Wrapping babies မွေးကင်းစကလေးကို အနှီးဝတ်နဲ့ပတ်ခြင်း

၁။ ဆရာခင်ဗျား ဒီပိုစ့်နဲ့တော့မဆိုင်ပါဘူး။ ကျနော်တို့မြန်မာနိုင်ငံမှာ ကလေးကို မွေးပြီးပြီးချင်း အနှီးနဲ့ လက်ခြေထောက် တကိုယ်လုံးကို လှုပ်မရအောင် ကြပ်ထုတ်(ထုပ်) နေအောင် ထုတ်(ထုပ်) ထားကြတယ်။ ထုတ်(ထုပ်)ထားသင့်သလားလို့ သိချင်ပါတယ်ဆရာ။

၂။ မထုတ် (ထုပ်) ထား (ထုပ်မထား) သင့်ဘူးလို့တော့ ထင်တာပဲ။
ကလေးကို အနှီးဝတ်နဲ့ထုပ်ထားတာကို အယူအဆ နှစ်မျိုးရှိတယ်။ ထုပ်ပတ်ပေးထားရင် ကလေးကောင်းကောင်း အိပ်စေမယ်ဆိုတာတခု။ တချို့ကအဲတာကို သဘောမတူကြပါ။ ကိုယ်သဘောကျတာကိုယူနိုင်ပါတယ်။ ကလေး ၄-၆ လ ဆိုရင်တော့ ထုပ်ပေးမထားသင့်ပါ။ အနှီးဝတ်နဲ့ထုပ်ပေးတာမှာ အကျိုးကျေးဇူးတွေရှိတယ်။ ကလေးအိပ်စက်ချိန်ကို သတ်မှတ်ပေးရာကျတယ်။ ကလေးလက်ခြေတွေမ လိုအပ်ပဲလှုပ်တာကို တားဆီးပေးတယ်။ တကယ်လို့ ကလေးဗိုက်ထဲမှာ လေကြောင့်အောင့်မှာကိုလည်း တားဆီးပေးရာကျတယ်။
ကလေးကိုအနှီးဝတ်ပတ်ရာမှာ စိတ်ချရတဲ့နည်းကိုသုံးရမယ်။ ကလေးအသက်ကောင်းကောင်းရှူနိုင်စေရမယ်။ ကလေးခြေ (ဒူးဆစ် + ပေါင်ခြံ) တွေကွေးရာမှာ သက်တောင့်သက်သာရှိစေရမယ်။ ပုံမှာဖွံ့ထွားမှုကို အားပေးတဲ့အနေအထားဆိုတာ ပေါင်ခြံက ကွေးနေရမယ်။ ဒူးတွေက တဖက်နဲ့ တဖက် ကွာဝေးနေရမယ်။ ခြေထောက်လေးတွေ လှုပ်သာရှားသာ ဖြစ်ရမယ်။ ကလေးအနှီးစဟာ ချည်ထည်အပါးဖြစ်သင့်တယ်။ ခါသာပိတ်ပါးကိုလည်းသုံးနိုင်တယ်။ ကလေးစောင်တွေက လိုတာထက်ပိုပြီး အနွေးဓါတ်ရစေနိုင်တယ်။ ကလေးအဝတ်အစားကိုလည်း လိုတာထက်မပိုရပါ။ ရာသီဥတုနဲ့ ကိုက်ညီရမယ်။ ဖြစ်နိုင်ရင် တထပ်တည်းသာသင့်တယ်။
ကလေးအနှီးပတ်နည်းတွေရှိတယ်။ ကလေးလက်လေးတွေကို ကိုယ်နဲ့ကပ်နေစေရမယ်။ တချို့က လက်ကို မျက်နှာနဲ့ ကပ်နည်းသုံးတယ်။ လက်စုပ်ချင်လည်းရစေတယ်။ လက်လေးတွေကို အောက်မှာဆန့်မနေစရပါ။ လက်နှစ်ဖက်ကို ရင်ပတ်ရှေ့ ကြက်ခြေခတ်သလိုဖြစ်သင့်တယ်။
ခေါင်းပါဖုံးနည်း
အနှီးစကို ဖြန့်ခင်းပါ။ ဒေါင့်စွန်တခုကို (၆ လက္မ) နည်းနည်းခေါက်ပြီး ကလေးဦးခေါင်းကိုအနေတော် ဖုံးအုပ်စေပါ။ မေးအောက်ကို အဝတ်စလေးကပ်ပေးရင် ဦးခေါင်းပုံပေါ်စေမယ်။ ဘယ်ဖက်လက်ကနေစပြီးအနှီးကိုဖုံးပြီး အစွန်းကို ညာဖက်လက်အောက်ထိုးသွင်းပါ။ အောက်ဖက်ကအနှီးအစွန်းကို ကလေးမေးဖက်ဆီယူပြီး အစသတ်ပါ။ ညာဖက်ကိုလည်း အဲလိုလုပ်ပါ။
နောက်တနည်း
ကလေးခေါင်းကိုဖုံးမထားတဲ့နည်းဖြစ်တယ်။ ကလေးအနှီးစကို အစွန်းတဖက်ကို ၈-၁ဝ လက္မအထိ ခေါက်ပါ။ ခေါက်တဲ့ဖက်မှာ ကလေးခေါင်းကို ဖေါ်တားပြီး အနှီးခေါက်ရိုးက ကလေးပခုံးနဲ့တပြေးညီထားပါ။ ကလေးလက်နှစ်ဖက်ကို ရင်ပတ်ရှ့မှာ လက်ပိုက်သလိုစုထားပေးပါ။ အနှီးဘယ်ဖက်စွန်အစကို ကလေးရှေ့ကနေ ညာဖက်ကိုယူပြီး ညာဖက် ကိုယ်အောက်မှာသွင်းပါ။ ကျန်တဖက်ကိုလည်း အလားတူလုပ်ရင် အစွန်းက ကလေးရဲ့နောက်ဖက်မှာသာ ရောက်နေမယ်။ ကလေးခြေထောက်တွေက ကွေးသာနေမယ်။ အောက်အစွန်းအနှီးစကို ကလေးနောက်ဖက်မှာ သိမ်းယူပါ။
Sleeping bags ကလေးအိပ်စရာအိတ်
ကလေးချော်ထွက်ကျတာကို သက်သာစေတယ်။ ကလေးခြေထောက်တွေ ပုခက်ကနေအပြင်ထွက်မကျစေဘူး။ အရွယ်အစား အနေတော်ရမယ်။ ကလေးအဝတ်အစားဟာ အခန်းတွင်းအပူချိန်နဲ့ အနေတော်ရမယ်။ အေးနေရင် ကလေးစောင်အပိုတခု လိုနိုင်တယ်။
Safe sleeping စိတ်ချရတဲ့အိပ်စက်ခြင်း
ကလေးကိုကျောနဲ့သာအိပ်စေပေါ။ ကလေးမျက်နှာကို အဝတ်မဖုံးစေပါနဲ့။ ပုခက်ကစိတ်ချရပါစေ။ မွေ့ယာသုံးရင် ခွက်နေတာ မရှိပါစေနဲ့။ ပုခက်ထဲမှာ ကလေးကစားစရာ မထားပါနဲ့။
Swaddling မွေးကင်းစကလေးကိုအနှီးနဲ့ထုပ်ပတ်ခြင်း
အဲတာကိုတချို့က နည်းဟောင်းလို့ပြောတာလည်းရှိတယ်။ ကလေးရဲ့ သဘာဝတုန့်ပြန်မှုကို တားဆီးရာကျတယ်လို့ ဆိုတယ်။ ကလေးဟာအိပ်ပျော်နေလည်း ခြေလက်ဆတ်ကနည်းလှုပ်ရှားတာကို startle reflex (hypnagogic startles) လို့ ခေါ်တယ်။ အဲတာကပုံမှန်ဖြစ်တယ်။ ပတ်ထားရင် အဲတာလုပ်မရစေဘူးလို့ ထောက်ပြတယ်။ တဖက်ကကြည့်ရင် အဲလို over-stimulated အလွန်အကျွံဖြစ်မှာကို အနှီးပတ်ထားတာကနေ တားဆီးပေးနိုင်တယ်လို့ ဆိုတယ်။
အနှီးနဲ့မပတ်မီမှာ ကလေးစိုနေသလား၊ ဆာနေသလားသိပါ။ ကလေးအသက်ကောင်းကောင်းရှူနိုင်စေရမယ်။ ပတ်ထုပ်ပြီးနောက် စောင်ထပ်မခြုံပါနဲ့။ အသက်ရှူတာကို ဖိထားသလိုမဖြစ်စေပါနဲ့။ တချို့အယူအဆက ကလေးတလရှိတဲ့အထိ အနှီးနဲ့ထုပ်ပတ်စေဘို့အကြံပြုတယ်။ အချိန်သတ်မှတ်ချက်တခုက ကလေးဟာ ထုပ်ပတ်ထားတဲ့ အနှီးဝတ်ထဲကနေ ရုန်းကန်လာရင် ပတ်ထုပ်တာကိုမလုပ်ပါနဲ့တော့။
တချို့အယူအဆက မွေးကင်းစကလေးကိုအနှီးနဲ့ထုပ်ပတ်ပေးခြင်းဟာ အနုပညာဆန်တဲ့ အတတ်ပညာတခုဖြစ်တယ်။ တချို့သားဖွါးခန်းတွေကနေ သင်ပေးတယ်။ ကလေးတွေက မတူကြပါ။ တချို့ကလေးက အနှီးနဲ့ပတ်ထားတာကို သဘောကျပြီး တချို့ကလေးတွေကမကြိုက်ပါ။ တချို့ကလေးက လက်တွေကိုလွတ်လွတ်လပ်လပ်ထားချင်တယ်။ ကိုယ့်ကလေးအကြောင်းကိုယ်သိပါ။
အချုပ်ပြောရရင် မွေးစကလေးကို အနှီးဝတ်နဲပတ်တာဟာ ငါးချဉ်ထုပ်သလို မဟုတ်ပါ။ မုန့်ဖက်ထုပ်သလို မဟုတ်ပါ။ ကလေးအသက်ရှူမှုကို လွတ်လွတ်လပ်လပ်ရှိစေရမယ်။ ကလေးမွေးမွေးချင်း အပူချိန်မနည်းဖို့က အလွန်အရေးကြီးတယ်။ အခန်းအပူချိန်ဟာ အမိဝမ်းတွင်းထဲတုံးကရှိခဲ့တဲ့ ၉၈့၆ ဖါရင်ဟိုက်ထက် အမြဲနည်းပါတယ်။ ကလေးကိုနွေးထွေးအောင် အနှီးပတ်ပေးထားဖို့လိုပါတယ်။ သားဖွါးဆရာမကနေ အဲလို သပ်ရပ်ရပ်ထုပ်ပေးပြီး ကိုယ့်ရင်သွေးကလေးကို မြင်ချင် ပွေ့ချင်နေတဲ့ ကလေးအမေ့လက်ထဲအပ်ပါမယ်။ အဲဒီအခိုက်အတန့်လေးဟာ လှပတယ်။ ချစ်စရာကောင်းတယ်။ ဖိုတိုရှော့တွေလာမယ်။ ဒိနောက်မှာတော့ မိခင်သဘောကျ စနစ်တကျလုပ်ပါလေ။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Allergic skin အရေပြား အလာဂျီ