Iron supplement and Liver diseases သံဓါတ်နဲ့ အသည်းရောဂါ

၁။ အသည်းကင်ဆာ + အူမကြီးကင်ဆာ ၂မျိုးဖြစ်နေတဲ့သူကို သံဓာတ်အားကောင်းစေတဲ့အသီးအရွက်တွေကျွေးလို့ရပါလားရှင် လောလောဆယ်အူမကြီးကင်ဆာအတွက်ခီမိုသွင်းနေတာပါ
ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ အသည်းမကောင်းသူတိုင်း သံဓါတ်အားဆေး သတိထားရတယ်။
၂။ ဆရာရှင့် ကျမအသက် ၂၈ နှစ်၊ အမျိုးးသားအသက် ၃၁ နှစ်ပါ။ ကျမက ဘီပိုးရှိပါတယ်။ ခုတလော fb မှာ share နေကြတာ ဘီပိုးရှိသူကိုယ်ဝန်ဆောင်အမျိုးသမီး သံဓါတ်အားဆေးသောက်ရင်း အသည်းကင်ဆာအဖြစ် ပြောင်းလဲသွားကာ အသက်ဆုံးပါးပြီး လသားကလေးငယ်လေးကျန်ခဲ့တယ်ဆိုလို့ပါ။ ဗဟုသုတလေး ဖလှယ်ပေးပါဦးဆရာရှင့်။
ဆေးပညာစာ၊ သတင်းကို ဘယ်လိုလူကရေးသလဲ သိပြီးမှသာ လိုက်နာစရာ၊ ရှောင်စရာ၊ ကြောက်စရာ လုပ်သင့်ပါတယ်။ အဲလို အခြေအမြစ်မခိုင်မာတဲ့ ခြောက်လှန့်တဲ့သတင်းမျိုး ရေးသားသူ၊ ထုတ်ဝေသူ၊ မျှဝေသူတွေကို ရာဇဝတ်မှုကျူးလွန်သလိုသဘောထားသင့်တယ်။
အသည်းမကောင်းသူတွေ သံဓါတ်များတာတော့ မကောင်းပါ။ ဘီပိုး၊ စီပိုး ကူးစက်ခံထားရပေမယ့် နှစ်တွေကြာအောင် အသည်းကနိုင်အောင်လုပ်နိုင်သေးတယ်။ နာတာရှည်အသည်းရောင် ဖြစ်လာမှ အသည်းကအလုပ်နည်းလာတယ်။ အဲဒီအချိန်မှာသာ သံဓါတ်ကို လိုတာထက်မပိုသင့်ပါ။
နာတာရှည်အသည်းရောဂါဟာ သေဆုံးစေတဲ့ရောဂါတွေထဲမှာ နံပါတ် ၁ဝ ချိတ်တယ်။ (စီ) ပိုးကနေ ၇၅-၈ဝ% နာတာရှည်ဖြစ်စေတယ်။ အသည်းအစားထိုးရကလဲ သူ့ကြောင့်များတယ်။ ဒါ့ကြောင့် ကြိုတင်ကာကွယ်ရေးဟာ အလွန့်အလွန် အရေးပါတယ်။ အရက်ရှောင်တာကနေ စရမယ်။ (စီ) ပိုး ရှိနေသူမှာ (အေ) ရော (ဘီ) ပါ ထပ်ဝင်လာတတ်လို့ ကာကွယ်ဆေးတွေ ထိုးရပါမယ်။ ကိုယ်အလေးချိန် ချပါ။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။ မတည့်တဲ့ဆေးတွေရှောင်ပါ။
အသည်းနာတာရှည်ဖြစ်နေသူတွေနဲ့ မတည့်တာတွေထဲမှာ သံဓါတ်၊ ဗီတာမင် အေ၊ တခြား ဗီတာမင်တွေ ပါနေတယ်။ သံဓါတ်တွေ ပိုများလာစေတာမို့ ဆင်ခြင်ရတာဖြစ်တယ်။ နဂိုကတည်းက ၃ဝ% မှာ သွေးထဲမယ် သံဓါတ်တွေ များနေပြီ။ ဘီပိုး သယ်ပေးနေသူမှာ Down's syndrome ဦးနှောက်ရောဂါပါ ရှိနေရင် (ဟီမိုဂလိုဘင်) များမယ်၊ (ဟီမတိုခရစ်) လဲများနေတယ်၊ သံဓါတ်ပါများနေတယ်။ 
• သံဓါတ်တွေ များနေရင် စီပိုးကိုဆေးကုရာမှာ Ribavirin နဲ့ Interferon (IFN) ဆေးတွေကို ခံနိုင်ရည်ဖြစ်စေနိုင်တယ်။ 
• (ဘီ) ပိုးရှိနေသူမှာ သွေးထဲက သံဓါတ်ဟာ > 300 ng/mL ထက်များနေရင် ၉၃% မယ် IFN ဆေး မတိုးတာကို တွေ့ရှိရတယ်။
• (စီ) ပိုးကြောင့် အသည်းထိခိုက်တာဖြစ်လာရင် သံဓါတ်တွေသိမ်းထားတာများနေတယ်။ အကောင်တွေမှာ စမ်းတဲ့အခါ သံဓါတ်ဆေးပေးရင် ရောဂါပိုဆိုးစေတာတွေ့ရပေမဲ့ လူတွေမှာအဲလိုဖြစ်တယ်လို့ အတိအကျ မပြောနိုင်ဘူး။ 
• Hemodialysis သွေးလဲပေးရတဲ့လူနာတွေကို သံဓါတ်ပေးတာ မထူးခြားဘူး။ အသည်းရောင်ရောဂါ ထနေချိန်ဆိုရင်တော့ မကောင်းဘူး။ သံဓါတ်ကို သွေးကြောထဲ ထိုးပေးရင် အသည်းကို မကောင်းဖြစ်လာစေဘို့ အခွင့်အလမ်း နဲနဲလေးပိုရှိတယ်။ ဘာဘဲဖြစ်ဖြစ် ဆေးကုနေသူတွေကို သွေးထဲက သံဓါတ်အခြေအနေကို စစ်နေသင့်တယ်။ 
• ဘီပိုးသယ်ဆောင်ပေးနေသူတွေမှာ တခြားသူတွေထက် သံဓါတ်ကဲနေတာ တွေ့ရတယ်။ လူတိုင်းလဲ မဟုတ်ပြန်ဘူး။ ကင်ဆာအကျိတ်ကြီးစေဘို့ သံဓါတ်လိုတယ်လို့ ယူဆတယ်။
• နာတာရှည်အသည်းဝေဒနာသယ်တွေမှာ အသည်းထဲမှာရော သွေးထဲမှာပါ သံဓါတ်ကဲနေတယ်။ ဒါပေမဲ့ ဘီပိုးသယ်ပေးနေသူတွေ ဖြစ်တာတော့ ရှားပါးတယ်။ 
• အသည်းရောင် ဘီပိုး နဲ့ စီပိုး ရှိသူတွေမှာ သွေးအားနည်းရောဂါ ရလာတတ်တယ်။ ဒါမျိုးကို Autoimmune hemolytic anemia လို့ခေါ်တယ်။ Aplastic anemia/pancytopenia ဆိုတာကတော့ ဖြစ်ခဲတယ်။
အစားအသောက်ထဲမှာပါတဲ့ သံဓါတ်ကြောင့် ရောဂါဆိုးတယ်ဆိုတဲ့ အထောက်အထားတော့ မတွေ့သေးပါ။ မေးတဲ့သူကို သံဓါတ်ဆေးတိုက်ဘို့ မသင့်ပါ။ စိတ်ချရအောင် အစားအစာကိုသာ ဂရုစိုက်စားရင် ကလေးအတွက် နည်းမှာလဲ မပူရပါ။ အမှန်က ကလေးအတွက်ကို သိပ်မပူရပါ။ ကလေးကိုလိုတာတွေ ပေးရလို့ မိခင်မှာ နည်းသွားတတ်တာသာ ရှိပါတယ်။ ကိုယ်တိုင် နေကောင်းအောင်လုပ်ပါမှ ကလေးအတွက်ပါ ကောင်းစေတယ်လို့ သဘောထားသင့်ပါတယ်။
အသည်းကို ဒုက္ခပေးနိုင်တဲ့ တခြားဆေးတွေရှိတယ်။
• NSAID အများသုံး (စတီရွိုက်) မပါတဲ့ အနာသက်သာဆေးတွေ။ Paracetamol ပါရာစီတမောလို့ လူသိများပြီး အမေရိကမှာ Acetaminophen (အစီတာမိုင်နိုင်ဖင်) ခေါ်တာကို တနေ့မှာ 2 g per day ထက်မပိုရင်တော့ ကိစ္စမရှိပါ။ 
• Antidepressants စိတ်မကျဆေးတွေ၊
• Muscle relaxants ကြွက်သားပျော့ဆေးတွေ၊ 
• Bupropion (Wellbutrin), Chlorpromazine (Thorazine), Tricyclic antidepressants စိတ်ရောဂါဆေးတွေ၊ 
• Phenytoin (Dilantin), Valproic acid (Depakene) အတက်ကျဆေးတွေ၊ 
• Statins, Nicotinic acid (Niacin; Nicolar) အဆီလျှော့ဆေးတွေ၊
• Estrogens (အီစထိုဂျင်) ဆေး၊ Anabolic steroids ကိုယ်ခန္ဓာ သန်စွမ်းစေဘို့သုံးတဲ့ စတီရွိုက်ဆေးတွေ၊
• Acarbose (Precose), Pioglitazone (Actos), Sulfonylureas ဆီးချိုဆေးတွေ၊
• Antibiotics ပဋိဇီဝဆေးစာရင်းထဲမှာ Amoxicillin–clavulanate potassium (Augmentin), Erythromycin, Isoniazid (INH), Nitrofurantoin (Furadantin), Tetracycline ဆေးတွေပါတယ်။
• Antifungal agents မှိုဆေးတွေထဲမှာ Fluconazole (Diflucan), Itraconazole (Sporanox), Ketoconazole (Nizoral) တွေပါတယ်။
• အသီးအရွက် စတာတွေကနေထုတ်တဲ့ (ဟာဗယ်) ခေါ် ဘယဆေးတာတွေလဲ စိတ်မချရတာတွေ ရှိတယ်။ Etretinate (Tegison), Tamoxifen (Nolvadex), Testosterone, Halothane (Fluothane), Methotrexate (Rheumatrex), Selected Potentially Hepatotoxic Supplements, Amanita species, Asafetida, Bush herbal teas, Chaparral, Comfrey, Echinacea, Gentian, Germander, Jin bu huan, Kalms tablets, Mistletoe, Nicotinic acid, Pennyroyal oil, Valerian, Senna fruit extracts တွေဖြစ်တယ်။ Herbal remedies Milk thistle ကိုတော့သုံးနိုင်တယ်။ 
အသည်းကင်ဆာလူနာဆုံးပါးရတာဟာ သံဓါတ်ကြောင့်ပါလို့ ဘယ်ဆရာဝန်ကမှ သေဆုံးရတဲ့ အကြောင်းရင်း အဖြစ် မပြောပါ။ ဇာတ်နာအောင် ကလေးငယ်လေးကျန်ရစ်တယ်ဆိုတဲ့ (ရသ) ဟာ အပြစ်ကြီးလေးတယ်။ 
Cirrhosis Diet အသည်းခြောက် အစားအသောက်
၃။ ဆရာခင်ဗျား အသည်းခြောက်ရောဂါရှိသူတွေကို ဆရာဝန်တွေက သံဓာတ်ပါတဲ့ အားဆေးတွေကို ရှောင်ခိုင်းတယ် အဲဒါ သံဓာတ်ပါတဲ့အစားအသောက်တွေကိုကော ရှောင်ရမှာလားဆရာ ကျေးဇူး ပြုပါခင်ဗျား
နာတာရှည်အသည်းမကောင်းသူတွေ သံဓါတ်များတာ မသင့်ပါ။ အသည်းကို ပိုမိထိခိုက်စေနိုင်တယ်။
၄။ အသည်းခြောက်ရာဂါအတွက် ဘာတွေစားသင့်ပါသလဲဆရာ။
၅။ ဆရာရှင့် သမီးမေမေက အသည်းခြောက်နေတာပါ။ ဟင်းနုနွယ်၊ ကိုက်လံ၊ ပဲပင်ပေါက်တို့နဲ့ မတည့်ဘူးလို့ ပြောလို့ပါ။ ဟုတ်ပါသလားရှင့်။ ဒီရောဂါရှင်တွေအတွက် သင့်တော်တဲ့ အစားအစာလေးတွေကို ပြောပြပေးစေလိုပါတယ်ရှင့်။
၆။ ဆရာ ကျွန်တော်က နယ်စပ်မှာ ကျန်းမာရေးလုပ်သားဆေးမှူးလုပ်နေပါတယ်။ ဆေးစာတွေမှာ အသည်းခြောက်နေသူဟာ အသားဓါတ်မစားနဲ့ စားပါဆိုပြီး ဖတ်ရတယ်ဆရာ။ ဘယ်ဟာက မှန်ပါသလဲ။
အသည်းခြောက်နေသူဟာ အသီးတွေ၊ အသီးအနှံတွေ၊ ဖြူဖွေးသွားအောင်လုပ်မထားတဲ့ ဆန်-ဂျုံ နဲ့ အဲဒီကလုပ်တဲ့ အစားအစာတွေနဲ့ သင့်တော်တဲ့ (ပရိုတင်း) ဓါတ်ပါအစားတွေက ကောင်းပါတယ်။
နေ့စဉ်ဗီတာမင်တွေပါဖြည့်သောက်တာ ကောင်းတယ်။ (ကေ)၊ (အေ)၊ (ဒီ) နဲ့ (အီး) လိုနိုင်တယ်။ သိထားဘို့က မျှတ-လုံလောက်တဲ့ အစားအစာတွေစားနေသူမှာ ဒီဗီတာမင်တွေက ပါနေပြီးဖြစ်တယ်။
ဘာတွေရှောင်ရမလဲ (၁) အရက် နဲ့ (၂) အဆီများအစားအသောက်တွေဖြစ်တယ်။
အသည်းခြောက်တာက အရက်မသောက်လဲဖြစ်ပေမဲ့ အသည်းခြောက်နေသူတိုင်း အရက်ရှောင်သင့်တယ်။
အဆီကို အသည်း (အသည်းအရည် + သည်းခြေရည်) ကချက်လုပ်တာမို့ အသည်းခြောက်နေရင် မချက်နိုင်ပါ။ သတိထားဘို့က အဆီ+ ဆီကို လုံးဝရှောင်ဘို့မဟုတ်ပါ။ အနည်းဆုံးလိုအပ်ချက်ရဘို့လိုတယ်။ ဒါကြောင့် ကောင်းတဲ့ဟင်းချက်ဆီ၊ အစေ့အဆံတွေ၊ ငါးနဲ့ အသီးအနှံအဆီတွေစားသင့်ပါတယ်။
အသည်းခြောက်သူတွေမှာ နောက်ဆက်တွဲဖြစ်နိုင်တာ (၃) မျိုးရှိတယ်။ (၁) Ascites ရေဖျင်း၊ (၂) Hypoglycemia သကြားဓါတ်နည်းတာနဲ့ (၃) Encephalopathy ဦးနှောက်ထိခိုက်တာ။
Ascites ရေဖျင်းရှိနေသူဆိုရင် ဆားလျှော့ရမယ်။ ခေတ်ပေါ် ဆိုင်ကနေ အလွယ်ဝယ်ရတဲ့ အစားအသောက်တွေမှာ (ဆိုဒီယမ်) ဓါတ် များကြတယ်။
Hypoglycemia သကြားဓတ်နည်းနေသူဆိုရင် အစားကို အကြိမ်များများ စားပေးရမယ်။
Encephalopathy ဦးနှောက်ကိုထိခိုက်မှုရှိနေသူဆိုရင် အသည်းရောင်နေသူတွေလိုဘဲ (ပရိုတင်း) ဓါတ်ကို နိုင်အောင် အလုပ်လုပ်မပေးနိုင်ဘူး။ ဒါကြောင့် သွေးထဲမှာ (ပရိုတင်း) ဓါတ်တွေ ပိုများနေမယ်။ (အမိုးနီးယား) ဓါတ်တွေ များနေမယ်။ ဦးနှောက်ကို ထိခိုက်စေတယ်။ ဒါကြောင့် (ပရိုတင်း) လျှော့စားသင့်တယ်။
Cirrhosis Liver Prognosis အသည်းခြောက်ရောဂါ အလားအလာ https://dr-tint-swe.blogspot.com/2021/06/cirrhosis-liver-prognosis.html
Cirrhosis အသည်းခြောက်ရောဂါ https://dr-tint-swe.blogspot.com/2022/05/cirrhosis.html
Liver cancer အသည်းကင်ဆာ https://dr-tint-swe.blogspot.com/2021/05/liver-cancer.html
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ