ကိုဗစ်နဲ့ အောက်ဆီဂျင်

VOA အင်တာဗျူး

လေထုထဲမှာ အောက်ဆီဂျင်က ၂၁ % ပါဝင်ပါတယ်။ ဒီအောက်ဆီဂျင်ကို လေထဲကနေ ခွဲထုတ်သန့်စင်ပြီး လူနာတွေ အတွက် သုံတဲ့ အခါ ဆေးရုံတွေမှာ ပိုက်နဲ့တိုက်ရိုက်ပေးနိုင်သလို လိုတဲ့နေရာကို သယ်သွားနိုင်အောင် အောက်ဆီဂျင်ထည့်တဲ့ ဆလင်ဒါဘူးတွေကိုလည်း သုံးကြပါတယ်။ ကိုဗစ် ၁၉ တတိယလှိုင်းဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံမှာတော့ ဒီအောက်ဆီဂျင်က ရွှေထက်ရှားတဲ့ အနေထား ရောက်နေတာပါ။ သူက ကိုဗစ် ၁၉ အတွက် ဘယ်လောက် အရေးပါပါသလဲ ဒေါက်တာတင့်ဆွေကို မေးမြန်းပြီး တင်ပြပေးမှာပါ။

ဒေါက်တာတင့်ဆွေ။. ။ ကိုဗစ် ၁၉ ရောဂါဟာ စဖြစ်ဖြစ်ချင်း ရောဂါ လက္ခဏာက နမိုးနီးယားနဲ့ အတော်ဆင်တယ်။ နမိုးနီးယား ဆိုတာက အဆုတ်ယောင် အဆုတ်ခဲရောဂါ ဖြစ်တယ်။ တနည်းအားဖြင့် အသက်ရှုလမ်းကို ဒုက္ခပေးတယ်လို့ အစောကြီးကတည်းက သိခဲ့ကြပါတယ်။ နောက် အသက်ရှုတဲ့နေရာမှာ လူတိုင်းဟာ ဒီအောက်ဆီဂျင်ကို ရှုသွင်းပြီးတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှုထုတ်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိုဗစ် ရောဂါဟာ ဒီအောက်ဆီဂျင်နဲ့ တခါ အသက်ရှုလမ်းကြောင်းက အရေးအကြီးဆုံး ဖြစ်ပါတတယ်ခင်ဗျ။ ဒီကနေ့ ကုထုံးအရ ဆိုရင် သူက နေအိမ်တွေမှာပဲ isolation လို့ခေါ်တဲ့ သီးခြားခွဲနေကြ ရတာရှိတယ်။ ခွဲနေတဲ့ ကာလမှာ ဒီအောက်ဆီမီတာလို့ ခေါ်တဲ့ လက်ချောင်းထိပ်မှာ တပ်ရတဲ့ ကရိယာ သေးသေးလေးနဲ့ အောက်ဆီဂျင်ကို တိုင်းကြရပါတယ်။ အဲဒီတော့ ဒီအောက်ဆီ level ခေါ်တဲ့ အောက်ဆီဂျင် အနည်းအများ ပမာဏက နည်းသွားရင် ဆေးရုံကို ပြေးရတယ်။ ဒါကြောင့် အောက်ဆီဂျင်က အရေးကြီးတယ်။

မေး။. ။ လူတွေ အတွက် အောက်ဆီဂျင်ပမာဏက ဘယ်လောက်လိုပါသလဲဆရာ။

ဖြေ။. ။ အဲဒီ အောက်ဆီမီတာ လို့ခေါ်တဲ့ ကရိယာလေးနဲ့ တိုင်းတဲ့အခါမှာ ပုံမှန်အားဖြင့် လူတိုင်းဟာ ၉ ၅ နဲ့ ၉ ၉ ရာခိုင်နှုန်းမှာ ရှိကြတယ်။ အဲဒီတော့ ၉ ၅ အောက် ဒါမှမဟုတ် ၉ ၂ တချို့နေရာမှာတော့. ၉ ၄ ။ အဲဒီအောက်ကျရင် ဆေးရုံသွားပါဆိုတဲ့ လမ်းညွန်ချက် ရှိတယ်။ တကယ့်ခေတ်မှီတိုးတက်တဲ့ နိုင်ငံတွေမှာ - မြန်မာပြည်မှာလည်း တချို့ဆေးရုံကြီးတွေမှာ ရှိပါတယ်။ ဆေးရုံမှာအောက်ဆီဂျင်က ပိုက်ကနေသွားပြီးတော့ ဆရာမတွေက လူနာနှာခေါင်းတွေကို တပ်ပေးကြပါတယ်။ သို့သော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံတွေ၊ မြန်မာနိုင်ငံသာ မကဘူး၊ ကျနော်နေထိုင်ခဲ့တဲ့ အိန္ဒိယနိုင်ငံက တချို့ဆေးရုံတွေမှာ ဆိုရင် ဒီဆလင်ဒါပဲ သုံးရတယ်။ အခု ကျနော်တို့ ဖေ့စ်ဘုတ်မှာ ဗမာမှာ တွေ့နေ့ရသလို ဒီဆလင်ဒါမျိုးပဲ သူတို့နိုင်ငံမှာလည်း သုံးကြရပါတယ်။

မေး။. ။ ဒီဆလင်ဒါတွေကို သုံးတဲ့အခါ ဘာတွေ သတိထားဖို့ လိုပါသလဲ။

ဖြေ။. ။ သုံးတဲ့အခါမှာ ဒီဆလင်ဒါ ထားသိုနည်း ကိုင်တွယ်နည်း၊ နောက် အခုအချိန်ဆိုရင်တော့ ထူးထူးခြားခြားပေါ့နော်။ ဆလင်ဒါ မျက်နှာပြင်ပေါ်မှာ ဗိုင်းရပ်စ်ပိုး ပါလားမပါလား ဆိုတဲ့အချက်က နံပတ် ၁ အရေးကြီးတယ်။ အဲဒါပြီးရင် ပိုက်ခေါင်းလို့ ခေါ်တာပေ့ါနော် ဗမာလိုဆိုရင် အဲဒီပိုက်ခေါင်းက အတိအကျပဲ - ယိုဖိတ်မှု leakage ဆိုတာမရှိအောင်လည်း ဂရုစိုက်ရမယ်။

နောက်တခု အရေးကြီးတာ တခုပေါ့နော်။ မြန်မာပြည်ရဲ့ လက်တွေ့ အခြေအနေက ရေသန့်ဘူးတွေ သုံးကြတယ်။ ခေတ်မှီလာတယ်။ တိုးတက်လာတယ်။ ဒါပေမယ့် ကျနော်သိရတဲ့ အခြေနေက ရေသန့်ဘူးဆိုတာထဲက ရေကိုယ်တိုင်က မသန့်ဘူး ဖြစ်နေတယ်။ ဒါ တချို့နေရာတွေမှာ ဖြစ်နေတယ်။ တချို့ တံဆိပ်တွေ ဆိုရင် လွန်ခဲ့တဲ့ ၂ နှစ်လောက်က FDA က တောင်မှ ဒီတံဆိပ်တွေ ဒီတံဆိပ်တွေမသုံးပါနဲ့လို့ ရေသန့်ကို တားမြစ်ရတယ်။

အခု အောက်ဆီဂျင် ဆလင်ဒါကိစ္စကလည်း စတာ ရက်ပိုင်းပဲ ရှိသေးတယ်။ လပိုင်းတောင် မရှိသေးဘူး။ တပတ်လောက်ပဲ ရှိသေးတယ်။ အဲဒီတော့ ဘယ်စက်ရုံ က အောက်ဆီဂျင် ဆလင်ဒါဟာ စံကိုက် ဟုတ်လား မဟုတ်လား ဘယ်သူမှ မစစ်နိုင်ဘူး။ FDA က လည်း အလုပ် လုပ်နိုင်သလား မလုပ်နိုင်သလား အသိဘူး။ ဆိုတော့ အဲဒီဟာ အတွက်က ဘာမှ မတတ်နိုင်ဘူး။ ကျနော်တို့ စိုးရိမ်တဲ့အတွက် တကယ်ပဲ လက်တွေ့သုံးပြီးတော့ အန္တရာယ် မရှိတဲ့ ကုမ္ပဏီက ဆိုင်က ဆလင်ဒါ ရနိုင်ရင်တော့ တော်သေးတာပေါ့။ ဒါပေမယ့် ဒါကလည်း အတော် ခက်ခဲမယ်လို့ ယူဆတယ်။ ဒါ့ကြောင့် အမြဲတမ်း အန္တရာယ် သို့မဟုတ် သတိထားရမယ့် အချက်တွေကို ခေါင်းထဲမှာထည့်ထားပြီးတော့ ဆိုးတာထက် ပိုမဆိုးအောင် အောက်ဆီဂျင်ဘူး သုံးစွဲတဲ့ လူတွေရော၊ ရောင်းချတဲ့လူတွေရော၊ ထုတ်တဲ့ စက်ရုံတွေရော အားလုံး သတိကြီးကြီးနဲ့ ဆောင်ရွက်သင့် ကြတယ် လို့လည်း ကျနော် အကြံပြုပါရစေ။

မေး။ ။ အောက်ဆီဂျင် လိုအပ်နေတဲ့ လူတွေက များနေပါတယ်ဆရာ။ ဒါကြောင့်လူတွေက တခြားဘာကိုမှ ဂရု မစိုက်နိုင်ပဲ အောက်ဆီဂျင်ဘူး ကိုပဲ အသဲအသန် လိုက်ရှာနေကြပါတယ်။ ဒါဟာ မှန်ပါရဲ့လားဆရာ။

ဖြေ။. ။ တစိတ်တပိုင်းက မှန်ကန်တယ်လို့ တင်ပြပါရစေ။ ကိုဗစ်ရောဂါပိုးအတွက် ကာကွယ်မှုက အရေးအကြီးဆုံးပါ။ ကုသတဲ့ ဆေးဆိုတာက ဆေးရုံရောက်မှ ကြံဖန်ပြီး ကျနော်တို့ လုပ်ရတာပါ။ ဒါက အများစုနဲ့မဆိုင်ဘူး။ တကယ်တော့ အများစုဟာ အောက်ဆီဂျင်ပြောလို့ အောက်ဆီဂျင်နောက် ပဲ ဘာမှမကြည့်ပဲ လိုက်နေလို့ရှိရင် အခြေခံကျတဲ့ ကာကွယ်ရေးနဲ့ စည်းကမ်းတွေကို လျော့ရဲမှာ ကျနော်အင်မတန်မှ စိုးရိမ်ပါတယ်။

အဲဒီအခြေခံကျတဲ့ ကာကွယ်ရေး ဆိုတာကလည်း အများကြီးမရှိဘူးနော်။ ၁။ အတတ်နိုင်ဆုံး အပြင်ကို မသွားနဲ့။ ၂။ အပြင်ကိုသွားတိုင်း နှာခေါင်းစည်းသုံး။ နံပတ် ၃။ လက် မကြာမကြာဆေး။ လက်ဆေးတဲ့ အခါမှာ လည်း ရိုးရိုးဆပ်ပြာက အကောင်းဆုံးပဲ။ အရေးပေါ်ကျမှသာ hand sanitizer တို့ hand gel တို့သာ သုံးဖို့။ နောက် နံပတ် ၄ က ကာကွယ်ဆေး။ ဒီကာကွယ်ဆေးကတော့ အင်မတန်မှ ကြီးကျယ်တဲ့ မေးခွန်းကြီးပါ မြန်မာပြည်မှာက။ အဲဒါ လုပ်သင့်တယ်လို့ ကျနော် ယူဆတယ်။ နောက်တခါက ၅။ မှားယွင်းတဲ့ သတင်းအချက်အလက်တွေ၊ မှားယွင်းတဲ့ အကြံပေးမှုတွေ မလိုက်ပဲနဲ့ ခုန ကိုဗစ် ၁၉ ကာကွယ်ရေး သင်ပုန်းကြီးလို့ ခေါ်တဲ့ ၁ - ၂- ၃ - ၄ ကို လိုက်နာ ဖို့က အောက်ဆီဂျင်ထက် တောင် ပိုအရေးကြီးတယ်။ အောက်ဆီဂျင် လိုမယ့် သူက ရာခိုင်နှုန်း နဲနဲလေး။ ခုန ၁-၂-၃-၄-၅ လိုက်ဖို့လူက ရာနှုန်းအများကြီး။ အဲဒီတော့ ဒီအများကြီးဟာ အောက်ဆီဂျင် နောက်ချည်းပဲ လိုက်မနေပဲ ကာကွယ်ရေး လုပ်ဖို့။

အပြင်မထွက်နဲ့၊ ထွက်ရင် နှာခေါင်းစည်းစည်း၊ လက်ခဏခဏဆေး၊ ဖြစ်နိုင်ရင် ကာကွယ်ဆေးထိုး ဆိုတဲ့ အချက် ၄ ချက်ပေါ့နော်။ အဲဒါကို မမေ့မလျော့ ။ လူတိုးင်းလူတိုင်း လုပ်သင့်တယ်လို့ လေးလေးနက်နက် ကျနော် အကြံပေးလိုပါတယ် ခင်ဗျ။

မေး။. ။ ဆိုတော့ တော်တော်တော့ အန္တရယ်ကြီးတာပေါ့နော်။ အောက်ဆီဂျင် လုံလုံလောက်လောက်မရှိတဲ့ လူနာတယောက်ဟာ အောက်ဆီဂျင် သွေးထဲမှာ ရှိတဲ့ နှုန်း တက်လာအောင် လုပ်လို့ရပါသလား။.

ဖြေ။. ။ ကျနော်စောစောက ဆွေးနွေးခဲ့သလို ဒီကိုရိုနာ ဗိုင်းရပ်စ်ပိုးဟာ ဗိုင်းရပ်စ် ဖြစ်တဲ့ အတွက် ဗိုင်းရပ်စ်ကြောင့် ရောဂါလက္ခဏာတွေ ခံစားရတယ်။ ဖျားတယ်။ ဖျားပြီး ချမ်းတယ်။ ကိုယ်တွေ ကိုက်ခဲတယ်။ အရသာ ပျက်တယ်။ နှာခေါင်း အန့ံ့မရဘူး။ နောက်တချို့ ဝမ်းသွားတာတွေ ဖြစ်တယ်။ ပြီးတော့ တိုင်းကြည့်ရင် အောက်ဆီဂျင် level ကျတယ်။ အဲဒီ ရောဂါ လက္ခဏာ အားလုံးဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တယ်။နှာခေါင်း အနံ့မရတာပဲ ဖြစ်ဖြစ်။ အခု အများဆုံး ပြောနေကြတာက အောက်ဆီဂျင်နဲ့ နှာခေါင်း အနံ့ မရတာ ၂ ခု။ အဲဒီဟာ အားလုံးဟာ ဗိုင်းရပ်စ်ကို ခုခံအားက နိုင်မှ ပြန်ကောင်းမယ်။

ဒီကိုရိုနာဗိုင်းရပ်စ်ဟာ အစားအသောက်ကြောင့်လည်း မဖြစ်ဖူး။ အစားအသောက်နဲ့လည်း မကာကွယ် နိုင်ဘူး။ အစားအသောက်နဲ့လည်း မကုနိုင်ဘူး။ နောက်တခါ ဗီတာမင် A ကနေ Z အထိပေါ့နော်။ ဖြည့်စွက်စာ က ကနေ အ အထိ။ အဲဒါတွေ ကြောင့်လည်း မဖြစ်ဖူး။ အဲဒါတွေနဲ့လည်း မကာကွယ် နိုင်ဘူး။ ခုခံအားနဲ့သာ ကောင်းနိုင်တာ။ ဒါကြောင့် ခုခံအား ကောင်းဖို့ အရေးကြီးတယ်။

ဆေးပညာရှင် ဒေါက်တာတင့်ဆွေပါ။

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Colorectal cancer အူမကြီး ကင်ဆာ