စိတ်ကျန်းညံ့လျော့ ငါကန်တော့၏

ဖူးမြော်မာန်လျော့ 
ကန်တော့ကျိုး(ချိုး)မှာပါတဲ့ ဖူးမြော်မာန်လျော့နဲ့ ဖူးမျှော်မာန်လျော့ ဘယ်ဟာအမှန်ပါလဲဆရာ။
သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော ကံသုံးပါးတို့ဖြင့် ပြစ်မှားမိသည်ရှိသော် ပျောက်ပစေခြင်း အကျိုးငှာ၊ တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင်၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ တည်းဟူသော ရတနာမြတ်သုံးပါးတို့အား ရိုသေမြတ်နိုး၊ လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။ မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၅၊ စာမျက်နှာ ၉၅။
ရှင်မဟာရဋ္ဌသာရ ရေးသားစီရင်တဲ့ စတုဓမ္မသာရ ကိုးခန်းပျို့ဟာ ဘုရားဟော ဝီသတိနိပါတ် ဟတ္ထိပါဇာတ်တော်ကို ပြန်ဆို ဖွဲ့နွဲ့တာဖြစ်ပါတယ်။ မူကွဲနှစ်ခု တွေ့ထားတယ်။ 
(၁)
ငါနှင့်ငါသာ၊ နှိုင်းစရာဟု၊ ပညာမုန်ယို၊ အရွယ်ပျိုက၊ မဆိုစလောက်၊ မာန်စောင်မြောက်၍၊ နှုတ်ငေါက်လွန်မိ၊ ဒေါသရှိလည်း၊ နှောင်းပြီးတခါ၊ ရိုသေစွာလျှင်၊ ဤစာကိုးခန်း၊ ပုလဲပန်းဖြင့်၊ စိတ်ကြမ်းမာန်လျော့၊ ငါကန်တော့၏၊ မပေါ့ချစ်ခင်၊ သားနှယ်ကြင်။
(၂)
ငါနှင့်ငါသာ နှိုင်းစရာဟု ပညာမုန်ယို အရွယ်ပျိုက မဆိုစလောက် မာန်စောင်မြောက်၍ နှုတ်ငေါက်လွန်မိ ဒေါသငြိလည်း နောင်ပြီးတခါ ရိုသေစွာလျှင် ဤစာကိုးခန်း ပုလဲပန်းဖြင့် စိတ်ကျန်းညံ့လျော့ ငါကန်တော့၏။ ဟူသောလင်္ကာကို ရေးသားပြီးလျှင် ကန်တော့ပူဇော်လေသည်။ မိမိ၏အမှားကိုသိ၍ လူသိရှင်ကြား ကန်တော့ဝန်ခံခြင်းဖြင့်ပင် ထိုအရှင်၏ ပညာရှိလက္ခဏာပြည့်စုံပုံကို စံတင်လောက်ပေ၏။ ယခုအခါ၌မူ ကိုယ့်အမှားကို ဝန်မခံရဲသော သူတော်ကောင်းယောင် ဆောင်သူတို့ ပေါများနေသောကြောင့် လောကကြီးတခုလုံး ကမောက်ကမဖြစ်နေချေသည်။ (မြောင်းမြမြို့ တိုက်သစ် ပဇ္ဇောတာရုံ အရှင်ကုမာရရဲ့ စာပေအမှတ် - ၁၊ အလင်္ကာပန်းကုံး၊ စာမျက်နှာ ၁၆၅။)
မှန် - မမှန်
ကန်တော့ချိုး - ကန်တော့ကျိုး
တကြိမ် - တစ်ကြိမ်
မာန်လျော့ - မာန်လျှော့
မူကွဲများ
စိတ်ကျန်း - စိတ်ကြမ်း
ဖူးမျှော် - ဖူးမြော်
ကျွန်ုပ်၏ အရေးအသားများ၊ ထောက်ပြချက်များ မှားယွင်းချွတ်ချော်နေခဲ့ပါလျှင် -
"စိတ်ကျန်းညံ့လျော့ ကျွန်ကန်တော့၏။" "စိတ်ကျန်းမာန်လျော့ ကျွန်ကန်တော့၏။"

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ