Preauricular sinus နားအပေါက်ငယ်
၁။ ဆရာမင်္ဂလာပါဗျ ကျနော့်ကို တခု(တခု)လောက်ဖြေကြားပေးပါ ဆရာ သမီးလေး အသက် ၂၂ ရက်နေ့ဆို ၄နှစ်ပြည့်မှာပါ ဆရာ နားမှာပါတဲ့ အပေါက်လေးက ဖောင်းလာလို့ ဆေးခန်းပြတော့ မေ့ဆေးပေးပြီး ခွဲရမယ်လို့ ပြောလာပါတယ် ဆရာ ဆရာတင်တဲ့ post ကိုရှာကြည့်တော့ တချို့ (တချို့ ) Comment တွေမှာ ခွဲလည်း ပြန်ဖြစ်တယ် ၄နှစ်အရွယ်ကလေးကို မေ့ဆေးပေးတာ ဘာဆိုးကျိုးရှိနိုင်လည်းဆရာ ခွဲစိပ်လိုက် ပြန်ဖြစ်လိုက် ကြီးအမြဲတမ်းဖြစ်နေမှာလားဆရာ ကျနော့်ကို ဖြေးကြာပေးပါအုံးဆရာ ကျနော်က ( - ) က CDM ဝန်ထမ်းတဦး(တဦး)ပါ ဆရာ
၂။ ဆရာ ကျွန်တော်က အသက် ၃၆ နှစ်ပါပြီ ကျွန်တော်နားမှာ သေးသေးလေးအပေါက်ငယ်လေးရှိတယ် ဘယ်လိုကုရမလဲ ဘာဆေးဝယ်ပြီးကုမလဲ ကျေးဇူးပြုပြီး ရှင်းပြပေးလို့ရမလာခင်ဗျာ တကယ်အရေးကြီးလို့ပါခင်ဗျာ ကျေးဇူးတင်ပါတယ်
၃။ ဆရာ မင်္ဂလာပါရှင်။ ကျွန်မ သားလေး အသက် ၂ နှစ်နဲ့ ၇ လထဲမှာပါ (မိခင်နို့ သောက်သုံးဆဲပါ)။ သားက မွေးရာပါ ဘယ်ဘက်နား နားထင်အစပ်လေးမှာ အပေါက်သေးသေးလေး ပါ ပါတယ်ရှင်။ ကလေးကောက်ဆရာဝန်က အဲ့အပေါက်လေးကို လုံးဝ မညှစ်ဖို့မှာကြားခဲ့တဲ့အတွက် မညှစ်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ ၃ ရက်ခန့်က သားက သူ့လက်နဲ့ နားကို ကုတ်နေတာ သတိထားမိပါတယ်။ အဲ့ဒါပြီးတော့ သားရဲ့ဘယ်ဘက်နားရွက်နားအပေါ်အရိုးလေးက တဖြည်းဖြည်းယောင်(ရောင်)ပြီး ရဲလာပါတယ်။ အခုအပြင်က မြင်ရတဲ့အတိုင်းဆို ပြည်ဖုလုံးကြီးဖြစ်နေပါတယ်။ ဆေးခန်းလည်း မသွားရဲတဲ့အခြေအနေမို့ ဘယ်လိုတွေပြုစုကုသပေးရင် သက်သာပျောက်ကင်းမလဲဆိုတာ လမ်းညွှန်ပါဦးရှင်။ ဘာဆေးတွေတိုက်ရမလဲ ဆိုတာလည်း ညွှန်ကြားပေးပါဦးဆရာရှင့်။ သားကို နေ့စဥ် little critters multivitamin တနေ့တလုံး နဲ့ Vit C တနေ့ တလုံး တိုက်ကျွေးပါတယ်။ သားရဲ့ နားပုံလေးပို့ပေးလိုက်ပါတယ်ရှင်။ ဒီနေ့အခြေအနေက ပိုယောင်(ရောင်)ပြီး ပိုရဲနေပါတယ်ဆရာ။ လေးစားစွာဖြင့်
တနေ့တလုံး ရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း
၄။ ဆရာရှင့် ကျွန်မ သမီးကလေးက ၄ နှစ်ပါ နားမှာမွေးရာပါ အပေါက်ကလေးပါပါတယ် ညဘက်တိုင်းသူက ယားတယ်ပြောပါတယ် အဲနေရာကို ဒီနေ့ ညစ်(ညှစ်) ကြည့်လိုက်တော့ သနပ်ခါးလိုမျိုးအနှစ်တွေ ထွက်ပါတယ် ယောင်(ရောင်)လည်းယောင်(ရောင်) နေပါတယ် ခွဲစိတ်ဖို့ လိုပါသလားရှင့် ဆရာအားရင် ပြန်လည် ဖြေကြားပါပေးပါရှင့် ပုံလေးပါ ပို့လိုက်ပါတယ်ရှင့်
၅။ မင်္ဂလာပါ ဆရာ ကျမ သမီးလေးက ၁နှစ်ပါေ မွးရာပါနားပေါက်ပါလာပါတယ်ရှင့် အဲ့တာလေးကို ကျမက နေ့တိုင်းညစ်(ညှစ်) ပေးမိပါတယ် ညစ်ပေးရင် ပြည်နည်းနည်းထွက်တယ်ရှင့် အဲ့နားပေါက်ကို ညစ်ပေးရင် အန္တရာယ်ရှိလားရှင့် နေ့တိုင်းညစ်ပေးရင် ဘာတွေဖြစ်လာနိုင်လဲရှင့်
၆။ ကျွန်တော်သမီးလေး အသက်က ၅နှစ်ပါ သူမှာမွေးရာပါ နားရဲ့ အနီးနားက အပ်ရာလောက်အပေါက်ကလေးကနေ ပြည် ထွက်လာပြီး နေမကောင်းဖြစ်နေပါတယ် စိုးရိမ်ရလားဆရာ ဘာတွေလုပ်ရမလဲ ခွဲစိပ်(စိတ်)ရမလား မနေ့က ကလေးကပြောမှ ပြည်တည်နေတာသိရပါတယ်။
ပြန်စာ
Preauricular pit ဆိုတာ နားအရှေ့ဘက်မှာ တွေ့ရတဲ့ မွေးရာပါ အပေါက်သေးသေး (သို့) အရေပြားချိုင့်သေးသေးတခု ဖြစ်တယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်း နားဖွံ့ဖြိုးတည်ဆောက်မှု အပြည့်အဝ မပြီးစီးခြင်းကြောင့် ဖြစ်ပေါ်လာသော မျိုးရိုးဗီဇဆိုင်ရာ လက္ခဏာတရပ်ဖြစ်ပြီး အများအားဖြင့် အန္တရာယ်မရှိပါ။
ပုံမှန်အားဖြင့် လက္ခဏာမပြသဘဲ နေတတ်သော်လည်း၊ ကူးစက်ရောဂါ ဖြစ်လာရင်တော့ နာကျင်မှု၊ ဖောယာခြင်း၊ နီရဲခြင်း သို့မဟုတ် အညစ်ရည် (pus) ထွက်လာနိုင်တယ်။ ကူးစက်မှုမကြာခဏ ဖြစ်ပွားလာရင် သို့မဟုတ် အညစ်အကြဲအိတ် (cyst) ပေါ်လာရင် ခွဲစိတ်ဖယ်ရှားရန် လိုအပ်နိုင်တယ်။ မကုသဘဲ ထားထားတဲ့ preauricular pit များဟာ အများအားဖြင့် ကျန်းမာရေးပြဿနာ မဖြစ်စေပါ။
လက္ခဏာများ
နားအရှေ့ဘက်မှာ အပေါက်သေးသေး သို့မဟုတ် အရေပြားချိုင့်သေးသေးတခု ရှိခြင်း။
အရေပြားအောက်မှာ အပေါက်လမ်းကြောင်း (sinus tract) ရှိနိုင်ကြောင်းကို ပြသနိုင်ခြင်း။
ကူးစက်ရောဂါ ဖြစ်ပါက နီရဲခြင်း၊ ဖောယာခြင်း၊ အညစ်ရည် ထွက်လာခြင်းတို့ ဖြစ်နိုင်ခြင်း။
မကုသဘဲထားရင် တချို့ကလေးတွေမှာ ကူးစက်မှု ထပ်ခါထပ်ခါ ဖြစ်ပွားပြီး နာကျင်မှု၊ ဖောယာခြင်း၊ အညစ်ရည် ထွက်လာခြင်းတို့ ဖြစ်နိုင်တယ်။ ခွဲရင်လည်း ပိုးကင်အောင် အရင်လုပ်ပါမယ်။
မေ့ဆေးကိုတော့ မေ့ဆေးဆရာဝန်က ခွင့်ပြုရင် စိုးရိမ်ရန် မရှိပါ။
ပြည်ဆိုတာ ဘယ်မှာရှိရှိ ထွက်အောင်လုပ်ရမယ်။ ပိုးသေဆေး + အနာသက်သာဆေး + ဆေးထည့်တာလိုနိုင်။
Preauricular sinus လို့လည်းခေါ်တယ်။ မွေးရာပါဖြစ်လို့ congenital auricular fistula လို့လည်းခေါ်တယ်။ တချို့မှာ အပေါက်လေးမဟုတ်ပဲ အိတ်ဖြစ်နေလို့ preauricular cyst ခေါ်တယ်။ အချိုင့်ကလေးလိုလည်းဖြစ်နိုင်တယ်။ တချို့ကိုတော့ Surgical excision ခွဲစိတ်ပေးရတယ်။ ထွက်တဲ့ပြည်က နံတယ်။
Paracetamol and Azithromycin ကလေးဆေးများ https://dr-tint-swe.blogspot.com/2021/05/paracetamol-and-azithromycin.html
Wound Dressing အနာဒဏ်ရာ ဆေးထည့်နည်း https://dr-tint-swe.blogspot.com/2021/05/wound-dressing.html
Chronic preauricular sinus နားရှေ့ ဆိုင်းနပ်စ် အနာ https://dr-tint-swe.blogspot.com/2021/09/chronic-preauricular-sinus.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment