Summer holiday နွေကျောင်းပိတ် အတိတ်သတိရ

သူများစာရေးမှားတာတွေကို လိုက်ပြင်နေသူလို့ နာမည်ဆိုးထွက်နေတဲ့ကျွန်တော်လည်း စာရေးတာ မှားလေ့ရှိပါသည်။ စာတွေရေးစက ပိုမှားသည်။ သိတိုင်းလိုက်ပြင်ပါသည်။ အမှားတွေ မကုန်သေး။ ကန်တော့ + ဆောရီး။ ဒီစာကို ၂၀၁၃ ခုနှစ်မှာရေးတာ။ ငယ်သူငယ်ချင်းတယောက်က ကူးတင်ပေးထားတာကို အမှတ်မထင် ပြန်တွေ့တော့ သတ်ပုံမှား ၃ လုံးပါလို့ ပြင်လိုက်ပြီ။
(မုံရွာ၊ ‘စတိတ်တူး’ ကျောင်း၊ ရတနာပုံရပ်ကွက်၊ ချင်းတွင်းမြစ်၊ ညောင်ပင်ကြီးဆိပ်ကတဆင့် နွေရာသီကျောင်းပိတ်ရက်မှာ ပုလဲမြို့နယ်၊ မင်းရွာကို အလည်ပြန်တာကို နွေတုန်းကရေးထာတာပါ၊ ညောင်ပင်ကြီးသား ဆရာဝန်တယောက်ဆီက ဓါတ်ပုံအဆင်ပြေတာရလို့ ပြန်တင်တာ ဖြစ်ပါတယ်။)
• ကျောင်းလွယ်အိတ်ထဲက စာအုပ်တွေထုတ်၊ 
• မစုတ်သေးတဲ့ပုဆိုးနဲ့အင်္ကျီ နှစ်ထည်စီထည့်၊ 
• စွပ်ကျယ်မလို ဘောင်းတီတိုလည်း နှစ်ထည်၊ 
• ရွာလည်ပြန်မှာ သွားတိုက်တံမလို၊ ဗိုလ်ကေဖီးဘို့ ဘီးမလို၊ 
• ခုံဖိနပ်တို အိမ်မှာထား၊ (ဆင်ကြယ်ဖိနပ်၊ ရာဘာဖိနပ်တွေ မပေါ်သေးတဲ့ကာလ) အမေက တာယာဖိနပ် စီးသွားတဲ့။ 
• ထွက်မဲ့ကားမီအောင် အသော့နှင် ခြေလျင်နဲ့ မြစ်ဆိပ်ဆင်း၊ 
• သူငယ်ချင်းတွေ မေးငေါ့၊ ငါရွာအလည်သွားတော့မယ်ပေါ့။ 
• ချင်းတွင်းမြစ်ကြီး ကူတို့စီးပြီး ညောင်ပင်ကြီးကူး၊ 
• ကားမူးတတ်ပေမဲ့ ကားမူးပျောက်ဆေးဆိုတာ မသိသေး၊ 
• ချွေးထွက် ဖုန်ထူလို့ လူကိုဘာဖြစ်သလဲ မသင်ဘူးသေး၊ 
• သွေးဆိုတာ နီတာကလွဲရင် မပြောတတ်သေး။ 
• ယာဉ် ၃ တန်၊ ကုန် ၃ တန်၊ 
• စစ်ကျန် ချက်ပလက်ကား၊ ပုလဲသွားဘို့ စောင့်နေ၊ 
• နေပူရင် ကုက္ကိုပင်အောက်ခို၊ ဟိုဟိုသည်သည် ကြည့်စရာမရှား၊ 
• စကားပြောတာ နားထောင်၊ အမောင်ကျောင်းသား ပညာပွါး။ 
• မော်တော်တခါဆိုက် ခရီးသည်တသိုက်တိုး၊ ကုန်ကလည်း အမျိုးမျိုး၊ 
• ပိုးထည်မပါ၊ ချွေးခံအင်္ကျီ၊ ဇာဘော်လီမတတ်နိုင်၊ နိုင်လွန်ခပ်ရှားရှား၊ 
• အဝတ်အစား ပါးတာမသုံး၊ တုံးတယ်လို့အပြောခံရတဲ့ မြစ်အနောက်ဖက်သား။ 
• လက်ဖက်စို၊ လက်ဖက်ခြောက်၊ သောက်စရာဆေးလိပ် တံဆိပ်ကမျိုးစုံ၊ 
• ကုန်ခြောက်၊ ငါးခြောက်၊ မီးခြစ်ကျောက်၊ ဆေးတံသောက်ဆေး၊ မြန်မာဆေး၊ 
• ကလေး သွားရည်စာ၊ ဘုန်းကြီးကန်တော့စရာ၊ ကရေကရာ၊ ကြံသကာ၊ 
• နေကြာစေ့လှော်မပါ၊ 'ကိုလာ' မရှိ၊ 'ဂျန့်ဖုဒ်' မသိ။ 
• ထယ်သွား၊ ပေါက်ပြား၊ ဓါး၊ 
• နွားဖါးကြိုး၊ ပြောင်းဖူးဖက်ဆေးလိပ်ခြည်တဲ့ကြိုး၊ 
• ပုဆိုးချော၊ ပိတ်ချောနဲ့ ပေါ်ပလင်၊ လူမြင်မှာဝတ်စရာ သရက်ထည်လည်းပါရဲ့။ 
• နှစ်နာရီစောင့်အပြီး ကားကြီးပေါ်လူစုံကုန်ပြည့်၊ တရွေ့ရွေ့ထွက်ချေပြီ၊ 
• မြို့နေကျောင်းသား ကားပေါ်မှာထိုင်စရာ၊ ဆန်အိပ်ထက် ကောင်းတာမရှိ၊ 
• နောင်အနှစ် သုံးလေးဆယ်အကြာ အမတ်ဖြစ်မယ်သာ သိကြရင်တော့ ခေါင်းခန်းကပေါ့။ 
• ရေတိုင်ကီ ရေဆူရင် ကားနား၊ ကြားရွာမှာ ဆင်းမဲ့လူရှိရင် ကားရပ်၊ 
• မတ်တတ်သစ်ပင် ရေချမ်းစင်မှာ အရိုးတပ်အုန်းမုတ်ခွက်နဲ့သောက်ရေဟာ ပုလင်းရေထက်အေးမြ၊ 
• ရေကတဆင့်ကူးစက်ရောဂါ မပေါလှသေးပါ။ 
• နှစ်ဆယ့်ရှစ်မိုင်ခရီး သုံးနာရီစီးပြီး ခရီးဆုံးရောက်၊ 
• အနောက်မှာ နေဝင်ပြီ၊ ရေနံဆီမီးခွက်အလင်းနဲ့ ကားပေါ်ကဆင်း။ 
• ရွာက လာကြိုတဲ့လှည်း မှောင်မဲမဲမှာရှာ၊ 
• ဆာလို့လည်း ဘာဆိုင်မှမရှိ၊ 
• သိထားတဲ့အမေက ထမင်းချိုင့်လေး ထည့်ပေးလိုက်တာထက် မြိန်တဲ့အစာ ငါ့ကမ္ဘာမှာမရှိ၊ 
• တအိအိနဲ့လှည်း မှောင်ထဲမှာ နွားဆွဲရာလိုက်ပါ၊ 
• သုံးတိုင်-ခြောက်မိုင်အကွာက မွေးရပ်ရွာသည်၊ ငါ့နွေရာသီစံနန်း ဖြစ်တော့သည်။ 
(စာကိုသာကြိုးစား၍ လိမ်မာရေးခြားရှိသေးတဲ့အရွယ်မှာ ‘စာဥ’ မပါ၊ ရွာမှာလဲ ‘ထွေးညို’ မရှိသေးပါ။)
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ