Laxative Abuse ဝမ်းနုတ်ဆေး တလွဲသုံးခြင်း
ပါ ကို ပာ လို့ ၂ ခါ၊ ဒါကို ဒာ လို့ တခါရေးထားတယ်။
ဝမ်းနုတ်ဆေးကို တလွဲသုံးတဲ့သူတွေ မနည်းပါ။ ကျွန်တော်အထက်တန်းကျောင်းတုံးက ဆရာတဦးကနေ စာမသင်ခင် နေ့တိုင်း ၅ မိနစ်လောက်ကြာ သုတဖြစ်စရာတခုခုပြောတာထဲမှာ ဝမ်းနုတ်ဆေးကောင်းကြောင်းလည်းပါတယ်။ အခုလို ရေးရတာက ဆရာ့ကိုစော်ကားသလိုတော့ဖြစ်ပါမယ်။ ကျွန်တော်က ဆရာသင်ပေးလိုက်တဲ့သချင်္ာနဲ့ ဆရာဝန် ဖြစ်လာတာပါ။ ကန်တော့ပါဆရာ။
မြန်မာပြည်မှာ ဝမ်းနုတ်ဆေးသောက်တာ အပုပ်အညစ်အကြေးကင်းစင်စေတယ်လို့ယူဆကြတယ်။ တချို့က ကိုယ်အလေးချိန်ကျစေမယ်ယူဆကြတယ်။ ဝမ်းနုတ်ဆေးသောက်ရင် အစာလမ်းမှာရှိတာမှန်သမျှကို ဆေးကြောင့် ထွက်သွားစေတယ်။ ကိုယ်ခန္ဓာအတွက်လိုအပ်တာတွေလည်း ဆုံးရှုံးစေတယ်။ အစာအဟာရဖြစ်မှာတွေလည်း နည်းစေတယ်။ ရေနဲ့ဓါတ်ဆားတွေကုန်ခမ်းစေတယ်။ ဆိုဒီယမ်၊ မက်ဂနီဆီယမ်နဲ့ ပိုဆက်ဆီယမ်ဓါတ်ဆားတွေ နည်းသွားစေမယ်။ အဲတာတွေက ကြွက်သားတွေကိုအလုပ်လုပ်ပေးနေတဲ့ အာရုံကြောတွေကို အားနည်းသွားစေတယ်။ အူမကြီးနဲ့ နှလုံးကြွက်သားတွေကိုထိခိုက်စေတာကဆိုးတယ်။ ရေ + ဆာခမ်းခြောက်တာဖြစ်စေမယ်။ များရင် များသလို ခြေလက်တုန်မယ်။ အားနည်းနေမယ်။ မျက်စိအကြည့် ဝေဝါးစေမယ်။ သတိလစ်ချင်သလိုဖြစ်နိုင်တယ်။ ကျောက်ကပ်ကို ထိခိုက်မယ်။
Laxative dependency ဆိုတာ ဝမ်းနုတ်ဆေးအပေါ်မှီခိုနေရတဲ့ဘဝဖြစ်လာစေမယ်။ အဲတာမသောက်ရင် မသွားတော့တဲ့ အကျင့်ကို လုပ်ယူရာကျတယ်။ ကြာတော့ ဆေးအလေးချိန်ပိုမှသာ ဝမ်းကသွားတော့မယ်။ ပိုပိုဆိုးလာစေနိုင်တယ်။ Lazy colon ငပျင်းအူမကြီးလို့ခေါ်တယ်။ ပိုးလည်းဝင်လွယ်မယ်။ Irritable Bowel Syndrome ဆိုတာလည်းဖြစ်စေနိုင်တယ်။ ရှားပါးပေမယ့် ဖြစ်နိုင်တာတခုက အသည်းကိုထိခိုက်တာ။ အူမကြီးကင်ဆာအထိ စဉ်းစားရတယ်။
ဝမ်းဆိုတာအကျင့်ဖြစ်တယ်။ ဝမ်းချုပ်သူတွေ ဖိုက်ဘာများတဲ့အစားအသောက်ကနေ ဝမ်းမှန်စေတယ်။ ရေ + အရည် များများသောက်ရတယ်။ ကိုယ်လက်လှုပ်ရှားမှုလည်း မနည်းရပါ။ လိုအပ်လို့ ဝမ်းသွားစေတဲ့ဆေးသောက်ရင်လည်း ဆေးရွေးရတယ်။ ဝမ်းနုတ်ဆေးတွေက အလုပ်လုပ်ပုံခြင်းမတူကြပါ။
• Benefiber, Citrucel, FiberCon, Metamucil တွေကို Bulk-forming laxatives ထုထည်များစေတဲ့ဆေးလို့ ခေါ်တယ်။
• Dulcolax နဲ့ Senokot ဆေးတွေကို Stimulant laxatives နှိုးဆွပေးတဲ့ဆေးလို့ခေါ်တယ်။
• Milk of Magnesia, Miralax ကို Oral Osmotics လို့ခေါ်တယ်။
• Colace, Surfak ကို Oral Stool softeners လို့ခေါ်တယ်။
• Bisacodyl, Pedia-Lax, Dulcolax တွေကို Rectal stimulants လို့ခေါ်တယ်။
• ဝမ်းနုတ်ဆေးမတူတာတွေကိုရောထားတဲ့ Combination laxatives ဆေးမျိုးလည်းရှိတယ်။
အသက် (၆) နှစ်အောက် ဝမ်းနုတ်ဆေး မပေးသင့်ပါ။ ကိုယ်ဝန်ဆောင်နေရင်လည်း Bulk-forming laxatives နဲ့ stool softeners တွေကိုသာသုံးသင့်တယ်။ Stimulant laxatives ဆေးမျိုးက ဒုက္ခပေးနိုင်တယ်။ ကလေးနို့တိုက်ချိန်မှာလည်း သတိထားရမယ်။
တချို့ဝမ်းနုတ်ဆေးတွေက သောက်နေတဲ့ဆေးတွေနဲ့ဓါတ်ပြုနိုင်တယ်။ ဥပမာ Warfarin (Coumadin) သွေးကျဲဆေး။ ဝမ်းနုတ်ဆေးသောက်လို့ ကံမကောင်းရင် အူအတက်ရောင်ဖြစ်စေနိုင်တယ်။ အူလမ်းပိတ်တာ ဖြစ်စေနိုင်တယ်။
အဲဒီ ကျန်းမာရေးနဲ့မညီညွတ်တဲ့အကျင့်ကိုဖျောက်ရတာ ခက်တော့ခက်တယ်။ မယုံလို့လည်းပါတယ်။ အသိရှိတာတောင် ပြန်ပြင်ရတာမှာ ဆေးပညာရှင်အုပ်စုလိုက်ကနေ လုပ်ပေးရတတ်တယ်။ အထွေထွေရောဂါကုဆရာဝန်၊ စိတ်အထူးကု ဆရာဝန်၊ ဆွေးနွေးပြောဆိုပေးမယ့် ကောင်ဆယ်လာတွေပါရတယ်။ အာဟာရကျွမ်းကျင်သူလည်းလိုတယ်။ ဆွေမျိုး မိတ်ဆွေကလည်းဝိုင်းကူမှရတယ်။
ဒေါက်တာတင့်ဆွေ
ကျေးဇူးတင်ပါတယ် ဆရာကြီး။
ReplyDeleteကျေးဇူးတင်ပါတယ် ဆရာရှင့်။
ReplyDelete