ကြက်သွန်ကြော်လုပ်ငန်း
အဲ တခြားနိုင်ငံတွေထက် ကျွန်မတို့နိုင်ငံက လက်ဖက်ကို ပိုပြီး တမျိုးတဖုံ၊ စားသုံးမှု ရှိသေးတယ်။ လက်ဖက်ရွက်ကို ခူးပြီး မီးနဲ့ ပေါင်းပြီးသိပ်ထားတဲ့ လက်ဖက်စိုကို စားတဲ့ ဓလေ့ လေ။
လက်ဖက်စိုကို ဒီလိုစားတာ နိုင်ငံများများ ရှိမယ်မထင်ပါဘူး။ တခမ်းတနား အများဆုံး စားတာက ကျွန်မတို့နိုင်ငံ၊ ပြီးတော့ အနည်းအပါး စားတာက ထိုင်းနိုင်ငံ၊ ဒါလောက်ပါပဲ။
လက်ဖက်စိုကို ကျွန်မတို့နိုင်ငံက ရိုးရာလူမှုဓလေ့အဖြစ်နဲ့ စားသုံးတယ်။ ခံတွင်းချဉ်ပြေစေရန် စားတယ်။ တည်ခင်းဧည့်ခံ ကျွေးမွေးရာမှာ စားစရာ အဟာရတခု အနေနဲ့ တည်ခင်းဧည့်ခံတယ်။ မုန့်ပဲသရေစာလို စားတယ်။ ဒီခေတ်မှာ ဟင်းရှားတော့ ထမင်းနဲ့အတူ ဟင်းအဖြစ်နဲ့လည်း စားပါတယ်။
လက်ဖက်စိုကို ယောကျ်ားတွေထက် မိန်းမတွေက ပိုပြီး နှစ်နှစ်သက်သက် စားပါသေးတယ်။ ခေတ်ဆန်ချင်လွန်းလို့ ထဘီချွတ်ပစ်ပြီး ဘောင်းဘီဝတ်တယ်၊ စကတ်ဝတ်တယ်ဆိုတဲ့ မိန်းကလေးတွေလည်း လက်ဖက်နဲ့တွေ့ရင် ဟန်မလုပ်နိုင်ပါဘူး။
လက်ဖက်အစိုကို မြည်းကြည့်ရင် ဖန်တဲ့အရသာ၊ ခါးတဲ့အရသာ၊ ချဉ်တဲ့အရသာ၊ ဆိမ့်တဲ့အရသာဆိုတဲ့ အရသာလေးမျိုး တခုနဲ့တခု မယုတ်မလွန် တွဲဖက်နေတာကို တွေ့ရပါလိမ့်မယ်။ အဲဒါကို ဆားသင့်ရုံထည့်ပြီး နှမ်းဆီ၊ ပဲဆီ စစ်စစ်ကလေး အိနေအောင်ဆမ်းပြီး စားကြတာပါ။
လက်ဖက်စိုမှာ ဆားနယ်တာက အရေးပါပါတယ်။ ပြီးစလွယ်နယ်လို့ မကောင်းပါဘူး။ လက်ဖက်ရွက်က ပေါင်းထားပြီး လပေါင်းများစွာ လေလုံ၊ ရေလုံ တောင်းထဲမှာ သိပ်ထားတဲ့ ပစ္စည်းဖြစ်လေတော့ ဆားမထည့်ခင် လက်ဖက်ရွက်ကလေးတွေကို တရွက်စီ၊ တခက်စီ ဖြစ်သွားအောင် လက်နဲ့ ဖွရပါတယ်။ ပြီးမှ ဆားဖြူးပြီး နှ့ံအောင် ဆွနယ်ပေးရတာပါ။ လက်ဖက်ဟာ ဆားပေါ့ရင် မကောင်းဘူး။ အဆာစုံနဲ့ စားမယ့် လက်ဖက်ဆိုရင် ဆားလေးလေး ထည့်နယ်ပါ။
ခုခေတ် လူငယ်တွေတချို့က လက်ဖက်ကို ရေဆေးပစ်လိုက်သေးတယ်။ ပြီးမှ ရှောက်ရည်ထည့်၊ ဟင်းချိုမှုန့်ထည့်ပြီးမှ ဆားနဲ့ ဆီနဲ့ နှပ်ကြပါတယ်။ လူကြီးတွေက လက်ဖက်ရဲ့ ပင်ကိုယ်အရသာကို ပျက်စေတဲ့ ရေနဲ့ဆေးပစ်တာ၊ ပြီးတော့ ဟင်းချိုမှုန့်ထည့်တာ မကြိုက်ကြဘူး။ ရှောက်ရည်၊ သံပုရာရည်ကိုလည်း လူကြီးတိုင်း မကြိုက်ဘူး။ တချို့ကသာ ကြိုက်ပါတယ်။
ကိုယ့် စိတ်တိုင်းကျ နှပ်ထားပြီးပြီးဆိုရင် တောသူတောင်သားများကတော့ စားသောက်ပြီးတဲ့အခါ ခံတွင်းချဉ်ပြေ လက်ဖက်တရိုး ပါးစပ်ထဲထည့်ပြီး မြုံ့နေလိုက်တယ်။ သူတို့အဖို့ မစားရဘဲတော့ မနေနိုင်ဘူး။ အဲဒီလောက်စားရရင်လည်း ကျေနပ်လိုက်ကြတယ်။ တချို့ အဆင်ပြေသူများရဲ့ လက်ဖက်အုပ်ထဲမှာတော့ အိမ်မှာတင် ချွတ်ထား၊ လှော်ထားတဲ့ နှမ်းကလေး ရွရွပါတတ်တယ်။ တချို့အုပ်က ကြက်သွန်ဖြူ အစိမ်းကလေး၊ အကြော်ကလေး၊ တချို့က မြေပဲဆံကြော်ကလေး၊ ပဲခြမ်းကြော်ကလေး ရရာ ရှိရာ တမျိုးတလေ ပါတတ်တယ်။ အများအားဖြင့်ကတော့ မပါပါဘူး။ လက်ဖက်သားကလေးချည်း ဆီနဲ့ ဆားနဲ့ နှပ်ထားတာကို မြုံ့ကြတာပါ။
အဲဒီလို ခံတွင်းချဉ်ပြေ မြုံ့တဲ့အထဲမှာ ရေဦးနယ်က လက်ဖက်သားကောင်း အကြိုက်ဆုံးနယ် ဖြစ်သတဲ့။ ဒါကြောင့် လက်ဖက်ပွဲရုံတွေက ရေဦးကို ပို့ဖို့ဆိုရင် ဇယန်းကြီးရွာက လုပ်တဲ့ ဇယန်းလက်ဖက်ကို ရွေးပို့ကြတယ်။ ဒေသတကာမှာ လက်ဖက်သား အကောင်းဆုံးကိုမှ ကြိုက်တာ ရေဦးနယ်ပဲတဲ့။
မြို့ကလူတွေ စားတဲ့ လက်ဖက်ကတော့ ခံတွင်းချဉ်ပြေ စားတာ မဟုတ်တော့ဘူး။ အလှူမင်္ဂလာတွေမှာ ဧည့်ခံတော့ ဧည့်ကျွေးအဟာရတခု အဖြစ်နဲ့လည်း ပါနေပြီ။ ဒါကြောင့် ဧည့်ကျွေးက ပန်းကန်ပြားထဲမှာ လက်ဖက်ကတပုံ၊ ကြက်သွန်ကြော်ကတပုံ၊ နှမ်းကတပုံ၊ မြေပဲကြော်ကတပုံ၊ ပဲခြမ်းကြော်ကတပုံ လှလှပပ ထည့်လာပြီး တည်ခင်းပါတယ်။
မန္တလေးကတော့ လက်ဖက်ပွဲကို ချဲ့နိုင်သလောက်ချဲ့၊ ခမ်းနားထည်ဝါအောင် လုပ်နိုင်သလောက် လုပ်ပြီး တည်ခင်းဧည့်ခံပါတယ်။ ဒါကြောင့် လက်ဖက်ပွဲကို ပန်းကန်ပြား အကြီးကြီးနဲ့ ပြင်ထားရာမှာ
၁။ ကြက်သွန်ကြော်
၂။ ပဲလှော်ကြော်
၃။ နှမ်း
၄။ မြေပဲကြော်
၅။ ချင်း
၆။ လက်ဖက် (ဇယန်းနှပ်) တို့အပြင်
၇။ လွန်ဆန်စေ့
၈။ ဖရုံစေ့
၉။ ပိုးကောင်ကြော် (တွင်းပိုး)
၁၀။ ပုစွန်ခြောက်
၁၁။ အုန်းသီးကြော်
၁၂။ ကြက်ခြေနီလက်ဖက်သုတ် (ချဉ်ငန်စပ်)
လို့ အစာ ၁၂ မျိုး ထည့်တယ်။ အရီးတောင်းက လက်ဖက် တာဝန်ယူတယ်ဆိုရင် သူ့လက်ဖက်ကို ပန်းကန်ပြားနဲ့ မပြင်ဘူး။ အကန့် ၁၂ ကန့် ပါတဲ့ ယွန်းအုပ်နဲ့ ပြင်ပြီး တည်ခင်းတယ်။ အဲဒါ ပွဲထိုင်တည် ၁၂ မျိုးပါ လက်ဖက်အုပ်ပဲ။
အိမ်မှာ စားသုံးကြတဲ့အခါမှာတော့ ပိုးကောင်ကြော်တွေ၊ လွန်ဆန်ကြော်တွေ၊ ဖရုံစေ့ကြော်တွေ မပါနိုင်ဘဲ ကြက်သွန်ကြော်၊ ပဲခြမ်းကြော်၊ နှမ်းလှော်၊ မြေပဲဆန်ကြော်တို့က ပါတတ်တယ်။
လက်ဖက်ကို ဒီလို အစာမျိုးစုံနဲ့ စားရာမှာ ကြက်သွန်ကြော်ရဲ့ အရေးပါမှုက ကြီးပါတယ်။ ဘာလို့လဲ ဆိုတော့ လက်ဖက်နဲ့ တွဲဖက်စားတဲ့ အကြော်အလှော်တွေ အားလုံးထဲမှာ ကြက်သွန်ကြော်က လက်ဖက်နဲ့ စားလို့ အလိုက်ဖက်ဆုံး အကောင်းဆုံး ဖြစ်လို့ပါ။ ကြက်သွန်ကြော်ဆိုတာ ကြက်သွန်ဖြူကြော်ကို ပြောတာပါ။
ဒီကြက်သွန်ကြော်က သူ့ချည်း စားလို့ မကောင်းဘူး။ မရဘူး။ လက်ဖက်နဲ့ တွဲဖက်စားတော့ တခြားဘယ်အစာမှ သူ့ကို လိုက်မမီဘူး။ ဒါကြောင့် ကြက်သွန်ကြော်ဟာ လက်ဖက်နဲ့ပဲ စားရတဲ့ အကြော်သန့်သန့် ပဲ။
ဒီလိုရှိရာမှာ ကြက်သွန်ကြော်က သူသူငါငါ ဆီရှိလို့ ကြက်သွန်ရှိရင် အကြော်ဝယ်လို့မရတဲ့ နေရာမှန်သမျှ စားချင်သူက ဘာသာ ကြော်စားကြတာချည်းပါပဲ။ ဒါပေမယ့် အဲဒီကြက်သွန်ကြော်ဟာ မွှေးတာပဲ ရှိမယ်။ သူ့အရသာ အပြည့်အဝ ပေါ်လွင်လာအောင် ကြော်တတ်သူက နည်းတယ်။
လက်ဖက်နဲ့ စားဖို့ ကြက်သွန်ဖြူကို ကြော်ရောင်းတဲ့ ကြက်သွန်ကြော်မှာ ပျဉ်းမနားကြော်က နာမည် အကြီးဆုံးပါ။ ပျဉ်းမနားက ထွက်တဲ့ ကြက်သွန်ကြော်တွေထဲမှာ ဒေါ်အေးရင်ရဲ့ ကြက်သွန်ကြော်က အကောင်းဆုံးလို့ နာမည်ရပါတယ်။ ဘာပြုလို့လဲဆိုတော့ ကြက်သွန်ကြော်ရာမှာ ဒေါ်အေးရင်တို့က အကောင်းဆုံး ဖြစ်အောင် အစစဂရုစိုက် လုပ်ဆောင်လို့ပါပဲ။ သူက စျေးလည်း အများထက် နည်းနည်း ပိုပါတယ်။
ကျွန်မတို့ နိုင်ငံမှာ ကြက်သွန်ဖြူထွက်တဲ့ အရပ်တွေ တော်တော်များများ ရှိပါတယ်။ ဒီလို ရှိတဲ့အနက်က လက်ဖက်နဲ့ စားဖို့ ကြက်သွန်ကြော် ကြော်မယ်ဆိုရင် ရှမ်းပြည်နယ် တောင်ပိုင်းက ထွက်တဲ့ ကြက်သွန်ဖြူဟာ ကြော်ဖို့အကောင်းဆုံး ကြက်သွန်ဖြစ်ပါသတဲ့။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ ကြော်ဖို့အတွက် ပထမတန်း ကြက်သွန်ဖြူက တောင်ကြီးဒေသက ထွက်တဲ့ ကြက်သွန်ပဲ။ တောင်ကြီးကထွက်တာကို ရနိုင်သမျှ ရအောင်ဝယ်ပြီး ဆီဆိုင်၊ ဟိုပုန်း၊ ဘန်းယဉ်၊ နန်းခုတ်၊ ပင်းတယ စတဲ့ အရပ်တွေ လိုက်ဝယ်ရတယ်။ တောင်ပိုင်းက ကြက်သွန်မရတော့ဘူးဆိုရင် မြောက်ပိုင်း နောင်ချို၊ သီပေါက ကြက်သွန်ကို သုံးပါတယ်။ အရသာမှာ တောင်ပိုင်းကို မမီတတ်ပေမယ့် ဒုတိယတန်းစား လိုက်ပါတယ်။
မြန်မာပြည် မြေပြန့်ကလည်း ကြက်သွန်ဖြူ ထွက်ပါတယ်။ ဒါပေမယ့် ကြော်တဲ့နေရာမှာ ရှမ်းကြက်သွန်ဖြူ ကို မမီဘူး။
ခု သုံးလေးနှစ်အတွင်းမှာတော့ တရုတ်ကြက်သွန်ဖြူ ဥအဝိုင်းကြီးတွေ ဝင်လာတယ်။ ဥတလုံးမှ အကြီးကြီးတွေ၊ စျေးကလည်း ရှမ်းကြက်သွန်၊ မြန်မာကြက်သွန်တွေထက် ပေါပြီး ဝင်လာတယ်။ ဥကြီးတွေက လှလွန်းလို့ ရွှေဒင်္ဂါးကြော် ကြော်ဖို့များ လှီးလိုက် ကြော်လိုက်ရင် အာလူးကြော်ကြီးတွေလား မှတ်ရတယ်။ ဒါလောက်ကိုပဲ ဥအနေနဲ့ လှတယ်။ နို့ပေမယ့် တရုတ်ကြက်သွန်ဖြူက မြေသြဇာတွေနဲ့ ကြီးထွားလာစေခဲ့ တာကြောင့်လားတော့ မသိဘူး။ ကြော်တဲ့အခါ အရောင်အသွေးက ၀ါဝင်းမလာဘူး။ မည်းတယ်။ အန့ံကလည်း မမွှေးဘူး။ ပြီးတော့ သူ့ကို စားမိရင် သုံးဖတ်လောက် ရှိလာရင် လည်ချောင်းမှာ ပူလာ စပ်လာတယ်။ ဒါကြောင့် စျေးပေါပြီး ဥကြီးတွေ လှပေမယ့် အကြော်သမားက မကြိုက်ဘူး။ အစားမလိုက်ဘဲကိုး။
ကြက်သွန်ကြော်ကောင်း ကြော်သူများက တပေါင်းလပြည့်ပြီး မတ်လရောက်ပြီ ဆိုကတည်းက ကြက်သွန်သစ် ရှမ်းပြည်နယ်မှာ စ ပေါ်ပြီမို့ ငါးရက်တစျေးတွေကို တက်ပြီး ကြက်သွန်သစ်ကို ဝယ်တယ်။ အသစ်ကို စကြော်ပါတယ်။ ပြီးတော့ အသစ်က လှောင်လို့ မရသေးဘူး။ စိုသေးတော့ ဝယ်ဝယ်ကြော်ကြော် လုပ်ရတယ်။ မေလကျမှ ခြောက်တယ်။ ပင်းတယက ပေါ်တဲ့ ကြက်သွန်ဟာ သုံးလလောက် ဝယ်မိရင် တုံးရော။ တောင်ကြီးနဲ့ အောင်ပန်းက ထွက်တဲ့ ကြက်သွန်ဖြူကတော့ နှစ်ပတ်လည် ဝယ်လို့ ရပါတယ်။
အဲဒီလို ဝယ်တဲ့အခါ အကြော်သမားက ဥတလုံးရော အမြွှာကိုရော ဝယ်ပါတယ်။ ဝယ်ပြီးမှ လှီးလို့ရရာကို လှီးကြော်တာပါ။
ကြက်သွန်ဖြူကြော်မှာ
၁။ ပိုးတီကြော်
၂။ ရွှေဒင်္ဂါးကြော်
၃။ ဒေါင်းပြားကြော်
၄။ ဂျွန်ကြော် ရယ်လို့ လေးမျိုးခွဲထားပြီး ရောင်းတာပါ။
ပျဉ်းမနားက ကြက်သွန်ကြော်လုပ်ငန်းမှာ နာမည်ကြီးတာက အကြော်သန့်တဲ့အပြင် ပိုးတီကြော်ကိုပါ ကြော်ရောင်းနိုင်လို့ နာမည်ကြီးတာပါ။ မန္တလေးမှာ ကြက်သွန်ပိုးတီ မကြော်ကြလို့ ဝယ်လို့ မရပါဘူး။ ပိုးတီကြော်ဆိုတာက ကြက်သွန်ဖြူ ဥတလုံး ဒေါင်းသိုးလို့ခေါ်တဲ့ အမျိုးအစားထဲက ကြီးပေ့ လှပေ့ဆိုတဲ့ ကြက်သွန်ဥကို ရွေးထုတ်ပြီး ပိုးတီလှီးပြီး ဥလိုက်ကြော်တာပါ။ အဲဒီ ပိုးတီကြော်ဟာ ဟိုတုန်းက ဂျွန်ကြော်လို့ ခေါ်တဲ့ အမြွှာကြော် တပိဿာကို ၂၀၀ ကျပ် စျေးလောက် ရှိရင် သူက ၆၀၀ ကျပ် စျေး ပေးရတယ်။ သုံးဆလောက် တန်ဖိုးရှိပါတယ်။
ကြက်သွန်ပိုးတီကြော်က စျေးကြီးလွန်းလို့ ကနေ့ဆိုရင် ဘယ်စျေးလောက်ရှိလဲမေးတော့ ကြက်သွန်ဖြူ စျေးက ၆၅၀၀ ကျပ်၊ ၇၀၀၀ ကျပ်စျေးနဲ့ ပေါ်တယ်။ ဆီစျေးက ၂၀,၀၀၀ ကျပ် ကျော်တယ်ဆိုတော့ ပိုးတီကြော်စျေးက တပိဿာကို ၁၅၀၀ ကျပ်ကနေပြီး ၁၈၀၀ ကျပ်စျေးအထိ ရှိလိမ့်မယ်တဲ့။
ကျွန်မက ကြက်သွန်ပိုးတီကြော်က စျေးကြီးလှပါလား၊ ဒါလောက်စျေးကြီးတော့ ဝယ်တဲ့သူကော ရှိရဲ့လားလို့ မေးတော့ ဒီခေတ်က လက်ဆောင်ပေးရတဲ့ ခေတ်မို့ ကြော်လို့ မလောက်ဘူးတဲ့လေ။
တောင်ကြီးက ထွက်တဲ့ ဥတလုံး ကြက်သွန်ဖြူ အချိန် ၁၀၀ ဝယ်ရင် ပိုးတီလှီးနိုင်တဲ့ လက်ရွေးစင် ဥတလုံး ငါးပိဿာလောက် ရွေးလို့ရတယ်။ အဲဒါကို ပိုးတီလှီးခချည်း တပိဿာကို ၁၀၀ ကျပ်ပေးပြီး အလှီးခိုင်းရတယ်။ ဒါကြောင့် ပိုးတီကြော်ဟာ စျေးအလွန်ကြီးနေတာ ဖြစ်တယ်တဲ့။
ဥတလုံး ကြက်သွန်ဖြူ ဒေါင်းသိုးကို ဥလှလှရွေးပြီး အဝိုင်းလှီးကြော်ရင် 'ရွှေဒင်္ဂါးကြော်' ခေါ်ပါတယ်။ ရွှေဒင်္ဂါးကြော်ဟာ ဒုတိယ စျေးအကြီးဆုံး ကြက်သွန်ကြော်ပါ။ သူက အမြီးပိုင်း ထည့်လို့မရလို့ ဥအမြီးက ကျန်တဲ့အတုံးကလေးတွေကို တခြားကြော်ပြီး စျေးလျှော့ရောင်းရတယ်။
ကြက်သွန်ဖြူ ဥတလုံး ဒေါင်းသိုးကိုပဲ အဝိုင်းမဟုတ်ဘဲ အရှည်လှီးပြီး ကြော်တာကိုတော့ 'ဒေါင်းပြားကြော်' လို့ ခေါ်ပါတယ်။ သူက ရွှေဒင်္ဂါးလို အမြီးဖျား မပယ်ရတော့ ရွှေဒင်္ဂါးကြော်ထက် စျေးနည်းနည်း သက်သာတယ်။
ဒေါင်းသိုးမဟုတ်တဲ့ အမြွှာတွေကိုတော့ ဂျွန်ကြော်ဆိုပြီး အမြွှာလှီးကြော်တာပါ။ အဲဒါက စျေးအပေါဆုံး ကြက်သွန်ကြော်ပါပဲ။
ကြက်သွန်ကြော် ကြော်ရာမှာ အရေးကြီးဆုံး ပထမကိစ္စက ကြက်သွန်လှီးတဲ့အခါ အထူအပါး ညီအောင် လှီးဖို့ပါ။ ဘာလို့လဲဆိုတော့ ကြက်သွန်ဖြူကို ကြော်တဲ့အခါ ရေကုန်လို့ ကြွပ်တဲ့ဘက်ကို ရောက်ခါနီးမှာ ဆီပူထဲက ဆယ်တဲ့အချိန်က သိပ်အရေးကြီးပါတယ်။ စောသွားရင် ချတော့ ပျော့လာတယ်။ နောက်ကျသွားရင် အရောင်ရင့်သွားပြီး အချို လျှော့သွားတယ်။ ကြက်သွန်ကြော်ဟာ ကျွမ်းရင် ခါးတယ်။ နည်းနည်းကျွမ်းရင် နည်းနည်း ခါးတာပါ။ ဒါကြောင့် သူ့ကို အနေတော် ဆီပူထဲက ဆယ်နိုင်ရတယ်။ အဲဒီတော့ ပထမလှီးထားတာ အထူအပါး အရွယ် မညီရင် အကျက် မတူနိုင်ဘူးပေါ့။ ဒါကြောင့် ကြက်သွန်လှီးရင် အထူအပါးညီအောင် လှီးကြော်မှ အကောင်းဆုံးရတယ်။
ဒုတိယ အရေးကြီးတာက လှီးပြီးကြက်သွန်ကို ရေစင်အောင် ဆေးနိုင်ရပါတယ်။ အစေးမကုန်ရင် ကြော်တော့ မဲတယ်။ ဒါကြောင့် ရေဖောဖောနဲ့ ဆေးရတယ်။ တတ်နိုင်ရင် အစေးစင်အောင် ဆေးပြီးကို ရေစိမ်ထားလိုက်ဦး။ ကြာကြာ။ ပြီးမှ ရေစစ်ပြီး ကြော်ရင် ပိုလို့တောင် လှသေး၊ ရွသေးတယ်။ ရေဆေးရင် အခွံတွေ စင်သန့်အောင်လည်း လုပ်ပေးရတယ်။
အစေးစင်ပြီး ကြက်သွန်ကို ကြော်တော့မယ်ဆိုတော့ နောက်ဆုံးအရေးကြီးဆုံးက ဆီကောင်းနဲ့ ကြော်ဖို့ပါ။ ဆီစျေးက ဒီခေတ်မှာ အလွန်အရေးကြီးတယ်မှုတ်လား။ ဆီစျေးကြီးတော့ အကြော်သည်က ဆီမှာ စျေးသက်သာတာကို သုံးချင်ကြတယ်။ တချို့က စားအုန်းဆီ ထည့်ကြော်တယ်။ တချို့က ၀ါစေ့ဆီနဲ့ ရောကြော်တယ်။ စျေးသက်သာတဲ့ ဆီနဲ့ကြော်တော့ ကိုယ့်အတွက် အကျန်များတာပေါ့။ နို့ပေမယ့် အစားမှာ ကွာပါတယ်။
လက်ဖက်နဲ့ တွဲစားတဲ့ အစာရယ်လို့ မြေပဲဆန်ကြော်၊ နှမ်းလှော်၊ ပဲခြမ်းကြော်ရယ်လို့ ရှိသေးတယ်။ ခုခေတ် အရီးတောင်းက ချဲ့ထွင်ပေးလို့ ဖရုံဆံကြော်၊ လွန်ဆန်ကြော်၊ တွင်းပိုး ပိုးကောင်ကြော်နဲ့ ပုစွန်ခြောက်ရယ်လို့ ရှိသေးတယ်။ ဒီအစာတွေ အားလုံးဟာ လက်ဖက်နဲ့ အတူမစားဘဲနဲ့ လက်ဖက်မရှိလို့ သူ့ချည်း စားရင်လည်း အားလုံးစားလို့ရတဲ့ ပစ္စည်းတွေချည်းပါ။ ဒါပေမယ့် ကြက်သွန်ကြော်ဆိုတဲ့ အကြော်ကတော့ လက်ဖက်မရှိရင် သူ့ချည်းစားလို့ မရဘူး။ သူက လက်ဖက်နဲ့ကို တွဲဖက်စားမှ ရတယ်။ တွဲမိပြန်တော့လည်း ဘယ်အစာမှ သူ့ကို လိုက်မမီဘူး။ သူနဲ့ လက်ဖက်ဟာ သိပ်ကို လိုက်ဖက်တဲ့ အရသာ ထွက်တယ်။ ဒီလိုရှိရာမှာ ကြက်သွန်ကြော်က အကြော်ကောင်းမှ ချိုပြီး မွှေးတဲ့အရသာကို အပြည့်အဝ ရတာပါ။ ကြော်ရာက ချွတ်ယွင်းရင် ရနိုင်တဲ့ အရသာကုန် မရတော့ဘဲ အနှုတ်လက္ခဏာတောင် ပြတတ်ပါသေးတယ်။ ကျွမ်းသွားရင် မချိုတဲ့အပြင် သက်တဲ့အရသာတောင် သူက ဆောင်သေးတာကိုး။
မန္တလေးမှာ အခုခေတ် ပိုးတီ မကြော်ဘူး။ အရင်ကတော့ မန္တလေးမှာ ပိုးတီကြော်ပေးတဲ့ ဖိုတဖို ရှိတယ်။ အဲဒီဖိုကတော့ ပိုးတီကြော်ကို ပိုးတီရိုးရိုးတောင်မဟုတ်ဘဲ ပိုးကောင်လေးလို ဖြစ်အောင် ကြော်ပေးသတဲ့။ အရီးတောင်း သားမြေးများရဲ့ အလှူတလှူမှာ လက်ဖက်ပွဲထဲထည့်ဖို့ ပိုးတီကြော်ခိုင်းတော့ လှီးပေးတဲ့လူက ကြက်သွန်ဖြူကို ပထမရွေးတုန်းကတည်းက ခေါင်းပိုင်းမှာ အမြစ်ကလေးတွေ ဖွာရရာပါတဲ့ ဥကလေးတွေချည်း ရွေးတယ်။ ပိုးတီလှီးတော့ အဲဒီအမြစ်ကလေးတွေကို ကောင်းကောင်းချန်ပြီး ကြော်တယ်။ ကျက်ခါနီးတော့ တူနှစ်ချောင်းနဲ့ ဥကလေးကို ဆီထဲက ဆယ်ယူပြီး တူနဲ့ ရှည်ရှည်ကလေးဖြစ်အောင် ဥကို ပထမ ဆွဲဆန့်တယ်။ ရှည်ထွက်လာတော့ ခေါင်းပိုင်းက သင့်တော်တဲ့နေရာမှာ ရှမ်းနှမ်းစေ့လေး နှစ်စေ့ကို ပိုးကောင်လေးရဲ့ မျက်စိအဖြစ်နဲ့ ညှပ်ပြီး ထည့်ပေးလိုက်တယ်။ ပါးစပ်ထားလောက်တဲ့နေရာမှာ နောက်ထပ် နှမ်းနှစ်စေ့ပူးပြီး ညှပ်ထည့်ပေးပြီး ဖိုပေါ် ပြန်ကြော်တယ်။ ကျက်ပြီဆိုတော့ ပိုးတီကြော်ကလေးက မျက်စိကလေး နှစ်လုံး၊ ပါးစပ်ပေါက်ကလေးနဲ့ ထိပ်ကလည်း ဆံပင်လိုလို အမွှေးကလေးနဲ့ တကယ့် ပိုးကောင်ကြော်ကလေးလို ဖြစ်သွားတယ်။
အဲဒီလောက် လက်ဝင်ခံပြီး ကြော်ပေးတဲ့ လူက ခုတော့ သေဆုံးရှာပြီမို့ ဆန်းဆန်းပြားပြားလည်း မထွက်တော့၊ မရတော့ဘူးတဲ့။
လက်ဖက်စိုကို ထိုင်းနိုင်ငံကလည်း ကျွန်မတို့လို စားတယ်လို့ သိရတယ်။ နို့ပေမယ့် သူတို့ စားပုံက လက်ဖက်ရွက် ခပ်ကြီးကြီးကို ဖြန့်ခင်း၊ အစာကို လက်ဖက်ရွက်နဲ့ ထုပ်ပြီး စားတာလို့ ဆိုပါတယ်။ ကျွန်မတို့ဆီမှာ စားသလောက် လူတိုင်းစားတဲ့ သဘောလည်း မရှိဘူး ထင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ လက်ဖက်စားတဲ့ အလေ့က ပိုလို့ ပိုလို့ ကျယ်ပြန့် လာနေပါတယ်။ (လူထုဒေါ်အမာ)
မာယာမဂ္ဂဇင်း ဘလော့ဂ်' မှ ကူးယူပါသည်။
လူထုဒေါ်အမာစာကို မူရင်းသတ်ပုံမပျက် တင်ပေးထားသူ Khine NiLar Mg ကျေးဇူး + ကွန်ဂရက်ကျူလေးရှင်း။
လက်ဖက်ကတပုံ၊ ကြက်သွန်ကြော်ကတပုံ၊ နှမ်းကတပုံ၊ မြေပဲကြော်ကတပုံ၊ ပဲခြမ်းကြော်ကတပုံ၊
လူအများစုကြီးက ကိုယ်ရေးတဲ့စာ၊ ကိုယ်စပ်တဲ့ကဗျာမဟုတ်ဘဲ၊ သတ်ပုံတွေကို မှားအောင်ပြင်ပြီး တင်ကြတယ်၊ ထုတ်ဝေကြတယ်။ မြန်မာစာပျက်စီးစေတယ်။ မလုပ်ကောင်းပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment