Pregnancy and Ultrasound ကိုယ်ဝန်ဆောင် (အာလ်ထွာဆောင်း)

(ကန်တော့)
၁။ ဆရာကလေးပေါင်ချိန်လေးကြည့်ပေးပါလားမတွက်တက်လို့ရှင့်

နံပါတ် ၃ ကို ဖတ်ပါရန်။ မတွက်တတ်လို့ ရေးရတယ်။

၂။ ဆရာရှင့် စာပြန်ပေးတာကျေးဇူးတင်ပါတယ်။ ကျွန်မကိုယ်ဝန် ၁၈ ပတ်တုန်းက OG က အာထရာဆောင်း ရိုက်ခိုင်းပါတယ်။ breech အနေအထားနဲ့ normal လို့ပြောပါတယ်။ သမီးမိန်းကလေးလို့ပြောပါတယ်။ အခု ကိုယ်ဝန်က ၃၃ ပတ်ပါ။ due date က July ပထမပတ်ဆိုတော့ ကလေးအနေအထားမှန်မမှန်ကို ကျွန်မ အာထရာဆောင်း ထပ်ရိုက်ချင်ပါတယ်။ ထုံးစံအတိုင်း ဘာကိုစိုးရိမ်လို့စိုးရိမ်နေမိမှန်းလဲမသိပါဘူး။ ဒါပေမယ့် OG က အာထရာဆောင်း ခဏခဏမရိုက်ဘူးဆိုပြီး ပြောပါတယ်။ ကိုယ်ဝန်လေးလတုန်းကရိုက်ထားတာနဲ့လုံလောက်မလောက်သိချင်လို့ပါဆရာ။

ဆရာရှင့် ကျမကိုယ်ဝန် ၂၅ပါတ်ပါ။ ultrasound ရိုက်ကြည့်ပြီးပါပြီ။ ယောကျ်ားလေးလို့သိရပါတယ်။ Ultrasound မှာ BPD 64.5mm လို့ရေးထားပါတယ်။ နောက်ပြီး FL 44.0mm လို့ ရေးထားပါတယ်။ အဲဒါက ကလေးရဲ့အရွယ်အစားလား သိချင်ပါတယ်ရှင့်။ နောက်ပြီး ၂၅ပါတ်မှာကလေးရဲ့ normal size ဟာ ဘယ်လောက်လဲသိချင်ပါတယ်ရှင့်။

ကိုယ်ဝန်မှာ (အာလ်ထွာဆောင်း) ရိုက်စစ်ဆေးနည်းဟာ စိတ်ချရတယ်၊ အကုန်အကျမများဘူး၊ တိကျတယ်လို့ လက်ခံထားကြတာမို့ ကျယ်ကျယ်ပြန့်ပြန့်သုံးကြတယ်။ အလွန်မတန်လျင်မြန်တဲ့ အသံလှိုင်းကိုသုံးတယ်။ ဘာသံမှတော့ လူတွေက မကြားနိုင်ပါ။ အလင်းနဲ့ အမှောင်ကို ခွဲသိရမယ်။ ဒါကို ပုံရိပ်အဖြစ် ကွန်ပြူတာ မော်နီတာပေါ်မှာ ဖေါ်ပေးမယ်။ ဓါတ်မှန်လို လူကိုအန္တရာယ်မပေးပါ။ ကိုယ်ဝန်ပါတ်နဲ့ သန္ဓေဖြစ်ပြီးနောက် ဘယ်နှစ်ပါတ်လို့ ခွဲထားသေးတယ်။ ၂ ပါတ် ကွာတယ်။ မိခင်လောင်းက စမ်းသပ်ကုတင်မှာ သက်တောင့်သက်သာလှဲနေပြီး၊ ဆရာဝန်ကနေ Transducer device ကိုသုံးပြီး ဗိုက်မှာဖြစ်ဖြစ် Probe ကိုသုံးပြီး မွေးလမ်းထဲကနေဖြစ်ဖြစ် စမ်းပါမယ်။

၁။ ကိုယ်ဝန်ရှိတာ သေချာသိမယ်။ သန္ဓေကိုဖုံးထားတဲ့ အိတ်ကလေး Gestational sac ကို ရက်သတ္တပါတ် ၄ ပါတ်ခွဲမှာ စမြင်ရပြီ။ သန္ဓေဟာ သားအိမ်ထဲမှာရှိနေတာ ဟုတ်-မဟုတ်လဲ သေချာသိနိုင်တယ်။

၂။ ကိုယ်ဝန်ရှိတုန်း သွေးဆင်းရင် ပျက်လေမလား သိနိုင်တယ်။ ၆-၇ ပါတ်ဆိုရင် ကလေးနှလုံးခုန်သံကို သိနိုင်ပြီ။ ဒါဆို ၉၅% မက ကိုယ်ဝန်က ကောင်းတယ်။ ကလေးနှလုံးခုန်သံဟာ ကိုယ်ဝန် အနုအရင့်လိုက် ပြောင်းတယ်။ Doppler နဲ့ နားထောင်ရင် (၁၂) ပါတ်မှာစကြားရပြီ။ တချို့မှာ (၁ဝ) ပါတ်နဲ့ကြားရတယ်။ တလခွဲတုံးက တမိနစ်မှာ ၉ဝ-၁၁ဝ ရှိတယ်။ ၉ ပါတ်ကစပြီး မွေးတဲ့အထိ ၁၂ဝ-၁၆ဝ ရှိလာတယ်။ ကလေးလှုပ်တာကို (၂ဝ) ပါတ်မှာ သိမယ်။ ကလေးမွေးဖူးသူတွေက ဒိထက်စောသိမယ်။

၃။ ကိုယ်ဝန် ဘယ်လောက်ရင့်နေပြီလဲသိမယ်။ သန္ဓေသားအရွယ်အစားဟာ ရင့်လေ ကြီးလေဖြစ်တယ်။

(က) Crown-rump length (CRL) ခေါင်းထိပ်ကနေ အောက်ခြေအထိ ဘယ်လောက် ရှည်သလဲဆိုတာ ၇-၁၃ ပါတ်မှာ အတိအကျ သိရပြီ။

(ခ) Biparietal diameter (BPD) ခေါင်းဘေးနှစ်ဘက် အကွာအဝေး၊ ၁၁ ပါတ် မှာ ၂ဝ ကနေ မွေးတော့မယ်ဆိုရင် ၉ဝ-၁ဝဝ မီလီမီတာ ရှိတယ်။

(ဂ) Femur length (FL) ပေါင်အရှည် ၁၁ ပါတ်မှာ ၁ မီလီမီတာ၊ မွေးခါနီးရင် ၇၉-၈ဝ မီလီမီတာ ရှိတယ်။

(ဃ) Abdominal circumference (AC) ကိုယ်ဝန်ရင့်ချိန်မှာ အရေးကြီးတဲ့ တိုင်းထွာချက်ဖြစ်တယ်။ ၁၁ ပါတ်မှာ ၅၊ မွေးခါနီးရင် ၃၅ဝ မီလီမီတာ ရှိတယ်။

၄။ သန္ဓေသားမှာ အင်္ဂါချို့ယွင်းတာ ရှိ-မရှိသိဘိို့၊ ကိုယ်ဝန် ၂ဝ ပါတ်မတိုင်ခင် စမ်းတာကောင်းတယ်။ ခေါင်းထဲက အရည်တွေများနေတာ၊ ဦးနှောက်မပါတာ၊ ဦးနှောက်မြှေးအိတ်ဖြစ်နေတာ၊ ခါးရိုးဆစ်ကနေ အာရုံကြောကျွံထွက် နေတာတွေကို သိနိုင်တယ်။ နောက်ပေါ်ကိရိယာကနေ အာခေါင်ကွဲ၊ နှလုံးရာဂါ၊ စတာတွေပါ သိရစေတယ်။

၅။ အချင်းတည်နေရာကိုသိရတာ အလွန်မတန်အကျိုးများတယ်။ အချင်းရဲ့ အောက်ဖျားက ဘယ်နားမှာလဲ သိရင် ခွဲမွေးဘို့ မလွဲမသွေလိုတဲ့ အချက်ကြီးတခု ကြိုသိရတယ်။ အချင်းက အောက်ကျပြီး၊ သားအိမ်အဝအနား ရောက်နေရင် ခွဲမွေးရမယ်။ ဒါ့အပြင် အချင်းရောဂါတွေကို ပါရှိရင် သိရတယ်။ ကိုယ်ဝန်နုတုံးမှာ အချင်းက သားအိမ်ဝအတွင်းပေါက်နဲ့ ထိနေပေမယ့် ကိုယ်ဝန်ရင့်လာလို့လွတ်သွားရင် ရိုးရိုးလမ်းကနေမွေးလို့ရမယ်။

၆။ အမွှာ ဟုတ်-မဟုတ်၊

၇။ ရေမြွှာရည် အနည်း-အများ၊

၈။ ဗိုက်ထဲမှာ ကလေး သေမနေတာသိမယ်။ ကလေးက Head/Cephalic ခေါင်းနဲ့ မဟုတ်ဘဲ Breech တင်ပါးဆုံပြုနေတာ၊ သားအိမ် ပုံမှန်ဟုတ်-မဟုတ်၊ Myoma သားအိမ်အလုံးရှိတာ၊ Overian cyst မျိုးဥအိမ်အလုံး ရှိတာတွေပါ သိနိုင်တယ်။

၉။ ကလေး ကျား-မ သိဘို့ အများဆုံး ၁၈-၂၂ ပါတ်မှာရိုက်တယ်။ တိကျဘို့ဆိုတာ အာလ်ထွာဆောင်းရိုက်ချိန်မှာရှိတဲ့ ကလေးအသက်၊ စက်အမျိုးအစား၊ ပညာရှင်အတွေ့အကြုံ၊ ကလေးရဲ့ပူးပေါင်းဆောင်ရွက်မှုဆိုတဲ့ အချက်တွေအပေါ်မှာ မူတည်တယ်။ ကလေး ကျား-မ ဆိုတာကို သူ့နိုင်ငံဥပဒေအရ မပြောရတာ-ပြောရတာ ရှိတယ်။

တခါရိုက်တာနဲ့ အပြတ်ပြောလို့ မရတတ်ပါ။ ၂ ခါ ရိုက်သင့်တယ်လို့ အကြမ်းပြောလို့ရတယ်။ စောစောရိုက်တာကတော့ ကိုယ်ဝန်ရှိတာ သေချာမယ်၊ သားအိမ်ပြင်ပတည်တာဆိုရင် ကွဲမထွက်ခင် ခွဲဘို့ ပြင်နိုင်တယ်။ အချင်း အောက်ကျနေတာ၊ ကလေးက ခေါင်းကြီး နေတာ၊ မိခင်တင်ပါးဆုံအရိုးကွင်းနဲ့ မဆံ့တာ၊ ရင်ချင်းဆက်လို အထူးအဆန်းတွေရှိနေရင် ခွဲမွေးဘို့ ပြင်ထားနိုင်တယ်။ မွေးရာပါ ချို့ယွင်းချက်တွေသိရလို့ ဥပဒေကခွင့်ပြုရင် ကိုယ်ဝန်ကိုအဆုံးသတ်ပြစ်နိုင်တယ်။

ကလေးမလှုပ်တော့ဘူး ထင်ရင်လည်း ထပ်ရိုက်သင့်တယ်။ စောစောရိုက်တုံးကရှိတဲ့ ကလေးခေါင်း အနေအထားဟာ နောက်မှာပြောင်းတတ်လို့ ခြေကဖွါး ဖြစ်-မဖြစ် သိရအောင် (၈) လနောက်မှာ နောက်တခါထပ်ရိုက်တာ ကောင်းတယ်။ ခြေကဖွါးဆိုရင် ပိုပြီးဂရုစိုက်မွေးပေးရတယ်။ ရိုးရိုးလမ်းကမွေးလည်းရပါမယ်။

အထဲက ကလေးကျန်းမာရေးအခြေအနေကို လေ့လာ ဆန်းစစ်နိုင်ရုံသာမကဘဲ၊ မိဘတွေကို စိတ်လှုပ်ရှားမှုပါ ပေးနိုင်သေးတယ်။ ထပ်ရိုက်ရင် ကလေး ဘယ်လို တိုးတက် ကြီးထွားလာတာကို သိနိုင်မယ်။ ကလေးအသက်ကို ခန့်မှန်းနိုင်မယ်။ ဘယ်တော့မွေးမယ်ဆိုတာလဲ တွက်ယူပေးမယ်။ ကလေးသာမက အချင်းတည်ရာကို သိရရင် ဗိုက်ခွဲမွေးဘို့ သေချာပေါက်လိုမှာကို ကြိုတင်သိလာနိုင်တယ်။

3D ultrasound ဆိုတာကို သန္ဓေသားရဲ့ သုံးဘက်မြင်ပုံတွေကိုရစေတယ်။ စံချိန်ကိုက်နည်းကတော့ 2D scanning နှစ်ဖက်မြင်သာ ဖြစ်တယ်။ 3D fetal scanning မှာ အသံလှိုင်းတွေကို လွှတ်ပေးပြီး ဒေါင့်ပေါင်းစုံကနေ ပြန်လာမယ်။ ပဲ့တင်သံတွေကို ကွန်ပြူတာ နည်းပညာနဲ့ ထုထည်ပုံတွေအဖြစ် ဖတ်ယူတာဖြစ်တယ်။ မျက်နှာပြင်ရော အတွင်းအင်္ဂါ အစိတ်အပိုင်းတွေကိုပါ ဖတ်ပေးမယ်။ CT scan machine ကနေ ပုံတွေအများကြီး ဖတ်ပေးတာနဲ့တူတယ်။ ၁၉၈၇ ခုနှစ်မှာ Duke တက္ကသိုလ်က Olaf von Ramm နဲ့ Stephen Smith တို့ကတီထွင်ခဲ့တာဖြစ်ပါတယ်။ 4D ဆိုတာလဲပေါ်နေပြီး။ ဆင်တူတယ်။ Real time အချိန်နဲ့ဆက်စပ်တာပဲကွာတယ်။ FDA ကနေ 94 mW/cm2 ထက် မများဘို့ ကန့်သတ် ပေးထားတယ်။ ဒီအထိစိတ်ချရတယ်လို့ဆိုလိုတယ်။ ဒါပေမဲ့ ငြင်းခုန်တာတွေတော့ ရှိနေပါတယ်။ သန္ဓေသားမှာ မွေးရာပါ ချို့ယွင်းချက်တွေရှိနေ-မနေ သိမယ်။

သတိထားစရာတွေလဲ သိထားရပါမယ်။ အထဲကကလေးကို အပူနည်းနည်းပိုရစေတယ်။ လေလဲနည်းနည်း ရစေတယ်။ ဒါတွေကနေ ရေရှည်မှာဘာဖြစ်မလဲ မပြောတတ်သေးပါ။ စောစောပိုင်းလေ့လာမှုတွေအရ ယောက်ျားလေးတွေမှာ ဘယ်သန်ပိုများတာနဲ့ စကားပြောနှေးတာ ပိုတွေ့ရတယ်။ အဖြေဖတ်ရာမှာ မမှန်တဲ့ရလဒ်ရတာမျိုးလဲ ရှိနိုင်တယ်။ ဥပမာ ဆစ် ခေါ် အိတ် တွေ့နေတာဟာ အဆိုး-အကောင်းပြောရတာ လွဲနိုင်တယ်။ မိခင်ကို စိတ်ပူပင်မှု ဖြစ်စေမယ်။ ကိုယ်ဝန် ၁၇ ပါတ်ထက်စောပြီးရိုက်ရင် မိခင်-ကလေး စီးနှောင်မှုနည်းနိုင်တယ်။ အာလ်ထွာဆောင်းကိုမေးတဲ့အခါ ပုံတွေကိုဖတ်မရပါ။ အဖြေမှတ်ချက်ရမှသာ ရှင်းပြနိုင်ပါတယ်။

၁၉၈၇ ခုနှစ်မှာ Duke တက္ကသိုလ်က Olaf von Ramm နဲ့ Stephen Smith တို့ကတီထွင်ခဲ့တာဖြစ်ပါတယ်။ 4D fetal ultrasounds ဆိုတာလဲပေါ်နေပြီး။ ဆင်တူတယ်။ Real time အချိန်နဲ့ဆက်စပ်တာဘဲ ကွာတယ်။ FDA ကနေ 94 mW/cm2 ထက်မများဘို့ ကန့်သတ်ပေးထားတယ်။ ဒီအထိစိတ်ချရတယ်လို့ဆိုလိုတယ်။ ဒါပေမဲ့ ငြင်းခုန်တာတွေတော့ ရှိနေပါတယ်။ Fetal anomaly သန္ဓေသားမှာ မွေးရာပါချို့ယွင်းချက်တွေရှိနေ-မနေ သိမယ်။

ကလေးရဲ့လိင်ကို ဘယ်တော့သိမလဲ

ကိုယ်ဝန် ၁၈ နဲ့ ၂၆ ပါတ်မှာ အများဆုံးရိုက်တယ်။ အာလ်ထွာဆောင်းစက်သစ်နဲ့ဆိုရင် ၁၂-၁၃ ပါတ်ကတည်းက ကလေးရဲ့လိင်ကိုသိနိုင်တယ်။

Hysterosalpingogram (HSG) ဆိုတာ သားအိမ်ထဲကို ဓါတ်မှန်ရိုက်စစ်ဆေးတာဖြစ်တယ်။ ကလေးမရနိုင်သေးသူကို စမ်းတယ်။ Transvaginal Ultrasound ကတော့ အာလ်ထွာဆာင်းဖြစ်တယ်။ မွေးလမ်းကြောင်းထဲကနေ ကိရိယာလေး ထည့် ရိုက်တယ်။ မျိုးပွါးလမ်းအခြေအနေကိုစစ်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ