တပြေးညီ

ဆရာခင်ဗျား ယနေ့ထုတ် သတင်းစာမှာ သုံးထားသည့် အချိန်နှင့် တစ်ပြေးညီ မှာ တစ် လို့ သုံးထားတာ မှန်ပါသလားခင်ဗျာ

ကျွန်တော်တို့သည် ဘယ်သောအခါမကမှ တပြေးညီ မဖြစ်ခဲ့ပါ။ ဆင်းရဲကြသည်။ ချမ်းသာကြသည်။ စာတတ်ကြသည်။ စာမတတ်ကြပါ။ ဘုရင်တွေလက်ထက်မှာ နန်းတော်ထဲမှာ ခစားရသူတွေ၊ ကျေးရွာဇနပုဒ် နယ်စွန်နယ်ဖျားမှာ နေရသူတွေ မတူခဲ့ပါ။

လွတ်လပ်ရေးရပြီး ၁၄ နှစ်ကြာ သည်အတိုင်းသာ။ အဲတာနဲ့ ဗခက နေဝင်းအာဏာသိမ်းတော့ ဆိုရှယ်လစ်ဖြစ်လာတယ်။ အားလုံးတပြေးညီစေရမယ်တဲ့ လောကနိဗ္ဗာန်တည်ဆောက်တယ်။ ပါတီဝင်နဲ့ ပါတီမဝင်တော့ မတူ။ တင်းပြည့်နဲ့ အရန်မတူ။

စာရေးနေကြတာ တယောက်တမျိုး။ တပြေးညီစေရမယ်လို့ လမ်းညွှန်တယ်။ မူကွဲ မရှိစေရ။ သတ်ပုံကျမ်းသစ် ထုတ်စေ။ အပြီးမသတ်လိုက်ပါ။ ၂၅ နှစ် ကြာတော့ အယ်လ်ဒီစီ တိုင်းပြည်ဖြစ်ပြီး၊ နောက်တနှစ်ကြာတော့ ပြိုကွဲရော။ မြန်မာ့ဆိုရှယ်လစ်ကို ရယ်စရာ ပြောကြတယ်။ လက်ငါးချောင်းကို ညီစေအောင် ရှည်နေတာတွေ ဖြတ်တဲ့။

နောက်စစ်အစိုးရက ပိုစွမ်းတယ်။ သတ်ပုံကျမ်းသစ် ၁၉၉၁ မှာ ထုတ်နိုင်တယ်။ ဆိုရှယ်လစ်လိုမဟုတ်။ တတွေကို ဆွဲဆန့်ပေးပါတယ်။ လက်သုံးလုံးစာ စာအုပ်ကို ပြန်ထုတ်တော့ လက်လေးလုံးစာဖြစ်လာတယ်။ အဲဒီ တပြေးညီ သတ်ပုံကျမ်းကတော့ ကနေ့အထိ အသက်ဝင်တယ်။ ပဌမ မှားသတဲ့။ သမတ မှားသတဲ့။ ဗမာ မှားသတဲ့။

အဲဒီကတည်းက (တစ်ပြေး) နဲ့ (စစ်ပြေး) တွေ အလွန်ကိုများလာပါတော့တယ်။ ကျွန်တော်ကတော့ အဲလိုရေးတာတိုင်းကို မဖတ်ပါ။ မဝယ်ပါ။ လက်ဆောင်လည်း မရချင်ပါ။ ကျွန်တော်သည် စသတ်ရမှာပျင်းသူဖြစ်၏။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ