One day political prisoner တရက်တိတိ အဖမ်းခံရဘူးခြင်း
ဆေးကျောင်းသား သူငယ်ချင်းတယောက်က ကွန်မင့်ရေးတယ်။ နန်းတွင်းက အဆွဲခံရတာလား လေ့လာရေးလားတဲ့။
အမဲ တနပ်၊ ပဲ တနပ်၊ လူ တဝက်၊ ယင် တဝက်လို့ ဖြေလိုက်တယ်။ သူက ဒေးစကူလာ ခေါ် သူ့အိမ်ကနေ ကျောင်းလာတယ်သူ။ ကျွန်တော်က ကျောင်းဆောင်မှာနေသူ။ နေ့ကျောင်းသားတွေက အဆောင်မှာ ဖြစ်တာတွေကို အကုန်မသိနိုင်ကြပါ။
တရုပ်-ဗမာ အရေးအခင်းဖြစ်တော့ ကျွန်တော် မန္တလေးဆေးကျောင်းသား အဖမ်းခံရပါရော။ ကျွန်တော့ နိုင်ငံရေးနောက်ခံဆိုလို့ အဲတာပဲရှိတယ်။ နိုင်ကျဉ်းစာရင်းထဲလည်း မပါဘူး။
ကျွန်တော် ဆေးကျောင်းသားဘဝရောက်တော့ နိုင်ငံရေး နည်းနည်းလေး နားလည်လာတယ်။ တရုပ်ပြည်ကနေ အသံလွှင့်နေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ရေဒီယိုက အပြောအဆို အသုံးအနှုန်းတွေကို နားကြားပြင်း ကပ်ရာကနေ တရုတ်အရေးအခင်းမှာ ပါသွားတာ။ မန္တလေးနန်းတွင်း ထောင်ထဲမှာ တနေ့တာ ထိန်းသိမ်းတာ ခံရတယ်။ ဗိုလ်နေဝင်းဆန့်ကျင်ရေး လုပ်တာလို့ မပြောလိုပါ။ ကွန်မြူနစ် ဆန့်ကျင်ရေးလို့လည်း တံဆိပ်ကပ်လို့ မရပါ။ ၁၉၆၇ ခုနှစ် ဇွန်လ ၂၆ ရက်နေ့က။
ကျွန်တော်က ဒုတိယအမ်ဘီတန်းကျောင်းသား။ ည ရှစ်နာရီလောက်ကစပြီး ဆေးကျောင်းအဆောင်ကနေ ထွက်လာကြတယ်။ ဘယ်နှစ်ယောက်ပါလဲ ၂၀-၃၀-၅၀။ ရွှေဘိုသားတွေပါတာ အမှတ်ရတယ်။ ကိုယ့်ထက် အတန်းကြီးသူတွေလည်း ပါတယ်။
မြောက်ဘက်က ဆေးကျောင်းသားတွေနဲ့ တောင်ဘက်က ဝ/သ ကျောင်းသားတွေ မင်္ဂလာလမ်းအတိုင်း ချီတက်ပြီး (အေ) လမ်းမှာ ပေါင်းဆုံကြတယ်။ (အေ) လမ်းကို စစ်ကားတွေ စစ်သားတွေနဲ့ ပိတ်ထားလိုက်ပြီ။ လူအုပ်ချင်းမရောရ။ အော်ကြတယ်။ ဘာတွေအော်ကြသလဲ မမှတ်မိတော့။ ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့ ဖက်ဒရယ်တို့ မပါဘူးထင်တယ်။ လူအုပ်ပေါင်းမယ် ပြောကြတယ်။ မပေါင်းရ။ ဆက်အော်ကြတယ်။ တညလုံး။
မိုးလင်းခါနီးလာပြီ။ ဗိုလ်မှူးတယောက်က နားချတယ်။ ပြန်ကြပါ။ သူကစကားပြောကောင်းတာ သတိထားမိတယ်။ လေက ချိုတယ်။ စစ်သံ စစ်မာန်ကို ဖျောက်ထားတယ်။ တချို့ ပြန်ကြတယ်။
မပြန်သူတွေကို နန်းတွင်းပို့မယ်။ စစ်ဟီးနိုးကားကြီးတွေ အဆင်သင့်။ ဒီကားတွေနဲ့ မလိုက်နိုင်ဘူး။ (TE 11) တီအီအလဲဗင်း စစ်ကားအသစ်တွေ ရောက်လာတယ်။ တက်ကြ။ စုစုပေါင်း တရာကျော် နှစ်ရာလောက်သာ ကားပေါ်တက်ကြတယ်။
နန်းတွင်းထောင်ထဲမှာ ပဲဟင်းတနပ်နဲ့ အမဲသားဟင်းတနပ်ကို ယင်ကောင်တွေနဲ့ လုစားခဲ့ရတယ်။ ညရောက်တော့ မန်းတောင်ခြေက စစ်တပ်ထဲမှာ ခြင်တောင်ကိုယ်စီ ဖျာတချပ်နဲ့ ခေါင်းအုံးတလုံးစီ ပေးတယ်။ ဗိုလ်နေဝင်းဆန့်ကျင်ရေး မဟုတ်လို့သာ အဲလိုထားတာမှန်း သိပါတယ်။
တညလုံး မအိပ်ကြပါ။ စကားပြောကောင်းတဲ့ ဆေးကျောင်းသားတွေက ရယ်စရာတွေပြောကြတယ်။ တော်လှန်ရေးစာလုံး မပါ။ နေဝင်း မပါ။ မော်စီတုန်း မပါ။
မနက်လင်းတာနဲ့ ကျောင်းပြန်ပို့ဖို့ စီစဉ်တယ်။ ကျောင်းမှန်သမျှ ပိတ်ထားလိုက်ပြီ။ ကျွန်တော့်ကို အဆောင်မှူး ဒေါက်တာဘမြင့်လက်ထဲ အပ်တယ်။ ဆရာက အိမ်ပြန်တော့တဲ့။ ဟုတ်ကဲ့။ မင့်မှာ ရထားခပိုက်ဆံ ရှိလားတဲ့။ ၃ ကျပ်ပြား ၆၀ တော့ရှိတယ်။ မုံရွာကို ပြန်ခဲ့တယ်။
သတင်းက ဇာတိ၊ ပုလဲမြိုကနယ် မင်းရွာကို အရင်ရောက်နှင့်တယ်။ ကိုချိုသားလေး တရုပ်နဲ့မှားပြီး အဖမ်းခံရသတဲ့။ ကျွန်တော့်အဖေအမည်က ဦးဘချို။
ဆေးကျောင်းအဆောင်မှူးဆီက ပိုက်ဆံမတောင်းခဲ့ရတာ ညံ့လို့။ တကယ်တန်းနိုင်ငံရေးထဲ ရောက်တော့လည်း အိတ်ကပ်ထဲရှိတာနဲ့သာ နှစ်အစိတ်ကျော်ကြာတယ်။ ညံ့တဲ့သူတွေ နိုင်ငံရေးမှာ နေရာမရနိုင်။
ဒေါက်တာတင့်ဆွေ
၃၀-၆-၂၀၂၁
Comments
Post a Comment