I know nothing ငါသိတာက ငါဘာမှ မသိဘူးဆိုတာပဲ
အဲလို ပြောလေ့ရှိကြတယ်။ ဆုံးမစကားလို ပြောတတ်တယ်။ ကိုယ့်ကိုယ်ကို နှိမ်ချပြီး ရေးတတ်ကြတယ်။
ငါသိတာ တခုကတော့ ငါဘာမှ မသိဘူးဆိုတာပဲ။ ငါတခုတည်းသိတယ်။ ဘာလဲဆိုတော့ ငါဘာမှမသိဘူး။ အဲတာကို Socratic paradox ဆိုကရေးတီးစ်ရဲ့ ဝိရောဓိလို့ ဆိုပါတယ်။ ဂရိပညာရှိ ပလေတိုထဲကပါ။ ဆိုကရေးတီးစ်က အဲလိုပြောခဲ့တာတော့ မဟုတ်ပါတဲ့။
စာတွေဖတ်ပြီး ငါအတော်သိလာပြီလို့ ထင်မှတ်ကြတယ်။ စာတွေအများကြီးဖတ်ပြီးတော့ ငါဘာမှမသိသေးပါတကားလို့ သဘောပေါက်လာတယ်။
ကျွန်တော့်အမြင်ကတော့ နည်းနည်းကွဲလွဲတယ်။ ကိုယ့်ကိုယ်ကို နှိမ်ချပြောဆိုတာတော့ ကောင်းပါတယ်။ အသားလိုလို့ အရိုးတောင်းတာ မဖြစ်အောင်တော့ သတိပြုသင့်တယ်။ ဖတ်လေ မှတ်လေ သိလာလေ။ သင်ယူလေ့လာလေ တတ်မြောက်လာလေ။ သိစရာတွေ များလွန်းတာကိုပါ သိလာလေ။
လေ့လာရာမှာလည်း ဖတ်တာအပြင် ရေးချနိုင်ရင် ပိုသိတယ်။ စာကျက်တာ ချရေးသူမျိုးရှိတယ်။ ကျွန်တော်ပြောလိုတာက သိလာတာတွေကို စာဖြစ်အောင်စီကာစဉ်ကာ ရေးစေချင်တာ။ ဖတ်တုန်းကအသိထက် ပိုတိကျတယ်။ ပိုပြီးနက်တယ်။ ရေးတတ်ရင် ကိုယ်ပိုင်အယူအဆပါ ပါလာလိမ့်မယ်။ အဲလိုသိသိလာတာတွေဟာ တကယ်ရရှိတာဖြစ်တယ်။ ငါတော့ ဘာမှ မသိသေးပါလို့တော့ မပြောအပ်ဘူးထင်နေတယ်။
သိစရာတွေ များလွန်းတာကိုပါ သိလာလို့ အလုံးစုံကိုတော့ သိချင်မနေအပ်ပါ။ ကိုယ်က တန်ခိုးရှင်မှ မဟုတ်တာ။
ရေးထာတာက ၂၀၁၈ ကဖြစ်ပါတယ်။ ထပ်ဖြည့်ချင်တယ်။ တရားသဘောကိုဆိုတာဖြစ်ရင် ငါဘာမှမသိသေးပါလားလို့ ပြောတာ အမှန်ဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment