ဥသြ (မင်းသုဝဏ်)

ဝေလီဝေလင်း အချိန်။ 

အုန်းတောကြီး အထဲမှ တွန်မြည်လိုက်သော ဥသြသံကလေးသည် မနိုးတ၀က် နိုးတ၀က်နှင့် မှိန်းစက်နေသော ရွာကလေး၏နားသောတအား ငြိမ့်စေလေ၏။ အနက်မထင်သော အသံဖြစ်၍ ငြိမ့်စေခြင်းထက် ပိုမိုမစွမ်းဆောင်နိုင်ချေ။ ဥသြသံကလေး ရပ်စဲသွားသည်နှင့် တပြိုင်နက် ရွာထိပ်ဆီမှ ပေါ်ပေါက်လာသော တေးသံသည်ကား ရွာကလေး၏ နားသောတကို ငြိမ့်စေရုံမျှမက စိတ်နှလုံးကိုလည်း စိမ့်စေလေ၏။ လွမ်းသော ဆွေးသော အောက်မေ့တသသော အဓိပ္ပာယ်တို့ စုဝေးရာ တေးသံတေးသွားဖြစ်လေသည်။ 

ဤတေးသံကလေးကို ကြားရသောခဏ၌ မှိန်းနေသော ရွာကလေးကို လူးလွန့်လာသည်ဟု ထင်မိတော့၏။ တေးပိုင်ရှင်သည် ဟိုဟိုဘ၀များက ခွဲခွာခဲ့ရသော ချစ်သူအား ရော်ရမ်းတမ်းတလျက် အားရပါးရ သီဆိုလိုက်လေရော့လားဟု ကြားရသူတို့၏စိတ်တွင် ထင်မိလေတော့၏။ တရွာလုံးက ဂရုစိုက် နားစွင့်နေသော်လည်း တေးပိုင်ရှင်သည် မည်သူ့ကိုမျှ သတိထားမိပုံမရ။ ဆက်လက် သီဆိုသွား၍ ရွာလယ်ရပ် ၅ ရက် စျေးကလေးဆီကျမှ အရပ် ၉ မျက်နှာတွင် ပျံ့နှံ့နေသော မိမိ၏တေးသံကို ရပ်ဆိုင်းလိုက်လေ၏။

စျေးနေ့ နံနက်တိုင်း ဤတေးသံကို ကြားရသည်မှာ ယခုအကြိမ်ပါနှင့် သုံးကြိမ်ရှိလေပြီ။ တေးပိုင်ရှင်ကား အခြားမဟုတ်၊ ရွာအရှေ့နွားတထွန်လောက်တွင်ရှိသော ဇီးပင်ကုန်း၌ ဥယျာဉ်လုပ်ကိုင်စားသောက်နေသော ဘိုးသာလှ၊ အဘွားအေးတို့၏ သားအထွေး ကုန်စိမ်းသည် မောင်လှဖြစ်လေသည်။ မောင်လှသည် အခြားရွာသားများကဲ့သို့ ထွားကျိုင်းသန်မာသည်မဟုတ်။ မွေးကတည်းက ချုချာလာသည်ဖြစ်၍ လယ်အလုပ်ကို မလုပ်နိုင်။ မိဘများနှင့်အတူ တ၀မ်းတခါး ၀ရုံလှရုံ လုပ်ကိုင်စားသောက်နေရလေ၏။ 

ခါတိုင်းလည်း စျေးနေ့အခါများတွင် ရွာသို့ တက်လာဖူး၏။ သို့သော် ဥသြကလေး စ၍ တွန်မြည်သော နေ့တွင်ကဲ့သို့ တခါဖူးမျှ စိတ်နှလုံး မကြည်နူးမိ။ ပထမဆုံး ကြားရသော နံနက်က ဥသြသံကလေးကို နားစိုက်ထောင်မိရင်းနှင့် ရွာထိပ်ကို ရောက်လာ၍ ဥသြသံရပ်သည်နှင့် တပြိုင်နက် မိမိနှလုံးတွင်းမှ လွမ်းဆွတ်တသသော တေးသံသည် တိုးဝှေ့ထွက်ပေါ်လာလေ၏။ မိမိတေးသံ မရပ်မချင်း လောကကြီးကို သတိမေ့၏။ တေးသံတွင် မိမိ၏ စိတ်သည် ရောနှောလွင့်ပါသွားလေ၏။ တေးဆုံးသွားသော အခါကျမှ သတိရလာ၍ ငါဘာကြောင့် ဆိုမိပါလိမ့်ဟု တွေးတောမိ၏။ မည်သူ့ကို လွမ်းဆွတ်သလဲ၊ မိမိအထက် ပုခက်တွင်းတွင် ဆုံးသွားသော အစ်ကိုကို လွမ်းဆွတ်၍လား၊ သို့တည်းမဟုတ် တောင်ဘက်တဲက မြထွေးကို လွမ်းဆွတ်၍လား။ 

ဤသူတို့ လွမ်းဆွတ်၍ မဟုတ်။ ဥသြသံကလေးကို ကြားလျှင် အလိုလိုလွမ်းဆွတ်လာ၍ မမြင်ဖူး မကြားဖူးသော တစုံတယောက်သော သူကို တမ်းတမိသဖြင့် သီဆိုမိခြင်း ဖြစ်လေသည်။ ဤတစုံတယောက်သော သူကား မည်သူနည်း။ ရွာထဲတွင် မိန်းကလေးများကို တွေ့မြင်သော အခါတိုင်း အသင်တမ်းတ လွမ်းဆွတ်နေသူသည် ဤသူလား၊ ထိုသူလောဟု မိမိစိတ်အား မေးမြန်သောအခါတိုင်း ခေါင်းခါသည်ကို တွေ့ရလေ၊ ငါရူးများနေလေသလားဟု ထင်မိလေတော့၏။ ဥသြသံကလေးကို ကြားရပြီးလျှင် ဤလွမ်းဆွတ်တသသော တေးကို မဆိုဘဲ မနေနိုင်။

မောင်လှ၏တေးသံကို ဂရုစိုက် နားထောင်သူတို့တွင် ရွာသူကြီးသမီး စိန်သန်းသည် ထူးခြား၏။ ဥသြသံကိုကြားလျှင် မောင်လှသည် လွမ်းဆွတ်တမိသကဲ့သို့ မောင်လှ၏တေးသံကို ကြားလျှင် စိန်သန်းသည် မဖြစ်စဖူး ထူးကဲစွာ လွမ်းဆွတ်တသမိလေ၏။ တေးပိုင်ရှင့် အပေါ်တွင် ကရုဏာရေအယဉ်ကို တသွင်သွင် သွန်းလောင်းမိလေ၏။ တေးပိုင်ရှင်၏ အလိုဆန္ဒ တောင့်တရာတို့ကို ဖြည့်စွမ်းပေးချင်သော စိတ်များ တဖွားဖွားပေါ်လေ၏။

တေးသံကို စတုတ္ထအကြိမ် ကြားရသော စျေးနေ့နံနက် ဝေလီဝေလင်းတွင်ကား စိန်သန်းသည် ဆွမ်းချက်နေရာ မီးဖိုခန်းတွင် ငြိမ်၍ မနေနိုင်တော့။ ရွာထိပ်ဆီမှ တေးသံကို ကြားရလျှင်ပင် စိန်သန်းသည် အိမ်ရှေ့သပြေပင်ရိပ်သို့ ထွက်လာ၍ တေးပိုင်ရှင်အား စောင့်မျှော်လေ၏။ 

မောင်လှ သပြေပင်အနီးသို့ ရောက်သည်နှင့် တပြိုင်နက် စိန်သန်းသည် ‘တေးသည် တေးသည်’ ဟု လွှတ်ခနဲ ခေါ်မိလေ၏။ ခေါ်ရင်းက ‘စျေးသည်’ ဖြစ်သော်လည်း အသံထွက်သွားသည်က ‘တေးသည်’ ဖြစ်နေ၍ ရှက်အမ်းအမ်းဖြစ်သွား၏။ 

မောင်လှသည်လည်း အသံကြားရာသို့ လှည့်လိုက်၍ အရှက်နှင့်အကြောက် ရောလျက် မောဟိုက် ဖိုလှိုက်နေသော စိန်သန်းကို မြင်ရသောအခါ အသည်းတွင်း၀ယ် အေး၍ သွားလေ၏။ ၀မ်းနည်းသလို ၀မ်းသာသလို ဖြစ်မိ၏။ ကာလရှည်စွာ ကွဲကွာနေသော ချစ်သူအား ပြန်တွေ့နေရသလိုလို ထင်မိ၏။ မိမိ၏ ရင်ကို ဖွင့်ကာ အသည်းတွင်းက အလွမ်းအဆွေးတို့ကို ထုတ်၍ ပြလိုက်ချင်သောစိတ် ပေါ်လာ၏။ 

သို့သော် ထူပူနေသော စိန်သန်းက ပြောမိပြောရာ ဘာမှန်းမသိ ပြော၍ ဟင်းရွက်တစည်း ယူလျက် ပိုက်ဆံပေးလိုက်သောအခါ မောင်လှသည်လည်း ထူထူပူပူနှင့်ပင် လှမ်းယူ၍ ထွက်မှန်းမသိ ထွက်လာခဲ့လေ၏။ 

စျေးသို့ ရောက်သောအခါ အစဉ်မပြတ်သော အတွေး တမျှော်တခေါ်ကြီးကို တွေးလေ၏။ မိမိသည် ဤရွာနီးချုပ်စပ်ရှိ မိန်းကလေးအားလုံးလောက်ကိုပင် တွေ့ဖူး၏။ မည်သူ့ကို တွေ့ရတွေ့ရ မိမိစိတ်သည် မလှုပ်ရှားခဲ့။ ဤရွာသူကြီးသမီးကို တွေ့သောအခါကျမှ အဘယ်ကြောင့် ၀မ်းနည်းသလိုလို ၀မ်းသာသလိုလို ဖြစ်ရပါသနည်း။ မပြောတတ်အောင် ဖြစ်ရ၏။ ယခုအကြိမ်သည် ပထမ တွေ့ရခြင်းပင်ဖြစ်သော်လည်း အလွန် အကျွမ်း၀င်ချစ်ခင်သော သူငယ်ချင်းဟောင်းကို ပြန်တွေ့ရသကဲ့သို့ ထင်မိလေ၏။ တေးဆိုလိုသောစိတ်၏ အကြောင်းရင်းကို ယခုပင် တွေ့ရသည်ဟု ထင်၏။ ယခုပင် တေးဆိုရကျိုး နပ်သည်ဟု အောက်မေ့၏။ ဤသို့ ထူးဆန်းစွာ ဖြစ်ပေါ်လာသော စိတ်ကို အချစ်စိတ်ပေလားဟု မိမိဘာသာ မေးမိလေ၏။

စိန်သန်း၏ စိတ်တွင်လည်း မောင်လှ၏ တေးသံကို ကြားဦးစကပင် အလွန်ခင်မင် ကျွမ်း၀င်နေသောသူတယောက်ဟု အမှတ်ပြုမိလေ၏။ ဤသူသည် တစုံတခုကို လိုချင်နေဟန် တူ၏။ ဤသူ၏ အလိုကို ငါသည် ဖြည့်အံ့ဟု ကြံ၍ များစွာ ပျော်ရွှင်လေ၏။ စျေးနေ့ကို မျှော်မှန်းလျက် ရက်ရေနေလေ၏။

နောက်စျေးနေ့ ဝေလီဝေလင်း။ 

ဥသြသံ ရပ်သွားလျှင် မောင်လှ၏ တေးသံကို ကြားရပြန်၏။ စိန်သန်းသည် သပြေပင်အောက်က စောင့်နေပြန်၏။ မောင်လှတောင့်တနေသောဆန္ဒ မေးအံ့ဟု ကြံ၍ ပျော်ရွှင်နေ၏။

ခဏမျှကြာလျှင် မောင်လှသည် သပြေပင်အနီးသို့ ရောက်လာ၏။ စိန်သန်းကို တွေ့ရနိုးနှင့် ကြည့်မိ၏။ မျှော်နေသော စိန်သန်းနှင့် အခန့်သင့်တွေ့ရသောအခါ အံ့သြမိ၏။ ကံကောင်းလေစွဟု ထင်မိ၏။ စိန်သန်းသည် ဟင်းရွက်တစည်းကို ၀ယ်ပြီးနောက် ဘယ်စကားက ဘယ်သို့ဆက်သွားသည်မသိ။

‘ရှင် တေးဆိုတာ အင်မတန် လွမ်းစရာကောင်းတယ်။ ဘယ်သူ့ကို လွမ်းလို့ဆိုတာလဲ။ ကျမ မသိရဘူးလား။ လွမ်းတဲ့သူရှိရင် ကျမပြောပေးပါ့မယ်’ ဟု ရဲရဲတင်းတင်း မိတ်ဆွေချင်း ပြောသကဲ့သို့ ပြောလေသည်။ 

မောင်လှမှာ အဖြေရခက်လှ၏။ ဦးနှောက်တွေ ဗရပွေရှုပ်၍ သွားလေ၏။ နောက်ဆုံး၌ အကြံမရ၍ ‘အလကားပါဗျာ’ ဟု ပြောလျက် ထွက်ခဲ့လေ၏။ စျေးချိန်ကုန်၍ အိမ်သို့ ပြန်ရောက်သော်လည်း ဘယ်သို့ဖြေရပါမည်နည်းဟု တွေး၍ မရ။ 

ငါးရက်ကုန်၍ စျေးနေ့သို့ ရောက်သောအခါတိုင်အောင်လည်း အကြံမရသေး။ သို့နှင့် နံနက်ဝေလီဝေလင်း ဟင်းရွက်တွေ ထမ်းလာရာ ရွာထိပ်သို့ ရောက်၍ ဥသြသံ စလျှင် ဆိုမြဲတေးကို ဆိုမိလေ၏။ သပြေပင်အနီးသို့ ရောက်သောအခါ တေးရော ခြေလှမ်းပါ အလိုလိုရပ်သွား၏။ စိန်သန်းထွက်လာ၍ ယခင်မေးခွန်းကို မေးပြန်၏။ ၅ ရက်တိတိ တွေး၍မှ မထွက်လာသော အဖြေသည် ယခုမှ ဘယ်ချောင်မှ ထွက်ပေါ်လာသည် မသိ။ အောက်ပါအတိုင်း ထွက်ပေါ်လာလေ၏။

‘ဟုတ်ကဲ့၊ အစကတော့ ဥသြသံကလေးကို ကြားရင် အလိုလိုလွမ်းလာတာပဲ။ ဘာလွမ်းတယ်ရယ်လိုလည်း မသိပါဘူး။ လွမ်းတာနဲ့ ဒီတေးကို ဆိုမိတာပဲ။ ဆိုပေမဲ့လည်း အလွမ်းမပြေပါဘူး။ အခုတော့ဖြင့် ဥသြသံကြားရလို့ ဘယ်လောက်ပဲလွမ်းလွမ်း၊ ဒီသပြေပင်အောက် ရောက်လို့ မင်းနဲ့တွေ့ရင် အလွမ်းတွေ အကုန်ပျောက်တာပဲ။ ၀မ်းသာသလို ၀မ်းနည်းသလိုလည်းဖြစ်တယ်။ ဒီတော့ ကျုပ် လွမ်းတာဟာ မင်းကိုပဲပေါ့’ ဟု ပြောလိုက်သော အချိန်ကစ၍ စိန်သန်းနှင့် မောင်လှတို့သည် ချစ်သူဘ၀သို့ ပြောင်းလဲသွားကြလေ၏။

ထိုနေ့မှစ၍ မောင်လှသည် စိန်သန်းတို့၏ အဆွေအမျိုးသတင်းကို နာလေ၏။ မေးသင့်သည်ကို မေးကြည့်၏။ စိန်သန်း၏ ဖခင်သည် ရွာသူကြီး၊ မြေပိုင်ရှင်။ ဘထွေးမှာ မြို့ပေါ်က ပွဲစားကြီးတဦးဖြစ်၏။ အစ်ကိုများကား ကိုယ့်ကျွဲကိုယ့်နွား၊ ကိုယ့်လယ်ကိုယ့်ယာနှင့် လူကုံထံများဖြစ်၏။ စိန်သန်း၏ မိခင်မှာ မြို့ပေါ်က ဘုရားတကာကြီး ဦးကံရေး၏ သမီးတည်း။ အမျိုးအနွယ် ကြီးကျယ်လေစွ။ မထင်ရှားသော မိမိ၏ အညတရ အမျိုးနှင့်ကား ကွာခြားချင်တိုင်း ကွာခြားလေ၏။ 

စိန်သန်းသည် မိမိနှင့် မတန်။ ကြေးရတတ် သားများနှင့်သာ တန်၏။ စိန်သန်းကို မိမိချစ်သည်ကား ချစ်ရာမရောက်။ နှစ်ရာ ရောက်နေ၏။ မိမိသည် တကိုယ်ကောင်း နိုင်လေစွ။ စိန်သန်း မိမိကို ယူလျှင် ဆင်းရဲရမည်။ မိဘဆွေမျိုးတို့နှင့် သဘောကွဲ၍ ၀မ်းနည်းရတော့မည်။ မိမိသည် စိန်သန်းပျော်ရွှင်သည်ကိုသာ မြင်လို၏။ ဆင်းရဲလျှင် စိန်သန်း ပျော်ရွှင်နိုင်အံ့လော။ မိဘတို့နှင့် သေခန်းပြတ်နေလျှင် စိန်သန်းပျော်နိုင်အံ့လော။ ပျော်နိုင်မည် မဟုတ်။ သို့ဖြစ်က မိမိသည်  စိန်သန်းကို လက်လွှတ်ရမည်ဖြစ်၏။ လွှတ်အံ့။ စိန်သန်း ပျော်ရွှင်သည်သာ လိုရင်း။ ပထမ အစ၌ စိန်သန်း ၀မ်းနည်းကြေကွဲရမည်မှာ မုချ။ သို့သော် မတွေ့ရတာ ကြာလျှင် မေ့သွားမည် ဖြစ်၏။ အချိန်ကာလတည်းဟူသော ဆေးသမားသည် စိန်သန်း၏ ကြေကွဲ၀မ်းနည်းသော အသည်းနာကို ဆေးကုပေးအံ့။ အသည်းနာသည် အသည်းကောင်း ပြန်ဖြစ်လာသောအခါ စိန်သန်း တသက်လုံး ပျော်ရတော့မည်။ ဤသို့ဖြစ်သောကြောင့် မိမိသည် စိန်သန်းကို လက်လွှတ်အံ့ဟု စိတ်သန္နိဋ္ဌာန် ချလိုက်လေ၏။

စျေးနေ့သို့ ရောက်သောအခါ မောင်လှသည် ဟင်းသီးဟင်းရွက်တို့ကို ထမ်း၍ ထွက်လာ၏။ ရွာထိပ်တွင် ဥသြသံကလေးကို နားစိုက်၍ ထောင်မိ၏။ ဥသြသံ စဲလျှင် ခါတိုင်း သီဆိုနေကျ တေးသံသည် နှလုံးတွင်းမှ ထွက်လာ၏။ မောင်လှက ဆီး၍ တားမြစ်လေသောကြောင့် အပြင်သို့ မရောက်မီ ပျောက်ကွယ်သွားလေ၏။ ခြေထောက်တို့သည်လည်း ရွာတွင်းသို့ ၀င်အံ့ဟု ပြင်ကြ၏။ မောင်လှက ‘အသင်တို့သည် ယနေ့မှစ၍ ဤလမ်းကို မသွားရ။ ရွာအပြင် ကိုင်းတောကို ဖြတ်၍သာ သွားရမည်’ ဟု အမိန့်ပေးလေသောကြောင့် ကိုင်းတောကို ဖြတ်၍ သွားရလေ၏။ 

မောင်လှ၏ နှလုံးသားသည် ထွက်ခွင့်မရသော တေးဖြင့် ကြွေကျမတတ် နာကျင်လေ၏။ မျက်စိတို့သည် မျက်ရည်ဖြင့် ပြည့်လျှမ်းလျက်။ လမ်းကိုမျှ ကောင်းကောင်း မမြင်ကြကုန်။ ထိုအခါ မောင်လှသည် စိန်သန်းကို မေ့လိုက် မေ့လိုက်ဟု မိမိကိုယ်ကို ဆုံးမရလေ၏။ စျေးရောင်းရာတွင်လည်း ဆုံးမလျက်။ အိမ်ပြန်ရောက်သောအခါလည်း ဆုံးမလျက်။ မေ့ပစ်လိုက်ဖို့ ဆုံးမလေ သတိရလေ အောက်မေ့လွမ်းဆွတ်လေဖြစ်၏။

သပြေပင်ရိပ်မှ စောင့်မျှော်နေသော စိန်သန်းမှာလည်း အချိန်တော်၍ မောင်လှ၏ တေးသံကို မကြားရလျှင် စိုးရိမ်မိ၏။ အချိန်လွန်၍ မောင်လှကို မမြင်ရသောအခါကား ကြိတ်၍ ငိုလေတော့၏။ စျေးရက်ရောက်၍ ဥသြသံကလေးကို ကြားရတိုင်း မပေါ်လာသော မောင်လှကို မျှော်မှန်း တမ်းတလျက် လွမ်းဆွေးလေတော့၏။ သို့ဖြင့် မိုးဦးရောက်၍ မိုးသံ လေသံတို့ အကြားတွင် ဥသြသံကလေး ပျောက်သွားသည့် တိုင်အောင်လည်း မောင်လှကို အရိပ်အယောင်မျှ မမြင်ရလေ။

ယခုလည်း နွေဦးပေါက်လာပြန်လေပြီ။ ဥသြကလေးလည်း မြည်ပြန်လေပြီ။ အပင်တိုင်း၌ သစ်ကိုင်းကျိုးကျဲနှင့် ဆင်းရဲကြီးလေစွ။ သို့သော် ဤသို့မှ ရွက်ဟောင်း မကြွေလျှင် ရွက်သစ် မဝေနိုင်တော့ပြီ။ 

အမောင်သစ်ပင်တို့၊ ရွက်ဟောင်းကို မခင်တွယ်လေနှင့်၊ စွန့်လော့။ 

အို မစိန်သန်း၊ မောင်လှကို မခင်တွယ်လေနှင့်၊ စွန့်လော့။ သို့မှသာလျှင် သစ်ပင်တို့သည် ရွက်သစ်ရွက်ဦးကလေးတွေ ဝေဝေဆာဆာနှင့် ရွှင်မြူးပျော်ပါးနိုင်သကဲ့သို့ အသင်သည်လည်း ပျော်ပါးနိုင်တော့အံ့တည်း။

တက္ကသိုလ်ကျောင်းတိုက် မဂ္ဂဇင်း၊ ဇန်နဝါရီ+ဖေဖော်ဝါရီ ၁၉၃၃။ မင်းသုဝဏ် ဝတ္ထုတိုများ။

မူရင်းသတ်ပုံမှန်အတိုင်း တင်ထားတယ်။ ကွန်ဂရက်ကျူလေးရှင်း။

မနိုးတ၀က် နိုးတ၀က်နှင့် 

တပြိုင်နက်

တရွာလုံးက

တခါဖူးမျှ 

တစုံတယောက်သော

တမျှော်တခေါ်ကြီး

ကျွမ်း၀င်နေသောသူတယောက်ဟု 

တစုံတခုကို 

ပွဲစားကြီးတဦး

တသက်လုံး

ဟင်းရွက်တစည်း

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Colorectal cancer အူမကြီး ကင်ဆာ