သမိုင်းထဲကတာမွေ
တာမွေဟာ အခုအခါမှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်း မှာရှိတဲ့မြို့နယ်တခုဖြစ်ပါတယ်။ တာမွေ ဆိုတဲ့နာမယ်ဟာ မွန်ဘာသာဖြစ်ပြီး မွန်လို တာမွဲ လို့ရေးပါတယ်။ အသံထွက်က တားမွယ် ဖြစ်ပြီး မြန်မာလို ထန်းတပင် လို့အဓိပ္ပာယ်ရပါတယ်။ တာမွေ ဟာ ရှေးခေတ်အခါဆီက အခုရန်ကုန်လို့တွင်တဲ့ ဒဂုံမြို့အနီးက ရွာတရွာ ဖြစ်ပါတယ်။ တာမွေရွာကိုဘယ်အချိန်ကစပြီးတည်တယ်ဆိုတာကိုတော့ သေသေချာချာမသိရပါဘူး။ တာမွေရွာ နာမယ်ကို ပဲခူးဟံသာဝတီမှာနန်းစိုက်တဲ့ ဗြမိုင်ရာဇာဓိရာဇ်ဘွဲ့ခံ မွန်ဘုရင်ဗညားဒလ နဲ့ ရွှေဘိုရတနာသိင်္ဃမှာနန်းစိုက်တဲ့အလောင်းဘုရားဘွဲ့ခံ မြန်မာဘုရင်ဦးအောင်ဇေယျတို့လက်ထက်ဖြစ်ပွားခဲ့တဲ့ ကုန်းဘောင်-ဟံသာဝတီစစ်ပွဲတွေမှာစပြီးတွေ့ရပါတယ်။ ဒီစစ်ပွဲတွေမှာနောက်ဆုံးမှာတော့ အလောင်းဘုရားဦးအောင်ဇေယျဟာ မွန်ဘုရင်ဗညားဒလရဲ့ ပဲခူးဟံသာဝတီမြို့တော်သိမ်းပိုက်နိုင်ခဲ့ပြီး ပုသိမ်၊ ဒဂုံ၊ ပဲခူး၊ မုတ္တမ စတဲ့ ဒေသတွေပါဝင်တဲ့ မွန်နိုင်ငံဟာ မြန်မာအင်ပိုင်ယာအတွင်းသွတ်သွင်းခြင်းခံခဲ့ရပါတယ်။ အေဒီ ၁၇၅၇ခု အလောင်းဘုရား မသိမ်းပိုက်ရသေးခင်အချိန်တွေအထိ ပြည်မြို့ နဲ့ တောင်ငူမြို့တို့ရဲ့ တောင်ဘက်ဒေသတွေဟာ မွန်နိုင်ငံဖြစ်ခဲ့တာမို့ ဒီဒေသတွေက ရှေးမြို့ရွာနာမည်တွေဟာ မွန်ဘာသာနဲ့ ရှိနေပြီး အချို့မြို့ရွာတွေဟာအခုအချိန်အထိရှိနေကြပါတယ်။ ဒီဒေသတွေမှာရှိတဲ့ ရှေးဘုရားစေတီတို့ရဲ့ ဘွဲ့နာမယ်တွေဟာလဲမွန်ဘာသာနဲပဲရှိနေကြပါတယ်။
ရှေးမွန်နေရပ်နာမယ်အချို့ကိုဖော်ပြလိုပါတယ်။
တာမွေ(မြန်မာလိုထန်းတပင်ဖြစ်ပါတယ်)
ဒေါပုံ(မြန်မာလိုကုန်းလေးကုန်းဖြစ်ပါတယ်)
ကြည့်မြင်တိုင်(မြန်မာလို့မြို့တံတိုင်းဖြစ်ပါတယ်၊ ၂မိုင်လောက်ရှည်လျှားတဲ့ကြည့်မြင်တိုင်ခံတပ်ကြောင့်ဒီလိုခေါ်တာဖြစ်နိုင်ပါတယ်)
ကမာရွတ်(မြန်မာလိုရတနာရေကန်ဖြစ်ပါတယ်)
အင်းစိန်(မြန်မာလိုဆင်အင်းဖြစ်ပါတယ်)
ဒဂုံ(တြိဂုမ္ဘဆိုတဲ့ ရန်ကုန်မြို့ရဲ့ မွန်နာမယ်ဟောင်းကနေ ဒဂုံမြို့လို့ဖြစ်လာပါတယ်။ တိဂုံလို့လဲရေးတတ်ပါတယ်)
လှိုင်(မြန်မာလို မြစ်လက်တက်ချောင်းလက်တက်ဖြစ်ပါတယ်)
ဗဟန်း (မြန်မာလို ဘုန်းကြီးကျောင်းဖြစ်ပါတယ်)
မင်္ဂလာဒုံ (မြန်မာလို သားကောင်ပေါများတဲ့မြို့ဖြစ်ပါတယ်)
ရန်ကုန်တဝိုက်ကထင်ရှားတဲ့ရှေးဘုရားစေတီဘွဲ့နာမယ်အချို့ကိုလဲဖော်ပြလိုပါတယ်။ ဘုရားစေတီကို မွန် လို ကျိုက် လို့ခေါ်တဲ့အတွက် ကျိုက်နဲ့စခေါ်တဲ့ စေတီဘွဲ့နာမယ်တွေဟာ မွန်ဘာသာဖြစ်တယ်ဆိုတာသိနိုင်ပါတယ်။ အလောင်းဘုရားမွန်ဒေသကိုသိမ်းပြီးတဲ့အခါ ကျိုက်အစား ရွှေ ကိုအစားထိုးခေါ်တာမျိုးလဲရှိပါတယ်။ ကျိုက်တိဂုံ ကို ရွှေတိဂုံ လိုခေါ်လာသလို၊ ပဲခူးက ကျိုက်မူတော ကို ရွှေမောဓေါ စသဖြင့်ခေါ်လာပါတယ်။ ရန်ကုန်တဝိုက်က ကျိုက်ဒေးအပ်ခေါ်တဲ့ ဗိုလ်တထောင်ဘုရား၊ ကျိုက်ဝိုင်းဘုရား၊ ကျိုက်ကလို့ဘုရား၊ တာမွေ အနားက ကျိုက္ကဆံ ဘုရားစတာ စတဲ့တဲ့စေတီတွေဟာထင်ရှားပါတယ်။ ကျိုက္ကဆံဘုရားဟာ အခုသင်္ဃန်းကျွန်းမြို့နယ်ထဲမှာပါတယ်ဆိုပေမဲ့ သင်္ဃန်းကျွန်းရွာဆိုတာမရှိသေးခင် အချိန်က တာမွေနယ်လို့ပြောနိုင်ပါတယ်။ အရင်ကတည်းကထင်ရှားတဲ့ဘုရားတဆူဖြစ်ပါတယ်။ ဒီဘုရားကိုအစွဲပြီုပြီး ကျိုက္ကဆံလမ်း၊ ကျိုက္ကဆံကွင်း စတာတွေကို တာမွေမြို့နယ်အတွင်းမှာတွေ့နိုင်ပါတယ်။ ဘုရားသမိုင်းတွေအရ ကျိုက္ကဆံစေတီကို သံလျှင်ကျိုက်ခေါက်ဘုရားနဲ့ တချိန်တည်းမှာပဲ သံလျှင်ဘုရင် သီဟဒီပ မင်းကတည်ထားခဲ့တယ်လို့ဆိုပါတယ်။ ရဟန္တာအရှင်မြတ်တွေတည်ထားခဲ့တဲ့ဘုရားဖြစ်လို့ မွန်ဘာသာ ကျိုက်အရှန် လိုခေါ်တွင်ပါတယ်။ ကျိုက်အရှန် ကိုမြန်မာလိုအသံထွက်ဖို့ခက်လို့ ကျိုက္ကဆံ လို့ မြန်မာတို့တို့ကခေါ်လာကြတာဖြစ်ပါတယ်။
တာမွေမြို့နယ်ပါဝင်တဲ့ ရန်ကုန်မြို့အကြောင်းကိုလဲ အကျဉ်းချုပ်လောက်ပြောပြလိုပါသေးတယ်။ အခုလောလောဆယ်ခေတ်စားနေတဲ့ Facebook Post တွေမှာ ရန်ကုန်မြို့ဟာ အရင်က တံငါရွာလေးသာဖြစ်တယ်ဆိုပြီး အင်္ဂလိပ်မှတ်တမ်းအချို့ကိုးကားပြီးရေးနေကြတာအများကြီးတွေ့နေရပါတယ်။ အင်္ဂလိပ်မှတ်တမ်းကတံငါရွာတွေဆိုတာ ရန်ကုန်မြစ်ကမ်းက ပုဇွန်တောင်၊ ဒေါပုံ၊ ကြည့်မြင်တိုင်စတဲ့ရွာတွေကိုဆိုလိုတာဖြစ်ပါတယ်။ ရန်ကုန်ဟာပဲခူး၊ ပုသိမ်၊ သံလျှင်မြို့တွေလို မြို့ကြီးတော့မဟုတ်ခဲ့ပါဘူး၊ ဒါပေမဲ့လဲတံငါရွာလိုရွာသိမ်ရွာငယ်လဲမဟုတ်ပါဘူး။ မြို့ဝန်၊ မြို့စားတွေအုပ်ချုပ်တဲ့မြို့တမြို့ဖြစ်ပါတယ်။ ရန်ကုန်မြို့ဟာ သက်တမ်းအလွန်ကြာမြင့်ပြီဖြစ်တဲ့မြို့တမြို့ဖြစ်ပါတယ်။ မြို့သက်တမ်းတလျှောက် နိမ့်တုံမြင့်တုံရှိနေခဲ့ပါတယ်။ ကြီးကျယ်စည်ကားတဲ့အချိန်မျိုးရှိခဲ့သလို သိပ်အရေးမပါတဲ့အချိန်အခါမှာတော့ နိမ့်ကျနေခဲ့တာမျိုးလဲရှိပါတယ်။ ရန်ကုန်သမိုင်းဟာ ဘုရားရှင်သက်တော်ထင်ရှားရှိခဲ့တဲ့အချိန်ကပဲရှိနေခဲ့ကြောင်း ရွှေတိဂုံစေတီတော်ကြီးရဲ့သမိုင်းနဲ့ ယှဉ်တွဲပြီးသိရှိကြပါတယ်။ တြိကုမ္ဘ ဥက္ကလာပ ဆိုတဲ့နာမယ်တွင်ခဲ့ပြီး သုဝဏ္ဏသူဌေးကြီးရဲ့သား မွန်ကုန်သည်ညီနောင်တွေဖြစ်တဲ့ တာ့ပေါ (တဖုဿ)နဲ့ တာ့ဗော် (ဘလ္လိက)တို့ဟာ အိန္ဒိယကို ကုန်သွယ်ဖို့သွားရင်း ပွင့်တော်မူကာစ ဗုဒ္ဓဘုရားရှင်ကို ပထမဆုံးသော ဥပသကာတွေအဖြစ် ဖူးတွေ့ခွင့်ရခဲ့ကြပြီး၊ ဘုရားရှင်ရဲ့ဆံတော်ရှစ်ဆူကိုလဲ ရရှိခဲ့ကြပါတယ်။ ဒီဆံတော်တွေကို ထာပနာပြီး ဥက္ကလာပမင်းနဲ့ ပြည်သူပြည်သားတွေ ရွှေတိဂုံစေတီတော်ကြီးကိုတည်ခဲ့ကြပါတယ်။ ဒီရွှေတိဂုံစေတီကို ဥက္ကလာပမင်းဆက် ၃၂ ဆက်တို့က အစဉ်မပြတ်ချီးပင့်ကိုးကွယ်ခဲ့ကြတယ်လို့ ရွှေတိဂုံဘုရားသမိုင်းတွေမှာတွေ့ရပါတယ်။ ဒီအကြောင်းတွေဟာရှေးကျလှတဲ့ ရန်ကုန်သမိုင်းဒဏ္ဍာရီပဲဖြစ်ပါတယ်။
ဒဂုံမြို့ကို အထောက်အထားအတိအကျနဲ့ မှတ်တမ်းတင်နိုင်ခဲ့တာကတော့ မုတ္တမနေပြောင်းလာပြီး ပဲခူးဟံသာဝတီမြို့ကိုဒုတိယအကြိမ်တည်ထောင်စိုးစံတဲ့ မွန်ဘုရင် ဆင်ဖြူရှင်ဗညားဦး လက်ထက် အေဒီ ၁၃၆၉- ၁၃၈၃ မှာဖြစ်ပါတယ်။
ဤတမ္ဗဂုတ္တတောင်ထိပ်၌၊ သဖုဿ ဘလ္လကတို့ ဌာပနာထားသော မြတ်စွာဘုရား၏ဆံတော်ဓာတ် စေတီကို ဓမ္မတြေလောကျနာထရာဇာဓိရာဇ်မည်သောဆင်ဖြူရှင်ဗညားဦးသည်ကြီးမြင့်အောင်ထပ်တည်ထားပြန်သည်။ ထိုတည်သောအခါအတောင် ၄၀ မြင့်သတည်း။ လို့ ရွှေတိဂုံကျောက်စာမှာပါရှိပါတယ်။ ဗညားဦးမင်းဟာ ဒဂုံမြို့ကို အမတော်မဟာဒေဝီကိုစားစေပါတယ်။ ဒါကြောင့် ဒဂုံမြို့ဟာ မင်းသမီးစားတဲ့မြို့အဖြစ်ရောက်ရှိနေပြီဆိုတာသိနိုင်ပါတယ်။ ဗညားဦးမင်း နာမကျန်းဖြစ်တဲ့အခါ ပဲခူးမှာ နန်းလုကြဖို့အချေအနေဖြစ်လာပါတယ်။ နောင်အခါ ရာဇာဓိရာဇ်ဆိုပြီး မွန်သမိုင်း မြန်မာသမိုင်းတွေမှာထင်ရှားလာတဲ့ ဗညားဦးရဲ့သားတော် ဗညားနွဲ့ဟာ ဒဂုံကိုတိမ်းရှောင်လာပြီး အခိုင်အမာပြုပြင်အင်အားဖြည့်တင်းတာဖြစ်လို့ ဒဂုံမြို့ဟာထင်ရှားလာပါတယ်။ နောက်တခါ ထင်ရှားတဲ့မွန်ဘုရင်မရှင်စောပုဟာ ပဲခူးမှာ ၇ နှစ်လောက်နန်းစံပြီး သားမက်တော်ဖြစ်တဲ့ ဓမ္မစေတီမင်းကိုထီးနန်းလွှဲပေးခဲ့ပါတယ်။ သူကိုယ်တိုင်ကတော့ ဒဂုံကိုပြောင်းလာပြီးသီးခြားနန်းစံပါတယ်။ ဒဂုံဟာ မြို့စားရုံးစိုက်တဲ့မြို့အဖြစ်ကနေ ဘုရင်မနန်းစိုက်တဲ့မြို့ဖြစ်လာတဲ့အတွက် မြို့ကိုကြီးကျယ်ခိုင်ခံ့အောင်ပြန်တည်ပါတယ်။ ဘုရင်မရှင်စောပုရဲ့ ဒဂုံမြို့နေရာဟာ အခုခေတ် အလုံ နဲ့ စမ်းချောင်းမြို့နယ်နေရာမှာဖြစ်ပါတယ်။
ဓမ္မစေတီမင်းလက်ထက်မှာသာသနာသန့်ရှင်းရေးလုပ်ခဲ့ပြီး မွန်နိုင်ငံအနှံ့သိမ်ပေါင်း ၄၀၀ နီးပါးသမုတ်ခဲ့ပါတယ်။ ဒဂုံ မှာ ဓမ္မစေတီမင်းလက်ထက်သမုတ်တဲ့သိမ်ပေါင်း ၂၂ သိမ်ရှိကြောင်း ပဲခူးကလျာဏီကျောက်စာမှာဖော်ပြပါရှိပါတယ်။ ဒါကြောင့်အဲဒီအချိန်က ဒဂုံမြို့ဟာစည်ကားနေဆဲပဲဆိုတာသိရပါတယ်။ ဓမ္မစေတီမင်းသမုတ်တဲ့သိမ်တွေထဲမှာ တာမွေသိမ်ဆိုတာမတွေ့မိတာဖြစ်လို့ အဲဒီအချိန်မှာ တာမွေရွာမရှိသေးဘူးလို့ယူဆရပါတယ်။ အတိအကျတော့မပြောနိုင်ပါ။ ဒီနောက်ပိုင်း ဒဂုံမြို့အကြောင်း သိပ်မတွေရတော့တာဖြစ်လို့ ဒဂုံမြို့ဟာ ရှင်စောပုဘုရင်မနန်းစိုက်တဲ့အချိန်လောက်မစည်းကားတော့ပဲနိမ့်ပါးသွားပြီဆိုတာသိနိုင်ပါတယ်။ အေဒီ ၁၇၅၅ ခုမှာ အလောင်းဘုရား ဒဂုံမြို့ကိုသိမ်းပိုက်ပြီး ရန်ကုန်လို့ ပြောင်းလိုက်ပြီးတဲ့နောက်ရန်ကုန်ဟာပြန်ထင်ရှားလာပါတယ်။ အလောင်းဘုရားပဲခူးဟံသာဝတီကို အေဒီ၁၇၅၇ ခုမှာတိုက်ခိုက်သိမ်းပိုက်တဲ့အခါ ပဲခူးမြို့ဟာပျက်စီးသွားတဲ့အတွက် ရန်ကုန်ဟာအောက်မြန်မာနိုင်ငံမှာအကြီးဆုံးမြို့ဖြစ်လာပါတယ်။ ရန်ကုန်မြို့ဝန် ကို ဟံသာဝတီမြို့ဝန်လို့လဲခေါ်လေ့ရှိပြီး ရန်ကုန်မြို့ဝန်ဟာ ဘုရင်ကအာဏာလွှဲအပ်ခံရတဲ့ အောက်မြန်မာဆိုင်ရာဘုရင်ခံသဘောဖြစ်လာပါတယ်။ ရန်ကုန်ကို အင်္ဂလိပ်တွေသိမ်းတဲ့အချိန် ရန်ကုန်မြို့ရဲ့လူဦးရေဟာ သုံးသောင်းလောက်ရှိမယ်လို့ခန့်မှန်းကြပါတယ်။ အင်္ဂလိပ်တွေရန်ကုန်ကိုသိမ်းပြီးတော့လဲ ရန်ကုန်ဟာ အောက်မြန်မာနိုင်ငံရဲ့ မြိုတော်အဖြစ်ဆက်ပြီး ကြီးထွားလာပါတယ်။ အင်္ဂလိပ်တွေဟာ ရန်ကုန်မြို့ကိုမြစ်ကမ်းဘေးမှာစပြီးတည်ထောင်တဲ့အတွက် တာမွေဟာ မြို့နဲ့တဆက်တည်းမဟုတ်ပဲ ရွာအဖြစ်ရှိနေခဲ့ပါတယ်။ မြန်မာတနိုင်ငံလုံးကိုအင်္ဂလိပ်သိမ်းပြီးတဲ့အခါ ရန်ကုန်ဟာမြန်မာတနိုင်ငံလုံးရဲ့မြို့တော်ဖြစ်လာပါတယ်။ မြို့ကြီးလာတာနဲ့အမျှ တာမွေဟာရန်ကုန်မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်တခုဖြစ်လာပါတယ်။
နဂါးဗိုလ်ထိပ်တင်ဒွေးရဲ့ ရန်ကုန်ရာဇဝင်မှာဆင်ခြေဖုံးရပ်ကွက်ဖော်ပြထားရာမှာ တာမွေ၊ ဗဟန်း၊ ရှင်စောပု၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ ဆင်မလိုက်၊ စမ်းချောင်း၊ အလုံ စတဲ့ရပ်ကွက်တွေပါဝင်ပါတယ်။
တာမွေဟာ ပထမဆုံးရွာအဖြစ်တည်ခဲ့ပြီး နောက်တော့ရပ်ကွက်ဖြစ်လာပါတယ်။ နောက်ဆုံးတာမွေမြို့နယ်ဖြစ်လာပါတယ်။ ရှေးအခါကတာမွေရွာလေးမှာလဲသမိုင်းဝင်ဖြစ်ရပ်တချို့ရှိခဲ့တာကိုတွေ့ရပါတယ်။
ရှေ့မှာဖော်ပြခဲ့တဲ့အတိုင်း ကုန်းဘောင်-ဟံသာဝတီစစ်ပွဲတွေဟာ အေဒီ ၁၇၅၂ ခုကနေ ၁၇၅၇ ခုထိဖြစ်ပွားခဲ့ပါတယ်။ အေဒီ ၁၇၅၅ ခု နှစ်ဦးပိုင်းမှာ မွန်တပ်ဖွဲ့တွေဟာပြည်မြို့ကို အထပ်ထပ်အင်အားအလုံးအရင်းနဲ့ဝိုင်းရံတိုက်ခိုက်ကြပါတယ်။ အချိန်အတော်ကြာတဲ့အထိပြည်မြို့ကိုမွန်တပ်တွေမသိမ်းနိုင်ပဲဝန်းရံထားကြပါတယ်။ အလောင်းဘုရားနဲ့မြန်မာတပ်တွေဟာစစ်ကူရောက်ရှိလာပြီး အပြင်းအထန်တိုက်ပွဲတွေဖြစ်ပါတယ်။ မြန်မာတပ်တွေအင်အားကြီးပြီး မြို့တွင်းမြို့ပြင်ညှပ်တိုက်တာခံရတဲ့အတွက်မွန်တပ်တွေအရေးနိမ့်ပြီး ဆုတ်ခွါကြရပါတယ်။ မြန်မာတပ်တွေအင်အားကြီးတာမို့ လမ်းမှာခုခံဖို့ မကြံစည်တော့ပဲ ပဲခူးနားထိအောင်ဆုတ်ခွါပါတယ်။ ခုခံနိုင်မယ်လို့မယုံကြည်တဲ့အတွက် ဟင်္သာတနဲ့ ပုသိမ်မှာရှိတဲ့တပ်တွေကိုပါ မွန်ဘုရင်ကဆုတ်ခွါစေခဲ့ပါတယ်။ ပြီးတော့ သံလျှင်မြစ်မှာ မြစ်နှစ်ဘက်လုံး ခံတပ်ဆောက်ပြီး မြစ်ထဲမှာလဲ ရေခလုတ်ခေါ်တဲ့ ငုတ်တိုင်တွေအပြည့်ရိုက်ထားပါတယ်။ အမြောက်၊ သေနတ် စစ်သည်အလုံးအရင်းစောင့်ကြပ်ပါတယ်။ မြန်မာတပ်တွေဟာ မြစ်ထဲကငုတ်တွေကိုနုတ်ရင်းချီတက်လာရာမှာမြစ်ဘေးနှစ်ဘက်လုံးက ပစ်ခတ်တာမို အကျအဆုံးများလှပါတယ်။ ဒါပေမဲ့အသေခံပြီးတက်လာကြတဲ့အတွက် မွန်တို့ရဲ့ခံစစ်ပျက်ပြီး ဆုတ်ခွါရပါတယ်။ တခါပန်းလှိုင်မြစ်ဝမှာလဲ ကမ်းနှစ်ဘက်ညှပ်ပြီးခုခံကြပြန်ပါတယ်။ မြန်မာတပ်တွေအင်အားများလွန်းတာဖြစ်လို့ နောက်တခါခံစစ်ပျက်ပြန်ပါတယ်။ မွန်ဘုရင် ဗညားဒလနဲ့ တပ်မှူးတွေဟာ မြို့ငယ်တွေကနေမြန်မာတပ်တွေကိုမခုခံနိုင်ဘူးလို့ယူဆပြီး ပဲခူးမြို့အထိဆုတ်ခွါသွားကြပါတယ်။ သံလျှင်၊ ဒလ မြို့တွေကတပ်မှူးတွေတောင်ဆုတ်ခွါသွားကြတာဖြစ်တဲ့အတွက် ဒဂုံမြို့ကမွန်တပ်မှူးတွေဟာလဲ မခုခံပဲတမြို့လုံး ဆုတ်ခွါသွားပါတယ်။ အလောင်းဘုရားဟာ ပဲခူးမြို့ကို တခါတည်းဝင်တိုက်ဖို့မဖြစ်နိုင်တာသိတဲ့အတွက် အေဒီ ၁၇၅၅ခု ဧပြီလမှာ ဒဂုံမြို့ကိုသိမ်းပိုက်ပြီး ရန်ကုန်လို့နာမည်ပြောင်းခဲ့ပါတယ်။ ဒဂုံမြို့ဟာ မြို့ငယ်လေးသာဖြစ်ပြီး အလောင်းဘုရားစစ်တပ်ဟာ ငါးသောင်းမကများတာဖြစ်လို့ ရှင်စောပုရဲ့မြို့ဟောင်းကိုရှင်းလင်းပြီး အသစ်ပြန်တည်ရပါတယ်။
မွန်ဘုရင်ဗညားဒလဟာ အလောင်းဘုရားပဲခူးထိချီတက်မလာပဲ ရန်ကုန်မှာအခိုင်အမာတပ်စွဲထားတာသိတော့ သံလျှင်ကို စစ်တပ်တွေ စေလွှတ်ပြီးအခိုင်အမာပြန်နေစေပါတယ်။ နောက်ပြီး လက်ယာဗိုလ်ကိုတပ်မှူးခန့်ပြီး ရန်ကုန်ကိုပြန်သိမ်းနိုင်ဖို့အတွက် စစ်အင်အားနှစ်သောင်းကျော်နဲ့ ငမိုးရိပ်ချောင်းဖျား တာမွေမှာတပ်စွဲစေပါတယ်။ တာမွေမှာခံတပ်တည်တဲ့ မွန်တပ်မှူးလက်ယာဗိုလ်ဟာ မြန်မာလူမျိုးဖြစ်ပါတယ်။ ဒီလိုပါပဲ မြန်မာတပ်မှူးလုပ်နေသူတွေထဲမှာလဲ မွန်လူမျိုးတွေရှိပါတယ်။ မွန်တို့ရဲ့ တာမွေခံတပ်ကို အလောင်းဘုရားရဲ့ ရန်ကုန်ကမြန်မာတပ်တွေလာပြီးတိုက်ခိုက်တဲ့အခါ ခံတပ်အပြင်ကထွက်ပြီးခုခံပါတယ်။ ဒါပေမဲ့အင်အားမမျှတဲ့အတွက် မွန်တို့ရဲ့ တာမွေခံတပ်ပျက်ပြီး ဆုတ်ခွါကြပါတယ်။ တာမွေတပ်မှာအကျအဆုံးများပြီးတော့မှ မွန်ဘုရင်ဟာ သူ့အမှားကိုသိပါတယ်။ တာမွေတပ်ဟာ အလောင်းဘုရားရဲ့ရန်ကုန်တပ်ကြီးနဲ အရမ်းနီးပြီး ပဲခူးနဲ့အလှမ်းဝေးနေလို့ အခြေအနေမဟန်တဲ့အချိန်မှာစစ်ကူမပေးနိုင်ပဲအကျအဆုံးများခဲ့တာကိုသိရှိသွားပါတယ်။
မွန်ဘုရင်ဟာ နောက်ထပ်ခံတပ်တွေကို ပဲခူးကနေလက်လှမ်းမီတဲ့နေရာမှာဆောက်ပါတယ်။ မြန်မာတပ်တွေသွားတိုက်တဲ့အခါ မလွယ်ကူတော့တာတွေ့ရပါတယ်။
တာမွေခံတပ်တိုက်ပွဲဟာ အလောင်းဘုရားရန်ကုန်ရောက်ပြီး ပထမဆုံးအောင်နိုင်တဲ့တိုက်ပွဲဖြစ်ပါတယ်။ တာမွေတိုက်ပွဲပြီးတော့ မွန်တို့ခံစစ်ပုံစံပြောင်းလိုက်တာမို့ စစ်ပွဲရှည်ကြာသွားပါတယ်။ နောက်ဆုံးမွန်တို့ရှုံးနိမ့်ပြီး အလောင်းဘုရားပဲခူးကိုသိမ်းမိပါတယ်။ အလောင်းဘုရား ရန်ကုန်ကို ၁၇၅၅ ဧပြီလ မှာ ရောက်ရှိ တပ်စွဲပြီး ၁၇၅၇ မေလမှာ ပဲခူးကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်လို့ ၂နှစ်စွန်းစွန်းလောက်အချိန်ကြာခဲ့တာတွေ့ရပါတယ်။
တာမွေနဲ့ပတ်သက်ပြီးသမိုင်းမှာနောက်ထပ်တခါတွေ့ရတာကတော့ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်တဲ့ အေဒီ ၁၈၂၄-၂၆ မှာဖြစ်ပါတယ်။ ပထမအင်္ဂလိပ်-မြန်မာစစ်ဟာ ပထမပိုင်းမှာ မြန်မာတပ်မှူးတွေဖြစ်တဲ့ မဟာဗန္ဓုလနဲ့ မြဝတီမင်းကြီးဦးစ တို့ အာသံ၊ မဏိပူရ နဲ့ ရခိုင်တိုက်ပွဲတွေမှာ လက်စွမ်းပြခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်တို့ရဲ့အဓိကထိုးစစ်ဟာ နယ်စပ်တွေကမလာပဲ ပင်လယ်ရေကြောင်းကနေ ရန်ကုန်ကိုတိုက်ရိုက်ဝင်တိုက်တာဖြစ်ပါတယ်။ ရန်ကုန်နဲ့ အနီးတဝိုက်မှာ မြန်မာတွေဘက်ကစစ်အင်အားအလုံအလောက်မရှိတဲ့အတွက်။ အင်္ဂလိပ်တွေဟာရန်ကုန်ကိုအလွယ်ပဲသိမ်းယူခဲ့ကြပါတယ်။ ဒါပေမဲ့လဲအင်္ဂလိပ်တွေဟာ ရန်ကုန်ကနေရှေ့တိုးဖို့အတော်ခက်ခဲနေပါတယ်။ ရန်ကုန်တဝိုက်မှာ မြန်မာဘက်ကလဲခံတပ်တွေအများကြီးတည်ထားတာရှိပါတယ်။ အကြီးဆုံးကတော့ကြည့်မြင်တိုင်ခံတပ်ပါပဲ။
မှော်ပီဆရာသိန်းရဲ့ ပါးစပ်ရာဇဝင်မှာပါတဲ့အတိုင်း မြန်မာခံတပ်တွေကိုဖော်ပြပေးလိုပါတယ်။
၁။ ကျိုက်ကလို့တပ် ကို ဇွဲသဘုံမြို့စားမဟာဇေယသူအုပ်ချုပ်ပါတယ်။
၂။ သိင်္ဂုတ္တရကုန်းတပ်ကို စားတော်ဝန်မင်းလှမင်းခေါင်အုပ်ချုပ်ပါတယ်။
၃။ ရန်ကုန်တပ်ကို သတိုးမင်းကြီးမဟာမင်းခေါင်အုပ်ချုပ်ပါတယ်။
၄။ ပုဇွန်တောင်တပ်ကို မြို့လပ်ဝန်မင်းကြီးမဟာမင်းလှမင်းခေါင်အုပ်ချုပ်ပါတယ်။
၅။ ရေတပ် ကို အတွင်းဝန်မင်းကြီးမဟာမင်းလှရာဇာအုပ်ချုပ်ပါတယ်။
၆။ ကမာရွတ်တပ်ကို မုတ္တမမြို့သူကြီးသိရိသမန္တကျော်ခေါင်အုပ်ချုပ်ပါတယ်။
၇။ မြင်းတပ်ကို ကျောက်ဆည်ဝန်မင်းရဲကျော်ထင်အုပ်ချုပ်ပါတယ်။
၈။ မော်ပီမြို့တပ်ကို မဟာသီလဝအုပ်ချုပ်ပါတယ်။
၉။ မင်္ဂလာဒုံတပ်ကို ဒိုင်းဝန်နေမျိုးမင်းလှမင်းခေါင်ကျော်အုပ်ချုပ်ပါတယ်။
၁၀။ ထောက်ကြံ့ဂူကြီးတပ်ကို မြောက်ဒဝယ်ဗိုလ်မင်းကျော်မဟာမင်းခေါင်အုပ်ချုပ်ပါတယ်။
၁၁။ တာမွေတပ်ကို စစ်ကဲမင်းတင်ဇေယျသူ အုပ်ချုပ်ပါတယ်။
၁၂။ ကန်ပဲ့တပ်ကို နေမျိုးသိဒ္ဓိသူ နဲ့ နေမျိုးသိဒ္ဓိကျော်တို့အုပ်ချုပ်ပါတယ်။
၁၃။ ကျွန်းဦးသရက်တပင်တပ်ကို သတိုးမင်းကြီးမဟာမင်းခေါင်အုပ်ချုပ်ပါတယ်။
ရွှေတိဂုံကုန်းတော်မှာမြန်မာတပ်တွေလဲတပ်စွဲထားတာတွေ့ရပါတယ်။ ပထဝီအနေအထားအရ ရွှေတိဂုံကုန်းတော်ဟာအရေးပါပုံရပါတယ်။
အင်္ဂလိပ်တွေဟာ ရန်ကုန်မြို့နဲ့ အနီးကတပ်တွေကိုသိမ်းပိုက်ပေမဲ့ မြန်မာတပ်မှူးတွေဆုတ်ခွါရတဲ့အခါ မြို့သားရွာသားတွေကိုပါ မြို့ရွာတွေကနေတိမ်းရှောင်ခိုင်းပါတယ်။ ဒါကြောင့်မို့ အင်္ဂလိပ်တွေအတွက် ရိက္ခာအခက်အခဲ၊ သယ်ယူပို့ဆောင်ရေးအခက်အခဲ၊ လမ်းပြရဖို့အခက်အခဲတွေအပြင် ရာသီဥတုဒဏ်၊ ရောဂါဘယဒဏ်တို့ကြောင့် သေဆုံးသူအလွန်များပြားပါတယ်။
လမ်းရယ်လို့မရှိတဲ့အတွက် တောတွေခြုံတွေရွံ့နွံတွေကိုဖြတ်ပြီးချီတက်ကြရပါတယ်။ အင်္ဂလိပ်မှတ်တမ်းတွေအရ တာမွေခံတပ်ကို ကုက္ကိုင်းခံတပ်လို့ခေါ်တာတွေ့ရပါတယ်။ တာမွေရွာအပြင်၊ ကုက္ကိုင်းရွာဆိုတာလဲရှိနေပြီလို့ယူဆရပါတယ်။ အင်္ဂလိပ်တွေကုက္ကိုင်းခံတပ်ခေါ်ပြီး မြန်မာတွေတာမွေခံတပ်လို့ခေါ်တဲ့ ခံတပ်ကျဆုံးတဲ့အခါ စစ်သူကြီး မဟာဗန္ဒုလဟာ ရန်ကုန်တဝိုက်ကမြန်မာတပ်အားလုံးကို ဓနုဖြူအထိဆုတ်ခွါစေပါတယ်။ အင်္ဂလိပ်မှတ်တမ်းမှာ မြန်မာတွေတာမွေခံတပ်မှာအထိနာပြီး မဟာဗန္ဓုလဆုတ်ခွါသွားတာဟာ စစ်ပွဲရဲ့အလှည့်အပြောင်းကိုဖြစ်စေခဲ့တယ်လို့ဆိုပါတယ်။ အောက်မြန်မာမှာ ရန်ကုန်၊ ပုသိမ်စတဲ့မြို့ကြီးတွေမှာသာ မြန်မာလူမျိုးတွေရှိပြီး ကျန်နယ်မြို့တွေ၊ ရွာတွေမှာတော့ မွန်လူမျိုးတွေကအများစုဖြစ်ပါတယ်။ ကရင်လူမျိုး၊ ရှမ်းလူမျိုးတွေလဲရှိပါတယ်။ မြန်မာတပ်အားလုံးဓနုဖြူကိုဆုတ်သွားတဲ့အတွက် မွန်လူမျိုးတွေဟာ ပုန်းအောင်းနေရာက မြို့ထဲရွာထဲပြန်လာနေကြတဲ့အတွက် အင်္ဂလိပ်တွေအတွက် ရိက္ခာဝယ်ယူနိုင်သလို၊ သယ်ယူပို့ဆောင်ရေးအတွက်လှေတွေ၊ လမ်းပြတွေကိုရသွားပါတယ်တဲ့။ နောက်တခုက ဗန္ဓုလရန်ကုန်ကဆုတ်သွားတဲ့အခါ မြန်မာတပ်ကမွန်လူမျိုးတွေ အင်္ဂလိပ်နဲ့လာပေါင်းကြတယ်လို့ ဆိုပါတယ်။ ဒီမွန်ခေါင်းဆောင်တွေကို နယ်မြေအုပ်ချုပ်ရေးအတွက်တာဝန်ပြန်ပေးထားနိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့ အင်္ဂလိပ်တပ်တွေဟာ ရန်ကုန်ကနေ ဆက်ချီတက်ဖို့ တော်တော်အဆင်ပြေသွားခဲ့တယ်လို့ဆိုပါတယ်။ အင်္ဂလိပ်မြန်မာပထမစစ်ပွဲအပြီး ၁၈၂၆ ခုမှာ အင်္ဂလိပ်တို့ကိုကူညီခဲ့တဲ့ မောင်မြတ်ဖြူ၊ မောင်ငံ စတဲ့ မွန်ခေါင်းဆောင် ၆ ယောက်ကို အင်္ဂလိပ်တို့က ရွှေတံဆိပ်တွေချီးမြှင့်ခဲ့တာတွေ့ရပါတယ်။
အင်္ဂလိပ်-မြန်မာပထမစစ်ဟာ ၁၈၂၆ခု မှာ ရန္တပိုစာချုပ်ချုပ်ဆိုပြီးအဆုံးသတ်ခဲ့ပါတယ်။ စစ်လျှော်ကြေးငွေနဲ့တကွ ရခိုင်နဲ့ တနင်္သာရီတို့ကို အင်္ဂလိပ်တို့ကိုပေးလိုက်ရပါတယ်။ ၁၈၂၆ နှစ်ကုန်ပိုင်းမှာ အင်္ဂလိပ်တွေ ရန်ကုန်ကပြန်ထွက်ခွါပြီး မြန်မာတပ်တွေ ရန်ကုန်ကိုပြန်လာပြီးနေရာယူပါတယ်။ မြန်မာတပ်တွေနယ်အနှံ့ပြန်မရောက်နိုင်သေးမီ အောက်မြန်မာကမွန်လူမျိုးတွေဟာ မွန်နိုင်ငံကိုပြန်တည်ထောင်ဖို့ကြိုးစားလာကြပါတယ်။ သံလျှင်မြို့စားဟောင်းမောင်စပ်ဟာ သမိန်ပရူးဘွဲခံပြီး ခေါင်းဆောင်ပါတယ်။ သံလျှင်ကျိုက်ခေါက်ဘုရားမှာ မွန်၊ ကရင်၊ ရှမ်း လူ ၉၀၀၀ လောက်ကို စုစည်းသိမ်းသွင်းပြီးသစ္စာဆိုကြပါတယ်။ မွန်ရိုးရာနတ်တင်ပသပွဲပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်မြစ်တောင်ဘက် သံလျှင်နဲ့ ဒလဒေသတွေမှာအခြေပြုပြီး ရန်ကုန်တဝိုက်ကစခန်းတွေကိုသိမ်းပိုက်ပါတယ်။ မြန်မာတပ်တွေဟာ ရန်ကုန်မြို့ကိုသာအစွမ်းကုန်ကာကွယ်နေရပါတယ်။ ပဲခူး၊ မုတ္တမ၊ ပုသိမ်၊ ပြည် စတဲ့မြန်မာနိုင်ငံအောက်ပိုင်းမြို့ရွာတွေက တပ်ကူတွေတောင်းရပါတယ်။ မွန်တို့ဘက်ကလဲ စစ်အင်အားကိုတိုးချဲ့လာပါတယ်။ ကရင်လူမျိုးတွေပါ မွန်တွေနဲ့ပူပေါင်းပြီး ဧရာဝတီတိုင်းကမြို့တွေကိုပါသိမ်းခဲ့ကြပါတယ်။ မွန်တွေဟာ ဒေါပုံ၊ ပုဇွန်တောင်၊ သိမ်ဖြူ အစရှိတဲ့ တပ်တွေကိုသိမ်းယူထာပြီးရန်ကုန်မြို့ကို မပြတ်တိုက်ခိုက်ပေမဲ့ မသိမ်းနိုင်ပါဘူး။ မြန်မာတပ်ကူတွေရောက်လာလို့ မွန်တပ်တွေကိုတိုက်နိုင်ပေမဲ့ရေရှည်မသိမ်းထားနိုင်ပဲ ရန်ကုန်မြို့ထဲကသာပြန်ပြီးခုခံရပါတယ်။ နောက်ဆုံးမြန်မာမင်းနေပြည်တော်ကတပ်ကူတွေရောက်လာပါတယ်။ မွန်တိုဟာ မြစ်ကမ်းဘေးက တပ်တွေကနေရန်ကုန်ကိုမသိမ်းနိုင်တဲ့အတွက် နောက်ဆုံးအကြိမ် အဖြစ် ငမိုးရိပ်ချောင်းကိုဆန်တက်ပြီး တာမွေကနေ ပတ်ပြီးတိုက်ပါတယ်။ ဒါပေမဲ့လဲမအောင်မြင်ပဲ့ ဆုတ်ခွါခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ မွန်တပ်တွေတတပ်ပြီးတတပ် ကျဆုံးပါတော့တယ်။ ရန်ကုန်ဝန်းကျင်ကနေဆုတ်ခွါရပြီး သံလျှင်နဲ့ ဒလတို့ကခုခံကြရပါတယ်။ နေပြည်တော်ကမြန်မာတပ်ကူတွေပါရောက်လာပြီဖြစ်လို့ သံလျှင်နဲ့ ဒလမြို့တွေကလဲ ဆုတ်ခွါရပါတယ်။
သံလျှင်မြို့စားဟောင်းမောင်စပ်ဟာ နောက်လိုက်နောက်ပါတသောင်းကျော်နဲ့ ရန္တပိုစာချုပ်အရအင်္ဂလိပ်ပိုင်ဖြစ်လာတဲ့မော်လမြိုင်ကိုဆုတ်ခွါသွားပါတယ်။ အလားတူပဲ ဒလမြို့စားဟောင်း မောင်ထော်လေးနဲ့နောက်လိုက်နောက်ပါ နှစ်သောင်းတို့ဟာလဲ မော်လမြိုင်ကိုဆုတ်ခွါသွားကြပါတယ်။ အဲဒီအချိန်ကစပြီး ရန်ကုန်မှာ မွန်တွေနည်းပါးသွားပါတယ်။ ကျန်ခဲ့တဲ့မွန်တွေဟာလဲမြန်မာလူမျိုးအဖြစ်ခံယူလိုက်ကြပါတယ်။ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းကမြန်မာလူမျိုးတွေဟာ တကယ်မှာတော့ မြန်မာလူမျိုးစစ်စစ်ဆိုတာရှားပါတယ်။ မြန်မာလူမျိုးအဖြစ်ခံယူလိုက်တဲ့မွန်လူမျိုးတွေ၊ မွန်မြန်မာသွေးနှောတွေကသာအများစုဖြစ်ပါတယ်။ အခုအချိန်မှာတော့ ရန်ကုန်မှာ မွန်လူမျိုးသုံးသောင်းလောက်သာရှိပါတော့တယ်။ တာမွေမြို့နယ်မှာေတာ့မွန်လူမျိုး နှစ်ထောင်လောက်နေထိုင်ကြပါတယ်။ ဒီမွန်လူမျိုးတွေဟာ အရင်ရှေးခေတ်ကရှိနေခဲ့တဲ့လူတွေမဟုတ်ပါဘူး၊ ကိုလိုနီခေတ်နောက်ပိုင်းကာလနဲ့ လွတ်လပ်ရေးရပြီးကာလတွေမှာ မွန်ပြည်နယ်ကလာပြီးအခြေစိုက်ကြတာဖြစ်ပါတယ်။ ရန်ကုန်ကမွန်လူမျိုးတွေဟာ သူတို့ရဲ့ဒေသဟောင်းတခုဖြစ်တဲ့ရန်ကုန်အတွက်အလွန်ဂုဏ်ယူကြပါတယ်။ ရွှေတိဂုံစေတီ၊ ဆူးလေစေတီ၊ ဗိုလ်တထောင်စေတီ၊ ကျိုက္ကဆံစေတီ စတဲ့ အထင်ကရဘုရားကြီးတွေကိုစတင်တည်ခဲ့သူများအဖြစ်ဂုဏ်ယူတတ်ကြပါတယ်။ ရန်ကုန်မြို့မှာရှေးဟောင်း မွန်စာပေယဉ်ကျေးမှုတွေကိုတတ်နိုင်သလောက်ပြန်ပြီးဖော်ထုတ်လိုကြပါတယ်။ ပြောင်းလဲလာတဲ့နိုင်ငံရေးအခြေအနေအရ ရန်ကုန်တိုင်းဒေသကြီးမှာ ကရင်လူမျိုး၊ ရခိုင်လူမျိုးတွေလိုပဲ မွန်ဝန်ကြီးတယောက်ရှိနေစေချင်ကြပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာပါ၊ မွန်ဝန်ကြီးနေရာရနိုင်ဖို့အတွက်လူဦးရေမလုံလောက်ပဲဖြစ်နေရပါတယ်။ ရန်ကုန်မြို့ကမွန်လူမျိုးတွေဟာမိမိတို့ရဲ့လိုလားချက်ကို ပြသနိုင်ဖို့အတွက် ရန်ကုန်မြို့မှာ မွန်အမျိုးသားနေ့ပွဲတွေကိုစည်းကားသိုက်မြိုက်အောင်ကြိုးပမ်းကြပါတယ်။ မွန်နိုင်ငံရေးပါတီကကိုယ်စားလှယ်လောင်းတွေ ဟာရန်ကုန်ကမဲဆန္ဒနယ်မြေတွေမှာရွေးကောက်ပွဲဝင်ပြိုင်တာတွေလုပ်ကြပါတယ်။ ရွေးကောက်ပွဲအနိုင်ရဖို့မဟုတ်ပဲ ရန်ကုန်မြို့ကမွန်တို့ရဲ့အင်အားကိုပြသနိုင်ဖို့သာဖြစ်ပါတယ်။
တာမွေနဲ့ပတ်သက်တဲ့သမိုင်းဝင်အကြောင်းအရာအချို့ကိုတင်ပြခဲ့ပြီးပါပြီ။ တာမွေဟာ မွန်နာမည်ဖြစ်ပြီး မွန်ရွာတရွာဖြစ်ခဲ့ပါတယ်။ ဒါကြောင့်မို့ သမိုင်းဟာလဲမွန်လူမျိုးတွေနဲ့ဆက်စပ်နေပါတယ်။ သမိုင်းကြောင်းကိုဖတ်ရာမှာ သမိုင်းကိုအရှိအတိုင်းရှုမြင်တတ်ကြစေလိုပါတယ်။ မွန်နဲ့မြန်မာတို့ဟာသမိုင်းတလျှောက်တိုက်ခိုက်ကြ၊ အတူယှဉ်တွဲနေခဲ့ကြနဲ့ နှစ်ပေါင်းရာထောင်ချီခဲ့ပါပြီ။ သမိုင်းဆိုတာရှုမြင်မှုအရကွဲပြားနိုင်ပါတယ်။ ဒါပေမဲသမိုင်းဟာဖြစ်ပျက်ပြီးခဲ့တဲ့အတိတ်သာဖြစ်ပါတယ်။ အင်္ဂလိပ်နဲ့ပေါင်းပြီးမြန်မာတို့ကိုတိုက်ခိုက်တဲ့မွန်ခေါင်းဆောင် တွေကိုမြန်မာတို့ကသူပုန်တွေသစ္စာဖောက်တွေလို့မြင်ကြပါလိမ့်မယ်။ မွန်လူမျိုးတွေအတွက်တော့သူတို့ဟာမွန်နိုင်ငံကိုပြန်ထူထောင်နိုင်အောင်ကြိုးပမ်းခဲ့ကြတဲ့ တော်လှန်ရေးသမားတွေ၊ သူရဲကောင်းတွေဖြစ်ပါတယ်။ ဆရာစံဟာ ကိုလိုနီအစိုးရအတွက်သူပုန်ဖြစ်ပေမယ့် မြန်မာတွေအတွက်တော့ အရေးတော်ပုံခေါင်းဆောင်သူရဲကောင်းဖြစ်ပါတယ်။ ၁၉၈၈ခုက တနိုင်ငံလုံးအတိုင်းအတာနဲ့အုံကြွမှုကြီးကို ကျွန်တော်တို့ကရှစ်လေးလုံးအရေးတော်ပုံလို့ခေါ်ပေမယ့်၊ စစ်အစိုးရကတော့ ၈၈အရေးအခင်းဆိုပြီးသေးသိမ်အောင်ခေါ်ပါတယ်။ ဒါကြောင့် သမိုင်းကို အရှိအတိုင်းသာ ရှုမြင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ (ဗညားအိုင်းဝင်)
စာကိုး
- ဦးမောင်မောင်တင်- ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီး
- မှော်ပီဆရာသိန်း- ပါးစပ်ရာဇဝင်
- နဂါးဗိုလ်ထိပ်တင်ဒွေး- ရန်ကုန်ရာဇဝင်
- A.C. Banerjee- The Eastern Frontier of British India
ဒေါက်တာတင့်ဆွေ
Comments
Post a Comment