Vegetarianism သက်သတ်လွတ် နှင့် ကျန်းမာရေး

၁။ ဆရာကျွန်တော့အသက်က ၃၅ နှစ်၊ ကျား မန်းလေးမှာနေတာပါ။ တပတ်လောက်ပြီ ဘယ်ဘက်ခြေထောက်ကတင်ပါးနဲ့ ခြေသလုံးကအောင့်နေပြီး ခြေထောက်ကကျ ဉ်နေပါတယ် အားဆေးက BPI ကထုတ်တဲ့ Buplex C တနေ့တလုံးသောက်ပါတယ်ဆရာဆေးညွန်ပေးပါအုံး ကျွန်တော်ကမွေးတည်းက သက်သတ်လွတ်စားတာပါ။ သက်သတ်လွတ်ကလည်း အာလူးနဲ့ပဲတွေပဲ စားဖြစ်ပါတယ်။ အသီးအရွက်တွေသိပ်မစားဖြစ်ပါဘူး။ အဲ့ဒါနဲ့ဆိုင်ပါသလား ညွန်ကြားပေးပါဆရာ။ (ရှိပြီ) (ဆေးညွှန်) (ညွှန်ကြား)
၂။ ဆရာ ကျမအသက် ၄၁ နှစ်၊ အိမ်ထောင်ရှိပါတယ်။ မြန်မာပြည်မှာနေထိုင်နေတယ်ဆရာ။ ကျမအရင်က ကိုယ်ဝန် ၂ခါပျက်ဖူးတယ်။ ယခုကိုယ်ဝန်ထပ်ရှိပြန်တယ်။ ပြီးတော့ကျမ သတ်သတ်လွတ်စားသူဖြစ်တယ်။ ကျမက မွေးမြူရေး လုပ်သူဆိုတော့ ငါးသတ်မိတယ်ဆိုတော့ ကလေးနုတ်ခမ်းကွဲမွေးမိမှာစိုးရိမ်မိတယ်။ ကိုယ်ဝန် ဘယ်နှစ်လဆိုရင် နှုတ်ခမ်းကွဲမကွဲ၊ ကိုယ်စုံမစုံကြည့်လို့ရလဲ။ ပြီးတော့ သတ်သတ်လွတ်စားတော့ အဟာရချို့တဲ့ရင်လဲ နုတ်ခမ်းကွဲတတ်တယ်လို့ ပြောကြလို့ပါ။ ကျမစိတ်အရမ်းလှုပ်ရှားနေပါတယ်။ ကိုယ်ဝန်က ခန့်မှန်း ၁ လကျော် ၂ လလောက်ရှိပြီဆရာ။ ကျေးဇူးပြုပြီး အကျိုးအကြောင်းလေးသိပါရစေဆရာ။
၃။ ကျနော့်အဖေက အသက် ၁၂ အရွယ်ကနေ နှစ် ၆ဝ လုံး သက်သတ်လွတ်စားပါတယ်။ အပြင်အစားအစာလည်း အစားနည်းပါတယ်။ အရက်မသောက်၊ ဆေးလိပ်မသောက်၊ ကွမ်းမစားပါဘူးဆရာ။ နောက်ဆုံး ရေဖျင်းဖြစ်ပြီး ရေဖောက်ထုတ်တာနဲ့ တပတ်အတွင်း ကွယ်လွန်သွားခဲ့ပါတယ်ဆရာ။ အနီးဝန်းကျင်က လူတွေလည်း သက်သတ်လွတ်စား သမားတွေရှိပါတယ်။ ကျနော် ကိုယ်တိုင်လည်း သက်သတ်လွတ်စားဖို့ ကြိုးစားနေလို့ပါဆရာ။ ဒီရေဖျင်းဖြစ်တာက သက်သတ်လွတ်စားတာနဲ့များ သက်ဆိုင်ပါသလားဆရာ။
၄။ အစားအသောက်စားရင် သက်သတ်လွတ် အသီးအနှံချည်းပဲစားတာ လူအတွက် ကောင်းပါသလားဆရာ။ အဲလိုစားရင် အာဟာရဓါတ်တွေ ဘာတွေများ ချို့ယွင်းနိုင်ပါသလဲဆရာ။
၅။ သက်သက်လွတ်စားခြင်းသည် ဘုရားအလိုတော်ကျ ဟုတ်မဟုတ်။ အကြောင်းအကျိူး အကောင်းအဆိုးကို မသိတတ်တဲ့ လူမိုက်ဟာ နိဗ္ဗာန်ရဖို့ရည်ရွယ်ပြီး အစားမစားပဲကျင့်သည်ဖြစ်စေ၊ သမန်းမြတ်များနှင့် တလမှ တကြိမ်တို့စားပြီး ကျင့်သည်ဖြစ်စေ၊ သိအပ်သောတရားကို သိတဲ့ပုဂ္ဂိုလ်တို့ရဲ့အကျင့်ကို (၁၆) စိတ်ပြီး တစိတ်မျှပင် မမှီနိုင်ဘူးလို့ဆိုပြီး ဓမ္မပဒမှာလာပါတယ်။ (နန္ဒမာလာ) (သတ်လွတ်) (သမန်းမြက်)
မွေးရာပါချို့ယွင်းချက်ဆိုတာ အစားအသောက်နဲ့မဆိုင်ပါ။ မျိုးဗီဇချို့ယွင်းလို့ဖြစ်တာက များတယ်။ တခါတလေ ဘာလို့ မသိနိုင်။ သက်သတ်လွတ်စားသူတွေမှာ လိုအပ်တာရှိတယ်။ ဘလော့မှာ ဖတ်နိုင်တယ်။
ဆရာဝန်တွေကတော့ သက်သတ်လွတ်စားပါလို့ မတိုက်တွန်းပါ။ အာဟာရအကြောင်းရေးထားတာကို ပို့လိုက်တယ်။ လူတွေဘယ်ဓါတ်တွေ ဘယ်လောက်လိုသလဲ၊ ဘယ်အစာတွေကရသလဲ ဆိုတာတွေတွေ့မှာပါ။ ဒီဓါတ်တွေ ဘယ်ကနေရရ ပြည့်ဝ မျှတဘို့သာ ဆရာဝန်တွေက တိုက်တွန်းပါတယ်။ သိထားဘို့က လူတွေဟာ အစုံစားသက်ရှိဖြစ်တယ်။ မိဘဘိုးဘွား အစုံစားသူတွေကနေ မွေးလာသူတွေရဲ့ ပင်ကို်ယ်ဟာ အစုံလိုတယ်။ အသားထဲကသာ ရတာတိုင်းကိုတော့ အသားမစားသူတွေ မရနိုင်ပါ။ အားဆေးဆိုတိုင်းလဲ အစားအစာ လောက်မပြည့်စုံပါ၊ မကောင်းလှပါ။
သက်သတ်လွတ် စားတာမှာ ကျန်းမာရေးဒေါင့်ကကြည့်ရင် အကျိုးတွေရော စိုးရိမ်စရာတွေပါရှိတယ်။ သုတေသန အဖြေတွေအရ အဝလွန်သူနည်းတယ်၊ နှလုံး-သွေးကြောရောဂါ နည်းတယ်။ သွေးတိုးကြောင့် သေဆုံးရတာ နည်းတယ်လို့ သိရတယ်။ (ကယ်လိုရီ) အဆီကနေရတာ နည်းတယ်။ (ဖိုက်ဘာ) ပိုရမယ်။ ပိုတက်ဆီယမ် နဲ့ ဗီတာမင် (စီ)။ (အီး) တွေရမယ်။ ကျယ်ပြန့်တဲ့ လေ့လာမှုတခုအရ နှလုံးသွေးကြောကျဉ်းလို့ သေဆုံးရသူ ယောက်ျား ၃ဝ% နဲ့ မိန်းမ ၂ဝ% ပိုနည်းတယ်။ ဒါဟာ Saturated fat, Cholesterol and Animal protein အဆီဓါတ်တွေနည်းလို့ဖြစ်တယ်။
အားနည်းမှာတွေကတော့ -
• ဖက်တီးအက်စစ် အိုမီဂါ-၃ကို Olive oil, soy, walnuts, pumpkin seeds, canola oil, kiwifruit, hempseed, algae, chia seed, flaxseed, echium seed, lettuce, spinach, cabbage နဲ့ purslane တွေကရမယ်။ ပဲပုတ်စားပါ။ အစေ့အဆံစားပါ။
• ပရိုတင်းနည်းနည်းလေး နည်းတယ်။ အားကစားသမားတွေဆိုရင် သိပ်မဆင်မပြေဘူး။ စုံအောင်စားသူဆိုရင်တော့ နည်းတာ မတွေ့ဘူးလို့ နိုင်ငံစုံက လေ့လာမှုတွေက ဆိုတယ်။
• သံဓါတ်ပါဝင်မှုမှာ အလေးချိန်အရ အတူတူပဲပါတယ်။ ဒါပေမဲ့ လက်တွေ့အသုံးချဘို့ အစွမ်းမှာတော့ နည်းတဲ့အမျိုးအစားဖြစ်နေတယ်။ မဲနက်၊ ပဲအမျိုးမျိုး၊ မုန်လာပွင့်စိမ်း၊ မုန်လာထုပ်၊ မုန်လာဖြူ၊ သီဟိုစေ့၊ နတ်တော်ပဲ၊ ပဲပုပ်၊ ဟင်းနုနွယ်၊ စတာတွေမှာ သံဓါတ်ပါတယ်။ ပဲအမျိုးမျိုးစားပါ။
• ဗီတာမင် ဘီ (၁၂) ဆိုတာ အသီးအနှံကရတာ မဟုတ်ပါ။ ဘီ ၁၂ ကို ကိုယ်ကလိုတာ နည်းနည်းလေးပေမဲ့ ချို့တဲ့ရင် ဆိုးတာတွေဖြစ်စေနိုင်တယ်။ အာရုံကြောအားနည်းစေမယ်။ ကိုယ်ဝန်ဆောင်မှာ နည်းရင် အထဲကကလေးကို ထိခိုက်မယ်။ ဝ-၆ လ ကလေး = 0.4 mcg (မိုက်ခရိုဂရမ်)၊ ၉-၁၃ ကလေး = 1.8 mcg (မိုက်ခရိုဂရမ်)၊ ၁၄ နှစ်သား = 2.4 mcg (မိုက်ခရိုဂရမ်)၊ နို့တိုက်မိခင် = 2.8 mcg (မိုက်ခရိုဂရမ်)။
• ကယ်လ်စီယမ်ကို အသားစားသူတွေနဲ့ အတူရနိုင်ပါတယ်။ တချို့မှာတော့ ကိုယ်ထဲဓါတ်ပြုမှု အားနည်းတာတွေ့ရတယ်။ နွားနို့ပါ သောက်သူတွေဆိုရင် ကောင်းမယ်။ မုန်လာပွင့်စိမ်း၊ ပဲသီး၊ ပဲစို၊ ပဲနီလေး၊ မုန်လာထုပ်၊ မုန်လာဖြူ၊ ဟင်းနုနွယ်တွေမှာ ကယ်လ်စီယမ်ပါတယ်။ စိမ်းတဲ့အသီးအရွက် အမယ်စုံအောင်စားပါ။
လူတွေဟာ စားတဲ့အစာအပေါ်မူတည်ပြီး ရုပ်ရော စိတ်ကိုပါ မတူကြပါ။ ဘာသာရေးအရ အသားရှောင်ရင် ဘာသာရေး အကျိုး ရပါလိမ့်မယ်။ လူတိုင်းဟာ ဘယ်ဟာကို ဦးစားပေးမလဲဆိုတဲ့ ဒွိဟကို ကြုံရပြီး၊ ကိုယ့်သဘောအရ ဆုံးဖြတ်လေ့ ရှိကြပါတယ်။ ဟင်ဒူဘာသာဝင်တွေက အသားမစားကြပါ။ နွားနို့ကိုတော့ပိုသောက်ကြတယ်။ ဒိထက် ပိုသူတွေက ကြက်ဥ စားတယ်။ နောက်တဆင့်သမားတွေက ငါး၊ ကြက်သားစားတယ်။ အမဲသားကိုတော့ ရှောင်ကြတယ်။ ဟင်ဒူဘာသာဝင်တွေကလဲ သန်းထောင်ဂဏန်းရှိပြီး၊ အမဲသားကို အဓိကထားစားတဲ့ မွတ်ဆလင်တွေကလဲ သန်းထောင်နဲ့ ရှိကြတယ်။ ကျန်းမာရေးကတော့ ဘယ်ဘာသာကိုမှ ခွဲမကြည့်ပါ။
တရုပ်ပြည် လူဦးရေ = ၁့၃၅၇ ဘီလီယန်
အိန္ဒိယနိုင်ငံ လူဦးရေ = ၁့၂၅၂ ဘီလီယန်
တကမ္ဘာလုံး မွတ်ဆလင်လူဦးရေ = ၂့၃၄ ဘီလီယန်
တကမ္ဘာလုံး ဗုဒ္ဓဘာသာဝင်လူဦးရေ = ၁့၆ ဘီလီယန်
ဒေါက်တာတင့်ဆွေ

Comments

  1. ဆရာရှင့်..လေးစားစွာမေးပါရစေရှင့်
    အသီးများကို နံနက်တိုင်းအစာမစားမှီကြိတ်၍သောက်ခြင်းသည် ကျန်းမာရေးအတွက် ထိခိုက်နိုင်တာမျိုးရှိပါသလားရှင့်။ တချို့က အသီးကိုကြိတ်၍သောက်လျှင် အချိုပိုများပြီး ဆီးချိုဖြစ်နိုင်ခြေများသည်လို့ပြောကြလို့ပါရှင့်။

    ReplyDelete

Post a Comment

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ