလောက်နည်းနေပြီ။ ဘယ်ရောက်သွားလည်း။ (မဆလ) ပါတီကလည်း အာဏာမသိမ်းခင်လေးမှာ ဗဟိုဘဏ်ကနေ သိန်းပေါင်းများစွာ ထုတ်ယူလိုက်တယ်။ ဗိုလ်ချုပ်နေဝင်း နိုင်ငံခြားကို ခဏခဏသွားပြီး မြင်းလောင်းတာ လူတိုင်းသိတယ်။ အဲတော့ တိုင်းပြည်ချမ်းသာသမျှ ဗိုလ်နေဝင်းနဲ့ (မဆလ) လက်ချက်နဲ့ မွဲသွားရတာလို့ အချက်အလက်နဲ့ ထောက်ပြပါတယ်။ ရွှေကိုတန်နဲ့ယူနစ်ထားတော့ တန်ဆိုတာကို သဘောပေါက်အောင် ကုန် ၃ တန်၊ ယာဉ် ၃ တန်ကားဆိုတာပဲ သိကြတာများတော့ ကားနဲ့ပြောရတယ်။ အဲဒီခေတ်မှာ ဂျပန်စစ်လျှော်ကြေးနဲ့ဝင်လာတဲ့ ဟီနိုးကားကို လူသိများတယ်။ တီအီး-အလဲဗင်းဆိုရင် စစ်ကားမှန်းသိကြတယ်။ အဲတာကြောင့် ကုန်ဆုံးသွားတဲ့ရွှေတွေကို တီအီး-အလဲဗင်းစစ်ကားပေါ်တင်ပြီး ပြောခဲ့ပါတယ်။

တို့ခေတ်။ အဲဒီတုန်းက ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ပြည်သူလူထုရဲ့မဲတွေ ပြန့်ကျဲသွားအောင်၊ မဲအလေအလွင့် ဖြစ်အောင် အစိုးရက လူထုကိုအာရုံလှည့်စားခဲ့တာမျိုးရှိခဲ့ဖူးပါသလား။ ရှိခဲ့ရင် ဘယ်လိုနည်းလမ်းတွေနဲ့ လှည့်စားခဲ့ဖူးပါသလဲ။ အခြား ပါတီတွေကရော ဘယ်လိုမျိုးတွေ မဲဆွယ်ခဲ့ကြလဲ။ ဆရာကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ အတွေ့အကြုံကို သိချင်ပါတယ်ဆရာ။

ဒေါက်တာတင့်ဆွေ။ ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့ ကတိစကားပေးခဲ့တာဟာ အာဏာသိမ်းကာစမှာ တိုင်းပြည်ကို ငြိမ်အောင်လို့ပေးခဲ့တာလို့ နောက်ကျမှသာ သိကြရတယ်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့လို့ နာမည်မပေးလည်း ရွေးကောက်ပွဲ လုပ်ရင်ငြိမ်မှာပါ။ စစ်တပ်ရဲ့ (ပလင် အေ) အရတော့ ရွေးကောက်ပွဲကျင်းပပြီး ရချင်တဲ့ရလဒ်ဖြစ်ရင် အာဏာလွဲပေးမယ်။ (ပလင် ဘီ) ကတော့ ရလဒ်မကြိုက်ရင် အာဏာမလွှဲသေးပဲဆက်နေမယ်။ (ပလင် အေ) ဖြစ်အောင်ဆိုရင် NLD ပါတီ မနိုင်မှဖြစ်မယ်။ မဲပြားအောင်လုပ်တယ်။ နိုင်ငံရေးပါတီတွေ ဖွဲ့ချင်သလောက် ဖွဲ့အောင် အားပေးတယ်။ ရှားပါးလှတဲ့ ဓါတ်ဆီနဲ့ တယ်လီဖုန်း ခွဲတမ်းချပေးနည်းသုံးတယ်။ ပါတီ ၄-၅ ခုကို ဖျက်သိမ်းတာတောင်မှာ ၂၃၅ ပါတီကျန်တယ်။ ဘယ်ပါတီမှာ အပြတ်မနိုင်ဘူးလို့ ထောက်လှမ်းရေး လှို့ဝှက်အစီရင်ခံစာရတော့ ၁၉၉ဝ မေလ ၂၇ ရက်မှာ ရွေးကောက်ပွဲ ကျင်းပပေးတယ်။

စည်းရုံးရေးကာလမှာ အကန့်အသတ်တွေလုပ်တယ်။ မမျှတမှုတွေလုပ်တယ်။ အာဏာမသိမ်းခင် ဗဟိုဘဏ်ကနေ ထုတ်ယူထားတဲ့ငွေတွေကို (မဆလ) ကနေ (တစည) လို့မည်ပြောင်းပါတီက သုံးတယ်။ တပြည်လုံးမှာ ရှိနေပြီးဖြစ်တဲ့ ရုံးတွေကိုလည်း အမွေဆက်ခံတယ်။ အဲလိုအတိုင်းပါပဲ ၂ဝဝ၈ ဖွဲ့စည်းပုံအရ လုပ်တော့မယ်ဆိုတော့ အရင်က လူမှုရေးအသင်းလိုလိုလုပ်ထားတဲ့ ပြည်ခိုင်ဖြိုးဟာ တိုင်းပြည်အခွန်ကောက်ရထားတဲ့ငွေတွေ ဘီလျန်ပေါင်းများစွာသုံးပြီး တည်ဆောက်ထားတာတွေအကုန်ကိုယူပြီး နိုင်ငံရေးပါတီလုပ်လိုက်တယ်။

NLD ပါတီမှာ လူတိုင်းကအိတ်စိုက်ရုံးဖွင့်ရတယ်။ သွားလေရာလည်း ထောက်လှမ်းရေးတွေက တကောက်ကောက် လိုက်တယ်။ နိုင်ရင်လည်းနိုင်ရမယ်။ ရှုံးရင်လည်းနိုင်ရမယ်လို့ ခြိမ်းခြောက်တယ်။ အစိုးရဝန်ထမ်း မှန်သမျှထဲမှာ အနည်းအပါးကလွဲရင် (မဆလ) အဆက်တွေချည်းပဲ။ မဲရုံတာဝန်ရှိသူတိုင်းဟာ (မဆလ) နဲ့မကင်းသူက အလွန်များတယ်။ အသံချဲ့စက်ဥပဒေဆိုတာ ထုတ်သုံးတယ်။ အမြင့် ၉ ပေထက်မကျော်ရဘူးတဲ့။ (မဆလ) ကတော့ ညဉ့်နက်သန်းကောင် ဟိုဖက်ရွာကြားလောက်အောင်ဖွင့်တယ်။

ရွေးကောက်ပွဲပြီးလို့ NLD ကအပြတ်အသတ်နိုင်ပေမယ့် အောင်ပွဲမခံကြဘို့ ဗဟိုကညွှန်ကြားရတယ်။ ရန်ရှာနေတာတွေ တကယ်ရှိလို့ပါ။ ပုလဲက NLD တွေလည်း ရွေးကောက်ပွဲပြီးလို့ ၂ ပါတ် ၃ ပါတ်နေမှသာ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ကျောရွာကိုသွားပြီး အောင်ပွဲလုပ်ရတယ်။

တို့ခေတ်။ ၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပြီး အာဏာလွှဲပြောင်းပေးခြင်းမခံခဲ့ရဘူး။ ဆရာက ပုလဲမဲဆန္ဒနယ်မြေကနေ ရွေးကောက်ခံရတဲ့ လွှတ်တော်အမတ် တစ်ယောက်အနေနဲ့ အာဏာလွှဲမပေးခံရတဲ့အပေါ် ဘယ်လိုခံစားခဲ့ရလဲ။ ဆရာ့တစ်ဦးတည်း ပုဂ္ဂလိကခံစားချက်ကို ပြောပြပေးပါ။

ဒေါက်တာတင့်ဆွေ။ ခံစားရတာတော့ပြောရရင် ကုန်နိုင်ဘွယ်ရှိမှာမဟုတ်ပါ။ ဘဝပျက်တယ်ဆိုတဲ့စကားလုံးလေးတလုံးနဲ့ ဆိုင်သွားရတဲ့  မြန်မာနိုင်ငံသားအများကြီးထဲမှာ ကျွန်တော့မိသားစုကတခုပါ။ တရားဝင်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ပါတီကို အာဏာလွှဲပြောင်းမပေးလို့ တိုင်းသူပြည်သားများအတွက်တော့ မျှော်လင့်ချက်ပျက်ကြရတယ်။ ဒီမိုကရေစီအရေးမှာ အကြီးအကျယ်နစ်နာတယ်။ မြန်မာ့တပ်မတော် ပိုပြီးနာမည်ပျက်တယ်။ ယုံကြည်မှုမရှိတဲ့ဒဏ်ကို ထပ်ပြီးခံရတော့တယ်။ လာမယ့် ၂ဝ၁၅ ကိုလည်း ၁၉၉ဝ လိုဖြစ်မှာလားလို့မေးတဲ့မေးခွန်းဟာ မေးထိုက်တယ်။

ပုဂ္ဂလိကခံစားချက်မေးလို့ နည်းနည်းပြောရပါမယ်။ ကျွန်တော်က ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖေါ်နိုင်ဘို့ နောက်နှစ်ပေါင်း ၂ဝ လောက်အထိဆက်လုပ်နေသူဖြစ်လို့ ၁၉၉ဝ ရလဒ်တော့သွားပြီလို့ တခါမှထင်မထားသူဖြစ်တယ်။ လာဖမ်းတော့ လွတ်အောင်ပြေးနိုင်လို့ ဝရမ်းပြေးကြေညာခံရတယ်။ ပြည်ပြေးဆက်ဖြစ်တယ်။ စင်ပြိုင်အစိုးရဖွဲ့လို့ သူပုန်လို သဘောထားခံရတယ်။ ၂ဝ၁၂ အထိ အမည်မည်းစားရင်ထဲထည့်ခံရတယ်။ နောက်ထပ်ရွေးချယ်ခံနိုင်ခွင့်အထိ ပိတ်ပင်ခံရတယ်။

မိသားစုကိုထားရစ်ခဲ့ပြီး ပြည်ပထွက်တော့ လေးနှစ်ကြာ အဖမဲ့မိသားစုဟာရုန်းကန်ကြရတယ်။ သားသမီးတွေပညာရေး ထိခိုက်တယ်။ အဲတာဘဝတွေပဲ။ ကုသပေးနေတဲ့လူနာတွေကို မျက်နှာလွှဲထားခဲ့ရတယ်။ ကိုယ့်ကိုမဲပေးခဲ့တဲ့သူတွေကို ဘာတခုမှ ပြန်မကြည့်နိုင်ဘူး။ တာဝန်မဲ့ရကျစေခဲ့ပါတယ်။

နောက်မှာ မိသားစုကိုပါ ပြည်ပခေါ်ရတယ်။ ပြည်ပနိုင်ငံရေးအတွက် ခရီးတွေ မရေမတွက်နိုင်အောင်ထွက်ရတယ်။ တိုင်းပြည်ပေါင်း ပြန်ရေတွက်ဖို့တောင်ခက်တယ်။ အဲလိုခရီးတွေထွက်တိုင်း ဘယ်သူဘယ်ဝါဆိုတာကို အမှန်အတိုင်း သုံးလို့မရပါ။ လိမ်ညာရတဲ့အတတ်ကို ရှောင်လွှဲလို့မရတော့ပါ။ တိုင်းပြည်တိုင်းမှာ အဝင်ရောအထွက်ပါ အကြိမ်တိုင်းမှာ သည်းထိပ်ရင်ဖိုလို့ပြောရင် မလွန်ပါ။ အိန္ဒိယမှာနေစဉ်က အိမ်ရှင်အစိုးရဆီကို မိုးလုံးပြည့်မုသာဝါဒလို့ သူများကိုစွပ်စွဲတဲ့ စစ်အစိုးရကနေ ကျွန်တော့်ကို မဟုတ်တမ်းတရားတွေနဲ့ အနည်းဆုံးနှစ်ခါတိုင်တယ်။ တိုင်စာထဲမှာ လေယာဉ်ကို အပိုင်စီးမယ်။ ဗုံးခွဲမယ် စတာတွေပါတယ်။ အမှန်ကအဲဒီအချိန်မှာ အကြမ်းမဖက်နိုင်ငံရေးသင်တန်းတွေ ပေးနေချိန်မှာ ဖြစ်တယ်။ ရောက်ကာစ ၁ဝ နှစ်လောက်အထိက အသက်ကိုရန်ရှာနိုင်တယ်ဆိုတဲ့သတိနဲ့သာနေခဲ့ရတယ်။ လုပ်ဖေါ်ကိုင်ဖက် အမတ်နှစ်ယောက် ဦးဝင်းကိုနဲ့ ဦးလှဖေတို့ ပြည်ပမှာ လုပ်ကြံသတ်ဖြတ်ခံကြရတာကို ကြည့်ပါ။ ဒိနောက်မှာ သတင်းလုံခြုံမှုကို သတိထားခဲ့ရတယ်။ အဲဒီဘေးရန်တွေဟာ စစ်အစိုးရဆီကနေသာဖြစ်ပါတယ်။ စစ်အစိုးရကနေ သူပုန်ခေါ်တဲ့အဖွဲ့ တခုတလေကမှ ရန်မရှာပါ။

တို့ခေတ်။ အာဏာလွှဲပေးခြင်းမခံရတော့ ၉ဝ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီပါတီအနေနဲ့ ဘယ်လို လှုပ်ရှားမှုမျိုးတွေ ဆက်လုပ်ခဲ့လဲ။ အဲဒီလိုလှုပ်ရှားမှုတွေထဲက ဆရာပါဝင်ဆောင်ရွက်ခဲ့တဲ့ လှုပ်ရှားမှုတွေကို ပြောပြပေးပါဆရာ။

ဒေါက်တာတင့်ဆွေ။ NLD ပါတီကနေ အမျိုးမျိုးကြိုးစားပါတယ်။ ၁၉၉ဝ ဇူလိုင်လ ၂၈-၂၉ မှာ ဂန္ဒီခန်းမ အစည်းအဝေးကြီးက သမိုင်းတွင်ပါတယ်။ စက်တင်္ဘာလအကုန်မှာ လွှတ်တော်ခေါ်ပေးဘို့တောင်းဆိုတယ်။ ကျွန်တော်တို့ကြေညာချက် မထွက်ခင်ကလေးမှ (နဝတ) ကနေ ဖုတ်ပူမီးတိုက် ၁/၉ဝ ဆိုတာထုတ်ပြန်ပြီး တားမြစ်လိုက်တယ်။ ဗဟိုက နယ်တွေဆင်းပြီး ၁/၉ဝ လက်မှတ်ထိုးရေး ရှင်းလင်းတယ်။ ကျွန်တော်တို့က မထိုးစေချင်ဘူး။

အဲတော့ လွှတ်တော်ကိုယ်စားလှယ် လူလတ်ပိုင်းတွေက အစည်းအဝေးတွေ နေရာအမျိုးမျိုးမှာလုပ်ပြီး စင်ပြိုင်အစိုးဖွဲ့ဘို့ စီစဉ်ကြတယ်။ ကျွန်တော်တို့အဲလိုလုပ်နေကြချိန်မှာ NLD ဗဟိုကလည်း အစည်းအဝေးကြီးတခုထပ်လုပ်တယ်။ ကျွန်တော် ဖိတ်စာရပေမယ့် ရန်ကုန် မသွားတော့ဘူး။ ကျွန်တော့်ကို ပညာ-ကျန်းမာမှာတာဝန်ပေးတယ်လို့သိရတယ်။

ကျွန်တော်တို့အစီအစဉ်က တိုင်းနဲ့ပြည်နယ် ၁၄ ခုက ၂ ဦးကျစီ၊ စုစုပေါင်း ၂၈ ယောက်က နယ်စပ်သွားပြီး အစိုးရဖွဲ့မယ်။ နောက် ၂၈ ယောက်က ပြည်တွင်းထဲကနေ စည်းရုံးရေးလုပ်ကြဘို့ သတ်မှတ်တယ်။ ရေဦးက ဦးဝင်းကိုနဲ့ကျွန်တော်က စစ်ကိုင်းတိုင်းတာဝန် အများဆုံးယူကြရတယ်။ စစ်ကိုင်းတိုင်းက နောက်တယောက်ကို နယ်စပ်ပို့လွှတ်ဖို့စီစဉ်ပေးတယ်။ ဒါပေမယ့် ထောက်လှမ်းရေးကလိုက်ဖမ်းလို့ စီစဉ်ထားတာတွေ တချို့လွဲကုန်တယ်။ ရောက်အောင်သွားနိုင်သူတွေက ရောက်ပါတယ်။ ကျွန်တော်ပါ ထွက်ရတော့တယ်။

တို့ခေတ်။ ဆရာ့အနေနဲ့ နဝတ၊ နအဖ အစိုးရရဲ့ဖမ်းဆီးထိမ်းသိန်းခြင်းမျိုးကို ခံခဲ့ရဖူးပါသလား။

ဒေါက်တာတင့်ဆွေ။ ၁၉၉ဝ စက်တင်္ဘာလလောက်ကစပြီး ကျွန်တော့်နောက်မှာ ထောက်လှမ်းရေးက တကောက်ကောက် လိုက်နေတယ်။ ပြည်ပထွက်ပြေးတော့ ထောင်က ၂၅ နှစ်ချတယ်လို့ တဆင့်ကြားရတယ်။ တချို့က ၂၅ နှစ်မကာဘူးလို့ ပြောတယ်။ နေအိမ်နဲ့ဆေးခန်းကို မနေရ၊ မငှားရ၊ မပြင်ရ၊ မရောင်းရလုပ်ထားတာ ကနေ့အထိပဲ။ သားအကြီးဆုံးက အရင်ဆုံး ဖမ်းဆီးစစ်ဆေးတာခံရတယ်။ ကျွန်တော်ထွက်ပြေးလွတ်မြောက်တော့ ဇနီးကို မုံရွာထောင်မှာ ခိုးမှုဆိုပြီး တလကြာစစ်ဆေးတယ်။ အမျိုးတွေနဲ့ မိတ်ဆွေတွေက တလကျော်ကြာတယ်။ ညီအရင်းကို ထောင်လေးနှစ်ချတယ်။ အားလုံးဟာ ကျွန်တော့်အတွက် ခံကြရတာချည်းပဲ။ တတိယသားကတော့ သူ့ကျောင်းသားလှုတ်ရှားမှုနဲ့ ပုန်းနေရပြီး၊ ကျွန်တော်နဲ့အတူ ပြည်ပထွက်ရတယ်။

တို့ခေတ်။ အိန္ဒိယမှာ ၂၄ နှစ်ကြာနေခဲ့ရတုန်းက မြန်မာပြည်နိုင်ငံရေးနဲ့ပတ်သက်ပြီး မှတ်မှတ်ရရရှိနေတာလေးရှိရင် ပြောပြပေးပါ။ မြန်မာနိုင်ငံကနေ ဆရာထွက်ခွာသွားရတဲ့ အကြောင်းအချက်က ဘာကြောင့်လဲ။ ဘယ်တော့လောက် မြန်မာနိုင်ငံကို ပြန်လာဖို့ရှိပါသလဲ။


ဒေါက်တာတင့်ဆွေ။ ကျွန်တော်က စင်ပြိုင်အစိုးရဖွဲ့ရင် ပြည်တွင်းကနေလှုပ်ရှားဘို့တာဝန် ယူရပါတယ်။ ဒါပေမယ့် အိမ်ကိုလာဖမ်းတော့ ထွက်ပြေးလွတ်မြောက်ပါတယ်။ နှစ်ပတ်တိတိ ပုန်းရှောင်နေနိုင်ခဲ့တယ်။ ဆက်နေလည်း ကာလအတော်ကြာအောင် အဖမ်းမခံရလောက်ဘူးလို့ယုံတယ်။ အင်မတန်သစ္စာရှိတဲ့လူထုက ကျွန်တော့်ဖက်မှာရှိပါတယ်။ ဒါပေမယ့် ဘာနိုင်ငံရေးမှ လုပ်လို့ရမှာ မဟုတ်ဘူး။ ကျွန်တော်နဲ့အတူ ဝါးရမ်းပြေားကြေညာခံရတဲ့ လေးမျက်နှာက ဦးစီမောင် ပဲခူးရိုးမမှာ ငှက်ဖျားနဲ့ ကွယ်လွန်တယ်။ အဲတာနဲ့ကိုယ်တိုင်ပဲ ပြည်ပထွက်ဘို့ ဆုံးဖြတ်တယ်။ အမှန်က ထိုင်းနယ်စပ်ကနေထွက်ရမှာ ကျွန်တော့်ကို ဝါးရမ်းပြေးကြေညာထားတော့ ခရီးစဉ် အရှည်ကြီးသွားဘို့ မဖြစ်နိုင်ပါ။ အဲတာနဲ့ အနီးဆုံး အိန္ဒိယကို ရွေးလိုက်ရတာ ဖြစ်ပါတယ်။

ဟားခါးကနေ ခြေလျှင်သွားကြရတယ်။ ကျွန်တော်တို့ ချင်းတောင်တန်းပေါ်ဖြတ်ကျော်နေကြတုံး ၁၈-၁၂-၁၉၉ဝ နေ့မှာ NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ ဖွဲ့စည်းကြောင်းကြေညာလိုက်တာကို ရေဒီယိုကနေ နားထောင်ရတယ်။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုက်ဇောမြိ့ုကိုရောက်ပြီးမကြာခင်မှာ ကျွန်တော့်ညီကို ထောင် ၄ နှစ် ချတယ်လို့သိရတယ်။ ကျွန်တော်တို့ထွက်လာခဲ့တဲ့ လမ်းကြောင်းအတို်င်း တပ်စိတ်တစိတ်ကလိုက်တယ်လို့လည်း သတင်းရောက်လာပါတယ်။ မိသာမိရင် ကျွန်တော်တို့အားလုံး ချင်းတောင်မှာပဲ ဇာတ်သိမ်းကြရမယ်ထင်ပါတယ်။

အိန္ဒိယမှာနေထိုင်ရင်း မြန်မာ့ဒီမိုကရေစီရေးလုပ်ခဲ့ရတာဟာ ကျွန်တော့်နိုင်ငံရေးဘဝတဝက်လို့ပြောရမယ်။ နိုင်ငံရေး လုပ်ဖေါ်ကိုင်ဖက်အသစ်အမျိုးမျိုးနဲ့ တွဲလုပ်ရတယ်။ အထူးသဖြင့် တိုင်းရင်သားလူမျိုးစုအားလုံးဖြစ်တယ်။ နောက် နိုင်ငံခြားသား လူမျိုးအစုံအကုန်နဲ့ ထိတွေ့ဆက်ဆံရတယ်။ အိမ်ရှင်နိုင်ငံနဲ့ ပတ်သက်ရင် အစိုးရနဲ့ နိုင်ငံရေးပါတီတွေ၊ လူမှုရေးအဖွဲ့အစည်းတွေနဲ့ မီဒီယာဆိုပြီးရှိတယ်။ အစိုးရဟာ သူရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ပေါ်လစီအတိုင်းလုပ်တယ်။ ကျွန်တော်ကမကြိုက်လို့ နေရာတိုင်းမှာဝေဖန်တယ်။ မီဒီယာမှာပြောတယ်၊ ရေးတယ်။ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကောင်းကောင်းသုံးခွင့်ရပါတယ်။ အိန္ဒိယအစိုးရဟာ ကျွန်တော့်ကို လူမှုရေးစာနာမှုထက်ပိုပြီး ဆက်ဆံတယ်လို့ ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ နိုင်ငံရေးပါတီ မှန်သမျှနဲ့လည်း ထဲထဲဝင်ဝင်ရှိခဲ့တယ်။ ပါတီညီလာခံတွေကို ဖိတ်တယ်။ ထောက်ခံအားပေးမှု အပြည့်ပေးကြတယ်။ တိဘက်အဝေးရောက်အစိုးရနဲ့ တိဘက်အဝေးရောက် လွှတ်တော်အပါအဝင် တိဘက်လူငယ်နဲ့ တိဘက်အမျိုးသမီးတွေနဲ့ ဆက်ဆံရတာ သွေးချင်းသားရင်ဆက်ဆံရသလိုပါပဲ။ ဘုန်းတော်ကြီးဒလိုင်လားမားနဲ့လည်း တိုက်ရိုက်တွေ့ခွင့်တွေ ရှိခဲ့ပါတယ်။

မြန်မာပြည်မှာ ၂ဝဝ၈ ဖွဲ့စည်းပုံဖြစ်လာတဲ့နောက်မှာ ကျွန်တော်တို့စင်ပြိုင်အစိုးရအပါအဝင် ဘယ်အဖွဲ့အစည်းကိုမှ အထောက်အပံံ့တွေ မရကြတော့ပါ။ NCGUB အစိုးရကို ၂ နှစ်ကြာ အကူအညီမရပဲ ဆက်ရပ်တည်ခဲ့ပါသေးတယ်။

ဒေလီကိုရောက်နေကြတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေကျန်းမာရေးအတွက် ဇနီးနဲ့ကျွန်တော်တို့ နှစ်ယောက်က ၂ဝဝ၂ ခုနှစ်ကစပြီး ယမုန်နာဆေးခန်းလေးဖွင့်ပြီး ဆေးအမမဲ့ကုသပေးခဲ့ပါတယ်။ အမေရိကကိုထွက်တဲ့နေ့အထိပါပဲ။ အဲတာ ကျွန်တော်လုပ်တဲ့ အမျိုးသားသွေးစည်းညီညွတ်ရေးရဲ့အစိတ်အပိုင်းပါ။ လူနာအများစုက ချင်းပြည်နယ်ကနေ လာကြတယ်။ ချင်းဆိုတာလည်း လူမျိုစုအစုံ။ ဒါကြောင့်တခါတလေ ရီစရာပြောပါတယ်။ ချင်းတွေအကြောင်းကို ချင်းတွေထက်သိတယ်လို့။ နောက် ကချင်၊ နာဂ၊ ကူကီး၊ ရခိုင်၊ မွန်တွေရှိကြတယ်။ ဗမာလို့ခေါ်သူကနည်းပါတယ်။ တိုင်းရင်းသားချစ်ကြည်ရေးကို ထုတ်ပြန်ကြေညာချက်တခုမှပါပဲ လုပ်တာပါ။

မြန်မာပြည်ကို အမြန်လာချင်ပါတယ်။ ၂ဝ၁၂ သြဂုတ်လထဲမှာ လူနှစ်ထောင်ကျာ်ကို အမည်မည်းစာရင်းကနေ ပယ်ဖျက်လိုက်တဲ့ထဲမှာ ကျွန်တော့်နာမည်က နံပါတ် ၇ မှာတွေ့ရပါတယ်။ အဲဒီအချိန်ကစပြီး တိုင်ပင်မှုတွေလုပ်ပါတယ်။ စီစဉ်တာတွေလည်းလုပ်ပါတယ်။ နောက်ဆုံးမှာတော့ တတိယနိုင်ငံမှာ အခြေချနေဘို့ကိုအရင်လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အကြောင်းရင်းက လက်ရှိအစိုးရကို စစ်အစိုးရလိုပဲ မယုံတာပါ။ ပြန်သွားကြသူတွေကိုလည်း ကြည့်တယ်။ ကိုယ်ပြန်ရင် ဘယ်သူ့အတွက် ဘာအကျိုးရှိအောင်လုပ်ပေးနိုင်မလည်း ကြည့်တယ်။ အထဲမှာလည်း လူအလုံအလောက်ရှိတယ်။ နောက်လူတွေကိုလည်း အားရပါတယ်။ အားပေးပါတယ်။

တို့ခေတ်။ ဆရာဖြတ်သန်းကျင်လည်ခဲ့ရတဲ့ နိုင်ငံတကာက ရွေးကောက်ပွဲမျိုးနဲ့ မြန်မာနိုင်ငံက ၂ဝ၁၅ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့်ရွေးကောက်ပွဲနဲ့ ဘယ်လိုကွာခြားမှုတွေရှိလာနိုင်ပါသလဲ။ ဘာကြောင့်လဲဆိုတော့ လက်ရှိ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ပါတီတွေမဲဆွယ်စည်းရုံးခွင့် ကန့်သတ်မှုမျိုး၊ သတင်းမီဒီယာတွေ ရွေးကောက်ပွဲမှာ သတင်းရယူခွင့်ကန့်သတ်ခံရမှုမျိုး၊ မဲဆန္ဒရှင်တွေ လွတ်လပ်စွာ မဲထည့်ခွင့်မျိုးနဲ့ပတ်သက်ပြီး ဘယ်လို မတူညီမှုတွေ ရှိနေပါသလဲဆရာ။ နိုင်ငံတကာက ရွေးကောက်ပွဲနဲ့ မြန်မာနိုင်ငံကရွေးကောက်ပွဲကို နည်းနည်း ချိန်ထိုးနှိုင်းယှဉ်ပေးပါခင်ဗျ။

ဒေါက်တာတင့်ဆွေ။ ကန့်သတ်ချုပ်ချယ်မှုတွေက တနေ့တခြား များများလာတယ်။ အစောဆုံးနဲ့ အဆိုးဆုံးက မဲစာရင်းဖြစ်တယ်။ ဦးတင်အေးရှင်းပြနေတာက အလယ်တန်းကျောင်းသား နှုတ်မေးခွန်းဖြေနေသလိုပဲ။ ရွေးကောက်ပွဲဆိုတာ အရေအတွက်ကို ယူတယ်။ အရေအတွက်ကို လျှော့အောင်လုပ်နေတယ်။ အရေအတွက်မှာ မဲပေးသူရော အရွေးခံမယ့်သူရော။ ကော်မရှင်ဥက္ကဋ္ဌပါတဲ့ပါတီမှာ ပယ်ချခံရတာမရှိဘူး။ အတိုင်ခံရလည်း အနိုင်ပေးမှာပဲ။ သူများပြောစရာမဖြစ်ယုံလေးတောင် လုပ်မပြဘူး။ နိုင်ငံတကာနမူနာတွေနဲ့တော့ယှဉ်ပြရင် စိတ်သာပျက်ကြပါမယ်။ အပြောင်းအလဲကာလတွေမှာ ကျင်းပတဲ့ ကမ္ဘောဒီးယား (၁၉၉၈) နဲ့ အင်ဒိုနီးရှား (၁၉၉၉) ရွေးကောက်ပွဲတွေကို အခုမြန်မာပြည်ကိုလာမယ့် ကာတာဖေါင်ဒေရှးင်းနဲ့အတူ လေ့လာခွင့် ရခဲ့ပါတယ်။ သူတို့ဆီမှာ ရွေးကောက်ပွဲတွေက မြန်မာပြည်ထက်ပိုပြီး လွတ်လပ်ပွင့်လင်းပါတယ်။ မြန်မာပြည်မှာက အခုမှာအဲလိုဖြစ်လာမလို့သာ ရှိသေးတယ်။

တို့ခေတ်။ ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာလွှဲပြောင်းရေးဥပဒေက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာမပါတဲ့အတွက် ၂ဝ၁၅ ရွေးကောက်ပွဲက လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်လာနိုင်ပါ့မလား။ ဆရာသုံးသပ်ပေးပါ။

ဒေါက်တာတင့်ဆွေ။ ရွေးကောက်ပွဲကို စိုးရိမ်သလောက်အထိတော့ အမြင်အရညစ်ပတ်မယ်မထင်ပါ။ ဒါကြောင့်လည်း အီးယူနဲ့ ကာတာဖေါင်ဒေးရှင်းက လေ့လာရေးကိုခွင့်ပေးလိုက်တယ်။ အာဏာယူအုပ်စု ပြင်ဆင်ထားပြီးဖြစ်တယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေမဆင်းခင်က ခန့်ပေးထားခဲ့သူတွေကို တန်းစီကြည့်လိုက်ရင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကိုပါ ရွေးခန့်တာကိုကြည့်ရင် ဦးတင်အေးရဲ့ (အဆိုင်းမင့်) ဟာ ကြီးမားတာကို တွေ့နိုင်ပါတယ်။ တနည်းအားဖြင့် ရိုးရိုးမဟုတ်ပါ။ အခုသူ့ခြေသူ့လက်တွေ တွေ့လာနေရပြီ မဟုတ်လား။ သမတရယ်၊ လွှတ်တော်ဥက္ကဋ္ဌတွေရယ်၊ ရွေးကော်ဥက္ကဋ္ဌရယ်ဟာ အာဏာဆက်လည်တည်းမြဲရေးမှာ အရေးအကြီးဆုံး တာဝန်ယူကြရတဲ့သူတွေ ဖြစ်ကြတယ်။ စစ်ဖက်အကြီးအကဲက တမျိုးတဘာသာပါ။

ရွေးကောက်ပွဲနေ့မှာလည်း သိပ်ဆိုးဆိုးဝါးဝါးဖြစ်မှာမဟုတ်ပါ။ ဦးတင်အေးလက်ထဲမှာ ကိုယ်ပိုင်ဂဏန်းတွက်စက်ရှိတယ်။ အစိုးရဖွဲ့ရေးမှာ လာမယ်။ သူတို့လူကလွဲရင် သမတမဖြစ်ရေးကို လုပ်ထားပြီးပြီ။ အမတ်အဖြစ်ကြေညာခံပြီး နောက်မှာလည်း ပြည်ခိုင်ဖြိုးမဟုတ်ရင် စိတ်မချရသေးဘူး။ ၂ဝဝ၈ ဖွဲ့စည်းပုံမှာ အရေးကြီးတာတွေကို မပြင်နိုင်သေးသ၍ မျှော်လင့်ချက် အားနည်းလွန်းတယ်။ လူထုအများစုက အဲဒီအချက်ကိုသိလို့ မဲပေးတဲ့အခါမှာ ၁၉၉ဝ နဲ့ သိပ်ခြားနားစရာ မရှိလောက်ပါ။ ဒီသုံးသပ်ချက်က ပြောရတာနည်းနည်းတော့ စောသေးတယ်။ ဖြစ်လာစရာရှိတယ်။ ရွေးကောက်ပွဲ မတိုင်ခင်မှာ အာဏာယူထားသူတွေကနေ မလျှော်ကန်တာ ညစ်တာတွေပိုပိုလုပ်လာမယ်။ လူထုအတွက် တခြားရွေးစရာ မရှိလို့ အဲဒီတော့မှ အဲဒီလို ဆုံးဖြတ်ကြမှာဖြစ်တယ်။

တို့ခေတ်။ အခုလာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ အစိုးရရဲ့လှည့်စားမှုတွေက ဘယ်ပုံဘယ်နည်းပေါ်ပေါက်လာနိုင်ပါသလဲ။  မဲဆန္ဒရှင်ပြည်သူလူထုတွေ ဘာတွေရှောင်ရမလဲ၊ ဘာတွေဆောင်ရမလဲ ဆိုတာလေးတွေ သိချင်ပါတယ်ခင်ဗျ။

ဒေါက်တာတင့်ဆွေ။ အနှစ် ၅ဝ အတွေ့အကြုံအရ အုပ်စိုးသူတွေမှာ ကလိမ်ကညစ်ဉာဏ်တွေက တခါလာတမျိုး မရိုးရအောင်ပေါတယ်။ ဖဲလိမ်ရိုက်သလိုပဲ။ ၁၉၉ဝ ရွေးကောက်ပွဲ၊ ၂ဝဝရ ဆန္ဒခံယူပွဲနဲ့ ၂ဝ၁၂ ရွေးကောက်ပွဲတွေကြည့်ပါ။ ၂ဝ၁၅ မှာ တမျိုးလာမယ်။ ထင်မထားတာလာနိုင်တယ်။ မရတဲ့အဆုံးမှာ ဖွဲ့စည်းပုံအရ အာဏာသိမ်းတာကို တရားဝင်သလို လုပ်ထားပြီးဖြစ်တယ်။ စိတ်ပျက်စရာကောင်းလွန်းပြီး မျှော်လင့်ချက်မရှိသလိုပဲ။ ဒါပေမယ့် ဘယ်အာဏာရှင်းစနစ်မှ ရာသက်ပန်မမြဲပါ။ ဒေါ်အောင်ဆန်းစုကြည်က ညင်သာတဲ့နည်းလမ်းအတွက် နာမည်ပျက်ခံပြီး လိုက်ပါနေတာကို စစ်အုပ်စုက လက်တွေ့ကျကျ အတူလုပ်သင့်ချိန်ဖြစ်ပါတယ်။ ခုထိကတော့ အချိန်ကိုလိုတာထက် အများကြီးပိုယူနေတယ်။

အာဏာယူထားသူတွေဖက်ကနေ အခုထိအုံနဲ့ကျင်းနဲ့စီမံထားတာကြီး နှစ်ခုရှိနေတယ်။ ဘာသာရေးအမည်ခံပြီး NLD တိုက်နေတဲ့အဖွဲ့နဲ့ ဖုတ်ပူမီးတိုက် ဖွဲ့လိုက်တဲ့ပါတီတခုဖြစ်တယ်။ ငွေတွေရော ရွှေတွေရောသုံးနိုင်တယ်။ မဲဆိုတာ ဝယ်လို့ရတဲ့နေရာမှာ ရတာအမှန်ရှိတယ်။ မြန်မာပြည်မှာသာမကပါ ကောက်ရိုးမီးအလေ့အထက ထိရောက်တယ်။ တဖက်လူတွေကလည်း ကောက်ရိုးတွေ မီးတင်ရှို့ကြလိမ့်မယ်။ အခမဲ့ဆေးကုပေးတာ၊ ပစ္စည်းလက်ဆောင်ပေးတာ၊ အစိုးရငွေနဲ့လုပ်ခဲ့ထားတာတွေကို သူတို့ပါတီကလုပ်တာလို့ တံဆိပ်လိုက်ကပ်ကြမယ်။

လူထုကို သင်ပေးနေစရာမလိုပါ။ ကိုယ့်နယ်က အာဏာရှင်နောက်လိုက်တွေနဲ့ လက်ဝေခံတွေ ဘယ်လိုညစ်မယ်ဆိုတာ သိကြတယ်။ ရပ်ရွာကမသုံးသူတွေကို အခစားပေးခိုင်းမယ်။ လခပေးစည်းရုံးရေးဟာ အရည်အသွေးမပါပေမယ့် အရေအတွက် အတိုင်းအတာတခုအထိရနိုင်တယ်။ စည်းရုံးရေးပေါ့လို့မရပါ။ ရန်ဖက်ကို နည်းနာသုံးပြီးစည်းရုံးသင့်တယ်။ အနုပညာရှင်တွေစွမ်းအားကို အားထားရမယ်။ အားနည်းတဲ့နေရာတွေဆီ အားအကောင်းဆုံးဖြစ်တဲ့ ဒေါ်စုကိုယ်တိုင် သွားရမယ်။ ဒုတိယအားကောင်းတာက အနုပညာရှင်တွေဖြစ်တယ်။ နောက် စာပေပညာရှင်တွေ၊ လူသိများ ထင်ရှားသူတွေ ဖြစ်တယ်။

တို့ခေတ်။ နောက်ထပ်ပြီး ၁၉၉ဝ ပြည့်နှစ်တုန်းကလို အာဏာလွှဲပြောင်းမပေးဘူး၊ အစိုးရက ကတိမတည်ဘူးဆိုရင် မြန်မာနိုင်ငံရဲ့ အခြေအနေကဘယ်လိုရှိလာနိုင်ပါသလဲ။ ပြည်သူလူထုတွေအနေနဲ့ ဘယ်လိုပါဝင်လို့ရပါသလဲ။ နိုင်ငံတကာအနေနဲ့ရော ဘယ်လိုပါဝင်လို့ရပါသလဲ။

ဒေါက်တာတင့်ဆွေ။ အာဏာလွှဲမပေးတဲ့အဖြစ်အထိတော့ မမိုက်လောက်ပါ။ NLD ကနိုင်လို့ အာဏာမလွှဲရင် တန်ပြန်ခံရမှုဟာ စစ်အုပ်စုသာ ပိုဆိုးမယ်။ ပြည်သူလူထုကတော့ ပြောစရာကိုမရှိတော့အောင်ဖြစ်မယ်။ လူထုကို မြှောက်ပင့်ပေးသလို အရေးအပြောတွေ မသင့်ပါ။ လူထုပုံစံလည်း ပြောင်းလာနေတယ်။ ပညာရေးပြီးတဲ့နောက်မှာ ယဉ်ကျေးမှုနဲ့ ဘာသာရေးကိုပါ ဖျက်ဆီးခြင်းခံထားရတယ်။ လူထုရဲ့တုန့်ပြန်မှုက ကြမ်းတမ်းစရာမရှိဘူးလို့ မပြောနိုင်ပါ။ အဲတာမဖြစ်သင့်တာပါ။

တို့ခေတ်။ ပြည်ခိုင်ဖြိုးပါတီတွင်းအာဏာသိမ်းယူမှုကိုရော ဆရာဘယ်လိုသုံးသပ်မိပါသလဲ။ တကယ်ပဲ သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ သင့်မြတ်နေပြီလို့ မိတ်ကောင်းဆွေကောင်းဖြစ်တယ်လို့ ဆရာယူဆပါသလား။

ဒေါက်တာတင့်ဆွေ။ ဒီလုပ်ရပ်ဟာ ပြည်ခိုင်ဖြိုးအတွင်း ပြဿနာကြီးတရပ်ဖြစ်တယ်။ အဲဒီပါတီဟာ ပါတီရယ်လို့နာမည်ခံ မှတ်ပုံတင်ထားပေမယ့် စစ်တပ်ကနေဖွဲ့ပေးထားတဲ့ အခွင့်ထူးခံအုပ်စုကြီးတခုသာဖြစ်တယ်။ ပုံမှန်ပါတီတခုလိုသဘောတွေ အတော်ကင်းပပါတယ်။ ပါတီတွင်းဖြေရှင်းနည်းကို ဒီမိုကရေစီမကျဘူးပြောတာ ပြောစရာအလုပ်လို့မမြင်ပါ။ သူတို့ကြားမှာ လုပ်ကြံသတ်ဖြတ်တဲ့ နမူနာဆိုးတွေ အများကြီးပါ။ နောင်လည်းလုပ်ကြအုံးမှာပါ။

သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဆက်ဆံရေးကို အဲလိုပြောနေကြတာလည်း သဘောမတူပါ။ ဒီပုဂ္ဂိုလ်နှစ်ဦး ပိုနီးကပ်သွားတာမျိုး စစ်အုပ်စုကမလိုလားပါ။ သူတို့ရင်းနှီးမှုကလည်း အများအမြင်ဆန်းနေပေမယ့် အလုပ်သဘာထက် ပိုတယ်မထင်ပါ။ တကယ်လို့ ဒေါ်စုကအစိုးရအဖွဲမှာပါနေသူဆိုရင် သမတနဲ့ပိုနီးကပ်နေတာကို တွေ့ရမှာသာ ဖြစ်တယ်။ ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည် သုံးဦးလုံးဟာ လူပြိန်းတွေမဟုတ်ကြပါ။ နိုင်ငံရေး လုပ်နေကြတာသာ ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ဒေါ်စု အရင်းစိုက်လိုက်ရတယ်ထင်ပါတယ်။

တို့ခေတ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီတွင်းလွှတ်တော်ကိုုယ်စားလှယ် ရွေးချယ်ခဲ့တာနဲ့ ပတ်သက်ပြီး ဆရာ့အနေနဲ့ ကျေနပ်မှုရှိရဲ့လား။ ဗိုလ်ချုပ်အောင်ဆန်းကတော့ ခွေးလည်ပင်းမှာ ဖဆပလ လို့ တပ်လွှတ် လိုက်ရင်တောင် ဖဆပလပဲ မဲပေးကြလို့ ပြောခဲ့ဖူးတယ်။ အခုလည်း ဒေါ်အောင်ဆန်းစုကြည်က လူကိုမကြည့်နဲ့ ပါတီတံဆိပ်ကိုပဲကြည့်လို့ ပြောတယ်။ ဒီအပေါ်မှာ တိုင်းရင်းသားတွေအနေနဲ့တော့ အငြင်းပွားဖွယ်ရာ စကားတစ်ခုဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒီစကားနဲ့ပတ်သက်ပြီး ဆရာ့အနေနဲ့ အထူးတလည်း ထပ်ရှင်းပြစရာမျိုး ရှိပါသလားခင်ဗျ။

ဒေါက်တာတင့်ဆွေ။ ကျေနပ်မှုလို့ မပြောလိုပါ။ အံ့သြမှုတော့ မဖြစ်ပါ။ NLD ထဲမှာ အဲလိုအဖြစ်တွေက အစကတည်းကပါ။ ဦးအောင်ကြီး ထွက်တာကနေ၊ ဦးအောင်ရွှေလက်ထက်မှာ ဒေါ်စုကအစ ပါတီကနေထုတ်သလိုတွေရှိခဲ့တယ်။ ကျွန်တော်အပါအဝင် ပြည်ပရောက်တွေကိုထုတ်ပါတယ်။ ကိုယ်စားလှယ်ရွေးတာမှာလည်း ၁၉၉ဝ တုံးကလည်းဖြစ်တယ်။ ၂ဝ၁၂ တခါတည်းသာ ညင်သာခဲ့တယ်။ NLD ပါတီဟာလည်း ပုံမှန်ပါတီတရပ်အထိမရောက်သေးပါ။ ၁၉၈၈ မကုန်ခင် ဗြုန်းစားကြီးလိုဖွဲ့ခဲ့ရတယ်။ ပါတီညီလာခံလည်းတခါတည်းသာရှိသေးတယ်။ ဗဟိုနဲ့ နယ်ဆက်ဆံရေးပုံစံမပီပြင်သေးပါ။ တရွေ့ရွေ့ပြောင်းလဲနေတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်ပါအထဲမှာရှိနေရင် သူများကိုပယ်တဲ့သူ မဟုတ်ရင်တောင် အပယ်ခံရသူမဖြစ်ဘူး မပြောနိုင်ပါ။ ဒီအခြေခံအရ သူများကိုပြင်လို့မရရင် ကိုယ့်ကိုယ်ကိုသာပြင်ပါလို့ မိတ်ဆွေတွေကို လှမ်းပြီးအားပေးပါတယ်။ ဒီမိုကရေစီရဲ့သဘောက ဘယ်သူမှနေရာမြဲတယ်လို့မရှိပါ။ အတွေ့အကြုံအရ ပြောရရင် တက်လာသူတိုင်းက ပိုကောင်းမယ်လို့ အာမမခံနိုင်သလို နာမည်မပါသူက ညံ့တယ်လို့ အကဲဖြတ်ရင်လည်း မှားတတ်တယ်။

တို့ခေတ်။ ပြည်ပကနေ မြန်မာ့နိုင်ငံရေးအခြေအနေကို ဘယ်လိုသုံးသပ်မိပါသလဲဆရာ။

ဒေါက်တာတင့်ဆွေ။ မြန်မာ့နိုင်ငံရေးအခြေအနေကို ယေဘုယျဆိုရင် အားပေးစကားပြောချင်တယ်။ ကျွန်တော်က လူကသာပြည်တွင်းမှာ မရှိတာပါ။ အရင်ကလည်း ပြည်တွင်းဆက်သွယ်ရေကို အန္တရာယ်ကိုရင်ဆိုင်ပြီးလုပ်နေခဲ့တာပါ။ နောက်ပိုင်းမှာ ဆက်သွယ်ရေးလွယ်လွယ်လာတယ်။ မြန်မာပြည်မှာ အင်တာနက်အဆက်ရပြီး ဖေ့စ်ဘွတ်သုံးလာတဲ့ အချိန်မှာ အခုလှမ်းမေး အခုလှမ်းပြောလို့ရနေပါပြီ။ ပြည်တွင်းကလူတွေလာတိုင်း၊ အလည်သွားသူတွေ ပြန်လာတိုင်းလည်း မေးတာပြောတာတွေလုပ်ပါတယ်။ ဒီတော့ ပြည်တွင်းကဆိုလို့ နေပြည်တော်တခုသာ မရောက်ဖူးတာလို့သာ ပြောချင်ပါတယ်။

သုံးသပ်ချက်ပြောရရင် ပညာရှင်တွေနဲ့မတူတာများတယ်။ အင်ဒိုနီးရှားအပြောင်အလဲလိုလို ကောက်ချက်ဆွဲက မှားတယ်ဆိုတာ သိလာကြရပြီ။ အာဏာရှင်စနစ်ရဲ့ နေဝင်ဖြစ်စဉ်လို့ပြောရင် နေ့တာအရှည်ဆုံးရက်နဲ့ တွက်ရင်တောင် မနှိုင်းသာပါ။ မီဒီယာတချို့နဲ့လည်း ကွဲလွဲတယ်။ ကျွန်တော်က နိုင်ငံရေးလိုသာမြင်ပါတယ်။ ၁၉၆၂ ကနေပြောရင် အပြောင်းအလဲဆိုတာ မရှိပါ။ ၁၉၈၈ ကနေပြောရင် နည်းနည်းပြောင်းတယ်။ ဦးတည်နေတာတော့ တည့်သလိုလိုရှိတယ်။ အလားအလာ အသင့်အတင့်ကောင်းပါတယ်။

တို့ခေတ်။ နောက်ဆုံးမေးခွန်းအနေနဲ့ မေးပဲရတဲ့ တံဆိပ်တုံးထုတဲ့စနစ်ကို ဆရာသဘောကျပါသလား။ များသောအားဖြင့် ကျေးလက်ဒေသတွေမှာ တောင်သူလယ်သမားတွေအနေနဲ့ ဘောပင်ကိုင်ပြီး အမှန်ခြစ်ဖို့တောင် ခက်ခဲနေတာ တံဆိပ်တုံးထုရမယ်ဆိုရင် ပိုပြီးမဲအလေအလွင့် မဖြစ်သွားနိုင်ဘူးလား။ နိုင်ငံတကာမှာရော ဘယ်လိုမဲပေးတဲ့ စနစ်ကို အသုံးပြုကြပါသလဲ။ ဆရာရှင်းပြဆွေးနွေးပေးစေချင်ပါတယ်။

ဒေါက်တာတင့်ဆွေ။ နိုင်ငံတကာမှာ စက်သုံးမဲပေးနည်းသုံးကြတာ များတယ်။ မြန်မာပြည်မှာ စက္ကူသုံးမဲပေးနည်းသာ သုံးသေးတယ်။ နည်းတိုင်းမှာ အားနည်းချက်၊ အားသာချက်တွေရှိပါတယ်။ နည်းစနစ်တွေကိုပြောနေရင် ပညာပိုင်းဆန်တယ်။ တခါလုပ်တမျိုးဖြစ်နေတဲ့အကျင့်က မကောင်းပါ။ အမှန်ခြစ်၊ အမှားခြစ်၊ တံဆိပ်တုံး၊ အဖြူပုုံး၊ အမည်းပုံး၊ ဒုက္ခအပိုတွေ ပေးရာကျတယ်။ ပယ်မဲများအောင်လုပ်တာလားလို့ စဉ်းစားတာ  မမှားလောက်ပါ။ မဲမေးနည်းပြောင်းတာဟာ သာမန်လူတွေအတွက် နည်းသစ်ကို သိအောင်လုပ်နေရတာကိုက မလိုအပ်ပဲအခက်အခဲကို ဖန်တီးရာကျတယ်။ လူတွေကို ဓါတ်ခွဲခန်းထဲကအကောင်တွေလို့ မှတ်ယူရာကြတယ်။ စစ်နည်းနဲ့အုပ်ချုပ်သူတွေဟာ လူထုကို အပိုဒုက္ခပေးနည်းမှာ ကျွမ်းကျင်တယ်။ ဦးနေဝင်းကတည်းကပါ။ စစ်တပ်နည်းနာဆိုပေမယ့် လူထုကိုအုပ်ချုပ်တာမှာ စမ်းစမ်းလုပ်နေတယ်။ လူထုကို သူတို့မသိလို့ပဲ။

တို့ခေတ်။ ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ ဆရာတို့ NLD ပါတီကို စစ်တပ်ကဘာလို့ အာဏာလွှဲမပေးခဲ့တာလဲလို့ ဆရာသုံးသပ်ပါသလဲ။ ဗိုလ်ချုပ်ကြီးစောမောင်က စစ်တန်းလျားပြန်မယ်လို့ပြောတဲ့စကား ဘာလို့ကတိမတည်ခဲ့တာလဲ။ ဒီနေ့ခေတ် မျိုးဆက်သစ် လူငယ်တွေသိအောင် ဆရာနည်းနည်းလောက်ရှင်းပြပေးစေချင်ပါတယ်ခင်ဗျ။

ဒေါက်တာတင့်ဆွေ။ ဗိုလ်ချုပ်မှူးကြီးစောမောင်ကနေ ရွေးကောက်ပွဲပြီးရင် အာဏာလွှဲပေးပြီး စစ်တန်းလျား ပြန်မယ်ဆိုတာက ရွေးကောက်ပွဲ မတိုင်ခင် လှို့ဝှက်ထောက်လှမ်းရေး အစီခံစာအရ ဘယ်ပါတီမှ အပြတ်အသတ် အစိုးရဖွဲ့နိုင်အောင် အမတ်အရေအတွက် ရမှာမဟုတ်ဖူးလို့ပါခဲ့တာမို့ ရွေးကောက်ပွဲကိုလုပ်ပေးတယ်။ အဲလို နိုင်ငံကတာ မီဒီယာရှေ့မှာ ပြောခဲ့တာဖြစ်တယ်။

အာဏာကိုဘာလို့ စစ်တပ်ကနေလွှဲမပေးသလည်းဆိုတာ အတိအကျကတော့ စစ်တပ်ပဲဖြစ်ပါမယ်။ တခြားလူတွေကနေ ထင်မြင်ချက် အမျိုးမျိုးပေးခဲ့နေခဲ့တာ နှစ်ပေါင်းအစိတ်ရှိပြီ။ နောက်ထပ် စစ်တပ်က အာဏာမသိမ်းနိုင်အောင်လို့ သူတို့ကပဲ ပြောတယ်။ ရေးဆွဲလိုက်တော့ အာဏာသိမ်းနိုင်တဲ့အချက်ကို ဖွဲ့စည်းပုံထဲမှာ တခါတည်းထည့်ဆွဲလိုက်တယ်။

နောက်ဆုံး ပြည်ခိုင်ဖြိုးခေါင်းဆောင်ပိုင်းထဲက ထွက်လာတဲ့အသံတော့ရှိတယ်။ သူတို့ကို လက်စားခြေမှာ ကြောက်လို့ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်တယ်။ NLD ခေါင်းဆောင် ဦးကြည့်မောင်နဲ့ အေရှားဝိခ်မဂ္ဂဇင်း အင်တာဗျူးကို အမြီးဖြတ်ခေါင်းဖြတ် လုပ်ပြီး၊ ဒါကြောင့်လိုလို စစ်ထောက်လှမ်းရေးချုပ်ကလည်း လုပ်ခဲ့သေးတယ်။ ဦးကြည်မောင်ဆိုလိုချက်နဲ့ ကွဲလွဲပါတယ်။

အဲတော့ (၁) အကြောက်တရားပဲလို့ပြောရမယ်။ နောက်တချက်က (၂) ဖုံးကွယ်မှုပဲ။ ဒီ နှစ်ချက်ထင်ရှားတယ်။

အကြောက်တရားဆိုတာ လူတိုင်းမှာရှိတာပဲ။ ကိုယ်လုပ်ထားတဲ့အမှား၊ ပြစ်မှု (ရာဇဝတ်မှု) အတွက် တရားသဖြင့် ရင်ဆိုင်ရမှာကို ကြောက်တာဖြစ်နေတယ်။ ဒါကြောင့် ဒီမိုကရေစီအသွင်ကို ခြေတလှမ်းလောက်ပြောင်းတာတဲ့အခါထိ တရားစီရင်ရေးစနစ်ကို တရားသဖြင့်လုပ်မပေးရဲသေးတာဖြစ်တယ်။ ကိုယ့်အပြစ်တွေကို တာဝန်ရှိသူတွေကနေ တယောက်တမျိုး ဖုံးကွယ်ဘို့ ကြိုးစားနေကြတယ်။

(ပြီး)


Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Daflon 500 mg လိပ်ခေါင်းဆေး