Crow Pheasant ရွှေဘုတ်ကယ်အိုးအီ

၂၀၁၅ ခုနှစ်က ဒီလိုနေ့မှာ ရာသီဥတုသာယာ နေပူပါတယ်။ လေလည်းလာ အပြင်မှာထွက်လို့ ချွေးစို့ချင်တယ်။ ငှက်သံတွေက အများကြီးနဲ့ အမျိုးမျိုး၊ ငှက်ဆိုးတော့မရှိပါ။ တခါမှသတိမထားဘူးတဲ့ ငှက်မည်သံလည်းကြားတယ်။ တောမှာအနေများခဲ့ပေမယ့် အခုလို နိုင်ငံအကြီးကြီးက မြို့မှာနေရသူ အံသြယူရတယ်။ တောသူကတော့ သိတယ်။ ဘုတ်ငှက်အသံတဲ့။ မြန်မာပြည်ကို ချက်ချင်း သတိရစေပါတယ်။ 
ယဉ်ပေ့တောသူ
လေပြေငယ်သုတ်ပါလို့
ရွှေဘုတ်ကယ်အိုးအီ
အုံ့မှိုင်းငယ်ရီ
နေမှီအောင်တခိုလှမ်းခဲ့ရ
ကောက်ငန်းက သူပြန်ပုံမှာ
ခတ္တာငုံ ပန်းနှစ်ဆင့်ငယ်နှင့်
ပန်းဝင့်လို့ရွာကိုဝင် 
အမြင်ဆန်းပါဘိတယ်လေး။ 
ညဉ့်ချမ်းရယ်နေရီ
ချိန်တော်မှီ ကေသီပန်းနှင့်
ရေခပ်လမ်းမှာ စခန်းသင့်လို့
ထက်ဆင့်နီရောင် ချည်စိမ်းပေါင်နှင့်
ယဉ်အောင်တောသူ
သနပ်ခါးကွက် ပါးမှာကူလို့
အမူကြီးကမ်းကုန်ကို
ဘယ်မြို့ပုံသာချင်သောရယ်လို့
ပြောကြမယ်လေး။   ။ (ဦးကြီး)
ဘုတ်ငှက်ကို အင်္ဂလိပ်လို Greater Coucal နဲ့ Crow Pheasant (Centropus sinensis) လို့ခေါ်တယ်။
ဘုတ်ရိုသေ၊ ကျီးရိုသေစကားပုံရှိတယ်။ ကျီးငှက်ကလည်း ဘုတ်ငှက်ရဲ့ အမောက်အရောင်ကို ထုတ်ဖေါ်ချီးကျူး၊ ဘုတ်ငှက်ကလည်း ကျီးငှက်ရဲ့အမွှေးအရောင်ကို ထုတ်ဖေါ်ချီးကျူးတာ မှတ်သားလိုက်နာစရာဖြစ်တယ်။ 
ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်ခုနစ်ပါး
၁။ တောက်တဲ့၊
၂။ ဇီးကွက်၊
၃။ ရွှေပြည်စိုး၊
၄။ ယောက်ဖခွေးခေါ်ငှက်၊
၅။ တစ်တီတူး (တီတီတူးငှက် ယခင်သတ်ပုံစာအုပ်)၊
၆။ ဥဩငှက်၊
၇။ ဘုတ်ငှက်။
ကိုယ့်အမည်ကို ကိုယ်ဖော်ထုတ် မြည်တွန်တတ်သော တိရစ္ဆာန်သတ္တဝါများလို့ဆိုတယ်။ လူတွေလည်း မိမိဂုဏ်ပုဒ်ကို ထုတ်ဖော်ဝင့်ကြွားသူသည် မသူတော်များသာ ဖြစ်သည်လို့ဆိုကြတယ်။ အဲလိုဖွင့်ဆိုကြပေမဲ့ ကျွန်တော့်အမြင်နဲ့ ကွဲလွဲတယ်။ အသံမြည်တာကိုစွဲပြီး အကောင်တွေကို အမည်ပေးတာက လူတွေသာဖြစ်တယ်။ တိရစ္ဆာန်သတ္တဝါတွေရဲ့ အပြစ်လို့ မမြင်သင့်ပါ။
လူတွေ ကိုယ့်အမည်ဂုဏ်ပုဒ်ကို ကိုယ်တိုင်ထုတ်ဖော်ကြွားဝင့်ခြင်း၊ ကိုယ့်ဂုဏ်ကို ကိုယ်ဖော်ခြင်းတို့ဟာ လူကောင်းတို့ အပြုအမှုမဟုတ်ပါ။ တိရစ္ဆာန်တို့ အမူအကျင့်သာဖြစ်တယ်လို့ ရှုတ်ချ၍ဆိုနိုင်ပါတယ်။ ထောင်လွှားတက်ကြွခြင်း မာနသဘောက မသင့်မှန်ပါ။
ငါ 'ဒေါက်တာ၊ ဒေါက်တာ' နဲ့များ အော်မိနေသလား။ 

ဒေါက်တာတင့်ဆွေ
၂၂-၅-၂၀၁၅

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ