Chilli ငရုတ်သီး အရသာ
မြန်မာတွေက ချို-ချဉ်-စပ်-ငန်-ဖန်-ခါး အရသာ ခြောက်ပါးလို့ သိကြတယ်။ မြန်မာတိုင်းရင်းဆေးမှာလဲ အဲလိုပါတယ်။ ဆရာဝန်တွေ သင်ရတဲ့ ဆေးပညာမှာတော့ လျှာကနေ ခံစားတဲ့အရသာဟာ Sweet အချို၊ Salty အငန်၊ Sour အချဉ်၊ နဲ့ Bitter အခါး၊ လေးပါးထဲ ရှိတယ်။
အရသာကို သိစေတာက လျှာမှာရှိတဲ့ Taste buds ခေါ်တဲ့ အရသာသိ-အဖုကလေးတွေကြောင့် ဖြစ်တယ်။ လူတိုင်းမှာ Taste buds တသောင်း ရှိတယ်။ လူတွေရဲ့ Five senses အထူးအာရုံခံ ငါးမျိုးဖြစ်တဲ့ Hearing အကြား၊ Sight အမြင်၊ Touch အထိအတွေ့၊ Smell အနံ့ နဲ့ Taste အရာသာ ဆိုတဲ့ထဲမှာ အရသာက အားအနည်းဆုံး ဖြစ်တယ်။ အရသာ မရဖြစ်ရတာက ဆေးဝါး သောက်တာ၊ ဆေးလိပ် သောက်တာ၊ ဗီတာမင် ချို့ယွင်းတာ၊ ဦးခေါင်းကို ထိခိုက်မိတာ၊ ဦးနှောက်-အကျိတ်၊ ဓါတ်ကင် ခံရတာတွေကနေ ဖြစ်စေနိုင်တယ်။ ကွမ်းစားတာကို ဆေးစာထဲ ထည့်မရေးသေးဘူး။ သူတို့ဆီမှာ မရှိလို့ဖြစ်မယ်။ ကွမ်းစားတဲ့လူ အရသူယူတာ တမျိုးဖြစ်တယ်။ ချဉ်တာ မကြိုက်ဘူး။ တော်တော့ စပ်တာကို မမှုဘူး။
အစာတခုခုကို ပါးစပ်ထဲထည့်လိုက်ရင် သွားရည်နဲ့ အစာ ရောထွေးပြီး ကြေချက်ပေးမယ်။ အဲလိုလုပ်နေရင်း လျှာမှာရှိတဲ့ Tastes buds အရသာခံတဲ့ အဖုကလေးတွေနဲ့ ထိတွေ့မယ်။ ဒီ အဖုလေးတွေမှာရှိတဲ့ Receptor cells အာရုံခံ (ဆဲလ်) တွေကို သတင်း အချက်အလက် ပို့ပေးလိမ့်မယ်။ Sensory nerves အာရုံကြောတွေကတဆင့် ဦးနှောက်ကို ရောက်စေတယ်။ ဦးနှောက်ကနေ ဘယ်လိုအရသာ ရှိတယ် ဆိုတာ ပြောလိမ့်မယ်။
အငန် နဲ့ အချိုကို သိစေတာတွေကတော့ လျှာရဲ့ ရှေ့ပိုင်းကနေ တာဝန်ယူတယ်။ အချဉ်ကို လျှာရဲ့ ဘေးနှစ်ဘက်က သိစေပြီး အခါးကိုတော့ လျှာရဲ့ နောက်ပိုင်းက လုပ်ပေးတယ်။ လူတွေ အရသာခံတာ မတူကြပါ။ မိန်းကလေးတွေက ယောက်ျားလေးတွေထက် အရသာသိတာ ပိုများတယ်။ တယောက်ထဲလဲ အသက်ပြောင်းရင် ပြောင်းတတ်တယ်။ သိပ်ငယ်တုံးမှာ အရသာသိစေတဲ့ Taste buds တွေဟာ လျှာတခုထဲကနေ မဟုတ်ဘဲ၊ ပါးစပ်ဘေးဘက်တွေနဲ့ အာခေါင်မှာလဲ ရှိတယ်။ ဒါ့ကြောင့် ကလေးတွေ အပူမခံနိုင်၊ အစပ်မစားနိုင်ကြဘူး။
အရှေ့တောင်အာရှ၊ တောင်အာရှ နဲ့ တောင်အမေရိကားက လူတွေ အလွန်ခံတွင်းတွေ့လှတဲ့ အစပ်အရသာဟာ အမေရိကာ၊ ဥရောပနဲ့ နိုင်ငံတော်တော်များများမှာ လုံးဝမစားကြပါ။ အရသာတမျိုးကို မခံစားတတ်ကြတဲ့သဘော ဖြစ်မယ်။ ငရုတ်သီးစပ်တာကို အင်္ဂလိပ်လို Hot ပူတယ်လို့သာ ခေါ်တယ်။ သူတို့မစားလို့ စပ်တယ်လို့ မပြောတာလား။
Chilli ငရုတ်သီးထဲမှာ ပါတဲ့ Capsaicinoids ဆိုတာက ပါးစပ်ကို ဖုံးနေတဲ့ အလွှာမှာရှိတဲ့ Receptor တွေကို သက်ရောက်စေတယ်။ ဒီလို ဖြစ်တာဟာ Heat ပူလို့ရတဲ့ Pain နာကျင်မှုနဲ့အတူတူ ဖြစ်တယ်။ Burning feeling ပူလောင်တဲ့ ခံစားမှုရစေတယ်လို့ ဆိုတယ်။ စပ်တဲ့ အရသာလို့ မပြောဘူး။ ဘာလို့လဲဆိုတော့ Taste buds တွေဟာ ချိုတာ၊ ငန်တာ၊ ချဉ်တာ နဲ့ ခါးတာတွေကိုသာ ခံစားစေပြီး ပူလောင်တာကို ခံစားတဲ့ အထူး အဖုတွေ မရှိဘူး။ ရိုးရိုး အာရုံကြောတွေကနေသာ ဒါကို သိစေတယ်တဲ့။ ဒီအာရုံကြောတွေက စပ်တာကို ပူတယ်လို့ ထင်တော့ ဦးနှောက်ကလဲ ပူတယ် ဖြစ်သွားရော။
ကြွက်တွေကို စမ်းသပ်လို့သိရတာက Spicey-hot ဆိုတာ Temperature-hot ဆိုတာနဲ့ မျိုးဗီဇ တူတာကို သိရတယ်။ ကြက်တူရွေးကို ငရုတ်သီး ကြွေးရတယ်။ ငှက်တွေကို ငရုတ်သီးက မစပ်စေဘူး။ လူဆိုရင် ပါးစပ်ထဲ မထည့်ခင်ကတည်းက ငရုတ်သီးဟာ ပူတယ်။ ငရုတ်သီး မထောင်းတတ်ရင် ချွေးမ မတော်ချင်ကြတာတင် မကဘူး။ ငရုတ်သီး ထိတဲ့နေရာမှန်သမျှကို ပူစေတယ်။ Burn အပူလောင်တယ်လို့ အင်္ဂလိပ်လို သုံးတယ်။ ငရုတ်သီး အမျိုးမျိုးစားလို့ ချွေးထွက်တဲ့နေရာ မတူတာကို ကိုယ်ပိုင် သုတေသနအရ သိရတယ်။ ရွှေလံဘို-ငရုတ်က ဂုတ်မှာ ချွေးထွက်တယ်။
Chilli ငရုတ်သီး၊ Ginger ချင်း (ဂျင်း)၊ Pepper ငရုတ်ကောင်းတွေက ဘာလို့ စပ်ကြသလဲ။ Spicy food ပူစပ်တာတွေထဲမှာ Capsaicin ပါတယ်။ ဒါကိုခံရတာက ပါးစပ်ထဲမှာရှိတဲ့ Vanilloid receptor (VR1 receptors) အာရုံခံတွေနဲ့ သွားပေါင်းမယ်။ Sensory neuron အာရုံခံ (နူရုန်) ဟာ Depolarized ပြောင်းလဲသွားပြီး Spicy stimuli ဆိုတဲ့ အာရုံခံသတင်းကို ပို့ပေးတယ်။
ထူးဆန်းတာက VR1 receptors အာရုံခံတွေဟာ Capsaicin ကို မသိဘူး။ ဒါ့ကြောင့် အမှတ်တမဲ့ သွားပေါင်းမိတယ်။ VR1 receptors တွေရဲ့ တကယ့်တာဝန်ဟာ Thermo-reception ပူတာကိုသာ သိတယ်။ အပူက ကိုယ့်မလောင်အောင် အသိပေးတဲ့ တာဝန်ကို ထမ်းရတယ်။ VR1 receptors တွေဟာ ပါးစပ်၊ လျှာ နဲ့ အရေပြားတွေမှာ ရှိနေကြတယ်။ မျက်စိကို ထိလဲ ပူလောင် နာကျင်စေလို့ မိန်းကလေးတွေ Self-defense product ကိုယ့်ကိုယ်ကို ကာကွယ်ဘို့ ဆောင်ထားတဲ့ လက်နက်တခုဟာ Pepper spray ငရုတ်ကောင်း-ပန်းဆေး ဖြစ်ပါတယ်။ Mace Pepper Gun ဆိုတာ ဒေါ်လာ ၉၀ လောက်ပေးရတယ်။ ၂၅ ပေအထိရောက်တယ်။
ငရုတ်သီး ဘယ်လောက်စပ်သလဲကို Scoville Organoleptic Test နဲ့ စစ်ဆေး သတ်မှတ်တယ်။
- Standard Pepper Spray မိန်းကလေးသုံး (ပက်ပါ-စပရေး) ပန်းဆေးဟာ ၂၅ဝဝဝ-၂ဝဝဝဝဝ ယူနစ် ရှိတယ်။
- Bear Mace ဆိုတဲ့ ဝက်ဝံတွေကိုတောင် နိုင်တဲ့ ပန်းဆေးဟာ ၂ သိန်း- ၂ သိန်းခွဲယူနစ် ရှိတယ်။
- Law Enforcement Grade Pepper Spray ရဲတွေ သုံးတာက ၅ သိန်းကနေ ၅ သန်းယူနစ် ရှိတယ်။
- Sweet Bell Peppers ခေါ်တဲ့ လုံးဝမစပ်တဲ့ ငရုတ်ပွပွကြီးတွေဟာ သုည ယူနစ်သာ ရှိတယ်။
- Jalapeno (၅-၉ စင်တီမီတာ) ရှည်ပြီး၊ မက်ဆီကို ကလာတဲ့ ငရုတ်သီးဟာ ၂၅ဝဝ-၈ဝဝဝ ယူနစ် ရှိတယ်။
- Cayenne pepper ဆိုတဲ့ အာဖရိက-ငရုတ်က ၃ဝဝဝဝ-၅ဝဝဝဝ ယူနစ် ရှိတယ်။
- Red Savina Habanero ငရုတ်မျိုးက ၃၅ဝဝဝဝ-၅ရရဝဝဝ ယူနစ် ရှိတယ်။
အစပ်ကို ဘာလို့ ကြိုက်ကြသလဲ။ ကိုယ့်အတွက်ကောင်းလို့ ဖြေကြသူတွေ ရှိတယ်။ Capsaicin ငရုတ်မှာ ဆေးစွမ်းတွေ ရှိတယ်။
- Anti fungal မှိုပိုးကိုနိုင်တယ်။ Anti-microbial ပိုးတွေကိုနိုင်တယ်။
- Pain reliever for arthritis အဆစ်နာတာအတွက် .05% Capsaicin cream (ခရင်မ်) သုံးတယ်။
- Adlea ထိုးဆေးထဲမှာ ပါတယ်။ ခွဲစိတ်လို့နာတာ၊ အဆစ်နာတာတွေအတွက် တာရှည် အနာသက်သာဆေး ဖြစ်တယ်။
- Prostate cancer cells ယောက်ျား ဆီးကျိတ်-ကင်ဆာ (ဆဲလ်) ကို သတ်နိုင်တယ်။
- Lower blood pressure သွေးဖိအား ကျစေတယ်။
- Salivation သွားရည်များစေလို့ စားရတာ ခပ်ပြင်းပြင်း ရှိတဲ့ အစာနဲ့ တွဲစားလို့ ကောင်းတယ်။
- တခြား ခံစားနေရတာကို လွှမ်းမိုးစေတယ်။
- Capsaicin topical ointments နဲ့ High-dose dermal patch (Qutenza) တွေက Peripheral neuropathy ရောဂါကြောင့် နာတာကို သက်သာစေတဲ့ဆေး ဖြစ်တယ်။
- 0.025% - 0.075% ကို သာမန်ကိုက်ခဲတာ၊ Arthritis အဆစ်နာရောဂါ၊ Backache ခါးနာတာ၊ Strains and Sprains ဟိုနာ-ဒီနာတာတွေ အတွက် ထုံအောင်အရင် လုပ်ပြီးမှ ဆေးကို လက်အိပ် သုံးပြီး လိမ်းပေးရတယ်။
- Capsaicin creams ကို Psoriasis အရေပြားနာကြောင့် ယားတာ-ရောင်တာ သက်သောစေအောင် သုံးနိုင်တယ်။
- ငရုတ်သီး စားရင် (ကာဗွန်ဟိုက်ဒရိတ်) တွေ ဖျက်ပေးလို့ ကိုယ်က အပူတွေ ထွက်လာတယ်။ ဆီးချို၊ လူဝတာတွေအတွက်လဲ သုံးကြတယ်။
ငရုတ်သီး မျက်စိထဲဝင်လို့ ခြေမကို ရေလောင်းတာ စိတ်ပြောင်းအောင် လုပ်တာနေမယ် ထင်တယ်။ Capsaicin ဟာ Fat soluble အဆီမှာ ပျော်ဝင်လို့ ပူစပ်တာ ပြေစေအောင် ရေနဲ့ မရဘူး။ ရေးအေး ဆိုရင်တော့ အေးတာကို သိနေတုံးမှာ စိတ်ပြောင်းပြီး ခဏသက်သာစေမယ်။ Cold milk နွားနို့အေးအေး နဲ့ Cold sugar water သကြားရည်အေးကလဲ သက်သာစေမယ်။
Dr. တင့်ဆွေ
၂၄-၇-၂၀၁၃

Comments
Post a Comment