Doctor-patient relationship (1) လူနာ-ဆရာဝန် ဆက်ဆံရေး (၁)
ရေးထားတာ ၁၃ နှစ်ရှိပြီ။
လူနာ-ဆရာ ဆက်ဆံရေး အမြဲပြော၊ မပြတ်ကြားသိနေရတယ်။ ပြုပြင်မှု နည်းနေလို့သာ ပြောကြ-ရေးကြတာပေါ့ဗျာ။ (အက်သစ်) လူ့ကျင့်ဝတ်ဆိုတာတော့ကျမ်းကျိန်တာနဲ့ ဥပဒေနဲ့ တစုံတရာ တားတာရှိပေမဲ့၊ လူမှုဆက်ဆံရေး ဆိုတာကို ဘာနဲ့ ပြင်ယူမလဲ။ (မီဒီယာ) က အသံကျယ်လာတာ ကောင်းတယ်။ အထွေထွေ အားနည်းချက်ကြီးထဲက အချက်လေး တခုဖြစ်မယ်။ နေရာတကာမှာ အဲဒါမျိုးတွေ ရှိတယ်မဟုတ်လား။ ဘတ်စ်ကား ခရီးသွားတွေနဲ့ ဆေးခန်း-ဆေးရုံ လာရသူတွေ အတူတူခံနေကြရတယ်။ စပါယ်ယာတွေထက်တော့ ဆရာဝန်-ဆရာမတွေက စာပိုသင့်ခဲ့ကြတာကတော့ မတူကြဘူးပေါ့။
“ဆရာ-လူနာဆက်ဆံရေးသည် ရောဂါအမည်တပ်ခြင်းနှင့် ဆေးကုသခြင်းတို့အတွက် အရည်အသွေး ကောင်းသော ကျန်းမာရေး စောင့်ရှောက်မှု ရရှိစေရန် အလွန်အရေးပါသည်” လို့ အဘိဓါန်မှာ ရေးပါတယ်။ ခေတ်မီ ဆေးပညာ ပဋိဉာဉ်မှာလဲ ပါတယ်။ အမှန်က ဆေးပညာကို စသင်ကြရမဲ့အချိန် ဆေးရုံထဲ ခြေချတော့မဲ့ကာလကတည်းကနေ လိုက်နာ၊ စောင့်ထိန်းစရာတွေကို သတိကြီးကြီးနဲ့ လိုက်နာကျင့်ကြံဘို့ လိုတာပါ။ လူနာတွေရဲ့ သူများမသိစေချင်တာကို ထိန်းသိမ်းပေးဘို့၊ သူတို့ရဲ့ ဂုဏ်သိက္ခာတွေကိုလဲ လေးစားကြရမယ်။ လူနာတွေကလဲ ကိုယ့်ကို ကုသပေးမဲ့ ဆရာဝန်ကို ယုံလို့ ပုံအပ်တာမျိုး ဖြစ်တာများမယ် ထင်ပါတယ်။ လိုက်နာသင့်တာတွေကို တကယ်လိုက်နာသူ ဆရာဝန်တွေဟာ နာမည်ရကြတယ်။ စိတ်-အထူးကုတာနဲ့ မိသားစု-ဆရာဝန် အမျိုးအစားတွေက ရောဂါဗေဒတို့ ဓါတ်ခွဲခမ်းတို့ထက် ပိုလိုကြတယ်။
ဆက်ဆံရေးဆိုတာ အသွား-အပြန် နှစ်ဘက်လုံးနဲ့ ဆိုင်တယ်။ အပြန်အလှန် လေးစားမှုလဲလိုတယ်။ တန်ဘိုးထားမှု ရှိသင့်ကြတယ်။ ယုံကြည်မှုအထိရရင် ကောင်းတယ်။ ဝတ်ကျေ တန်းကျေဆိုရင် ပညာပိုင်းအရ ဆုံးဖြတ်တာမှာ အားနည်းသွားပြီ။ မလုံလောက်ဘူး၊ ဘက်လိုက်မှု ပါတော့မယ်။ ဖြစ်နိုင်ရင် နောက်ဆရာဝန်တဦးဆီက ဒုတိယအကြံရဘို့ လမ်းရှိရမယ်။
(မိုက်ကယ် ဘေးလင့်) နဲ့ သူ့ဇနီးတို့ကနေ ဗြိတိန်မှာ လေ့လာပြီး The Doctor, His Patient and the Illness ကို ရေးသားခဲ့တယ်။
• Physician superiority ဆရာက ထိပ်က အမြင်၊ ဆရာဝန်က ပညာရှင်မို့ သိသူဖြစ်လို့ အထက်ကနေ ဆက်ဆံတယ်။ လူနာက ဝေဒနာ ခံစားနေရချိန်မို့ အလိုလို အောက်ကရောက်တာ သဘာဝ ဖြစ်တယ်။ ဆရာအပေါ် မှီခိုချင်စိတ် ကဲနေမယ်။ ဆရာက ဒီအခြေအနေကို နားလည်ရမယ်။
• Benefiting or pleasing အကျိုးကို ပေးမလား၊ နှစ်သိမ်မှုကို ဖြစ်စေမလား၊ ရွေးချယ်ရမဲ့ နှစ်ခွ-အမြင် ဖြစ်တတ်တယ်။ အဲလို အခြေအနေမှာ ဆရာဝန်က ဗျူဟာ သုံးရမယ်။
• Formal or casual သမားရိုးကျလား၊ ထုံးစံအတိုင်းလား၊ သူများနိုင်ငံတွေမှာ နာမယ် ခေါ်တာကအစ အလွဲ မခံတတ်ဘူး။ လေ့လာမှု တခုမှာ လူနာ ၂၂၃ ယောက်က First names နာမယ်အစလုံး ခေါ်တာ ကြိုက်တယ်၊ ၁၇၅ ယောက်က ကိစ္စမရှိဘူးတဲ့၊ ၉၉ ယောက်က မကြိုက်ဘူး။
• Transitional care လူနာကိုယ်တိုင်လား၊ လူနာရှင်လား၊ ဆရာဝန်တွေက လူနာကို တိုက်ရိုက် မေးချင်တယ်။ တချို့လူနာရှင်တွေက ရှေ့ကချည်း နေတတ်တယ်။
• Other people present ဘေးလူတွေ ရှိနေတာ၊ ကောင်းကျိုးဖြစ်စေနိုင်သလို၊ သူများမသိစေချင်တာကို လူနာက ပြောမထွက်တာ ရှိတယ်။ ဥပမာ Sexual issues လိင်ပိုင်းကိစ္စတွေ။
• Bedside manner လူနာကုတင်ဘေးမှာ၊ ဆရာ့ Vocal tones အသံ အနိမ့်-အမြင့်၊ Body language ကိုယ်-မျက်နှာ အမူအယာ၊ Openness ပွင့်ပွင့်လင်းရှိတာ၊ စတာတွေဟာ အလွန်မတန် အရေးပါတယ်။ ဝတ္ထုတွေ ရုပ်ရှင်တွေမှာ နမူနာ ကောင်းတာတွေ ပါတယ်။
- Doc Martin British TV series ဗြိတိသျှ တီဗွီဇာတ်လမ်းတွဲထဲက Doc Martin ဟာ လူနာကုတင် ဘေးမှာ ညံတဲ့သူအဖြစ် သရုပ်ဆောင်တယ်။
- Lost ထဲက Sm Hurley ကနေ Jack Shephard ကိုပြောတာက သူ့ရဲ့ Bedside manner ဟာ Sucks တဲ့။
- Scrubs ထဲက J.D ကတော့ Great bedside manner ရှိသူဆရာဝန် ဖြစ်တယ်။
ကျွန်တော်တော့ ကိုယ့်အထွာလေးနဲ့ကိုယ် ကျိုးစားပါတယ်။ များသောအားဖြင့် ဆေးရုံလေးတခု ဖြစ်ဖြစ်၊ တိုက်နယ်တခု ဖြစ်ဖြစ်၊ မြို့နယ်တခု ဖြစ်ဖြစ် ကျန်းမာရေးဌာနမှာ ဦးစီးရသူဖြစ်ရင် လခယူသူတွေကို သွန်သင်ပါတယ်။ နမူနာလဲ ပြမှရတယ်။ ကိုယ်မလုပ်ဘဲ သူများပြောတာ ဘယ်တန်ဘိုးရှိပါ့မလဲ။
တနေ့ကဘဲ ဆေးခန်းလေးက ဆရာမတွေကို ပြောနေမိတယ်။ လူနာတွေ အားလုံးလောက် နီးနီးက ဗမာစကား မပြောကြဘူး။ မတတ်တာရော၊ နဲနဲသာ တတ်တာရောကြောင့်ပါ။ မပြောချင်တာလဲ ပါပုံရသေးတယ်ဗျ။ ဒီတော့ သူတို့ စကားရော ဆရာဝန့် စကားပါ ပြောနိုင်တဲ့ (ဗော်လန်တီယာ) ဆရာမတွေနဲ့ တွဲလုပ်ရတာပေါ့။ ကြာတော့ ကျွန်တော် သတိထားမိတာတခုကို ထုတ်ပြောဘို့ အချိန်ကျပြီဆိုပြီး ပြောလိုက်တယ်။
“မင်းတို့ လူမျိုးတွေက လောကွတ်စကား အတော်နည်းတာဘဲကွ”။ လောကွတ် ဆိုတာဘာလဲ ရှင်းပြရသေးတာပေါ့ဗျာ။ "လူနာတွေကို ဘာလူမျိုးလဲ၊ ကလေးတွေဆို ကျောင်းနေလား စသဖြင့် မေးတာ-ပြောတာ မရှိသလောက်ဘဲ"။ "အမှန်က လူနာကို ထမင်းစားပြီးပြီလား မေးလိုက်၊ လူနာစဉ်းစားနေတုံး ဟော ဆေးကို ဖတ်ကနဲ ထိုးလိုက်၊ မနာတော့ဘူးကွ။ ငါက မင်းတို့စကား မတတ်တော့ ပြောမရဘူး ဖြစ်နေတယ်"။
ဆေးခန်းမှာ ရီစရာလဲ ရှာကြံပြောရသေးတာ။ တနေ့ကပါဘဲ။ အကူဆရာမက လူနာကို ပြဒါးတိုင်နဲ့ အပူချိန် တိုင်းနေတယ်။ (သာမိုမီတာ) က အဖြူရောင်၊ ပါးစပ်ထဲမှာ ခပ်စောင်စောင်း ငုံထားတော့ "ဟေ့ လူနာက ဆေးခန်းမှာ ဘာလို့ ဆေးလိပ် သောက်နေတာလဲ" လို့ ရီစရာလုပ်တယ်။ ဆရာမက ချက်ချင်း သဘော မပေါက်လို့ ရှင်းပြရတော့ ရီစရာနှစ်မျိုးဖြစ်ရော။ တိုင်းရင်းသားတွေနဲ့ ဟာသလုပ်ရတာက ပညာပိုပါမှရတာ။
ချင်းလူမျိုးတွေထဲမှာ ဖလမ်း၊ ဟားခါး၊ တီးတိန်၊ မတူပီ၊ မီဇို၊ စသလို အမျိုးမျိုး ရှိတယ်။ သွားနုတ်နေရင်း၊ “ဟေ့ ဒီလူနာ ဘာလူမျိုးလဲ”။ ဆိုပါစို့ ဖလမ်း၊ “အေး ကြည့်ကွ ဖလမ်းတွေ သိပ်သတ္ထိကောင်းတာ ထုံဆေးနဲ့ဆို လုံးဝမနာဘူး”။
မွေးလူနာတွေကိုလဲ သူတို့ အားပေးတာ ကိုယ်ကအားမရဘူး။ လူနာရှင်တွေကလဲ ခရစ်ယန်လို ဆုတောင်းပေးတာသာ လုပ်ကြတယ်။ စောစောကပြောသလို လောကွတ်စကား နည်းကြတာကိုး။ လူနာတွေကလဲ အဲလိုမပြောတာကို ကိစ္စရှိပုံမရဘူး။ ကိုယ်ကဘဲ တတ်တဲ့ စကားနဲ့ “အေး ဗိုက်မနာခင် အသက်ဝအောင်ရှူထား၊ ပါးစပ်ဟရှူ၊ ရေသောက်ချင်သောက်၊ ဖျော်ရည် သောက်ချင်သောက်၊ ညီး ခဏနေရင် ကလေးအမေ ဖြစ်တော့မယ်။” အားပေးရတယ်။
တချို့တော့ ချိုသာစကား၊ ရီစရာစကား သဘောကျပါတယ်။ ခြေထောက် ပတ္ထီးစီးပေးလိုက်ရသူကို ဘောလုံးမကန်နဲ့နော် ပြောလိုက်ရင် ပြုံးသွားတယ်။ နုတ်ပေးလိုက်တဲ့ သွားကို အိပ်ရောက်ရင် ချက်စားပြောတော့ ဂွမ်းငုံထားရင် မချိတင်ကဲ ပြုံးလိမ့်မယ်။
ယားတာကို သူတို့စကားနဲ့ (အထပ်) လို့ ဆိုတာလောက်တော့ ဆရာဝန်သိပါတယ်။ တနေ့က (အထပ် မော) ယားသလား မေးတာ လူနာက “တခါတလေ အထပ်” တဲ့ ဆရာဝန်ပါ ရီရရော။
Dr. တင့်ဆွေ
Comments
Post a Comment