Spondylosis အရိုးကျီးပေါင်းတက်ခြင်း

ခါးကျီးပေါင်းရောဂါနှင့် ဘယ်ဘက်တင်ပါးဆုံရိုးလည်း နာပါသဖြင့် နေပြည်တော်မှာ ပြခဲ့ပါသည်ဆရာရှင့်။ 
ပြန်ရောက်စကတော့ သက်သာပါတယ်ရှင့်။ အခုပြန်ပြီးနာလာပါသဖြင့် လက်ရှိညွှန်ထားသောဆေးကိုပဲ သောက်ရပါမည်လား သည်ထက်အဆင်‌ပြေနိုင်သောဆေးကို ညွှန်ပြပေးနိုင်ပါမည်လားရှင့်။ အထိုင်များခြင်း လမ်းလျှောက်ခြင်းတွေမှာ အချိန်ဘယ်လောက်ပေးရပါမည်လည်းရှင့်။ တစ်နာရီ(တနာရီ)အများဆုံးထိုင်ပြီး ပဋ္ဌာန်းပူဇော်ခြင်းနေ့စဉ်ရှိပါသည်ရှင့် ဖြစ်နိုင် မဖြစ်နိုင်ရောပါ ကျေးဇူးပြု၍  ဖြေကြားပေးပါရန် တောင်းပန်ပါသည်ရှင့်။ ကျမ၏အသက်မှာ ၆၆နှစ်ပါဆရာရှင့်

အရိုးကျီးပေါင်းတက်ခြင်း Spondylosis ဆိုတာ အရိုးအဆစ်တွေ အနိစ္စဖြစ်စဉ်သဘော ပြောင်းလဲ ပျက်ယွင်းလာတာမျိုးပါ။ ဖြစ်တာကတော့ အဆစ်ပေမဲ့ သူ့အနားက အာရုံကြောတွေကို ဖိမိရင် ပိုပြီး ဒုက္ခပေးတယ်။ အာရုံကြောဆိုတာက နာတာကို သိတာနဲ့ လှုပ်ရှားမှု ဆောင်ရွက်တာဆိုပြီး အနည်းဆုံး ၂ မျိုး ရှိတာမို့ ဒဏ်ခံရတဲ့ အာရုံကြော အမျိုးအစားလိုက်ပြီး၊ ရောဂါလက္ခဏာတွေ ဖြစ်လာစေတယ်။ နာတာ-ကျင်တာ၊ ကောင်းကောင်း မလှုပ်ရှားနိုင်တာ မျိုးတွေပါ။ ညအိပ်တုံး ခေါင်းအုံး အနေအထားမမှန်လို့၊ ဖြစ်တာကလည်း ဒါမျိုးအသေးစားဘဲ။ အုံးလွဲတယ်ခေါ်တာမျိုးပေါ့။ ဖြစ်ရတဲ့အကြောင်း သိပ်တိတိကျကျ မသိရင် သီအိုရီတွေ များနေတတ်တာတွေထဲ ဒီရောဂါလည်းပါတယ်။

ကျောရိုးလို့သာ အလွယ်ပြောတာ ကျောရိုးက အရိုးတွေအများကြီး ထပ်နေတာ၊ ကြားနေရာတွေက အဆစ်တွေဖြစ်တယ်။ လည်ပင်း၊ ရင်ခေါင်း၊ ခါး၊ တင်ပါး၊ အမြီးပိုင်းတွေဆိုပြီး နေရာအလိုက် ခေါ်ရတယ်။ စုစုပေါင်း (၇ + ၁၂ + ၅ + ၅ + ၄) = ၃၃ ရိုးရှိတယ်။ ခန္ဓာဗေဒရေးပြနေတာတော့ မဟုတ်ပါ။ အရိုးကျီးပေါင်းတက်တာက ဒီနေရာတွေမှာ အဖြစ်များလို့။ အရိုးတခုနဲ့တခုကြားနေရာကနေ အာရုံကြောတွေက ဘယ်-ညာ ဖြာထွက်တယ်။ အရိုး-အဆစ် မကောင်းရင် အဲဒီ အာရုံကြောတွေကို သွားဖိမိတာနဲ့ လက္ခဏာတွေ ရစေတော့တယ်။ လည်ပင်းနာ၊ ဂုတ်ပိုးနာ၊ ခေါင်းမူး၊ ခေါင်းကိုက်၊ လည်ပင်းတင်းတောင့်၊ လက်တလျှောက် အပ်နဲ့ထိုးခံရသလိုခံစား၊ ထုံကျင်၊ လက်ကောင်းကောင်း မလှုပ်နိုင်၊ လက်ဖျားတွေ ထုံကျင်၊ အနေအထိုင်ခက်၊ အလုပ်အကိုင်ခက်၊ အားယုတ်၊ အအိပ်ပျက်။

ဒီလက္ခဏာတွေက Spondylosis ကြောင့်အပြင် Herniated inter-vertebral disks အဆစ်ကြားအရွတ် ကျွံထွက်တာနဲ့ Fibro-myalgia and myo-fascial pain syndromes အရွတ်-ကြွက်သား ရောဂါမျိုးတွေကြောင့်ပါ ဖြစ်တတ်တယ်။ လူတွေ အရွယ်ရလာရင် သူ့အလိုလို အဆစ်မြဲစေအောင် ကြိုးစားတဲ့အနေနဲ့ အရိုးမျက်နှာပြင် ကျယ်လာတယ်။ ဒီလိုလုပ်လို့ ဒီအခြေအနေမျိုး ဖြစ်လာစေတတ်သေးတယ်။ 

လည်ပင်းပိုင်းဖြစ်ရင် Cervical spondylosis ခေါ်တယ်။ ခါးဖြစ်ရင် Lower back spondylosis ခေါ်တယ်။ လည်ပင်းမှာ ဖြစ်တာ အမျိုးသမီးတွေမှာ ပိုများတယ်။ သမင်လည်ပြန် သိပ်မကြည့်ကြနဲ့။ လည်ပင်းမှာ ဖြစ်သူတွေဆိုရင် တက်တဲ့ ကျီးပေါင်းက အာရုံကြောကို တိုက်ရိုက် ဖိတာကြောင့် အောက်ပိုင်းတခုလုံး အားနည်းတာ၊ လမ်းသွားတာ ပုံမမှန်တာ၊ ကိုယ်ကို ဘယ်-ညာ ကောင်းကောင်း မထိန်းနိုင်တာ၊ ဆီး-ဝမ်းသွားရာ မမှန်တာတွေပါ ဖြစ်စေတယ်။ ဒါ့ပြင် ခြေတွေ လက်တွေမှာ အာရုံကြောနဲ့ သွေးလျှောက်တာ ထိခိုက်လို့ (ရှော့ခ်) လို့ခေါ်နိုင်တဲ့ Paresthesia ဖြစ်စေတတ်သေးတယ်။ သေချာအောင် X-rays နဲ့ MRI လုပ်ရတယ်။

အနေအထိုင်၊ အသွားအလာ၊ စတာတွေကြောင့် ဖြစ်ရတာမို့ ဖြစ်သူတွေ Lifestyle ပြောင်းဘို့ လိုလာတယ်။ လုပ်နေရတဲ့ အလုပ်ကနေ ပြောင်းသင့် ပြောင်းရမယ်။ ဘေးကနေ လုပ်ပေးနိုင်တာတွေက Physiotherapy ကုတာနဲ့ အနာ သက်သာဆေးတွေ ပေးတာဖြစ်တယ်။ လိုအပ်လာရင် ခွဲစိတ်ရတယ်။

တခြားနည်းလမ်းတွေလည်း ရှိပါတယ်။ Osteopathic manipulative medicine (OMM), massage, trigger-point therapy, chiropractic, osteopathic care and acupuncture ဆိုတာတွေ ပါတယ်။  အာယုဗေဒနည်းမှာ Mahanarayan taila ကအကောင်းဆုံးလို့ ဆိုတယ်။ တနေ့ ၂-၃ ကြိမ်နှိပ်ပေးရတယ်။ ဆောင်းတွင်း ဆိုရင် ဆေးအဆီကို နဲနဲအပူပေးပြီးမှ သုံးရတယ်။ Guggulu ဆိုတဲ့ဆေးလည်း ကောင်းတယ်ပြောတယ်။ Simhanada guggulu ဆေးပြားကို တခါသောက် ၂-၄ ပြား၊ တနေ့ ၄ ကြိမ်ပေးတယ်။ ရေနွေး ဒါမှမဟုတ် နွားနို့ပူပူနဲ့ သောက်ခိုင်းတယ်။ ဒီဆေးက ဝမ်းနုတ်တဲ့ သဘောလည်းပါတယ်။ ဝမ်းမချုပ်စေရဘူးလို့ ဆိုတယ်။ ၄ ပြားနဲ့ မရရင် ၆ ပြား ပေးတယ်။ Triphala powder ဆေးမှုံ့ ကိုလည်း သုံးတယ်။ နွားနို့ပူပူထဲ ဆေး လက်ဘက်ရည် ၁ ဇွန်းနဲ့ သကြားထည့် သောက်စေတယ်။ တပါတ် ၂ ခါကနေ တနေ့ တခါပေးတယ်။

နာတဲ့နေရာကို အပူကပ်တာ အကျိုးရှိတယ်။ သတိထားဘို့က ဖြစ်နေတဲ့ရောဂါကြောင့် ထုံနေတဲ့ နေရာလေးတွေ ဖြစ်နေတတ်တယ်။ အဲဒီနေရာကို အပူကပ်ရင် မလွန်စေနဲ့။ လူနာက ပူတာမသိဘူး။ တနေ့ကို နာရီဝက် လုပ်ရတယ်။ နာတဲ့နေရာတွေကို နှိပ်တာမှာ အတင်းမလုပ်ရပါ။ ပိုဆိုးစေတတ်တယ်။ အသာအယာနှိပ်ပါ။ လည်ပင်းဖြစ်တာကို အခံရခက်လို့ ဆိုပြီး ဆေးကုတာကို အတင်း မလုပ်သင့်ဘူး။ ခါးတဲ့ အစားအစာတွေ တည့်တယ်။ အေးတဲ့ ရာသီဥတု၊ အေးတဲ့ရေ ချိုးတာ၊ အပြင်းအထန် လှုပ်ရှားတာ၊ မကောင်းပါ။ လည်ပင်း လေ့ကျင့်ခန်းလုပ်ပါ။ အလုပ်ကို နားလုပ်ပါ။ Neck collar ကော်လာ ကြာကြာတပ်ထားပါ။

အနာသက်သာဆေးတွေ သောက်နေရမယ်။
• Paracetamol မှာ ဘေးထွက်ဆိုးကျိုး သိပ်မရှိပါလို့ယူဆလာရာကနေ နောက်သိလာရတာက ဆေးများသွားရင်တော့ အသည်းနဲ့ ကျောက်ကပ်မှာ ဆိုးဝါးတာဖြစ်စေနိုင်တယ်။
• COX-2 inhibitors တွေက NSAIDs တွေရဲ့ ဘေးထွက်ဆိုးကျိုးကို သက်သာအောင် တီထွင်ထားတဲ့ အမျိုးအစား ဖြစ်တယ်။ Rofecoxib နဲ့ Celecoxib တွေဖြစ်တယ်။ ထိရောက်တာမှာတူပြီး အစာလမ်းကသွေးယိုမှာ သက်သာစေတယ်။ ဒါပေမဲ့ နောက်ပိုင်း လေ့လာမှုတွေအရ နှလုံးနဲ့ ဦးနှောက်ကို သက်ရောက်မှုဖြစ်စေနိုင်တာ သိလာရတယ်။ Rofecoxib (Vioxx) ကို ရောင်းခွင့်မပြုတော့ဘူး။ Celecoxib ထဲမှာ (ဆာလ်ဖါ) ပါတယ်။
• Ofirmev ဆေးက Acetaminophen ဆေးဖြစ်တယ်။ သွေးပြန်ကြောထဲ ထိုးပေးရတယ်။ ဥရောပမှာ ခွဲစိတ်လူနာတွေ အနာသက်သာဘို့ အသုံးများလာတယ်။
• Morphine, Codeine, Oxycodone, Hydrocodone, Dihydromorphine, Pethidine ဆေးတွေက ဘိန်း၊ ဘိန်းနဲ့ ဆင်တာတွေကနေ ထုတ်လုပ်တာဖြစ်တယ်။
• Buprenorphine က ဓါတ်ခွဲခန်းမှာထုတ်တဲ့ ဘိန်းဖြစ်တယ်။
• Tramadol ဆေးက Codeine နဲ့ ဆင်တယ်။
• Flupirtine (Aminopyridine) ဆေးမှာ ဘိန်းမပါဘူး။
• Tricyclic antidepressants စိတ်မကျဆေးတွေကိုလဲ သုံးနိုင်တယ်။
• Paracetamol နဲ့ Codeine လို ရောထားတဲ့ဆေးတွေလဲ ရှိတယ်။
• Ibuprofen or Diclofenac တွေကို လိမ်းဆေးအဖြစ်လဲသုံးနိုင်တယ်။
• Capsaicin ငရုပ်သီးကနေထုတ်တယ်။ ဆေးကပ်ခွါအဖြစ်သုံးတယ်။
• Lidocaine အဆစ်ထဲထိုးပေးနိုင်တယ်။ ပါးစပ်အနာအတွက်လဲ လိမ်းပေးနိုင်တယ်။
• Tetrahydrocannabinol (THC) စိတ်ရောဂါအတွက်ဆေး၊ နာတာအတွက်လဲ ပေးတယ်။
• Ketamine မေ့ဆေးထိုးဆေးကို မတော်မတရားပြုကျင့်ဘို့၊ ပစ္စည်းလုယက်ဘို့ ဆေးအဖြစ်သုံးတယ်။
• Clonidine ယားတာ၊ စိုးရိမ်တာ၊ သွေးတိုးနဲ့ နာတာတွေအတွက်သုံးတယ်။
• Mexiletine နှလုံးခုန်မမှန်တာကို အဓိကသုံးတယ်။ နာတာကိုလဲ သက်သာစေတယ်။

တခြား အနာသက်သာဆေးတွေကတော့ Nefopam, Orphenadrine, Pregabalin, Gabapentin, Cyclobenzaprine, Scopolamine တွေဖြစ်ကြတယ်။
• Dextromethorphan ချောင်းဆိုးပျောက်ဆေးဖြစ်တယ်၊ အနာလဲသက်သာစေတယ်။
• High-alcohol liquor အရက်အပြင်းကိုလဲ နာတာသက်သာ အောင်သုံးတယ်။ (Dr. တင့်ဆွေ)

ဇက်နာ
နာတုန်းမှာ ကော်လာတပ်ထိန်းထားဖို့လိုတယ်၊ အကိုက်အခဲပျောက်ဆေးကူရမယ်။ အထိုင်အထ ခေါင်းအလှည့်မှာ မူးတတ်မော်တတ် မိုက်ကနဲပြာကနဲဖြစ်တတ်တယ်၊သတိဖြည်းဖြည်း။ သက်သာလာတာနဲ့ လေ့ကျင့်ခဏ်းညင်ညင်သာသာစလုပ် ရေရှည်မှာ ကြွက်သား အကြောအရွတ်အားသန်လာပြီး အရိုးဆက်တွေကိုထိန်းလာနိုင်အောင်ပါ။
ခါးနာ
အမျိုးသ္မီးကိုယ်ဝန်လွယ်ခဲ့ရသူတွေအဖြစ်များတယ်၊တနေကုန်တနေခန်းခါးချိုးပြီးအလုပ်လုပ်ရသူတွေအလေးအပင်ထမ်းရသူတွေခါးမျက်ဖူးသူတွေဖြစ်တယ်။ စားနိုင်သောက်နိုင်သူများ အထူးသဖြင့် အရွယ်လေးရလာရင် ပိုက်ကြီးပူလာပြီးကိုယ်ဝန်ဆောင်ခဲ့ရသူမိန်းမသားများနဲ့တန်းတူခါးတွေနာဒူးတွေနာဖြစ်လာတယ်။
• ဖြစ်စသိပ်နာနေတဲ့အချိန်မှာဘာမျှမလုပ်နိုင် နားရမယ်၊အကိုက်အခဲပျောက်ဆေးကူရမယ်။
• ဒီအချိန်မှာ လုပ်ရမှာက ညအိပ်တဲ့အခါ ကုတင်မွေ့ယာပေါ်ကဆင်း ကြမ်းပေါ်ဖျာခင်း/အိပ်ရာပါးပါးနဲ့ အမာခံမှာအိပ်ဖို့ပါ။ ၂-၃ ပတ်ကြာနိုင်တယ်၊ဒိဋ္ဌသက်သာတယ်။
• အနာလျော့လာတာနဲ့ခါးနဲ့ပိုက်ကြောသန်အောင်ဖီဆီယိုသာရာပီ physiotherapy လေ့ကျင့်ခဏ်းတွေ စလုပ်ရမယ်၊ရေကူးနိုင်ရင်ကောင်းတယ်။
• ရေရှည်သက်သာချင်ရင်ဆေးအားမကိုးပါနဲ့အနှိပ်သည်မခေါ်ပါနဲ့ အထိရောက်ဆုံးကဝိတ်လျှော့တာပါ။ စတုံဝက်(၇ပေါင်)လောက် အရင်ချကြည့်ပါ၊ အစားပမာဏလျှော့ဖို့အဓိက ဥပမာ ထ္မင်း နှစ်ပန်းကန် စားနေကျဆိုရင် တပန်းကန်ပဲစား၊ ဟင်းချိုဟင်းရွက်နဲ့ ပိုက်ဖြည့်ပါ။ အချိုတွေရှောင်ပါ၊ အာသာပြေ စတိလောက်စားပါ။
• ပြန်ဝမလာပါစေနဲ့ ပါးစပ်အကျင့် ဝမ်းအချင့်လို့ လူကြီးတွေပြောခဲ့တယ်၊ တစွတ်စွတ်စား တအားစားတာ အကျင့်ပါ။
• ဆေးနဲ့ဆရာဝန်ချည်းအားကိုးလို့အကျိုးမရှိ ဥစ္စာရင်လိုဥစ္စာရင်ခဲ ကိုယ်တိုင်အားထုတ်တဲ့စိတ်ဓာတ် အရေးကြီးတယ်။ မေ့ဆေးပေးခွဲစိတ်ကုနေရရင် အန္တရာယ်များတယ်။ (Dr. Zaw Min)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ