အပယ်ရတနာ (၂)

ပဲတီချဉ် စားချင်သလားအောက်မှာ တယောက်ကရေးတယ်။ ကယ်ပါ စားချင်လိုက်တာတဲ့။ 

ရေးတဲ့သူကတော့ ပေါ့ပေါ့ပါးပါး၊ ခေတ်စကားလို ရေးပုံရပါတယ်။ ဒါပေမဲ့ ကယ်ပါဆိုတာ အဓိပ္ပါယ်ရှိထားပြီးသားစကားလုံး ဖြစ်နေတယ်။ 

ကယ်ပါ = ဘုရားကျွန်၊ တောင်းစားရသူ။

ပုဂံခေတ်က ဘုရားတွေတည်ရင် ဘုရားကျွန်အဖြစ် သတ်မှတ်ပေးထားခံရသူတွေကိုပါ ဘုရားကို လှူတယ်။ ရုပ်ပွားတော် မျက်နှာတော်သန့်စင်ပေးခြင်း၊ ကြမ်းပြင်လှည်းကျင်းခြင်း၊ ဆွမ်းနဲ့ သောက်တော်ရေ ကပ်လှူခြင်း စတာတွေလုပ်ကြရတယ်။ တချို့ဘုရင်တွေကနေ ကျွန်အဖြစ်ကနေ နှုတ်ပယ်ပေးတာတွေလည်းရှိတယ်။ လွတ်လပ်ရေးရတော့လည်းကြိုးပမ်းပါတယ်။ အခုထိ အမျိုးအနွယ်တွေ ကျန်သေးတယ်။ နောက်ပိုင်းမှာ တောင်းရမ်းစားသူတွေနဲ့ ရောထွေးလာတယ်။ 

ကျန်စစ်သားဟာ စောလူးမင်းရန်ကြောင့် မြင်းပါရွာအနားမှာ ပုန်းအောင်းနေရစဉ်မှာ အပယ်ရတနာမိဖုရားက လာတွေ့ခဲ့တဲ့နေရာမှာ အမှတ်တရအဖြစ် အပယ်ရတနာဘုရားကို တည်ခဲ့သည်။ ရှုမဝဦးကျော်ရိုက်ကူးခဲ့တဲ့ အပယ်ရတနာရုပ်ရှင်ကို ငယ်ငယ်ကကြည့်ခဲ့ရတယ်။ အပယ်ရတနာဘုရားရှေ့မှာ တောင်းရမ်းစားသောက်ရတဲ့ ဦးကျန်အဖြစ် သရုပ်ဆောင်သူ တယောဆရာကြီး ဦးကြည်မောင်နဲ့ မြေးမကလေးမိအေးအဖြစ်သရုပ်ဆောင်သူ ရှုမဝ စမ်းစမ်းအေးတို့ နာမည်ကြီးပါတယ်။ ဇာတ်ဝင်သီချင်းမှာ အပယ်ရတနာ ကယ်ပါဘုရာ့လို့ ပါတယ်။

ခေတ်စကားတွေကို သတိထားစေချင်တယ်။ တခြားသူတင်တဲ့ တကျပ်လား၊ တစ်ကျပ်လားဆိုတဲ့ ပို့စ်တခုအေက်မှာ ရေးထားတဲ့ ကွန်မင့် နှစ်ခုကြောင့် မြန်မာစာအတွက် အတော်စိုးရိမ်မိတယ်။ ခေတ်ပေါ်တွေသာ ကောင်းတယ်တဲ့။ တယောက်က ရှေးကရေးတာတွေကိုဖတ်ရတာ ရီစရာကောင်းတယ်တဲ့။ 

ကျွန်တော် တယောတော့ မထိုးတတ်ပါ။ မြန်မာစာ ကယ်ပါဘုရာ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ