ကျွန်တော် ဖြေပါရစေ



 ၁။ ကျတော်နဲ့ ကထောင့်တောင့်တောင့် စကားပြောအတိုင်း ကျနော်လို့ရေးတာက ပြေပြစ်တယ် ထင်တာဘဲ
၂။ ကျနော် ကျမ ကျနုပ် တပြည်လုံး ကျွန်တော် ကျွန်တော်မ ဆိုတာကို မတော်လှန်သ၍ နောင်နှစ်မကြာခင်မှာ ကျွန်တခုခု ထပ်ဖြစ်ကြဦးမှာပဲ ကျွန်တော် ကျွန်မ ကျွန်နုပ် ဒါတွေကိုလည်း ယဉ်ကျေးလှပါတယ်လို့ မခံယူကြနဲ့ မကျင့်သုံးကြပါနဲ့ ကျွန်အဖြစ်က ရုန်းကြ ကျွန်ဇာတ်သွင်းခံထားရာက နိုးထကြ ကျွန်ဇာတ်ကို အဆက်မခံကြနဲ့ဟေ့ (ပို့ပေးတဲ့စာက ရှည်လို့ ဖြတ်တောက်ထားပါတယ်။ ဆောရီး)
၃။ ကျနော်လို့ပဲရေးပါတယ် ကျွန်တော်လို့ရေးရတာ မကြိုက်လို့ပါ။
၄။ ကျမရဲ့ ဆရာတယောက်က မိန်းကလေးအနေနဲ့ ကျွန်မလို့မရေးနဲ့ ကျမလို့ ရေးဆိုပြီးပြောဖူးပါတယ်။ အရေးအသားအနေနဲ့ ကျွန်မဆိုတဲ့အသုံးအနှုန်းကို မကြိုက်ဘူးလို့ ပြောဘူးပါတယ်ရှင့်။
၅။ ကျွန်ဇာက် (ဇာတ်)ကားကြောင့် ကျွန်ဆိုတဲ့ ဝေါဟာရကို အဓိပ္ပါယ် ဖွင့်ပေးစေချင်ပါတယ်။ ဘာကို ရည်ရွယ်၍ မေးရသလဲ ဆိုတော့ မြန်မာ့ယဉ်ကျေးမှုမှာ ခေါ်ဝေါ်သုံးစွဲနေတဲ့ ကျွန်တော်၊ ကျွန်မ ဆိုတာ အရင်ခေတ်က ကျွန်တွေကို ခေါ်လေသလား တွေ့မိလို့ပါဆရာ။
၆။ ကျွန်တော်၊ ကျွန်ုပ်၊ ကျွန်မ အသုံးနှုန်းတွေကိုတော့ မှန်ပေမယ့် သက်ဦးဆံပိုင်ခေတ်၊ ကိုလိုနီခေတ်တွေ ကြုံတွေ့ခဲ့ရတဲ့အတွက် ဘုရင်၊ သခင်၊ ကျွန် အဆက်အသုံးနူန်းတွေအဖြစ် ခံစားမိလို့ သိပ်သဘောမကျပါ။ လူကြီးတွေနဲ့ သုံးတာကလွဲပြီး တခြားအမြဲတမ်း ကျနော်လို့ပဲရေးဖြစ်ပါတယ်။ ကိုယ့်ဘာသာတွေးတာပါဆရာ။
၇။ ကျော်အောင်ဘာသာပြန်တဲ့ Mikhail Sholokov ရဲ့ Virgin Soil Upturned တောရိုင်းမြေဆိုတဲ့ စာအုပ်အညွှန်းရေးတော့ ကျနော် လို့သုံးမိတဲ့အတွက် လုံးဝမသုံးသင့်ပါဘူးတဲ့ ပြောကြတယ်။ ကျနော်ကလည်း ဆရာပြောတဲ့အတိုင်း ကျွန်ဆိုတဲ့ အသုံးကို မကြိုက်လို့ ဖြေလိုက်တယ်။ 
၈။ ဆရာ ကျွန်တော် လို့ သုံးတာ ရှားတယ်။ ဒီ post မှာတော့ သုံးထားတယ်။ 
၉။ ဆရာ ကျွန်တော်လို့ ရေးတာနဲ့ ကျနော်လို့ရေးတာ ဘယ်ဟာက အမှန်လဲဆရာ ကျွန်တော်တို့ငယ်ငယ် က တည်းသင်လာတာက ကျွန်တော်လို့ဘဲ သင်လာဖူးတယ် ခုနောက်ပိုင်းတွေ့လာရတာ ကျနော်ဆိုပြီး တွေ့လာရလို့
၁၀။ ဆရာမင်္ဂလာပါ။ ကျွန်တော် ကျွန်နော် ကျနော် အသုံးဘယ်ဟာအမှန်လဲဆရာ။ ဗန်းမော်တင်အောင်ရဲ့စာမှာ ကျွန်နော်လို့ သုံးထားလို့ ဝါးတားတားဖြစ်သွားပြီဗျာ။
၁၁။ ဆရာရှင့် ကျမနဲ့ ကျွန်မ ဘယ်လိုရေးတာအမှန်လဲပါလဲရှင့်။
၁၂။ မြန်မာစာနဲ့ မြန်မာစကားမှာ နာမ်စားအနေနဲ့ အသုံးအများဆုံး စကားလုံးတလုံး ဖြစ်တဲ့ ကျွန်တော် / ကျနော် ကျွန်မ/ ကျမ ကျွန်တော်မျိုး/ ကျေးတော်မျိုး လူကြီးမင်း အပေါင်းတို့သခင် မျိုးဟေ့/ ကျွန်တော် မျိုးဟေ့ ဒို့ဗမာဆိုတဲ့ အသုံးအနှုံးတွေနဲ့ ပတ်သတ်(ပတ်သက်)ပြီး အကျယ်တဝင် ရေးထားတာတွေရှိရင် မျှဝေပေးစေချင်ပါတယ် အခု ပညာတတ်အသိုင်းအဝိုင်းတွေ ကြားမှာပါ မသဲကွဲကြသေးတဲ့ အသုံးအနှုံး အရေးအသား အမြင်တွေ မရှင်းကြသေးတာကို တွေ့နေရပါတယ်ဆရာ
၁၃။ မြန်မာပြည်မှာအခု ကျွန်ဆိုတဲ့ရုပ်ရှင်နဲ့ပတ်သက်ပြီး အခြေအတင်ကိုဖြစ်နေကြတယ်။ ဘုရားကျွန်ကိစ္စပေါ့။
၁၄။ ဆရာ ကျွန်တော် ၊ ကျနော် ကျွန်တော့်ပစ္စည်း/ကျွန်တော့ပစ္စည်း/ကျနော့ ပစ္စည်း ဘယ်ဟာအမှန်လဲ သိချင်ပါတယ် ခင်ဗျာ 

(ကျနော်၊ ကျမ) မှန်ပါတယ်။ (ကျွန်တော်၊ ကျွန်မ) နဲ့စခဲ့တာ။ နောက်ပိုင်းမှာ (ကျွန်) ဆိုတာ ကျွန်ခံရသူသဘော ဖြစ်နေလို့ ပြင်လာကြတယ်။ တစိတ်တပိုင်းက အသံထွက်လွယ်တာရောကြောင့် ပြောင်းလာလည်းဖြစ်နိုင်ပါတယ်။ (ကျနော်) ဟာ အသံထွက်သဘောသာဖြစ်တယ်။ 

အဲဒီကျွန်က ဘုရင့်လက်ထက်ကတည်းကစပါတယ်။ ခစားရသူတွေက ကျေးတော်မျိုး၊ ကျွန်တော်မျိုးလို့ သုံးကြရတယ်။ ဒါပေမယ့် Slave ခေါ်တဲ့ကျွန်ခံရသူတော့မဟုတ်ပါ။ Subject လို့ ဘာသာပြန်ကြတယ်။ အုပ်စိုးခံရသူ။ အမေရိကန်သမတ (ဂျက်ဖါဆန်) ကနေ လွတ်လပ်ရေးကြေညာစာတမ်းမှာ Subjects ကနေ Citizens လို့ပြောင်းခဲ့ပါတယ်။

ကိုလိုနီခေတ်မှာ ကုလားဖြူခေါ်တဲ့ အင်္ဂလိပ်ကိုရော၊ အိန္ဒိယကလာတဲ့ ကုလားကိုရော၊ ဗမာကိုပါ၊ ကိုလိုနီအရာထမ်း မှန်သမျှကို (သခင်)၊ (သခင်ကြီး) လို့ခေါ်ကြရတယ်။ အဲဒီခေတ်က (ကုလား) နဲ့ အခုအစိုးရလက်ထက်မှာခေါ်နေတဲ့ (ကုလား) အများဆိုင်နာမ်ချင်း မတူပါ။ 

(ကျွန်ုပ်) က ခုထိမပြောင်းသေးပါ။ သစ္စာအဓိဋ္ဌာန်ဆိုရင်ပါတယ်။ တချို့ကလည်း စာနဲ့စကား မကွဲပြားပဲပြောကြတယ်။ (အကျွန်) ကိုလည်း စာမှာသာမက စကားမှာလည်းသုံးကြတာ ယောနယ်မှာဆို အခုထိ။ 

(ကျမ) လို့ ရေးကြပြောကြတာကို လေးစားတယ်။ ဆေးပညာမေးသူတွေထဲမှာ အဲလိုလာတာနည်းတယ်။ မတော်ရတဲ့ သမီးတွေက များလွန်းလို့ ခေါင်းရှုပ်ရတယ်။ သူ့အကြောင်းမေးတာလား၊ သူ့သမီးအကြောင်းလား မခွဲတတ်လို့။ 

ကျွန်ဆိုတာဘာလဲ။ ဘုရင့်ခေတ်ကကျွန်၊ ဘုရားကျွန်၊ ကိုလိုနီခေတ်ကကျွန်တွေ ရှိခဲ့ပါတယ်။ မတူကြပါ။ အရင်သတ်ပုံစာအုပ်တွေမှာ ကျွန်တော်လို့သာရှိပြီး ကျွန်မ မရှိခဲ့ပါ။ ကျွန်တော်မသာ ရှိခဲ့တယ်။

ကျွန် = အစေခံ
ကျွန်စနစ်
ကျွန်ယုံ
ကျွန်ရင်း
ကျွန်တော်
ကျွန်တော်မ
ကျွန်တော်မျိုး
ကျွန်ကြေး (ငွေ)
ကျွန်ရောင်းကျွန်ဝယ်
ကျွန်ုပ်
ဘုရားကျွန်
မကြားကျိုးကျွန်
မသိကျိုးကျွန်
ကျေးကျွန် = ငတ်မွတ်ခေါင်းပါး၍ ကျွန်ခံသောသူ
ကျောင်းကျွန်

ဗန်းမော်တင်အောင်က ကျွန်နော်လို့ ရေးခဲ့တယ်။ အဲဒီခေတ်မှာ ကိုလိုနီဆန့်ကျင်ရေးအပြီး  အနောက်တိုင်း ဆန့်ကျင်ရေးတွေ ပူလောင်နေချိန်မှာ၊ ကျွန်စာလုံး သုံးပါတယ်။ စကားပြောသလို ရေးတယ်။ ဒေါက်တာသန်းထွန်းက ကျနော်။

မြန်မာ့သမိုင်းမှာ ကျွန်ဆိုတာရှိခဲ့တယ်။ အပယ်ရတနာစာထဲမှာ ဘုရားကျွန်ကိုရေးထားပါတယ်။ ဇာတ်ပွဲတွေမှာတော့ ကျေးတော်မျိုး ကျွန်တော်မျိုးလို့ သုံးကြတယ်။ အိမ်တော်ပါငယ်ကျွန်လို့ စာအုပ်တွေထဲမှာ ဖတ်ရတယ်။ ဇာတ်ထဲမှာတော့ ဘုရင်က ငယ်ကျွန်ကြီးလို့ ခေါ်တယ်။ တကယ့်ဘုရင်တွေလက်ထက်မှာ အဲလိုတွေ ခေါ် မခေါ် မသိပါ။

ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကို နှိမ့်ချချင်လို့ဖြစ်ပါတယ်။ မန္တလေးသူတွေက ကျနော်လို့ ပြောကြတယ်။ ကျွန်တော့် နှမတွေ၊ သမီးနဲ့ မြေးမတို့က ကျနော်လို့သုံးကြတယ်။ ကျွန်စနစ်ဆန့်ကျင်ရေးရယ်လို့ မဟုတ်ပါ။ လူထုဦးလှက ကျွန်တော်လို့ရေးတယ်။ သူလည်း ကျွန်စနစ်ကိုကြိုက်တဲ့သူမဟုတ်ပါ။

နံနက်၊ နံက်လို့ စာလိုရေးတာကို မနက်လို့ ရေးလာကြတယ်။ ခေတ်အရ ပိုလွယ်စေပြီး ဆိုလိုချက် မပျောက်တာမျိုး။ တခါတရံကို တစ်ခါတစ်ရံ၊ တစ်ခါတရံ၊ တခါတစ်ရံလို့ ရေးတာဟာ တမင်တကာလုပ်ခိုင်းခံထားရတာဖြစ်တယ်။ ဝေါဟာရကို နိုင်ငံရေး လုပ်နေကြတယ်။ အခေါ်အဝေါ်နဲ့သာ မာန်တက်မနေသင့်ပါ။ ငါတော့ ကျွန်စနစ်မုန်းလို့ ကျွန်စာလုံးမရေးဘူး ဆိုတာနဲ့တော့ သခင်ဖြစ်မသွားတော့ သတိပြုပါ။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ