လေနုအေးသည် တနွဲ့နွဲ့ နော့နေဆဲကို
မေ ဝတ္ထုကို စတင်ဖွင့်သည့် ဆရာဖြစ်သင်ကောလိပ်မှာ ဂျပန်ခေတ်က ဗုံးကြဲခံရ၍ ပြားပြား ဝပ်သွားခဲ့၏။ မေ ဝတ္ထု အဖွင့်၌ အမျိုးသမီးဆောင်အရှေ့မှ ပန်းပွင့်များကား ကြွရွ မွှေးမြ နေခဲ့ ကြ၏။ မေ ဝတ္ထု စရေးသောအခါ ယင်းပန်းပွင့်များကြောင့် ရင်ခုန်နေမိသည်ကို သတိရမိသေးသည်။ သို့သော် ယခုကား ဆရာဖြစ်သင်ကောလိပ်မှာ အသစ်ဆောက်ထားသော ပညာရေးတက္ကသိုလ် ဖြစ်နေသည်မှာ ယုံတမ်းစကားမဟုတ်။
ဆယ်စုနှစ်ခေတ်များသည် သည်လောက် ကွာဟနေ၍မဖြစ်။ တက္ကသိုလ် စာကြည့်တိုက် သွားကာ လွန်ခဲ့သော အနှစ် ၃၀-၄၀ က သတင်းစာဟောင်းများကို ပြန်လည်ဖတ်ရှုကြကာ ဆယ်နှစ်ခေတ်များ၏ အရိပ်များကို လေ့လာ သုံးသပ်နိုင်ကြပေမည်။
ယခုလည်း လွန်ခဲ့သော အနှစ် သုံးဆယ်ကျော်က ကံ့ကော်ရိပ်၌ လှုပ်ရှားဘူးသော ‘မေ’ ဆိုသော အမျိုးသမီးချောကလေးကို ဆယ်စုနှစ်ခေတ်များ ဖြတ်သန်းတိုးဝင်၍ ချောင်းကြည့် စေလိုပေသည်။
မေ ၏ ရုပ်လွှာကို ဖွဲ့သော စကားပြေသည် သင်၏ရင်ကို ခုန်နိုင်ပါသေးသလား။
၂၁-၁၀-၇၃
ဒဂုန်တာရာ
လေနုအေးသည် တနွဲ့နွဲ့ နော့နေဆဲကို။
ဆရာဖြစ်သင် ကောလိပ်ကျောင်းဝင်းအတွင်းရှိ မြင့်မားလှသော မန်ကျည်းပင်၊ ပိတောက်ပင်၊ မရမ်းပင်များသည် လေအယဉ်တွင် တသွင်သွင် လှုပ်ရှားလျက် ရှိလေသည်။ အမြင့်ဝယ် သစ်ရွက်သစ်ကိုင်းများအကြားကို ဝှေ့၍ လေခတ်သဖြင့် တရွှီရွှီ မြည်နေလေသည်။ စောစောက နှင်းတွေ တမှုန်မှုန် ကျထားသဖြင့် ဂွမ်းဆိုင်များလို အဆုပ်လိုက်အခဲလိုက် အိနေသော နှင်းပွင့်များမှာ သစ်ကိုင်းအခက်အလက်ဝယ် တွဲလဲခိုကာ နောက်ဖက် အင်းလျားလမ်းဆီမှ ထိုးလာသော နေရောင်ခြည်ဦးဝယ် ငွေသွေးအလှကို ရွှေရေးပြနေကြလေသည်။ အမှန်မှာ နှင်းများသည် နွေဦးမယ်ကိုကြိုဆို၍ ဆောင်းကို နှုတ်ဆက်ကန်တော့သော နှင်းကြွင်းများ ဖြစ်ကြလေသည်။
စာရိုက်ပေးသူ ကျေးဇူး။ ပြန်ထုတ်တွေကတော့ ဒဂုန်တစ်ရာတွေ။ ဝယ်ယူအားပေးကြပါသတဲ့။ လေနီကြမ်းကာ ရမ်းကာဆဲ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment