တျာချင်းပုံစံ


ပိန်းကောလှေ တျာချင်း
မူရင်း သတ်ပုံတွေကို ပြင်တင် ပြင်ထုတ်ကြတယ်။ ဝန်ကြီးပဒေတစ်ရာဇာ ရေးသည်လို့ ဆိုရလိမ့်မယ်။
တျာချင်းပုံစံ
မိုးဦးကာလ၊ ချောင်းကျပြီ ဆိုလျှင်
ပန်းလောင်ကြောမှာ၊ ပိန်းကောလှေငယ်ရှင် 
တောင်ဘက်ကယ်တခွင်၊ ထွက်ဝင် ဖောက်ကား၊ 
ပဲ့ပါမည့်သူ မပါလူ ထိုးသူတယောက်သားငယ်နှင့်လေး။
ငါးပိဆားပြား၊ ဖောက်ကားရအောင်
ပဲလွမ်းပဲကြီး၊ သီးသီးယူကြဉ်းဆောင်
တက်မကိုမြှောင်၊ ကွမ်းပေါင်နီကြောင်း
နဗူးခက်ညို၊ ကိုင်းညွှတ်ယို
ပင်ကိုယ်သာ နှီးသားပေါင်းငယ်နှင့်လေး။
ခမောက်မှာ ကောင်း၊ ဦးဆောင်းမပါ
သိုးလည်းမစပ်၊ ဝါးပက်ကယ် တစေသာ
ထိုးဝါးကိုယ်မှာ၊ ဘယ်ညာပခုံး
ခြေနှင့်ကျောက်ကန်၊ တွန်းလိုက်လှန်
အားအင်လွန်ကြီးဆုံးငယ်နှင့်လေး။
ခါးတောင်းကျိုက်လုံး၊ ပခုံးခဲထွေ
ချွေးကလည်းစီး၊ တီးတီးကျသည့်ရေ
စဖိုမှာပေ၊ ချက်လေထမင်း
မနပ်နိုင်ပြီ၊ တစီစီ
နန်းနီသာ မီးအိုးကင်းငယ်နှင့်လေး။
ဝမ်းဗိုက်တွင်းငယ်မှာ၊ သွတ်သွင်းမြဲပင်
အငွေ့ချောင်းချောင်း၊ စလောင်းနှင့် ငါးပိကင်
လှေဆိုက်တည့်လျှင်၊ ကြေးလင်နှင့်ကျင်း
ရိုးရွက်ကယ်ဖူးခေါင်၊ အာပါးကိုလောင်
ချဉ်ပေါင် ပူသည့်ဟင်းငယ်နင့်လေး။
တယောက်ချင်းသည်၊ ထမင်းခူးသော်
တဆုပ်ကယ်နေ့တိုင်း၊ လမိုင်းရှိပူဇော်
သွေးသောက်ကယ်ခေါ်၊ အဖေါ်ပေါင်းညှိ
ငုုံ့ကာငုံ့ကာ၊ ဝပ်၍သာ
ဆုပ်ကာ လွေးလိုက်ဘိသည်နှင့်လေး။
စားမိစားရာသာ၊ ဝမ်းမှာကျင့်တော့သည်
ပိန်းကောသူကြီးမှာ၊ ချမ်းသာမြင့်တော့သည်။   ။
ဝန်ကြီးပဒေသရာဇာ
တင်ထားကြတာတွေ များတယ်။ ပြန်ထုတ်စာအုပ်တွေမှာလည်းပါ၊ ကျောင်းသုံးစာအုပ်မှာလည်းပါတယ်။ စသားရော သတ်ပုံပါ မမှန်တာများတယ်။ အမှန်အတိုင်းသာ ရေးသား၊ ပုံနှိပ်၊ သင်ကြားသင့်ကြပါတယ်။
အခုစာသားနဲ့သတ်ပုံက မြန်မာစာပေအဘိဓာန်၊ မလိခ (၃) ထဲကဖြစ်ပါတယ်။ ၁၉၇၇ ခု ဒီဇင်္ဘာလမှာ ထုတ်တယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ