Bathing and Health ရေချိုးခြင်းနဲ့ ကျန်းမာရေး

၁။ ဆရာမင်္ဂလာပါရှင့်၊ ကျွန်မအသက်က ၂၉ နှစ်ပါ၊ အိမ်ထောင်သည်အမျိုးသမီးဖြစ်ပြီး ကိုယ်ဝန် ၄ လပါရှင့်၊ သိချင်တာလေးရှိလို့ ဖြေကြားပေးစေလိုပါတယ်ရှင့်၊ ကိုယ်ဝန်ဆောင် group တွေထဲမှာရော၊ ပတ်ဝန်းကျင်ကလူတွေကပါ ရေစောစောချိုးဖို့ပြောကြတာနဲ့ပတ်သက်ပြီးမေးချင်လို့ပါရှင့်၊ ရေချိုးရင် ညနေဘက်ထိမနေပဲ စောစောချိုးဖို့ တိုက်တွန်းကြပါတယ်ရှင့်၊ ညနေဘက်တွေနဲ့ နောက်ကျမှရေချိုးရင် ကလေးမွေးဖွားတဲ့အခါ ရေတွေအရင်ဖွားနေတတ်ပြီး ကလေးရေမွန်းတတ်တယ်လို့ ပြောနေကြလို့ပါ၊ ကျွန်မက ပုံမှန်ရေချိုးချိန်ညနေ 5:00 နာရီဖြစ်နေတော့ ကြားဖူးသလိုတွေ ဖြစ်နေမှာလည်းစိုးရိမ်လို့ပါရှင့်၊ ညနေဘက်တွေမှရေချိုးခြင်းမှာ ကိုယ်ဝန်ဆောင်တွေအတွက် အန္တရာယ်ရှိနိုင်လားဆိုတာ သိချင်လို့ပါရှင့်၊ ဖြေကြားပေးပါဦးဆရာရှင့်၊ စာအရေးအသားအမှားတွေပါခဲ့လျှင်လည်းတောင်းပန်အပ်ပါတယ်ရှင့်၊ ကျေးဇူးတင်ပါတယ်ရှင့်။

ကျွန်တော် အခုနေတဲ့နေရာမှာ မနက်ထ ရေးမချိုးသေးပါ။ အပြင်မှာ နေသာပေမဲ့ အတော်အေးတယ်။ ဒေလီမှာနေစဉ်က တနေ့ ၂ ခါ၊ ၃ခါ ချိုးရတဲ့နေ့တွေရှိခဲ့တယ်။ ဒီမြို့မှာသာနေတဲ့ အသိတယောက် ရုံးမသွားခင်ရေချိုးတယ်။ ကျွန်တော့် သူငယ်ချင်းက မန္တလေးမှာ ရေးချိုးပြီးပြီ။ ဂရုဆိုတာတွေလာတိုင်း မပြောမဖြစ်တဲ့ Myth စာကိုပါလင့်ပေးပါမယ်။

၂။ ဆရာ ကျွန်တော့် အသက်၃၂။ ကျောက်ကပ်နဲ့ပတ်သတ်တဲ့ ကျွန်တော်သိချင်တာလေးမေးပါရစေဆရာ။ ရေချိုးရင်း ဆီးသွားရင် ကျောက်ကပ်ပျက်စီးတတ်တယ်လို့ တချို့ဆရာဝန်တွေရေးတာဖတ်လိုက်ရတယ်။ တချို့ကတော့ မဖြစ်ပါဘူးလို့လည်း ရေးထားကြတယ်။ ဗဟုသုတအနေနဲ့ သိချင်ပါတယ်ဆရာ။ လေးစားစွာဖြင့်

လူတိုင်း တနေ့မှာ ရေ ၁-၂ ခါချိုးတာ တကမ္ဘာလုံးမှာ။

၃။ ရေချိုးခြင်းရဲ့ အကျိုးကျေးဇူးကို ရေးပါဦးလားဆရာ။ ကိုယ်လုံးတီးရေချိုးတာနဲ့ ကျွန်တော်တို့ သမားရိုးကျရေချိုးတာ ဘယ်လိုကွာခြားသလဲဆိုတာကိုလည်း သိချင်မိပါတယ်။

Bathing ကို ရေချိုးခြင်းလို့ အဓိပ္ပါယ်ပြန်ပါတယ်။ ပြည့်စုံအောင်ပြောရရင် ရေဖြစ်ဖြစ် အရည်နဲ့ဖြစ်ဖြစ် သန့်စင်-ဆေးကြော-ကုသပေးခြင်းလို့ ဆိုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ တကိုယ်ရေသန့်ရှင်းရေး၊ ဘာသာရေးထုံးစံ၊ ဆေးကုသနည်း နဲ့ အပန်းဖြေနည်းအဖြစ် သုံးကြလို့ပါ။ အသုံးမတူတော့ အခေါ်မတူကြဘူး။ ဘာသာရေးအရလုပ်တာကို Immersion ခေါ်တယ်။ ဆေးကုဘို့ လုပ်တာကို Hydrotherapy ခေါ်တယ်။

ရေချိုးစည်၊ ရေပန်း၊ ရေကန်၊ မြစ်-ချောင်း-အင်း-အိုင်-ပင်လယ် နေရာအမျိုးမျိုးမှာ ရေချိုးနိုင်ကြတယ်။ မိုးရေကို ချိုးတာလဲ ပျော်စရာလို့ သတ်မှတ်ကြတယ်။ မိတ်ပျောက်တယ်လို့ ယူဆတယ်။ မိုးရေက (အက်စစ်) ဓါတ် ကဲနေပါတယ်။ တကယ်လို့ ပတ်ဝန်းကျင် ညစ်ညမ်းနေရင် (အက်စစ်) မိုးဖြစ်နေမယ်။ (ဆာလ်ဖါ-ဒိုင်အောက်တိုက်)၊ (နိုက်ထရိုဂျင်အောက်ဆိုဒ်) နဲ့ (အောက်စီဂျင်) တွေ ပေါင်းစပ်ရာကနေ (ဆာလ်ဖြူရစ်-အက်စစ်) ဖြစ်လာပြီး၊ မိုးရေထဲ၊ နှင်းထဲ၊ မြူထဲမှာပါနေမယ်။ အန္တရာယ်ရှိတယ်။

ဘာသာရေးမှာ ရေချိုးရတာ (ဘက်ပ်တစ်) ခရစ်ယန်က နာမည်ကြီးပါတယ်။ ၁၆ ရာစု နောက်ပိုင်းမှာတော့ လူတွေက ဘုရားကျောင်းမှာထက် ရေချိုးခန်းမှာ အချိန်ပိုကုန်တယ်ဆိုပြီး ထောက်ပြလာခဲ့တယ်။ နောက်ပိုင်းမှာ တမျိုးမြင်လာတာက ကိုယ်မှာ ကပ်နေတဲ့ အညစ်အကြေးဟာ ဝိဉာဉ်အရ သန့်စင်တယ်။ ရေမချိုးဘဲ နေတာဟာ အတ္တနည်းစေတယ်တဲ့။ (ဂျူဒဇင်) မှာ ဘာသာရေးအရ ရေချိုးတာကို Mikvah ခေါ်တယ်။ မွတ်ဆလင်တွေမှာလဲ ရေချိုးခန်းတွေမှာ ဖန်းဆင်းရှင်ဆိုတဲ့ ဆုတောင်းခြင်း လုပ်စေတယ်။ Mosque ထဲမဝင်ခင် ရေချိုးကြရတယ်။ ဟိန္ဒူတွေက ဂင်္ဂါမြစ်ထဲမှာ ရေချိုးရင် အကုသိုလ်တွေ ပျောက်စေတယ်လို့ ယုံကြည်ကြတယ်။ ပုဂံခေတ်အစ အရည်းကြီးတွေက ရေငုပ်ကြတယ်။

ရေချိုးစည်နဲ့ အပေါ်ကနေကျနေတဲ့ ရေပန်းတွေကို အနောက်နိုင်ငံတွေမှာ သုံးတယ်။ နေရာဒေသ၊ ရာသီဥတုနဲ့ ဆိုင်ပါတယ်။ Skylab 3 အာကာသယာဉ်မှူး (လူဝီစ်မာ) ဟာ ကမ္ဘာပတ်လမ်းထဲမှာ ရေနွေးနဲ့ ရေချိုးတဲ့ဓါတ်ပုံ ရိုက်ယူလာခဲ့တယ်။ ပူတဲ့ နေရာဒေသတွေမှာတော့ ရေကန်ထဲ၊ ရေစည်ထဲကနေ ခပ်ချိုးကြရတာ များတယ်။ မြန်မာပြည်မှာတော့ ရေတွင်းထဲကနေငင်ပြီး တခါတည်း လောင်းချိုးကြတယ်။ ရေနည်းတဲ့အရပ်မှာဆို ဖအေရဲ့ အောက်မှာ သားကိုထားပြီး နှစ်ယောက်သား တပြိုင်တည်းချိုးကြရတယ်။

တနေ့ ဘယ်နှစ်ခါ ရေချိုးသလဲ။ တနေရာနဲ့ တနေရာ၊ ဒေသတခုနဲ့တခု မတူကြဘူး။ မပြည့်စုံတဲ့ နေရာတွေမှာ ရာသီဥတုလိုက်သာ ချိုးကြရပေမဲ့ ရေပူ-ရေအေး ၂၄ နာရီရတဲ့နေရာတွေမှာ မနက်လင်းတာနဲ့ တထပ်၊ အလုပ်ပြန်ချိန် ဒါမှမဟုတ် ညအိပ်ရင်တထပ် ချိုးလေ့ရှိတာက ယဉ်ကျေးမှုဖြစ်တယ်။ သိပ်ပူအိုက်တဲ့ အချိန်မျိုးမှာ တနေ့ထဲမှာ ၄-၅ ခါ ရေချိုးသူတွေကလဲ ချိုးပါတယ်။ အဆောင်တွေမှာ ရေချိုးခန်း-မင်းသားလုပ်ရင်တော့ အအော်ခံကြရမယ်။

ရေချိုးတဲ့အတွက် ဘာအန္တရာယ်တွေရှိသလဲ။ ရေနစ်နိုင်တယ်။ ချော်လဲနိုင်တယ်။ ရေနွေးပူလောင်မယ်။ အပူမိနိုင်တယ်။ ကိုယ်ပူချိန် သိပ်ကျတာဖြစ်နိုင်တယ်။ နားထဲရေဝင်ရာကနေ နားကိုက်မယ်။ ယားနာ၊ ပွေးနဲ့ ကူးစက်ရောဂါတွေ ကူးစက်လာမယ်။ ပန်းနာ၊ နှင်းခူနာတွေ ထတတ်တယ်။ သုံးတဲ့ ဆပ်ပြာ၊ ရေထဲက (ကလိုရင်း) စတာတွေကနေနဲ့ မတည့်တာမျိုး ရှိနိုင်တယ်။

ရှေးဟောင်း ရောမမှာ မြို့ကြီးတွေကို Aqueducts ရေပိုက်တွေနဲ့ဆက် ကွန်ယက်လုပ်ပေးခဲ့တယ်။ အလယ်ခေတ်မှာ လူအများ စုဝေး ရေချိုးတာမျိုး ပေါ်လာတယ်။ အဲဒီခေတ်ကတည်းက ကိုယ်လုံးတီး ရေချိုးတာကို မျက်မှောက်ကုပ်ကြခဲ့တယ်။ ကိုယ်ခန္ဓာရောင်းစားသူတွေအတွက်သာ ဖြစ်တယ်လို့ ရှုံ့ချခဲ့ကြတယ်။

နောက်တော့ ချမ်းသာသူတွေက ကိုယ့်အိပ်မှာသာရေချိုးတာမျိုး ပေါ်လာပြီး Bathrooms ဆိုတာ အဲဒီကျမှ စတယ်။ ရေသုတ် တဘက်ကို ခေတ်မီဆန်းပြားအောင် လုပ်လာတယ်။ ရေကူးဝတ်စုံဆိုတာတွေ ဖက်ရှင်ဖြစ်လာတယ်။ Woolen နေရာမှာ Linen တွေ ဝင်လာတယ်။ လူ့အဆင့်အတန်းတရပ်လို ဖြစ်လာတယ်။ ဒါကို ကျန်းမာရေးဒေါင့်ကနေ ထောက်ခံမှု ပေးပါတယ်။ အလယ်ခေတ်နောက်ပိုင်းရောက်တော့ ယဉ်ကျေးမှုထုံးစံနဲ့ ကျန်းမာရေးလမ်းညွှန်တွေ ထွက်လာတယ်။ လူအများရှေ့မှာ နား၊ လက်၊ ခြေထောက်၊ မျက်နှာနဲ့ လည်ပင်းကိုသာ သန့်စင် ဆေးကြောတာကို လက်ခံကြတယ်။

သူများနိုင်ငံတွေမှာ တချို့နေရာတွေကြ သိပ် (ဂရင်း) ကျအောင် စီမံထားတယ်။ (လက်ချာ-ဟောလ်) တွေ၊ အနုပြညာပြခန်း၊ တရားထိုင်ခန်း၊ ဆုတောင်းခန်း စတာတွေပါ တွဲထားပေးတယ်။ စီးပွါးရေးလဲ တွက်ခြေကိုက်သေးတာပေါ့။ တချို့ကြတော့ နှိပ်နယ်ခန်းတွေ ဆေးကုစရာနေရာလဲ တွဲထားပြီး ဒဏ်ရာရတဲ့ စစ်သားတွေအတွက်လဲ သုံးကြတယ်။ ဂရိတွေ ရောမတွေ စထွင်တုံးက ရေချိုးစရာနေရာတွေမှာ အတင်းပြောကြမယ်၊ စားကြမယ်၊ သောက်ကြမယ်၊ နောက်ဆုံး လိင်ကိစ္စကိုလဲ ဦးတည်အုံးမယ်။ ဆရာမြို့မငြိမ်းတို့ခေတ်မှာတော့ ရေချိုးနေရင်းကွယ် လှောင်ပြုံး ပြုံးကြတယ်အဆင့်သာ ရှိပါတယ်။

တူရကီရေချိုးနည်းကလဲ ခေတ်စားလာတယ်။ Steam baths ခေါ်ပြီး ရေနွေးငွေ့နဲ့ ချိုးရတယ်။ အနုပညာ ဆန်ဆန် ပြုပြင်ထားပေးတယ်။ ရွှေတွေ၊ ငွေတွေနဲ့လဲ မွမ်းမံပေးထားသေးတယ်။ ဂျပန်က တမျိုးတဖုံဆန်းတယ်။ ဝိဉာဉ်သန့်စင်ရေးအတွက် လုပ်သင့်တဲ့ အလေ့အထလို့ သဘောထားတယ်။ ကျား-မ မခွဲခြားဘူး။ နောက်ကျမှ ခွဲတဲ့သူက ခွဲခြားလာတယ်။

ဆေးပညာဖခင်ကြီး (ဟစ်ပိုခရေးတီးစ်) ဟာ ပင်လယ်ရေကို ဆေးကုရာမှာ စသုံးခဲ့သူဖြစ်တယ်။ သူပြောတာ မှန်တဲ့အကြောင်း နောက်ပေါ်ဆေးပညာရှင်တွေကလဲ လက်ခံကြတယ်။ ပင်လယ်ဆားကနေ (ဆဲလ်) တွေထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်။ သွေးလှည့်တာ ပိုကောင်းစေတယ်။

(ဟာဘယ်) တိုင်းရင်းဆေးတွေသုံးပြီး ရေချိုးနည်းဟာ အရင်ကလို သန့်ရှင်းလှပစေရေးအတွက်သာ မကတော့ဘဲ ဆေးကုတာ အတွက်ပါ ဖြစ်လာတယ်။ အထူးစီမံထားတဲ့ အပင်-အပွင့်-အဆီတွေကို သုံးလာတယ်။ အရေပြားနာတွေ၊ ခေါင်းကိုက်တာတွေ၊ စိတ်ဖိအားများတာတွေအတွက် ရည်ရွယ်တယ်။ သွေးလှည့်လည်မှု ကောင်းစေမယ်၊ ခုခံအား ကောင်းစေမယ်၊ ခွန်အား ဖြစ်စေမယ်၊ နေရထိုင်ရတာ ကောင်းစေမယ်။ ရေထဲမှာ (ချမ်မိုမိုင်းလ်) ဆေးဘက်ဝင် အပင် ၂ ဆ၊ လာဗင်ဒါခရမ်းပြာနုရောင် ရေမွှေးသုံးပန်း ၂ ဆ၊ နှင်းဆီ ၂ ဆ၊ (ကွမ်ဖရိုင်း) ရွက် ၁ ဆကို ရောထည့်တယ်။

အီဂျစ်ဘုရင်မ (ကလီယိုပတ်ထွာ) ဟာ အသားအရေမှာ ပြစ်တင်စရာမရှိဆိုပြီး နာမည်ကြီးခဲ့သူ ဖြစ်တယ်။ အလှဘုရင်မရဲ့ လျို့ဝှက်ချက်ကတော့ ရေချိုးရင် နွားနို့ နဲ့ ပျားရည်စစ်စစ် သုံးသတဲ့။ ဒီခေတ် (ကလီယိုပတ်ထွာ) နည်းကတော့ နို့မှုံ့ နဲ့ ပျားရည်ရောသုံးတယ်။ ရှေးဟောင်း အိန္ဒိယရာဇဝင်တွေမှာတော့ ကျွန်မတွေကိုသာ နွားနို့နဲ့ ဆေးခိုင်းတယ်။ နွားနို့ထဲက Lactic acid ထဲမှာ Essential amino acids ရှစ်မျိုးလုံး ပါတယ်။ ပျားရည်ထဲမှာ ဓါတ်ဆားတွေနဲ့ ဗီတာမင်တွေပါတယ်။ Phytochemicals ကနေ (ဗိုင်းရပ်စ်)၊ (ဗက်တီးရီးယား) နဲ့ (ဖန်းဂတ်စ်) တွေကို သတ်နိုင်တယ်။ ဒီခေတ်မှာ မျက်နှာကို လှစေအောင် ဂျုံမှုန့်၊ နွားနို့နဲ့ ပျားရည်တွေကို သမအောင် ရောမွှေပြီး ညီညာအောင် လိမ်းပေးခိုင်းတယ်။

ရေချိုး ပျင်းသူတွေရော ဆန့်ကျင်သူတွေပါ ရှိသေးတယ်။ ရေမချိုးလို့ မသေနိုင်ဘူးတဲ့။ ကိုယ်ပေါ်တင်နေတဲ့။ အညစ်အကြေးကနေ ရောဂါပိုးမွှားတွေကို ကာကွယ်နေတယ်ဆိုတဲ့ အယူအဆဟာ ဥရောပမှာ အလွန်မတန်ဆိုးလှတဲ့ (ပလိပ်) ရောဂါကပ်ကြီး သင့်ခံရတုံးက ထွက်လာတာ ဖြစ်တယ်။ နောက်တော့ ဆားခါး၊ ဓါတ်ဆားနဲ့ (ဆာလ်ဖါ) ဓါတ်ဆားတွေ ထည့်ပြီး ရေချိုးတာ ပေါ်လာတယ်။ (ဆာလ်ဖါ) ကန့်ဓါတ်ပါတဲ့ ရေကနေ ဗက်တီးရီးယားတွေကို သေစေတာက အမှန်ဘဲ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်နယ်က ရေပူစမ်းဟာ အဲလိုဘဲ။ သူများနိုင်ငံတွေမှာတော့ အတုလုပ်လာကနေ ခေတ်စားလာတယ်။ Spas, Saunas, Jacuzzis နာမည်တွေ ပေးထားတယ်။

ရေချိုးလို့ရနိုင်တဲ့ ကောင်းကျိုးတွေရှိပါတယ်။ ဆီးချိုရောဂါ ရှိနေသူတယောက်ဟာ နာရီဝက်ကြာရေချိုးတာ သွေးထဲက သကြားဓါတ် ၁၃% လျှော့နည်းတယ်။ ရေနွေး ၃၂-၃၅ ဒီဂရီကို ချိုးရင် အရေပြားက အပေါက်လေးတွေကို ပွင့်စေပြီး အဆိပ်အတောက်တွေ ထွက်ကုန်မယ်။ ကြွက်သားနာတာ သက်သာမယ်၊ အူတွေ ပိုအလုပ်လုပ်နိုင်တယ်။ နေချိုးတာကို ၁ဝ-၂ဝ မိနစ်သာကြာပါစေ။ ရေအေး ၁၂-၁၈ ဒီဂရီကိုချိုးရင် စိတ်ဖိအားကျစေမယ်။ သွေးကြောလေးတွေကို ကျဉ်းစေလို့ သကြားဓါတ် တက်စေမယ်။ အင်ပြင် ထတာမျိုးကို (ဆော်ဒါ) ပါတဲ့ ရေချိုးရင် သက်သာတယ်၊ ပိုးတချို့ကိုလဲ သေစေမယ်။ ရေနွေးနဲ့ချိုးတာဟာ တုပ်ကွေး၊ အအေးမိတာ သက်သာစေမယ်။ နှင်းခူနာ သက်သာစေမယ်။ ရေအေးထဲမှာ ခြေထောက်ကိုစိမ်ပေးရင် ကောင်းကောင်း အိပ်ပျော်စေတယ်။

အထူးအဆန်း ရေချိုးနည်းတွေရှိတယ်။ ရေမဟုတ်ဘဲ ဘီယာ၊ ဝိုင်နီ၊ ကော်ဖီ၊ ချောကလက်ရည်၊ လက်ဖက်စိမ်းရေ၊ ရွံ့ရေ၊ (ဆာကေ) အရက်၊ ခရမ်းချဉ်သီး၊ ဆီ၊ ရေနံဆီ၊ နှင်းဆီပွင့်ဖတ်၊ ဆားရေ၊ သစ်သီးဝလံ၊ ရေခဲ၊ ခေါက်ဆွဲဟင်းရည်တွေကို သုံးပြီး ချိုးကြတယ်။ တခြားဟာတွေလဲ ရှိမှာပေါ့။

(ဖင်လန်) ကနေ မူရင်းခံလာတဲ့ (ဆော်နာ) ရေချိုးနည်းဆိုတာ ပူနေတဲ့သတ္ထုချောင်းပေါ်ကို ရေအေးနဲ့ဖြန်းလို့ ထွက်လာတဲ့ ရေနွေးငွေ့ကို အသုံးချတာပါ။ နည်းနာသစ်တွေလဲ ထွင်လာကြတယ်။ ချွေးတွေထွက်လာမယ်၊ ကိုယ်ထဲက မကောင်းတာတွေ ထွက်စေမယ်။ ကိုယ်အလေးချိန် ကျစေမယ်။ ကိုယ်-စိတ် ပေါ့ပါးစေမယ်။ ခုခံအား ကောင်းစေမယ်၊ အာခေါင်၊ လေပြွန်နာတာ-ရောင်တာ သက်သာစေမယ်။ (ဆော်နာ) မှာ ၁၅-၂ဝ မိနစ်လုပ်တာက ရိုးရိုးရေ ၁-၂ နာရီ ချိုးသလို ထိရောက်တယ်လို့လဲ ဆိုတယ်။ ကိုယ်ဝန်ဆောင်နေသူ၊ နှလုံးရောဂါရှိသူတွေ နဲ့ သွေးဖိအား များ-နည်းသူတွေ သတိထားဘို့ လိုပါသတဲ့။

မြန်မာဆေးနည်းထဲမှာ ရေချိုးနည်းဆိုပြီးရှိတယ်။ ရေချိုးတဲ့အခါ ခြေထောက်ကို အရင်ရေလောင်းပါ။ တဖြေးဖြေး ဒူး၊ ပေါင်၊ ခါး လောင်းပြီးမှ တကိုယ်လုံး ရေချိုးပါ၊ ရေအဆင့်ဆင့်လောင်းနေတုံး ပါးစပ်ထဲမှာ ရေငုံထားတာက ကိုယ်ခန္ဓာကို ရေလောင်းလို့ ထွက်လာတဲ့ အပူခိုးတွေ ့မျက်စိကို မရောက်အောင် အကာကွယ်ပြုတာပါ၊ ခန္ဓာကိုယ်ကို အဆင့်ဆင့် ရေလောင်းနေတုံး ချမ်းစိမ့်စိမ့် ဖြစ်လာရင် ရေမချိုးပါနဲ့။ ရေချိုးရင် ဖျားတာက အပူရှိလို့ အပူငုတ် အပူရှပ်ချင်တာပါ။ အပူထဲမှလာပြီး ချက်ချင်း ရေမချိုးပါနဲ့။ ထမင်းစားပြီး ရေမချိုးသင့်ပါ။ ရေမချိုးခင် ရေဝအောင် သောက်ပါ။ ရေချိုးပြီးရင် ရေကို စင်အောင်သုတ်ပြီး ရေနွေးသောက်ပါ။

သောက်ရေကိုသာ သောက်ရပါမယ်။ ချိုးရေက သောက်ရေလို မသန့်ရင် ရောဂါရစေမယ်။ ၂၅-၁-၂ဝ၁ဝ က ကျင်းပခဲ့တဲ့ ၂၃၉ ကြိမ်မြောက် National Meeting of the American Chemical Society မှာ မနက်ခင်း ရေပန်းသုံးတာထက် ညပိုင်း ရေစိမ်ချိုးတာဟာ မကောင်းဘူးလို့ ပြောခဲ့တယ်။ ရေထဲမှာ ကိုယ်ကို စိမ်လိုက်ရင် မျက်စိနဲ့မမြင်နိုင်တဲ့ ဓါတ်တွေ ရှိတာကို မေ့နေကြတယ်။ ရေဆိုရင် သန့်တယ်ဘဲ ထင်နေတတ်တယ်။ မိလ္လာရေထဲမှာ လူတွေကနေ ဓါတ်ပစ္စည်းပေါင်းများစွာ စွန့်ထုတ်ကြတဲ့ထဲမှာ ဟော်မုန်းတွေ၊ ပဋိဇီဝဆေးတွေနဲ့ တခြား အံသြစရာတွေလဲ ပါနေတယ်။ ဆေးတွေလဲ ပါတယ်။ တချို့ဟာတွေက သောက်သုံးရေထဲမှာတောင် ပါနေတာမို့ ချိုးရေထဲဆို ပြောစရာ မလိုတော့ဘူး။

အပြင်မှာ အဝတ်အစားဝတ်ပြီး ရေချိုးတယ်။ ရေချိုးခန်းထဲမှာ ကိုယ်လုံးတီး ရေချိုးမယ်။ လုပ်နေ မကျသူတွေက ရေချိုးခန်း အလုံထဲမှာ လုံခြည်မချွတ်ရဲဘူး။ သူတို့စိုးရိမ်တာလဲမလွန်ပါ။ ရေချိုးခန်းမှာ CCTV ရှိနေနိုင်တယ်။ ရေချိုးပန်းချီကားတွေ ခေတ်စားလာခဲ့တယ်။ ကိုယ်လုံးတီးအမျိုးသမီးတွေကို (မော်ဒယ်) လုပ်လို့လားတော့ မသိပါ၊ နာမည်ကြီး ပန်းချီဆရာတွေ ပေါ်ထွက်လာတာတော့အမှန်ပဲ။ ဒါပေမဲ့ ထဘီရင်ရှားပန်းချီကား နေရာတိုင်းမှာချိတ်ဘို့ မသင့်ပါခင်ဗျား။

Dr. တင့်ဆွေ

Comments

Post a Comment

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ