Prone Positioning မှောက်လျက်အနေအထား
ဆရာရှင့် ကိုဗစ်ဖြစ်တဲ့ လူနာက အမြဲတမ်း မှောက်နေရမှာလားရှင့် ပက်လက်နေရင်း အောက်ဆီဂျင် 95% ကျော်နေရင်ရော ပက်လက်နေလို့ရလားရှင့် မှောက်ရင် ရင်ဘတ်တွေ နာလို့ပါဆရာ
ကိုဗစ်အတွက် မှောက်ပါ လှန်ပါ၊ ရေမချိုးနဲ့ ချိုးပါ၊ လေ့ကျင့်ခန်းလုပ်ပါ၊ ဖြည့်စွက်စာ စတာတွေက အရေးမပါပါ။ လူနာကို မှောက်အိပ်ခိုင်းထားတာနဲ့ အကုန်ကောင်းတော့မယ် ထင်မထားပါနဲ့။ လူတိုင်းဟာ တနေကုန် အနေအထားပြောင်းကြရတယ်။ အိ်နေစဉ်မှာလည်း ပြောင်းတယ်။ အရေးမပါတာတွေသာ အရေးစိုက်ပြီး ကာကွယ်နည်းအစစ်အမှန်နဲ့ ကုသနည်းအမှန်ကို မေ့နေကြသူတွေ များနေတယ်။
လူတိုင်း အနေအထား ၅ မျိုးလုံးမှာ အောက်စီဂျင်ပြည့်ဝမှု တူညီပါတယ်။ လေ့လာမှုလုပ်တော့ ခါးမတ်မတ် ထိုင်နေခြင်းမှာ အောက်စီဂျင်ပိုများတာ တွေ့ရတယ်။ ပက်လက်အနေအထားက အနည်းဆုံး။
အနေအထားပြောင်းတိုင်းမှာ ventilation-perfusion rates အသက်ရှူခြင်း-သွေးရခြင်းနှုန်း၊ oxygen transport အောက်စီဂျင် သယ်ပို့ခြင်းနဲ့ lung volume အဆုတ်ထုထည်တွေ အပြောင်းအလဲရှိတယ်။ အဲဒါဟာ ပုံမှန်အဆုတ်ရှိသူတွေအတွက် မှန်တယ်။
ပုံမှန်အားဖြင့် လူတိုင်း အိပ်နေစဉ်မှာ အောက်စီဂျင် နည်းတယ်။ အသက်ရှူတာလည်း နည်းလို့ဖြစ်တယ်။ လမ်းလျှောက်နေစဉ်မှာ 94% ကျော်မယ်။ အိပ်နေစဉ်မှာလည်း 88% ထက်တော့ မကျပါ.
ဘယ်အနေအထားမှာ အောက်စီဂျင်အများဆုံးရသလဲ လေ့လာမှုတွေရှိပေမဲ့ အများကြီးတော့ မဟုတ်လှပါ။
မှောက်လျက်အနေအထားကနေ အောက်စီဂျင်ရရှိမှု တက်စေတယ်။ V′/Q′ တိုးတက်မှု ရှိတယ်လို့ ခေါ်တယ်။ physiological shunt ဇီဝကမ္မဖြစ်စဉ်နည်းစေလို့ ဖြစ်တယ်။
ပက်လက်အနေအထားမှာ အဆုတ်ပေါ်ကို နှလုံးနဲ့ ဝမ်းဗိုက်ထဲကအင်္ဂါတွေက ဖိထားသလိုနေတယ်။ မှောက်လျက်အနေအထားက အဆုတ်ထုထည်တိုးစေတယ်။ သွေးလည်ပတ်မှုကို အသစ်ဖြစ်စေတယ်။ အဆုတ်ရဲ့ ကျောပိုင်းကို ပိုအသုံးချနိုင်တယ်။ အသက်ရှူမှုဖြန့်ဝေတာကိုလည်း ညီမျှစေတယ်။
Prone Positioning for Acute Respiratory Distress Syndrome (ARDS) အသက်ရှူမကောင်းတဲ့ရောဂါနဲ့ မှောက်လျက်အနေအထား
ARDS ဆိုတာ ရောင်ရမ်းဖြစ်စဉ်များလို့ အဆုတ်က မကောင်းပါ။ COVID-19 ကိုဗစ်နဲ့ တုပ်ကွေးကနေ ARDS ဖြစ်စေနိုင်တယ်။ အသက်ရှူခက်ခဲကြတယ်။
အများအားဖြင့် ပက်လက်အနေအထားမှာထားတယ်။ Ventilator ခေါ် အသက်ရှူစက် တပ်ထားရတဲ့ ဆေးရုံတင်လူနာတွေကို မှောက်လျက်ထားတယ်။
မှောက်လျက်အနေအထား ပြောင်းတဲ့အခါ သတိထားစရာတွေရှိတယ်။ အသက်ရှူပိုက် ပိတ်မှာနဲ့ သွေးဖိအားကျမှာ။ ဆေးရုံတွေမှာ လေ့ကျင့်သင်ကြားထားသူတွေက လုပ်ဆောင်ပေးရမယ်။ ဆေးရုံအများစုက အဲလိုလူနာတွေကို တနေ့မှာ ၁၂ နာရီသာ ထားကြတယ်။ လမ်းညွှန်မှု မတူတာတော့ရှိတယ်။
အသက်ရှူစက်တပ်မထားတဲ့လူနာတွေကိုလည်း မှောက်လျက်အနေအထား စမ်းသပ်မှုတွေ လုပ်ပါတယ်။ လူနာ ပိုသက်သာလာ မလာ၊ ပိုဆိုး မဆိုး စောင့်ကြည့်နေရမယ်။
မှောက်လျက်အနေအထားကြာရင် လူနာမှာ pressure ulcers ခေါ် ဖိအားကြောင့်အနာဖြစ်မှာလည်း သတိထားရမယ်။ အာရုံကြောတခုခုထိခံနေရမှာလည်း သတိထားရမယ်။
အရေးပေါ်ဖြစ်လာလို့ လူနာကို CPR ခေါ် နှလုံး အဆုတ်ပြန်လည်အလုပ်လုပ်စေခြင်းနည်း လိုလာရင် မှောက်လျက်အနေအထားက မသင့်တော်တော့ပါ။
မြန်မာပြည်အတွက် အကြံပြုလိုတာရှိတယ်။ လူနာကို မှောက်ထားတာနဲ့ အကုန်ကောင်းလာလိမ့်မယ်လို့ မျှော်မထားသင့်ပါ။ အောက်စီဂျင်ကျတာ တခုတည်းသာပြဿနာ မဟုတ်ပါ။ ကိုဗစ်ပိုးကို ခုခံအားက အနိုင်တိုက်နိုင်မှသာ ကောင်းလာမယ်။ တချို့လူနာတွေ အထူးဆေးတွေ လိုတယ်။ ဥပမာ ဒက်ဆာမီသဇုန်း၊ ဗိုင်းရပ်စ်ဆေး၊ သွေးမခဲဆေး၊ သွေးရည်ကြည်နဲ့ ကိုဗစ်အင်တီဘော်ဒီဆေး။ လိုအပ်ချက် မတူကြပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment