Interview on my story ကျွန်တော့အကြောင်း အင်တာဗျူး (၃)
နှစ်ပတ်လည်ပို့စ်အဖြစ် ဖေ့စ်ဘွတ်ကနေ အသိပေးတယ်။ အရင်ကလည်းတင်ခဲ့တာမို့ ထပ်မတင်တော့ဘူးလို့နေတာ ဖတ်ချင်ပါတယ်ဆရာ၊ စာလုံးကသေးနေဆိုတာနဲ့ ပြန်တင်ပါရစေ။
သူပုန်တွေကြားမှာ ငယ်ဘဝကို ဖြတ်သန်းခဲ့ရတဲ့ ဆရာဝန်နိုင်ငံရေးသမားနဲ့ ၉ဝ အမတ် (သို့) ဒေါက်တာတင့်ဆွေ
၁၉၈၈ လူထု အရေးတော်ပုံကြီးအပြီး အာဏာသိမ်းစစ်အစိုးရက ရွေးကောက်ပွဲလုပ်ပေးမည်ဟုဆိုချိန်က ပြည်သူတွေ ပျော်ခဲ့ရသည်။ ထိုအချိန်က တိုင်းပြည်တွင်း အတိုက်အခံပါတီကြီးဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အားအကောင်းဆုံးအချိန်ဟု ပြောနိုင်သည်။ အဖွဲချုပ်ကို ကိုယ်စားပြုပြီး ၁၉၉ဝ ရွေးကောက်ပွဲဝင်သော အမတ်များထဲတွင် သူလည်း တစ်ယောက် အပါအဝင်ဖြစ်သည်။ သူ့၏ ဇာတိဖြစ်သော စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ဆိုသောနေရာမှာ ၁၉၉ဝ NLD အမတ်အဖြစ် ရွေးချယ်ခံဖို့ ရဲရဲဆုံးဖြတ်ပြီး ရွေးကောက်ပွဲဝင်ခဲ့သည်။ အချိန်သည် အရာရာကို ပြောင်းလဲသည် ဆိုသော စကားအရ ထိုအချိန်က ၉ဝ ရွေးကောက်ပွဲနိုင် NLD အမတ်များသည်် လွတ်တော်ထဲ မရောက်ဘဲ အချို့က ထောင်ထဲရောက်သွားသည်။ အချို့တော့ နယ်စပ်ဒေသကနေတဆင့် ပြည်ပနိုင်ငံများ ရောက်သူကရောက်နှင့် အင်အားကြီး ပါတီကြီးမှာ စစ်အစိုးရ၏ တစ်စစီခြေမွခြင်းကို ခံခဲ့ရသည်။ ပြည်ပရောက် ရွေးကောက်ပွဲနိုင် ၉ဝ အမတ်များထဲတွင် သူလည်း ပါဝင်ခဲ့သည်။ သူကတော့ တောနယ်လေး တစ်ခုတွင် လက်နက်ကိုင် သူပုန်များအကြား အသက်ရှင်ခဲ့ရပြီး အစိုးရဝန်ထမ်းဘဝမှ ဘဝဇာတ်ခုံ၏ အလှည့်အပြောင်းများကြား နိုင်ငံရေးသမားအဖြစ်နှင့် ၉ဝ ရွေးကောက်ပွဲဝင်ခဲ့သူ လက်ရှိအချိန်တွင် ခွဲစိတ်ဓားတစ်ဖက်ကကိုင်ရင်း အိန္ဒိယနိုင်ငံတွင် ဆင်းရဲနွမ်းပါးသူး မြန်မာဒုက္ခများအတွက် ဆေးခန်း ဖွင့်လှစ်ပေးနေသော ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာတင့်ဆွေ ဖြစ်သည်။ ဒေါက်တာ တင့်ဆွေ၏ ငယ်ဘဝက စိတ်ဝင်စားစရာ ကောင်းလှသည်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းရွာဆိုသော တောနယ်လေးတွင် သူ့ငယ်ဘဝ ဖြတ်သန်းခဲ့ရပုံကို အခုလို ပြန်ပြောင်းပြောပြသည်။
ငယ်ဘဝ ဖြတ်သန်းမှု ကျွန်တော့်ငယ်ဘဝက သူလိုကိုယ်လိုပါပဲ။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းရွာဆိုတဲ့ ရွာလေးမှာ မွေးတယ်။ အမေ့ရွာက မင်းတိုင်ပင်။ ကျွန်တော်က မင်းဘေးသင့်လို့ မင်းပြေး။ မင်းရွာမှာ (၅) နှစ်သားအထိနေခဲ့တယ်။ အဲဒီကာလက တောနယ်တွေမှာ လက်နက်ကိုင်အဖွဲ့ အရောင်စုံတွေဟာ နေ့ရောညပါ လှုပ်ရှားနေခဲ့တာကို ကလေးမျက်စိနဲ့ မြင်ခဲ့ရတယ်။ အိမ်မှာ သေနတ်မျိုးစုံကို စပါးကျီမှာ ခြင်းတောင်းနဲ့ အပြည့်ရှိတာလဲ မှတ်မိတယ်။ သူပုန်တဖွဲ့ဝင်လာလိုက်၊ နောက်တဖွဲ့ဝင်လာလိုက်၊ အစိုးရတပ်တွေလာလိုက်။ အားလုံးက ကျွန်တော်တို့ မိဘအိမ်မှာပဲ တည်းခိုကြတယ်။ ဒါ့ပြင် ညဆိုရင် ဓါးပြတွေရွာဝင်လို့ ပုန်းခဲ့ရဘူးတယ်။ ဒီအခြေအနေတွေကြောင့် မိဘတွေက ကျွန်တော် ငါးနှစ်သားမှာ နွားလှည်းတစီးနဲ့ မုံရွာကိုအပြီးအပိုင် ပြောင်းခဲ့ကြရတယ်။ မုံရွာမှာပဲ (၁ဝ) တန်းအထိကျောင်းနေခဲ့တယ်ဟု ဆိုသည်။
လက်ရှိအချိန်တွင် ဆရာဝန်ကြီးဖြစ်နေသော သူ၏ ငယ်ဘဝ ပညာရေး ဖြတ်သန်းမှုကတော့ လွယ်ကူခဲ့ခြင်း မရှိချေ။ ထိုအချိန်က ပြည်သူများကို အကြီးအကျယ် ခြောက်လှန့်သော မီးဘေးကြောင့် သူ့ မွေးသက္ကရာဇ် အမှန်ကိုပင် သူ မသိနိုင်ခဲ့ချေ။ မွေးသက္ကရာဇ်ကြောင့်ပင် အတန်းတတန်းတွင် ၂ နှစ်တောင် နေခဲ့ရသည်ဟု ဖွင့်ဟသည်။
မုံရွာမြို့ မီးကြီးလောင်တဲ့အထဲမှာ ဇာတာတွေပါသွားလို့ ကျောင်းအပ်တဲ့အခါ အဖေက သူမှတ်မိတဲ့မွေးနေ့ကို ပေးတယ်။ အမေမှတ်ထားတဲ့ မြန်မာသက္ကရာဇ်မွေးနေ့နဲ့က မတူဘူး။ အဲဒီခေတ်က (၄) တန်၊ (၇) တန်း၊ (၉) တန်းနဲ့ (၁ဝ) တန်းတွေ အားလုံး အစိုးရစစ်လို့ခေါ်တာကိုဖြေရတယ်။ မွေးနေ့ကို တောက်လျှောက် အတည်ယူရတာမို့ ဘွဲလက်မှတ်မှာရော ရွေးကောက်ပွဲမှတ်ပုံတင်တာရောပါ ဒီမွေးရက်ဘဲ။ ကျွန်တော် (၉) တန်းရောက်တော့ အသက်က (၁၅) နှစ်မပြည့်လို့ စာမေးပွဲမဖြေရဘူး။ ဇာတာအသစ်လုပ်၊ တရားရုံးမှာ ကြမ်းကျိန်တာလဲမရလို့ စာမေးပွဲမကျဘဲ အတန်းတတန်းကို နှစ်နှစ်နေခဲ့ရတယ်။ နောင်မှာလဲ ဖြေတာတွေ အကုန်အောင်ပြီး၊ မဖြေတာမှာကျတဲ့ အတွေ့အကြုံတစ်ခု ထပ်ရပြန်တယ်ဟု ဆိုသည်။
ဆန်းကြယ်လှသော ဘဝကံကြမ္မာကို သူကို ကြည်စားခဲ့သေးသည်။ ထိုအချိန်က တပ်မတော်က သူ့ကို စစ်သားတစ်ဦး အဖြစ်လက်ခံခဲ့ပါက လက်ရှိအချိန်တွင် သူ့ဘဝ တဆစ်ချိုးမှ အတိုက်အခံ နိုင်ငံရေးသမားတဦး ဖြစ်နေမည် မဟုတ်ပဲ စစ်ဗိုလ်ချုပ်ကြီးတဦး အဖြစ်နှင့် မြင်တွေ့ကောင်း မြင်တွေ့နိုင်ရသည်။ ထိုသို့မဟုတ်ပဲ ့့့
စစ်တက္ကသိုလ် DSA 11 ကိုသွားဖြေတော့၊ ကိုယ်လက်ကြံ့ခိုင်ရေး စစ်တာ၊ ဉာဏ်ရည်စစ်တာ၊ စိတ်ပိုင်းစစ်တာ၊ စစ်မြေပုံဖတ်ရတာ စတဲ့အဆင့်တွေအားလုံး အောင်တယ်။ ဒုတိယအဆင့် ဆေးစစ်တာလဲ အောင်ပြန်တယ်။ ဘာမှ ထပ်မစစ်တော့ဘဲ အဖြေစောင့်တာမှာ ပါမလာဘူး။ ဒါကြောင့်လည်း စစ်ဗိုလ်မဖြစ်လိုက်ဘဲ ဆရာဝန် ဖြစ်လာတာပါ။ ကံတရားဆိုတာ ဆန်းကြယ်လှပါတယ်ဟု ဆိုသည်။
သူ့ဘဝအတွက် နိုင်ငံရေးဆိုသော် စကားလုံးကို စတင်မိတ်ဆက်ပေးလိုက်သည့် ပထမဆုံး အတွေ့အကြုံက ဆိုရှယ်လစ်စနစ်၊ ကျောင်းသင်ခန်းစာများထဲမှ ၈ တန်းသမိုင်း ဖြစ်သည်ဟု ဆိုသည်။
(၈) တန်းသမိုင်းထဲမှာ ဆိုရှစ်လစ်စနစ်ဆိုတာ စသင်ရတော့ နိုင်ငံရေးနဲ့ မိတ်ဆက်ဖြစ်လာတော့တယ်။ မြန်မာစာမှာ ကဗျာတွေ၊ လင်္ကာတွေပါတာကို အလွတ်ကျက်တယ်။ နားနဲ့နှုပ်မှာ စွဲနေတော့တယ်။ ပြည်သူ့နီတိကိုလည်း စွဲနေတယ်။ ငယ်ကတည်းက ပုံဆွဲဝါသနာပါတယ်။ အစဉ်အလာ ဆွဲနည်းပါ။ မျဉ်းဖြောင့်၊ အချိုးကျတဲ့ မျဉ်းကွေး၊ (ပါစပက်တစ်) တွေကို လက်ခံတယ်။ ညစ်ပေတာမျိုး မကြိုက်ဘူး။ နိုင်ငံရေး လုပ်တဲ့အခါမှာလည်း ဖြောင့်နေတာ၊ ညီညာနေတာ၊ သန့်နေတာမျိုး ဖြစ်ချင်စိတ်က အမြဲလွှမ်းမိုးနေတော့ အဆင်မပြေတာတွေ ဖြစ်ရတော့တယ်။ ဒီအဲအသိအတိုင်း နောင်မှာ ဒီမိုကရေစီကိုဘဲ စည်းကမ်းပြည့်ဝသော စတဲ့ နာမဝိသေသနထည့်လာတာကို တွေ့ကတည်းက သဘောမကျပါဟု ပွင့်ပွင့်လင်းလင်း ပြန်ပြောင်း ပြောပြသည်။
နိုင်ငံရေးသမားတယောက်ဖြစ်လာဖို့အတွက် သူ၏ မျိုးရိုးထဲတွင်လည်း နိုင်ငံရေးသမား မရှိခဲ့ဟု သူက ပြောသည်။ ၁၉၈၈ အရေးတော်ပုံကြီးအတွင်း ဝန်ထမ်းဘဝနှင့်သာ အလုပ်လုပ်နေသော် သူ့အတွက် ကံကြမ္မာနတ်သမီးက နောက်တကြိမ် ကျီစားခဲ့ပြန်သည်။ အရေးတော်ပုံကြီးအပြီး ပုလဲမြို့တွင် NLD ပါတီ ထောင်ဖြစ်ခဲ့ပုံကို၊ ရွေးကောက်ပွဲ ဝင်ဖို့မည်သို့မည်ပုံ ဖြစ်လာသည်ကို ဒေါက်တာတင့်ဆွေက အခုလိုပြောသည်။
၁၉၈၈ အရေးအခင်းမှာတော့ အစိုးရဆရာဝန်လုပ်နေတုံးပါ။ ဝန်ထမ်းမှန်သမျှ နိုင်ငံရေးနဲ့ ကင်းရမယ်ဆိုတဲ့ (မဆလ) မူအတိုင်း ကင်းအောင်နေနိုင်သလောက်နေပါတယ်။ ပုလဲမှာဆန္ဒပြသူတွေကို ကြက်ခြေနီတပ်ဖွဲ့ လုပ်ပြီး ကူညီ အားပေးတယ်။ ထားဝယ်မှာ အလှူငွေထည့်ပေးတယ်။ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဆရာမောင်သော်က ပုလဲကိုလာတော့ ဆွေးနွေးပွဲကို မတက်ဘဲနေခဲ့ရတယ်။ ကံအကြောင်းသင့်လာပြန်တော့ တပြည်လုံးကဆန္ဒပြသူတွေထဲမှာ အစိုးရအမှုထမ်းပေါင်းစုံပါနေတာ ထင်ရှားတော့ နိုင်ငံရေးလုပ်ချင်ရင် အလုပ်ကထွက်ဘို့ ဖြစ်တာတယ်။ အရင်က ဆရာဝန်တွေဟာ အလုပ်ရဘို့မလွယ်သလို ထွက်ဘို့လည်း ခက်တယ်။ ထွက်နိုင်တယ်ဆိုတာနဲ့ ရန်ကုန်ဆင်းပြီး ထွက်စာတင်တာ တပါတ်နဲ့ထွက်ခွင့်ရပါတယ်။ လုပ်သက် (၁၅) နှစ်အတွက် ပင်စင်တွေ၊ ခံစားခွင့်တွေ ဘာမှမသိပါ။
NLD ပါတီကို ပုလဲမှာ စည်းရုံးရေးမှူးတွေနဲ့တွဲပြီး ထူထောင်လိုက်ကြပါတယ်။ ရွေးကောက်ပွဲ ဝင်မဲ့သူရွေးကြပါဆိုတော့ တာဝန်က ပခုံးပေါ် ရောက်လာပါတော့တယ် ဆိုသည်။ စည်းရုံးရေးမှူးတွေက အိမ်ကိုလာပြောတဲ့ညအထိ ‘ငါအမတ်လုပ်ချင်တယ်၊ လုပ်ချင်လုပ်ရလိမ့်မယ်၊ ငါပြင်ဆင်ထားမယ်’ ဆိုတာ မရှိသေးခဲ့တာအမှန်ပါ။ ပုလဲ NLD ပါတီဟာ ဖွဲ့စည်းတာရော၊ လွှတ်တော်ကိုယ်စားလှယ် ရွေးတာပါ၊ နယ်သူနယ်သားတွေချည်း သက်သက်ဖြစ်လို့ ဗဟိုကနေ ဦးစီးဆောင်လုပ်ပေးစရာမလိုခဲ့တာ မှတ်တမ်း တင်ရစ်ပါတယ်ဟု အတိတ်ကို သတိတရ ပြန်ပြောင်းပြောပြသည်။
သူ့ဘဝ၏ မုန်တိုင်း အထန်ဆုံးကာလတွေကတော့ ၁၉၉ဝ ရွေးကောက်ပွဲအပြီး မွေးရပ်မြေကို ကျောခိုင်း စွန့်ခွာခဲ့ရပြီး ပြည်ပနိုင်ငံသို့ ထွက်ခဲ့ရသည်အချိန်က ဖြစ်သည်။
အခက်ခဲဆုံးကာလ ပြည်ပထွက်ကာစ ပထမ (၆) လာဟာ အခက်ခဲဆုံးပါ။ ဒါကလည်း နေထိုင်စားသောက်ရေး အခက်အခဲသာ ဖြစ်ပါတယ်။ အတူလာသူတွေက ရရာအလုပ်ထွက်လုပ်ကြရတယ်။ (၉) တန်းကျောင်းသား ကျွန်တော့်သားလည်းပါတယ်။ (၆) လ နောက်မှာ အိမ်ကဆေးတွေမှာယူ၊ ဆေးကုပြီး ဝင်ငွေရှာပါတယ်။ နောက် (၆) လ နေတော့ ဒေလီကို တက်နိုင်လာပါတယ်ဟု ဆိုသည်။
နိုင်ငံရေးသမားဘဝတွင် ဆရာဝန်ဘဝက ရှာဖွေခဲ့ရသည်များကို စိုက်ထုတ် သုံးခဲ့ရပုံကို သူက အခုလို ပြန်ပြောပြသည်။
ကျွန်တော် နိုင်ငံရေးလုပ်ရတာ အစအဆုံးအားလုံး အိတ်စိုက်ပါပဲ။ ၁၉၉ဝ ကာလတွေတုံးက ဆရာဝန်ဖြစ်ခဲ့လို့ ဝင်ငွေ ရှိခဲ့ပါတယ်။ ပြည်ပရောက်ပြီး (၂-၃) နှစ်လောက်ကစပြီး တာဝန်ပေးတဲ့ စဉ်ပြိုင်အစိုးရကနေပေးတဲ့ အထောက်အပံ့ ရပါတယ်။ နေဖြစ်ယုံပါ။ ၁၄-၉-၂ဝ၁၂ နေ့မှာ NCGUB အစိုးရအဖွဲ့ဖျက်ပြီးကတည်းကနေ အခုထိ အထောက်အပံ့ဆိုတာ လုံးဝ မရှိတော့ပါ။ နိုင်ငံရေးလုပ်သူတွေအဖို့ နေထိုင်စားသောက်ရေးအခက်အခဲကို မညီးညူကြရပါဟု ဆိုသည်။ (မှတ်ချက်။ ဂျာနယ်ကိုဖြေပြီးမှ အမှတ်ရတဲ့အချက်ကတော့ NCGUB ကို မဖျက်မီ တနှစ်အလို ၂ဝဝ၉ ကတည်းက အထောက်အပံ့မရတော့ပါ။)
နိုင်ငံရေးသမား ဖြစ်ခဲ့တဲ့ သူ့အတွက်တော့ မိသားစုပါ သူ့နိုင်ငံရေးသမားဘဝကြောင့် ထိခိုက်ခဲ့ရတာတွေ တောင်ရှိတယ်လို့ ပြောပါတယ်။
နိုင်ငံရေးသမားဆိုတဲ့ဝေါဟာရကို အတော်ကြာအထိ အစာမကျေဖြစ်ခဲ့ပါတယ်။ (မဆလ) ခေတ်မှာ ပါတီ၊ ကောင်စီက လူကြီးဆိုသူတွေရယ် (ဖဆပလ) ခေတ်က နိုင်ငံရေးသမားတွေရယ်ဟာ နာမည်ကောင်းမရကြပါ။ ကျွန်တော် လွှတ်တော် ကိုယ်စားလှယ် အရွေးခံရတဲ့အထိ ကိုယ့်ကိုယ်ကို နိုင်ငံရေးသမားရယ်လို့ ထင်မထားမိခဲ့ပါ။ (နဝတ/အအဖ) ခေတ်တွေမှာလည်း နိုင်ငံရေးပါတီတွေကို ရစရာမရှိအောင် ပုတ်ခတ်ဆဲရေးပြီး သူတို့ကမှ အမျိုးသားနိုင်ငံရေးဆိုပြီး သူတို့ကိုယ်သူတို့ အမွှန်းတင်ခဲ့တယ်။ နောက်ထပ် နာမဝိသသနတခု ထပ်တိုးလာတာပါ။ ကျွန်တော်ကတော့ ကိုယ်လုပ်သင့်တဲ့ တာဝန်တခု၊ လူမှုရေးအလုပ်တခုလို့သာ အခုထိ သဘောထားမိတယ်။
ဆုံရှုံးမှု ဆုံးရှုံးတယ်လို့ ပြောချင်လည်း ပြောပေါ့။ မိသားစုတာဝန်မကျေခဲ့ပါ။ နိုင်ငံရေး အလုပ်ထဲမှာ အချိန်ကုန်နေခဲ့ရတယ်။ မကြာခင် တိုင်းပြည်ကနေ ထွက်ပြေးရတယ်။ သားသမီးတွေက ကျောင်းသားတွေချည်းဘဲ။ သူတို့အမေခမျာ တာဝန် နှစ်ဆထက် လေးတာကိုထမ်းရတယ်။ ကလေးတွေလည်း အတန်းပညာရော အသိပညာပါ ရသင့်ကြတာထက် နည်းသွားကြတော့တယ်။ မြန်မာပြည်ကဘွဲ့ တယောက်မှ မရကြပါ။ ပြည်ပြေးအမတ်သားသမီးဆိုပြီး ခွဲခြားဆက်ဆံတာ နှိမ်တာလည်း ခံကြရသေးတယ်။ မုံရွာမှာ စစ်တပ်ဘောလုံးပွဲ လုပ်ရင် သမီးကို ပန်းစည်းဆက်ဘို့ လူရွေးတယ်။ ကွမ်းတောင်ကိုင်လို ရုပ်ရေအတွက် မဟုတ်ဘဲ၊ နာမ်နှိမ်ဘို့သက်သက်အတွက်ပါ။ အဲလိုနေ့များမှာ သမီးကျောင်းမသွားတော့ပါဟု ဆိုသည်။
ပြည်တွင်းက မိသားစုနှင့် ပြည်ပတွင် ပြန်လည် ဆုံစည်းလာနိုင်သော်လည်း အခက်အခဲမျိုးစုံ ကြုံတွေခဲ့ရပုံကို အခုလို ဖွင့်ဟသည်။
ပြည်ပမှာ မိသားစုအတူနေနိုင်လာကြပြန်တော့လဲ နည်းတမျိုးနဲ့ သားသမီးတွေ ခံကြရပါသေးတယ်။ ကျွန်တော်က NLD မို့ NLD မလိုလားသူတွေက မကြိုက်ပါ။ ဖအေက ဝန်ကြီးဆိုတဲ့နာမည်နဲ့လုပ်နေရလို့ ‘လူကြီးသားသမီးကို မျက်စိဆံပင်မွှေး စူးကြတာလည်း ရှိတယ်။ သားတွေကိုတော့ အမျိုးသမီး ဦးစားပေးသူတွေက ဖယ်ကြဉ်ထားတယ်။ မိသားတစုလုံးက ဗမာတွေမို့ တိုင်းရင်းသားလူနည်းစု မဟုတ်ပြန်လို့ အနှိမ်ခံရတာလည်း တကယ်ရှိပါတယ်။ ဒါတွေအားလုံးဟာ ကျွန်တော့် နိုင်ငံရေးကြောင့်ပါ။ မိဘကြောင့် သားသမီးတွေပါနစ်နာတယ်ဆိုတာ ဆွေစဉ်မျိုးဆက် ဆုံးရှုံုးမှုဖြစ်ပါတယ်။
လူထုအတွက်ပြောရရင် ပြည်ပကို ထွက်လာရပြီးနောက် တတ်နိုင်တာလုပ်တာပါပဲ။ ဒါပေမဲ့ အနှစ် ၂ဝ ကြာတော့ ပြန်စဉ်းစားမိရာကနေ မဲပေးတာယူ၊ မဲပေးသူထားခဲ့၊ ငါ တာဝန်မဲ့ခဲ့သလားဆိုပြီး ကိုယ့်ကိုယ်ကို ပြန်မေးမိလာပါတယ်။
မျှော်လင့်မထားတဲ့ အဖြစ်အပျက်
လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ရော နိုင်ငံရေးအယူအဆအရ မနီးစပ်သူတွေနဲ့က ပဋိပက္ခရယ်လို့ မရှိပါ။ အနီးကပ်ဆုံးနေကြပြီး၊ ကျွန်တော်က လူယုံလို့၊ လူရင်းလို့ ပုံထားတဲ့ သူတွေကနေ ရန်သူလို ဖြစ်သွားခဲ့တာ ရှိပါတယ်။ ကိုယ်နဲ့ (၁၅) နှစ်မက တွဲလုပ်လာသူတွေ တချို့နဲ့ လမ်းခွဲရခြင်းပါ။ စစ်ထောက်လှမ်းရေး လက်ကနေ လွတ်မြောက်နိုင်ခဲ့ပေမဲ့ အနီးကပ် စက်ကွင်းက မလွတ်ကင်းခဲ့ပါ။ နိုင်ငံရေးမှာ ကိုယ်နဲ့ အမြင်မတူသူတွေ ရှိတာက ပုံမှန်သဘောမို့ မထောင်းတာပေမဲ့ မဟုတ်တမ်းတရား စွပ်စွဲတာ၊ စော်ကားတာ၊ အသေရဖျက်တာ၊ ပိုဆိုးတာက ဖအေမနိုင်ရင် မိသားစုကိုပါ ဖျက်ဆီးဘို့ ကြိုးပမ်းတာတွေကိုပါ ကြုံခဲ့ရပါတယ်။ ဘယ်လိုမှ မထင်မှတ်တာတွေ ကြုံရတတ်သလို ဘယ်လိုမှ ထင်မထားသူတွေကနေ ယုတ်မာကောက်ကျစ်တာ၊ ဂုံးတိုက် ချောပြစ်တာမျိုးလဲ ရှိခဲ့ပါတယ်။ တယောက်ကနေ ကျွန်တော့်မှာ အိုမင်း ပျက်ယွင်းနေတဲ့ ပုလဲကအိမ်ကလေးသာ ကျန်တော့ပေမဲ့၊ ဘယ်မှာ အိမ်-တိုက် ဘယ်နှစ်လုံး၊ ပါတီကငွေ ဘယ်နှစ်သိန်း ဘုံးထားတယ် စသဖြင့် ပြောတာခံရပါတယ်ဟု ဆိုသည်။
သူ့ ဘဝအတွက် ယူကြုံးမရ ဖြစ်ခဲ့ရဆုံး အခြေအနေမျာကို ဒေါက်တာတင့်ဆွေ က အခုလို ပြန်ပြောပြသည်။
ယူကြုံးမရအဖြစ် ကျွန်တော်ရေးထားတဲ့ မှတ်တမ်းလေးတခုရှိတယ်။ ဆရာဝန်ဖြစ် ၁၅ နှစ်အကြာ၊ မြန်မာပြည်မှာ သွေးနဲ့ချွေးတို့စီးဆင်းရာ ဒုက္ခမြစ်ကြီးတစင်း ပေါ်ထွန်းလာ၊ နိုင်ငံရေးပင်လယ်မှာ ခုန်ချမိ၊ ကနေ့အထိ။ ယမုန်နာမြစ် စ်ီးဆင်းရာ ဒေလီမှာသာ၊ အနှစ်နှစ်ဆယ်ကျော်ကြာ၊ မိသားစုထဲမှာ စစ်ထောက်လှမ်းရေး စစ်ဆေးတာ ပဌမဆုံးခံရတဲ့ သားအကြီးရဲ့ အရိုးပြာကို မျှောလိုက်ရတာ ဂင်္ဂါမြစ်ထဲမှာ။ ဒုက္ခရစရိယာ ကျင့်ရာအနားက သုဇာတာ ရွှေခွက်မျောရာ နာရဥ္ဇရာမြစ်ကိုရောက်တာ ဘယ်နှစ်ခေါက်မှန်းမသိပါ၊ သာဝတ္ထိအနားမှာ မပဒါ ပရိဒေဝမီး လောင်မြိုက်တဲ့မြစ်အနား၊ သံဝေဂပွါးခဲ့ဘူးပါသည်လို့ ရေးမှတ်ခဲ့ဘူးပါတယ်။
အမေဆုံးတော့ရော အဖဆုံးတော့ပါ ကျွန်တော်ပြည်ပမှမှာပဲ။ အမေဆုံးတာကို နောက် လေးလလောက် နေမှသိရတယ်။ ထောက်လှမ်းရေးက ပြည်တွင်း-ပြည်ပအဆက်အသွယ်ကို လုံးဝပိတ်ပင်ထားလို့ပါ။ အခုတော့ အဲလို မဟုတ်တော့လို့ နာရေးသတင်း စောသိနိုင်ခြင်းသည် အပြောင်းအလဲဖြစ်သည်လို့ ဆိုချင်ပါတယ်။
ဆုံးရှုံးမှု သို့မဟုတ် နောင်တ မရှိဘူးထင်ပါတယ်။ လေးလေးနက်နက်စဉ်းစားတာမျိုး မရှိသေးပါ။ မရှိသေးတာကိုက စစ်စစ်ပေါက်ပေါက် လိုက်ရှာနေရတာမျိုးမို့ ရှိအုံးတော့ မဖြစ်စလောက်နေမှာပါ။ နိုင်ငံရေးထဲဝင်ပါတာကို မိဘတွေက သဘောမကျကြပါ။ ကိုယ့်မိသားစုတာဝန်တွေ ပျက်ခဲ့တယ်။ ဆရာဝန်လုပ်တုံးက ဆရာဆိုပြီး လေးစား အားကိုးမှု သက်သက် ရခဲ့တယ်။ နိုင်ငံရေးထဲမှာ ပြိုင်ဘက်လို၊ ဆန့်ကျင်ဘက်လို၊ ရှားရှားပါးပါးက ရန်သူလိုသဘောထားခံရတယ်။ စစ်အစိုးရကတော့ သူပုန်၊ ဝရမ်းပြေး၊ ပြည်ပြေးလို့ သတ်မှတ်တာခံရတယ်ဟု ဆိုသည်။
ပြည်ပြေးဘဝကို သူမနှစ်မြို့ဟု ဆိုသည်။ အချိန်တိုင်း ကိုယ့်မြန်မာပြည်ကို သတိတရ ရှိသည်ဟုလည်း ဖွင့်ဟသည်။ မြန်မာနိုင်ငံသားတဦး ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံအတွက် ဘဝတွေကိုပါ ပေးဆပ်ခဲ့ရသော သူ့အတွက် တိုင်းပြည်အတွက် သူ အားတက်ချင်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံအတွက် ဘာတွေမှန်းထားလဲ။ လူသားတွေဟာ အရိုင်းအစိုင်းဘဝကနေ တဖြေဖြေး ယဉ်ကျေးလာတယ်။ အသားစိမ်းတော့ မစားတော့ဘူး၊ စည်းကမ်း ကလနား ထားတဲ့နေရာမှာ ထားလာကြတယ်။ ခွန်အားကြီးသူအုပ်ချုပ်နည်း ကနေ၊ ဘရားသခင်ပေးတဲ့ အခွင့်အာဏာဆိုတာ ဖန်တီးပြီး အုပ်ချုပ်ခဲ့တာ ရာစုနှစ်နဲ့ကြာတယ်။ အများအကြိုက် ရွေးချယ် အုပ်ချုပ်တဲ့နည်းကို အများစုက လက်ခံလာကြပြီ။ ကျွန်တော်တို့ဆီမှာတော့ ခွန်အားကြီးသူကနေ အုပ်ချုပ်တာ ဆက်ရှိသေးတယ်။ စစ်တပ်ကပေးတဲ့ အုပ်ခွင့်အာဏာဆိုတာကို စမ်းသပ်ကာစသာ ရှိသေးတယ်။
တိုင်းပြည်အတွက် မျှော်မှန်းချက်ပြောရရင် အားတက်စေချင်ပါတယ်။ ရင်ဆိုင်နေရတာကို လျှော့မတွက်စေချင်ပါ။ လားရာတော့ ကောင်းနေပါပြီ။ သွားစရာခရီး ဝေးလွန်းပါသေးတယ်။ အားလိုတယ်။ သေနတ် မဟုတ်ပါ၊ ညီညွတ်ခြင်းသည်သာ အား ဖြစ်ပါတယ်။ ပြောပြီးသားအချက်တွေက နိုင်ငံရေးစကားတွေသာ ဖြစ်တယ်ဟု ပြောလာသည်။
လူတဦးနှင့်တဦး လောဘဇောတွေ၊ နိုင်လိုမင်းထက် ပြုမှုတွေ ရှိနေတဲ့ ကမ္ဘာကြီးမှာ ဘာသာရေးနဲ့ လောကနီတီတွေက ထိန်းကျောင်းပေးနိုင်တဲ့ တစ်နေ့ကို မျှော်လင့်နေတယ်လို့ သူက စိတ်အားထက်သန်စွာ အခုလို ပြောဆိုခဲ့ပါတယ်။ တကယ်တန်း လူ့ဘဝဆိုတာ လောဘဇောတွေ၊ နိုင်လိုမင်းထက်ပြုမှုတွေက ဒင်းကြမ်းပြည့်နေတယ်။ မြန်မာပြည်မှာ နိုင်ငံရေးသာမက လူတွေရဲ့ ဘာသာရေး အထိန်းအကွပ်နဲ့ နီတိတရားတွေကိုပါ ပြောင်းလဲ ပြုပြင်နိုင်လာတဲ့နေ့ကို ကျွန်တော် မျှော်မှန်းပါတယ်ဟု ဆိုသည်။
ဝေစန္ဒာ၊ မွန်းတည့်နေ Bi Midday News Journal 20-1-2014 Interview
ဒေါက်တာတင့်ဆွေ
Comments
Post a Comment