မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို နိုင်ငံရေးသမားတွေလက်ကနေ ကယ်တင်နိုင်မလား
နိုဝင်္ဘာ (၈) ရက်နေမှာ မြန်မာနိုင်ငံသားတွေ လွှတ်တော်သစ်အတွက် မဲပေးကြပါတော့မယ်။ အဲတာဟာ ပြီးခဲ့တဲ့ ၄ နှစ်က တံခါးဖွင့်ပေးလိုက်တဲ့တိုင်းပြည်မှာ ပဌမဆုံးအထွေထွေရွေးကောက်ပွဲဖြစ်ပါတယ်။ နှိုင်းရဒီမိုကရေစီအတွက် ပြောရရင် ၂၅ နှစ်အတွင်းမှာ ပဌမအကြိမ်သာဖြစ်ပါတယ်။
ရွေးကောက်ပွဲပြင်ဆင်မှုတွေက ကျောက်တုံးသာခင်းထားတဲ့ လမ်းပေါ်သွားလာရသလိုပါပဲ။ နိုင်လိုမင်းထက်ပြုမှုတွေ၊ ကြိုးကြားအကြမ်းဖက်မှုတွေ၊ မဲစာရင်းမှားယွင်းမှုတွေ၊ မသမာမှုတွေနဲ့ တခြားအားနည်းချက်တွေကို ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေက သတိပေးနေကြပါတယ်။ အာဏာပိုင်တွေက ကြိုးစားဖြေရှင်းပါတယ်ဆိုပေမယ့် ပိုပြီးကျယ်ပြန့်တဲ့ ပြဿနာတွေရှိပါတယ်။ ရွေးကောက်ပွဲကျင်းပတဲ့ဝန်းကျင်ဟာ အတိုက်အခံတွေကို နှိပ်ကွပ်ထားချိန်မှာဖြစ်တယ်။ မဲပေးစည်းမျဉ်းတွေကလည်း စစ်တပ်အလိုကျရေးဆွဲထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကို အခြေခံထားတယ်။ ဖွဲ့စည်းပုံထဲမှာ လေးပုံတပုံ လွှတ်တော်နေရာတွေကို စစ်တပ်အတွက်ချန်ထားဘို့ပါနေတယ်။ ဆိုလိုတာက ရွေးကောက်ပွဲ မလုပ်ခင်ကတည်းက စစ်တပ်ကနေ အသာစီးယူထားပြီးဖြစ်တယ်။
ဒါတွေဟာ မြန်မာပြည်ရဲ့ နိုင်ငံရေးအပြောင်းအလဲမှာ အင်မတန်အန္တရာယ်ကြီးပါတယ်။ အဲဒီအန္တရာယ်ကြီးထက် ပိုဆိုးတာရှိပါသေးတယ်။ ဘာသာရေးကို နိုင်ငံရေးမှာအသုံးချနေတာက ပါဝါတွေအများကြီးရနေတာဖြစ်ပါတယ်။ ဒီလစောစောပိုင်းတုံးက (မဘသ) ခေါ်တဲ့အဖွဲွှစည်းကြီးကနေ နိုင်ငံရေးပွဲမြန်မာပြည်ရဲ့အကြီးဆုံးမြို့ ရန်ကုန် အားကစားကွင်းထဲမှာလုပ်ပါတယ်။ ဘုန်းကြီး၊ သီလရှင်နဲ့ လူဦးရေ တသိန်းတက်ရောက်ပြီး လွှတ်တော်မှာ အနိုင်ရသွားတဲ့ဥပဒေ (၄) ခုကို ထောက်ခံတဲ့အောင်းပွဲလို့ဆိုပါတယ်။ အဲတာတွေက လူနည်းစုမွတ်ဆလင်ဦးရေကို ခွဲခြားဆက်ဆံမှုဖြစ်ပါတယ်။ ဆရာတော်တပါးက တိုင်းပြည်မှာအဲလိုဥပဒေလိုအပ်တယ်။ လူတွေကို ဖျက်ဆီးမယ့် သူတွေရန်ကနေ အကာကွယ်ပေးရမယ်လို့မိန့်ကြားပါတယ်။ ထင်ရှားတဲ့ဆရာတော်က သာမန်မြန်မာမွတ်ဆလင်တွေကို ဗုဒ္ဓဘာသာကိုဖျက်ဆီးမယ့် ခွေးရူးနဲ့နှိုင်းပြီး ဟောပါသေးတယ်။ သူ့ကိုဝေဘန်ခဲ့တဲ့ ကုလသမဂ္ဂကိုယ်စားလှယ်ကိုလည်း မကောင်းတဲ့မိန်းမနဲ့နှိုင်းပြောပါသေးတယ်။
မြန်မာနိုင်ငံမှာ အဲလိုအသံကျယ်ကျယ်ထွက်နိုင်တဲ့ ဗုဒ္ဓဘာသာလှုပ်ရှားမှုရှိနေတာကိုက မကောင်းပါ။ တိုင်းပြည်တိုင်းမှာလိုလို ဘာသာရေးအစွန်းရောက်ရှိပါတယ်။ တကယ့်ထင်ရှားတဲ့ ကြောက်စရာကောင်းချက်ကတော့ ဘယ်နည်းဘယ်ပုံ အစိုးရနဲ့ပေါင်းလုပ်နေနိုင်သလည်း၊ ဘယ်အထိစခန်းသွားချင်သလည်းဖြစ်ပါတယ်။ (မဘသ) ဟာ အစိုးရ ထောက်ခံမှုနဲ့သာ အဲလို အားကစားကွင်းကြီးထဲမှာ အခန်းအနားလုပ်နိုင်တာပါ။ ဒါ့ပြင် အစိုးရပိုင်တီဗွီကနေလည်း ထုတ်လွှင့်ပေးပါသေးတယ်။ မှတ်မိသလောက်ကာလအတွင်း ဘယ်လိုအသင်းအပင်းကိုမှာ အဲလိုပသားပေးခဲ့တာမျိုးလည်း မကြုံဘူးပါ။ သမတဦးသိန်းစိန်ကိုပဲ သူတို့ ကျေးဇူးရှိတာဖြစ်ပါတယ်။ နီဂုံးမှာ သမတကြီးကို ကျေးဇူးစကားမြွက်ကြားလို့ ဒီအချက်ဟာ ဖုံးစရာမလိုတော့ပါ။
လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ (မဘသ) အဖွဲ့ဟာ မြန်မာ့နိုင်ငံရေးကို ကြိမ်ဖန်များစွာ စွက်ဖက်ခဲ့ပါတယ်။ ကြာလာလေလေ အဲဒီအဖွဲ့ဟာ အစိုးရလက်ကိုင်တုတ်ဖြစ်တာ ထင်ရှားလာလေဖြစ်ပါတယ်။ နောက်ပိုင်းမှာ (မဘသ) တာဝန်ရှိသူတွေကနေ အတိုက်အခံနိုင်ငံရေးသမားတွေကို သူတို့ ဥပဒေတွေကို ထောက်ခံလား မထောက်ခံလား လူသိထင်ရှားမေးလာပါတယ်။ တိုက်ဆိုင်မှုတော့ မဟုတ်ပါ။ အဲတာတွေကို ထောက်ခံသူတွေဟာ စစ်တပ်အရာရှိဟောင်းတွေကပဲ ကြီးစိုးထားတဲ့ ပြည်ခိုင်ဖြိုးပါတီကသာဖြစ်ပါတယ်။ (မဘသ) အဖွဲ့ကနေလည်း ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ သူတို့အတွက် မဲဆွယ်ပေးပါတယ်။
ပိုဆိုးလာပါပြီ။ ပြီးခဲ့တဲ့လထဲမှာ အနောက်နိုင်ငံသံရုံး (၉) ခုကနေ ဘာသာရေးလက်နက်ကို ခွဲခြားဆက်ဆံရေးနဲ့ ပဋိပက္ခဖြစ်ရေး ရွေကောက်ပွဲကင့်ပိန်းမှာအသုံးချတာ အပေါ်အမြင်သဘောထား ပူးတွဲကြေညာချက်ထုတ်တယ်။
ပြည်ခိုင်ဖြိုးပါတီနဲ့ အစိုးရပိုင်းကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို မွတ်ဆလင်တွေကိုဦးစားပေးတယ်လို့စွပ်စွဲပြီး ထပ်ခါတလည်း ထိုးနှက်တိုက်ခိုက်ပါတယ်။ NLD ဟာ သိသာမြင်သာစွာပဲ ခံဖက်ကချည်းနေခဲ့ရတာပါ။ မွတ်ဆလင်တွေနဲ့လည်း ကင်းရှင်းအောင် သတိထားခဲ့ပါတယ်။ လူဦးရေရဲ့ ၄-၁ဝ% လောက်ရှိမယ့် မွတ်ဆလင် ကိုယ်စားလှယ်ဆိုလို့ တယောက်မှ မရွေးခဲ့ပါ။ ပြည်ခိုင်ဖြိုးမှာလည်း မပါတာပြောစရာမလိုတော့ပါ။
တပ်မတော်ခေါင်းဆောင်ကလည်း အမျိုးဘာသာကို ကာကွယ်မယ့် မှန်ကန်တဲ့ကို်ယ်စားလှယ်ကိုသာ ရွေးကြဘို့ သတိပေးထားပါတယ်။ အဲတာဟာ ကွယ်လွန်သူဗြိတိသျှလူမျိုးနဲ့ အိမ်ထောင်ကျခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းတာဖြစ်ပါတယ်။ ဒီလို ဘာသာရေးကို ကိုယ့်ုနိုင်ငံရေးအကျိုးအမြတ်အတွက် သုံးနေတာရဲ့လားရာကိုကြည့်ရင် အကြောင်းပေါင်း များစွာအတွက် ပြဿနာတွေဖြစ်ပါတယ်။
ပဌမတချက် ဥပဒေပိုင်း။ လက်ရှိဖွဲ့စည်းပုံမှာ အားနည်းချက်တွေအပြင် ဘာသာရေးကိုခွဲခြားမှုမပြုဘို့ ပါနေတယ်။ ဒါ့ပြင် ဘာသာရေးကနေ နိုင်ငံရေးမှာတိုက်ရိုက်ပတ်သက်တာကိုလည်းတားမြစ်ထားပါသေးတယ်။ အစိုးရနဲ့ စစ်တပ်ကကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံကို အသေအလဲကာကွယ်မယ်ပြောထားတယ်။ ဖွဲ့စည်းပုံပြင်မှာကိုလည်း အပြင်းအထံဆန့်ကျင်ကြတယ်။ တချိန်တည်းမှာ အဲဒီမှာပါနေတာတွေကို ကာကွယ်ရမယ့်အစား ချိုးဖေါက်နေတယ်။
ဒုတိယအချက်။ အဲလိုဘာသာရေအစွန်းရောက်မှုကို တရားဝင်ပြုလိုက်ခြင်းကြောင့် အစိုးရကနေ လူနည်းစုတွေအပေါ် အကြမ်းဖက်မှုကို တားမြင်နိုင်စွမ်း လျှော့နည်းစေပါတယ်။ အကြမ်းဖက်မှုတွေစတဲ့ ၃ နှစ်လောက်ကတည်းက မွတ်ဆလင်တွေ ထောင်နဲ့ချည်ပြီး နိုင်ငံတွင်းမှာနေရာရွေ့ပြောင်းနေထိုင်ကြရတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေကနေ လူမျိုးတုံးစေမှုသတိပေးချက်တွေ ထွက်ပေါ်လာစေတယ်။
တတိယ။ (မဘသ) ကနေ အစိုးရနဲ့ လက်ပူတတွဲလုပ်နေခြင်းဟာ မြန်မာနိုင်ငံကို ဘာသာရေးအာဏာရှင်စနစ်ဆီကို တွန်းပို့ရာကျတယ်။ သည်အတိုင်သာဆက်သွားရင် ဗုဒ္ဓဘာသာအစွန်းရောက်တွေက နိုင်ငံရေးမှာ တကယ့်အာဏာရလာကြမယ်။ အဲတာကနေ (လက်ရှိအာဏာရှင်ဟောင်း + ပေါ်ပြူလာဘာသာရေး အစွန်းရောက်ဘုန်းကြီး) တွေရဲ့ အော်တိုကရေစီ အသစ်တမျိုးဖြစ်လာမယ်။ အဲလိုဖြစ်လာချိန်မှာ ပြည်တွင်းပဋိပက္ခတွေဖြစ်လာမယ်။ ကမ္ဘာမှာပြည်တွင်းစစ် အရှည်ကြာဆုံး တိုင်းပြည်ရယ်လို့ ပေါ်ထွန်းလာပါလိမ့်မယ်။
သိထားသမျှ အော်တိုကရေစီဆိုတာ အစိုးရနဲ့ ကိုးကွယ်ယုံကြည်မှု ပူးပေါင်းတာကနေ နှစ်ခုလုံးဟာ အဆုံးမှာ နိဂုံးချုပ်သွားကြရတာ ဖြစ်ပါတယ်။ ဘာသာရေးကို ထိမ်းသိန်းကာကွယ်နည်းရဲ့ အညံ့ဆုံးနည်းဟာ ဘာသာရေးကို နိုင်ငံရေးနယ်ပယ်ထဲ ထည့်သွင်းမိတာဖြစ်တယ်။
ဒီလှုပ်ရှားမှု သူ့အလိုလိုမီးလောင်သွားနိုင်တဲ့ အခွင့်အလမ်းတော့ ရှိနေပါသေးတယ်။ အထောက်အထားပြောရရင် အဲလို ဘာသာအတူတူ ကိုးကွယ်သူတွေကနေပဲ သူတို့ကိုအကြာကြီးဖိနှိပ်ထားတဲ့အချက်ကို မြန်မာပြည်သူတွေကနေ မေးစပြုလာကြပါပြီ။
မြန်မာနိုင်ငံဟာ ဘာသာရေးထုံးတမ်းစဉ်လာမှာ ကြွယ်ဝပြီး မတူကွဲပြားမှုရှိတဲ့တိုင်းပြည်ဖြစ်ပါတယ်။ မြန်မာဗုဒ္ဓဘာသာဟာ အသည်းနှလုံးလည်းဖြစ်ပါတယ်။ စာရေးသူအနေနဲ့ မသိတာပဲဖြစ်မလား မပြောတတ်ပါ။ နိုင်ငံခြားသားတယောက်အနေနဲ့ မြင်တာက ဗုဒ္ဓဘာသာဟာ အင်မတန်အလှတရားရှိတဲ့ ဘာသာတရားဖြစ်တယ်။ သက်ရှိသတ္တဝါတွေ အားလုံးအပေါ်မှာ အကြင်နာတရားနဲ့ အဆုံးစွန်သောမေတ္တာတရားထားတဲ့ ဘာသာတခုဖြစ်ပါတယ်။ သည်းခံစိတ်ကသာ အနိုင်ရပါစေလို့ ဆုတောင်းအပ်ပါတယ်။
(ဘာသာပြန်တာသာဖြစ်ပါတယ်။ ကျွန်တော့်အာဘော်မပါ။)
ဒေါက်တာတင့်ဆွေ
၃၀-၁၀-၂၀၁၅
Comments
Post a Comment