Marvelon မာဗယ်လွန် တားဆေး
၁။ ဆရာရှင့် ကန်တော့ပါ။ သမီးအသက်က ၃၂ပါ။ ကလေးက ၂လရှိပါပြီ mawelon ကိုယ်ဝန်တားဆေး သောက်ဖို့ဝယ်ထားပါပြီး သောက်ဖို့မရဲဖြစ်နေပါတယ်။ ဆရာညွှန်တဲ့ ဆေးတွေက သမီးတို့ မြို့မှာမရှိဘူးဖြစ်နေတယ်။ mawelon ဆေးကိုသောက်လို့ရလား ဖြေပေးပါဆရာ။
၂။ ၃၁ နှစ်၊ အိမ်ထောင်ကျ၊ အတူနေပြီးတာ ၅ ရက်ရှိ။ ကလေးမယူချင်သေး mervalon 28 သောက်ရင်ရလား။ ဘိုသောက်ရမလဲ။
အရပ်ထဲမှာဖြစ်ဖြစ် မိတ်ဆွေသူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် စကားပြောတာ စာရေးတာ ကြိုက်သလိုရေးလို့ ပြောရန်မရှိပါ။ ကျွန်တော်ဆီစာရေးရင်တော့ စာကို သဒ္ဒါနဲ့ သတ်ပုံ မှန်စေချင်ပါတယ်။ ဘိုသောက်ရမလဲလို့ မရေးစေလိုပါ။ ဘိုဆိုတာ အင်္ဂလိပ်လိုလို့ ပြောတာ။ ဘိုဆန်တယ်၊ ဘိုစာစားတယ်။ ဆေးသောက်တာ ဘိုတွေလည်း ဗမာတွေလိုသောက်ပါတယ်။
၃။ မင်္ဂလာပါဆရာ။ သမီးအသက်က ၂၇ နှစ်ရှိပါပြီ။ ၁၁ လပိုင်း မင်္ဂလာဆောင်မှာပါဆရာ။ marvelon 28 ကောင်းတယ်လို့ သူငယ်ချင်းတွေကပြောတယ်ဆရာ။ အဲ့ဆေးကို ဘယ်အချိန်က စပြီးသောက်ရမလဲဆရာ။ ဆရာ သက်ရှည်ကျန်းမာပါစေ။
၄။ ကျနော်တို့ အိမ်ထောင်ကျတာ ၂ နှစ်ရှိပါပြီ။ ကျနော့် အမျိုးသမီးက ၂၄ နှစ်ပါ။ ကလေးက ၁ဝ လကျော်ပါပြီ။ ကလေးကဒီတယောက်ပဲရှိပါတယ်။ နောက်လေးနှစ်လောက်မှ ကလေးထပ်။ ယူချင်ပါတယ်။ အမျိုးသမီးက ပေါင် ၁ရဝ ရှိတယ်။ ကလေးနို့မဖြတ်သေးပါ။ အခု marvelon28 သောက်နေပါတယ်။ လေးနှစ်သောက်ရင် အန္တရာယ်ရှိပါသလား။ ကောင်းကျိူးဆိုးကျိုးကို သိချင်ပါတယ်။ ကလေးနို့တိုက်လို့ကောရပါသလား။ ဒီဆေးသောက်ရင် ပိုဝနိုင်ပါသလား။ ဒါမှမဟုတ် တခြားတားဆေး ဘာသောက်သင့်ပါသလဲ။ ပိန်အောင်ဘာတွေ လုပ်သင့်ပါသလဲ။
၅။ ဆရာ အသက်က ၂၂ ပါ။ ဆရာဆီ Marvelon အကြောင်းတစ်ခါမေးဖူးပါတယ်။ ၁၉ ရက်တည်းက (ရာသီမလာခင်) Marvelon ကို စသောက်ပါတယ်။ ၂၁ ရက်နေ့မှာရာသီလာပါတယ်။ ဆရာ့စာထဲမှာ ခုမှစသောက်မဲ့သူဆို ရာသီလာတဲ့နေ့က စသောက်ပါဆိုလို့။ ခုထိ ရက်မပျက်သောက်ခဲ့ပါတယ်။ ဆေးကုန်တာနဲ့ ရာသီလာမှာလားဆရာ။ ရာသီလာတုန်း ဆေးကိုရက်ထားပြီး လာပြီးမှ ကဒ်အသစ်ပြန်စသောက်ရမှာလားဆရာ။
၆။ ဆရာ ကျမ အသက် ၂၄ နှစ်ပါ။ အိမ်ထောင်ကျတာ (၈) လ ရှိပါပြီ။ ခုထိ ကလေးမရသေးလို့ပါ။ ဆရာရဲ့ ကလေးမရနိုင်သေးခြင်းအကြောင်းအရာတွေကိုလဲ ဖတ်ပြီးပါပြီ။ အိမ်ထောင်ကျခါစက Marvelon-28 ကို (၂) ကဒ် တော့သောက်ခဲ့ဖူးပါတယ်ဆရာ။ ဒီဆေးကြောင့်ပဲ ကလေးမရသေးတာလားဆိုတာကို သိချင်ပါတယ်ဆရာ။
Marvelon မာဗယ်လွန် ကိုယ်ဝန်တားဆေးထဲမှာ Estrogen နဲ့ Progestin ဟော်မုန်း ၂ မျိုးပါတယ်။ ၂၁ လုံးပါကပ်နဲ့ ၏၂၈ လုံးပါတာ ရှိတယ်။ Marvelon 21 ထဲမှာ Desogestrel 0.15 mg နဲ့ Ethinyl estradiol 0.03 mg ပါတယ်။ အိန္ဒိယမှာ လူအများသုံး Mala-D (Levonorgestrel-0.15 mg + Ethinyl oestradiol 0.03mg) နဲ့တူတယ်။ Marvelon 28 ထဲမှာ အဲဒါတွေအပြင် Hydroxypropyl methylcellulose, Indigotine blue, Iron oxide, Lactose, Magnesium stearate, Polyethylene glycol, Starch, Titanium dioxide နဲ့ Talc တွေပါတဲ့ ဆေး ၇ လုံးပါတယ်။
ရာသီစလာတဲ့နေ့ကို ပဌမနေ့အဖြစ်မှတ်ပြီး၊ ဆေးစသောက်ပါ။ နေ့စဉ် ၁ လုံးကျ၊ ဖြစ်နိုင်သ၍ ဆေးသောက်ချိန်မှန်ပါစေတယ်။ မှတ်ရတာလွယ်အောင် ကို်ယ့်ဖါသာ အကျင့်လုပ်ထားတာကိုဆိုလိုတယ်။ အများအားဖြင့် တနင်္ဂနွေမှာ စသောက်ကြလေ့ ရှိတယ်။ တရက်ဆေးသာက်ဘို့ မေ့ရင် နောက်နေ့မှာ ၂ လုံးတွဲသောက်ပါ။ ရာသီလာပြီး ဒုတိယပတ်အတွင်းမှာ ဆေးသောက်ဘို့ ၂ ရက်မေ့သွားရင် ၂ လုံးတွဲသောက်ပြီး၊ အရံအတားနည်း တခုခု ဥပမာ ကွန်ဒွမ်သုံးတာနဲ့ သုက်ပိုးသေဆေးသုံးတာကို ၇ ရက်ကြာလုပ်ပါ။ ရာသီလာပြီး တတိယပတ်အတွင်းမှာ ဆေးသောက်ဘို့ ၂ ရက် မေ့သွားရင် ဆေးစသောက်နေကြရက်အထိ တရက် ၁ လုံး သောက်ပြီးနောက်၊ ဆေးကပ်သစ် စသောက်ပါ။ တကယ်လို့ တတိယပတ်မှာ ဆေးသောက်ဘို့ ၂ ရက်ဆက်မေ့သွားရင် ဒါမှမဟုတ် ဘယ်ရက်သတ္တပတ်မှာဖြစ်ဖြစ် ဆေးသောက်တာ ၃ ရက်၊ ဒါမှမဟုတ် ၃ ရက်မက မေ့သွားရင် ကျန်တဲ့ဆေးကပ်ကိုဆက်မသောက်ဘဲ၊ ဆေးကပ်သစ် စသောက်ပါ။ တပြိုင်တည်းမှာ ၇ ရက်တာ အရံတားနည်းတခုခုသုံးပါ။ အဲဒီလမှာ ရာသီ မလာဘဲနေတာ ဖြစ်နိုင်တယ်။ တကယ်လို့ ရာသီမလာတာ ၂ လ ဖြစ်လာရင် ကိုယ်ဝန် ရှိ-မရှိစစ်ပါ။ တားဆေးတွေမှာ အရောင်တူရင် ဆေးလည်းတူပါတယ်။
ဆေးကို အလားဂျစ်ဖြစ်သူ၊ ကိုယ်ဝန်ရှိနေသူ၊ အသည်းရောဂါရှိနေသူ၊ မျက်စိ သွေးကြောရောဂါရှိသူ၊ နှလုံးအတက် ရဘူးသူ၊ အီစထိုဂျင်သက်ရောက်မှုရှိတဲ့ ဥပမာ ရင်သားကင်ဆာရှိသူ၊ သွေးကြောပိတ်ရောဂါရှိသူ၊ အသည်းကင်ဆာ၊ နှလုံး-ဦးနှောက် သွေးကြောပိတ်ဘူးသူ၊ မိုင်ဂရင်းရောဂါရှိသူ၊ သရက်ရွက်ရောင်နေသူ၊ အသည်းရောင်အသားဝါရှိနေသူ၊ မွေးလမ်းကနေသွေးဆင်းတာ အကြောင်းရှာမရသူတွေ ဒီဆေးမသောက်သင့်ပါ။ ဝမ်းလျှောနေတာ၊ အန်တာ၊ ပိုးသေဆေး သောက်ထားရင် ဆေးထိရောက်မှုကို သက်ရောက်နိုင်တယ်။ ကိုယ်အလေးချိန်သိပ်များသူတွေမှာလဲ ထိရောက်မှု နည်းနိုင်တယ်။ ဆေးသောက်ဘူးကာစ ၃ လလောက်မှာ ကြားရက်သွေးဆင်းတာ၊ ဗိုက်အောင့်တာ၊ ဘေးထွက် သက်ရောက်မှု ပိုခံရတတ်တယ်။
ဘေးထွက်သက်ရောက်မှုများ
ရင်သား ကြီး-တင်း-နာ၊ နို့ရည်ထွက်၊ ဗဂျိုင်းနားစို၊ ကိုယ်အလေးချိန်တက်၊ စိတ်ကျ၊ စိတ်မူပြောင်း၊ စိတ်ကမခိုင်းပဲ ကိုယ်လှုတ်၊ ဝမ်းပျက်၊ ပျို့၊ အန်၊ ကိုယ်ရောင်၊ ခေါင်းကိုက်၊ မျက်ကပ်မှန် အဆင်မပြေဖြစ်၊ အသားဝါ၊ ရာသီမမှန်၊ သွေးဖိအားတက်၊ ဆီးချိုတက်၊ အရေပြားအနီပြင်ထွက်၊ ဗဂျိုင်းနားပိုးဝင်။ တားဆေးကို ပဌမဆုံးသောက်သူဆိုရင် ရာသီစလာတဲ့နေ့ကနေ စသောက်ရင် တလလုံးအတွက် ကာကွယ်မှုရမယ်။ ရာသီရပ်ပြီးမှ စသောက်ရင်တော့ ဆေးသောက်စ ၇ ရက်အတွင်း စိတ်မချရသေးပါ။ အတူမနေတာ ဒါမှမဟုတ် ကွန်ဒွမ် သုံးရမယ်။
ကိုယ်ဝန်တားဆေးရပ်လိုက်တဲ့နောက် ဘယ်လောက်ကြာမှ ကိုယ်ဝန်ရနိုင်သလဲ
၂၇-၉-၂ဝဝ၂ သတင်းတပုဒ်မှာ တားဆေးကြာကြာသောက်ခဲ့တဲ့ အမျိုးသမီးတွေမှာ ဆေးဖြတ်လိုက်ရင် သူများတွေထက် ကလေးပြန်ရတာ ပိုတောင်မှ လွယ်ကြသေးတယ်လို့ ပါခဲ့တယ်။ အင်္ဂလန်မှာ ၁၉၉ဝ ကျော်ကာလတွေတုန်းက ကလေးရချင်နေသူပေါင်း ၈၅ဝဝ ကို လေ့လာခဲ့တယ်။ တားဆေး ၅ နှစ်ကြာသောက်ခဲ့သူတွေထဲက ၇၅့၄% ဟာ နောက် ၆ လအတွင်း ကိုယ်ဝန်ပြန်ဆောင်ကြတယ်။ တားဆေး မသောက်သူတွေထဲက ရဝ့၅% ကသာ အဲလိုဖြစ်တယ်။ နောက်တနှစ်အထိစောင့်ရတဲ့ ကိန်းဂဏန်းမှာလဲ အတူတူဖြစ်နေပြန်တယ်။ ဆေးသောက်ခဲ့သူ ၈၉့၅% က ကလေးရပြီး၊ တားဆေးမသောက်ခဲ့သူတွေထဲက ၈၅့၄% သာ ကလေးရလာကြတယ်။
ဂျာမန်သုတေသနအရ ဆေးဖြတ်ပြီးပြီးချင်း ပဌမလတွေမှာ မ-မျိုးဥပြန်ထွက်လာနိုင်သူ ၅ရ့၉% ရှိတယ်။ ၁ဝ့၂၄% မှာ အဲလိုမထွက်ဘူး။ အတူတူ စမ်းသပ်ခဲ့တဲ့ ဆေးမသောက်သူထဲက ၃့၄၄% မှာလဲ မထွက်ဘူး။ တားဆေးသောက်ပြီး ဖြတ်လိုက်သူတွေမှာ နောက်ပိုင်း ရာသီစက်ဝန်း ပိုရှည်တတ်တယ်။ အရင်လို ပြန်ဖြစ်ဘို့ ၉ လအထိ ကြာနိုင်တယ်။ တချို့မှာ စောင့်စရာမလိုပါ။ တချို့က ခဏစောင့်ရမယ်။ ရာသီလာတာ ပုံမှန်ဖြစ်လာအောင် ထိန်းညှိနေအုံးမယ်။ တချို့ တနှစ်လောက် စောင့်ရနိုင်တယ်။ ဆေးရပ်လိုက်ပေမဲ့ ဆေးသတ္တိကျန်နေသေးအုံးမယ်။ ကိုယ်ဝန်ရဘို့ ပျမ်းမျှ ၂-၃ လ ကြာ စောင့်ရတတ်တယ်။ တားဆေးသောက်သူတွေထဲမှာ တခါမှကလေးမယူသေးသူနဲ့ အရင်ကလေးရှိဘူးသူ၊ နောက်ပြီး အသက်တွေက မတူကြဘူး။ ကလေးရဘူးသူတွေ နဂိုအနေပြန်ရောက်ဘို့ သူများထက် စောနိုင်တယ်။ ကလေးလဲ မယူဘူးသေး၊ အသက်လဲ ၃ဝ-၃၅ နှစ်ဆိုသူတွေက ရင်းစားပြန်ရဘို့ သူများတွေထက် ကြာနိုင်တယ်။
တဦးချင်းသိလိုသူတွေ မေးနည်းစည်းကမ်းအရ မေးနိုင်ပါတယ်။ တားဆေးတွေမှာ ဟော်မုန်းပါတယ်။ လူတိုင်းမှာ ဟော်မုန်းတွေရှိတယ်။ အနည်း-အများမတူကြပါ။ ကိုယ့်မှာရှိနေတဲ့ဟော်မုန်းနဲ့ သောက်တဲ့ ထိုးေဆေးထဲက ဟော်မုန်းတွေ ပေါင်းစပ်တော့ သက်ရောက်မှုတွေက တယောက်နဲ့တယောက် မတူကြပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment