Cervical Spondylosis လည်ပင်း ကျီးပေါင်းတက်နေပါတယ်
၂။ ဆရာ ကျမအဖွါး လည်ပင်အရိုးကျီးပေါင်းတက်တာ ကုလို့ရပါလားရှင့်။
အရိုးကျီးပေါင်းတက်ခြင်း Spondylosis ဆိုတာ အရိုး-အဆစ်တွေ အနိစ္စဖြစ်စဉ်သဘော ပြောင်းလဲ-ပျက်ယွင်း လာတာမျိုးပါ။ ဖြစ်တာကတော့ အဆစ်ပေမဲ့ သူ့အနားက အာရုံကြောတွေကို ဖိမိရင် ပိုပြီး ဒုက္ခပေးတယ်။ အာရုံကြော ဆိုတာက နာတာကို သိတာနဲ့ လှုတ်ရှားမှု ဆောင်ရွက်တာဆိုပြီး အနည်းဆုံး ၂ မျိုးရှိတာမို့ ဒဏ်ခံရတဲ့ အာရုံကြော အမျိုးအစားလိုက်ပြီး၊ ရောဂါလက္ခဏာတွေ ဖြစ်လာစေတယ်။ နာတာ-ကျင်တာ၊ ကောင်းကောင်း မလှုတ်ရှားနိုင်တာ မျိုးတွေပါ။ ညအိပ်တုံး ခေါင်းအုံး အနေအထား မမှန်လို့၊ ဖြစ်တာကလည်း ဒါမျိုးအသေးစားဘဲ။ “အုံးလွဲတယ်” ခေါ်တာ မျိုးပေါ့။ ဖြစ်ရတဲ့အကြောင်း သိပ်တိတိကျကျ မသိရင် သီအိုရီတွေ များနေတတ်တာတွေထဲ ဒီရောဂါလည်း ပါတယ်။
ကျောရိုးလို့သာ အလွယ်ပြောတာ ကျောရိုးက အရိုးတွေအများကြီး ထပ်နေတာ၊ ကြားနေရာတွေက အဆစ်တွေဖြစ်တယ်။ လည်ပင်း၊ ရင်ခေါင်း၊ ခါး၊ တင်ပါး၊ အမြီးပိုင်းတွေဆိုပြီး နေရာအလိုက် ခေါ်ရတယ်။ စုစုပေါင်း (၇ + ၁၂ + ၅ + ၅ + ၄) = ၃၃ ရိုးရှိတယ်။ ခန္ဓာဗေဒ ရေးပြနေတာတော့ မဟုတ်ပါ။ အရိုးကျီးပေါင်းတက်တာက ဒီနေရာတွေမှာ အဖြစ်များလို့။ အရိုးတခုနဲ့ တခုကြား နေရာကနေ အာရုံကြောတွေက ဘယ်-ညာ ဖြာထွက်တယ်။ အရိုး-အဆစ် မကောင်းရင် အဲဒီ အာရုံကြောတွေကို သွားဖိမိတာနဲ့ လက္ခဏာတွေ ရစေတော့တယ်။ လည်ပင်းနာ၊ ဂုတ်ပိုးနာ၊ ခေါင်းမူး၊ ခေါင်းကိုက်၊ လည်ပင်း တင်းတောင့်၊ လက်တလျှောက် အပ်နဲ့ထိုးခံရသလိုခံစား၊ ထုံကျင်၊ လက်ကောင်းကောင်း မလှုပ်နိုင်၊ လက်ဖျားတွေ ထုံကျင်၊ အနေအထိုင်-အလုပ်အကိုင်ခက်၊ အားယုတ်၊ အအိပ်ပျက်။
ဒီလက္ခဏာတွေက Spondylosis ကြောင့်အပြင် Herniated inter-vertebral disks အဆစ်ကြားအရွတ် ကြွံထွက်တာနဲ့ Fibro-myalgia and myo-fascial pain syndromes အရွတ်-ကြွက်သားရောဂါမျိုးတွေကြောင့်ပါ ဖြစ်တတ်တယ်။ လူတွေ အရွယ်ရလာရင် သု့အလိုလို အဆစ်မြဲစေအောင် ကြိုးစားတဲ့အနေနဲ့ အရိုးမျက်နှာပြင် ကျယ်လာတယ်။ ဒီလိုလုပ်လို့ ဒီအခြေအနေမျိုး ဖြစ်လာစေတတ်သေးတယ်။ အရွယ်ရရင် ဘာမှမကောင်းဘူး မဟုတ်လား။
လည်ပင်းပိုင်းဖြစ်ရင် Cervical spondylosis ခေါ်တယ်။ ခါးဖြစ်ရင် Lower back spondylosis ခေါ်တယ်။ လည်ပင်းမှာ ဖြစ်တာ အမျိုးသမီးတွေမှာ ပိုများတယ်။ သမင်လည်ပြန် သိပ်မကြည့်ကြနဲ့။ လည်ပင်းမှာ ဖြစ်သူတွေဆိုရင် တက်တဲ့ ကျီးပေါင်းက အာရုံကြောကို တိုက်ရိုက် ဖိတာကြောင့် အောက်ပိုင်းတခုလုံး အားနည်းတာ၊ လမ်းသွားလာ ပုံမမှန်တာ၊ ကိုယ်ကို ဘယ်-ညာ ကောင်းကောင်း မထိန်းနိုင်တာ၊ ဆီး-ဝမ်းသွားရာ မမှန်တာတွေပါ ဖြစ်စေတယ်။ ဒါ့ပြင် ခြေတွေ လက်တွေမှာ အာရုံကြောနဲ့ သွေးလျှောက်တာ ထိခိုက်လို့ (ရှော့ခ်) လို့ခေါ်နိုင်တဲ့ (Paresthesia) ဖြစ်စေတတ်သေးတယ်။ သေခြာအောင် X-rays နဲ့ MRI လုပ်ရတယ်။
အနေအထိုင်၊ အသွားအလာ၊ စတာတွေကြောင့် ဖြစ်ရတာမို့ Lifestyle ရောဂါလို့ ဆိုရမယ်။ ဒါ့ကြောင့် ဖြစ်သူတွေ Lifestyle ပြောင်းဘို့ လိုလာတယ်။ လုပ်နေရတဲ့ အလုပ်ကနေ ပြောင်းသင့် ပြောင်းရမယ်။ ဘေးကနေ လုပ်ပေး နိုင်တာတွေက Physiotherapy ကုတာနဲ့ (NSAIDs) အနာ သက်သာဆေးတွေ ပေးတာဖြစ်တယ်။ လိုအပ်လာရင် Surgery ခွဲစိတ်ရတယ်။
Alternative therapies တခြားနည်းလမ်းတွေလည်း ရှိပါတယ်။ Osteopathic manipulative medicine (OMM), massage, trigger-point therapy, chiropractic, osteopathic care and acupuncture ဆိုတာတွေ ပါတယ်။
အာယုဗေဒနည်းမှာ Mahanarayan taila ကအကောင်းဆုံးလို့ ဆိုတယ်။ တနေ့ ၂-၃ ကြိမ်နှိပ်ပေးရတယ်။ ဆောင်းတွင်း ဆိုရင် ဆေးအဆီကို နဲနဲအပူပေးပြီးမှ သုံးရတယ်။ Guggulu ဆိုတဲ့ဆေးလည်း ကောင်းတယ်ပြောတယ်။ Simhanada guggulu ဆေးပြာကို တခါသောက် ၂-၄ ပြား၊ တနေ့ ၄ ကြိမ်ပေးတယ်။ ရေနွေး ဒါမှမဟုတ် နွားနို့ပူပူနဲ့ သောက်ခိုင်းတယ်။ ဒီဆေးက ဝမ်းနုတ်တဲ့ သဘောလည်းပါတယ်။ ဝမ်းမချုပ်စေရဘူးလို့ ဆိုတယ်။ ၄ ပြားနဲ့ မရရင် ၆ ပြား ပေးတယ်။ Triphala powder ဆေးမှုံ့ ကိုလည်းသုံးတယ်။ နွားနို့ပူပူထဲ ဆေး လက်ဘက်ရည် ၁ ဇွန်းနဲ့ သကြားထည့် သောက်စေတယ်။ တပါတ် ၂ ခါကနေ တနေ့ တခါပေးတယ်။
နာတဲ့နေရာကို အပူကပ်တာ အကျိုးရှိတယ်။ သတိထားဘို့က ဖြစ်နေတဲ့ရောဂါကြောင့် ထုံနေတဲ့ နေရာလေးတွေ ဖြစ်နေတတ်တယ်။ အဲဒီနေရာကို အပူကပ်ရင် မလွန်စေနဲ့။ လူနာက ပူတာမသိဘူး။ တနေ့ကို နာရီဝက် လုပ်ရတယ်။ နာတဲ့နေရာတွေကို နှိပ်တာမှာ အတင်းမလုပ်ရပါ။ ပိုဆိုးစေတတ်တယ်။ အသာအယာနှိပ်ပါ။ လည်ပင်းဖြစ်တာကို အခံရခက်လို့ ဆိုပြီး ဆေးကုတာကို အတင်း မလုပ်သင့်ဘူး။ ခါးတဲ့ အစားအစာတွေ တည့်တယ်။ အေးတဲ့ ရာသီဥတု၊ အေးတဲ့ရေ ချိုးတာ၊ အပြင်းအထံ လှုတ်ရှားတာ၊ မကောင်းပါ။ လည်ပင်း လေ့ကျင့်ခန်းလုပ်ပါ။ အလုပ်ကို နားလုပ်ပါ။ Neck collar ကော်လာ ကြာကြာတပ်ထားပါ။ အရင်က “ပဒေါင်” အခု “ကယန်း” အမျိုးသမီးတွေ ဒီရောဂါ လုံးဝမဖြစ်ကြဘူး။
Dr. တင့်ဆွေ
၁-၁၂-၂၀၁၄
Comments
Post a Comment