“တ” နဲ့ “တစ်”

အလင်္ကာပုလဲပန်း၊ မြန်မာစာပေရဲ့ အငြင်းပွားဆုံး “တ” နဲ့ “တစ်” အပိုင်း (၄) နိဂုံး

ကိုသိမ်းမြတ်

ဘီဘီစီမြန်မာပိုင်း

၁၉၈၆ ခုနှစ်ထုတ် မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းရဲ့အမှာစာမှာ တစ်အရေး တအရေးခွဲခြားသတ်မှတ်ခြင်းမူကို အခုလို ရေးသားခဲ့ပါတယ်။ 

“ရေးထုံးသည် အသံထွက်နှင့် ခြားနားနိုင်သည်ဖြစ်ရာ စာရေးသားကြရာတွင် ရေးထုံးအမှန်အတိုင်းရေးသားကြ၍ ရွတ်ဖတ်ရာတွင်မူ ချန်လှပ်၍လည်းကောင်း ဖြည့်စွက်၍လည်းကောင်း၊ သင့်လျော်ပြေပြစ်သည့်အသံသို့ ပြောင်းလဲ၍လည်းကောင်း ရွတ်ဖတ်နိုင်သဖြင့် ရေးတော့အမှန် ဖတ်တော့အသံ ဟူသည်ကိုလိုက်နာမည်။”

“ရေးတော့အမှန် ဖတ်တော့အသံ” လို့ဆိုထားပါတယ်။ မှန်တယ်ဆိုတာကို ဘာနဲ့တိုင်းတာပါသလဲ။ မှန်တယ်ဆိုတာကို ရှေးကရေးခဲ့ခြင်း မရေးခဲ့ခြင်းနဲ့ မတိုင်းတာဘဲ ရင်းမြစ်ကို၊ အနက်ကို၊ ဗျုပ္ပတ်ကို အမှန်လို့ယူတာက သင့်တော်ဆီလျော်ကြောင်း ဆောင်းပါးအပိုင်း ၂ မှာ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ပြီးပါပြီ။ မြန်မာစာအဖွဲ့ဝင် ဆရာကြီးများက မှန်တဲ့အတိုင်းပြဋ္ဌာန်းမယ်ဆိုတာကလည်း ရင်းမြစ်ကိုယူမယ်လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။ 

ရင်းမြစ်အတိုင်းအမြဲပြဋ္ဌာန်းသလား

______________________________

တစ်အရေး တအရေးခွဲခြားသတ်မှတ်ရာမှာ မှန်တဲ့အတိုင်း (ရင်းမြစ်အတိုင်း) ပြဋ္ဌာန်းမယ်လို့ မြန်မာစာအဖွဲ့က ဆိုခဲ့ပါတယ်။ ဒါပေမဲ့ သတ်ပုံကျမ်းပါဝေါဟာရများပြဋ္ဌာန်းရာမှာ အားလုံးကို မှန်တဲ့အတိုင်း (ရင်းမြစ်အတိုင်း) မြန်မာစာအဖွဲ့က ပြဋ္ဌာန်းထားပါသလား။

လက်တွေ့မှာ မှန်တဲ့အတိုင်း (ရင်းမြစ်အတိုင်း) အားလုံးကို ပြဋ္ဌာန်းမထားပါဘူး။ အဲသလို မပြဋ္ဌာန်းတာကလည်း ဘာကြောင့်ဆိုတာ အကျိုးအကြောင်းခိုင်ခိုင်လုံလုံ ရှိပါတယ်။ သာဓကအချို့နဲ့တင်ပြပေးရင် ဘာ့ကြောင့်ဆိုတာ ပိုရှင်းလင်းလာမယ်ထင်ပါတယ်။ 

သစ်တာလား၊ သေတ္တာလား

မြန်မာစာ၊ မြန်မာစကားမှာ လုံးဆင့်ပါဋ္ဌ်ဆင့်ဆိုတာ မရှိဘူး၊ လုံးဆင့်ပါဋ္ဌ်ဆင့်မှန်သမျှဟာ ပါဠိတွေသာဖြစ်တယ်ဆိုတာ ဘာသာဗေဒပညာရှင်အားလုံး သဘောတူထားပြီးသားအချက်ပါ။ ဒါဆိုရင် သေတ္တာကို လုံးဆင့်နဲ့ရေးနေတော့ ပါဠိမို့လားလို့ မေးစရာရှိလာပါတယ်။ တကယ်တော့ သေတ္တာဟာ ရင်းမြစ်အမှန်မဟုတ်ဘူး၊ သစ်တာကသာ ရင်းမြစ်အမှန်ဖြစ်ကြောင်း ဆရာကြီးဦးထွန်းတင့်က အကျယ်တဝင့်ရှင်းပြထားပြီးပါပြီ။ 

တကယ့်ရင်းမြစ်က “တာ” ဖြစ်ပါတယ်။ တာရဲ့မူလရင်းမြစ်က တိုင်းတာ၊ တားဆီး အနက်ပါ။ အဓိပ္ပာယ်ကတော့ တားဆီးကာရံထားတဲ့ ထည့်စရာပစ္စည်းလို့ အဓိပ္ပာယ်ရပါတယ်။ ခရီးဆောင်မြန်မာအဘိဓာန်မှာလည်း တာ ဆိုတာ အဖုံးပါတဲ့ ထည့်စရာလို့ အဓိပ္ပာယ်ပေးထားပါတယ်။ ပူတာ၊ မြူတာ၊ ရေကာတာ၊ တာတမံ၊ တာရိုး စသည်တို့ရဲ့တာနဲ့ အတူတူပါပဲ။ သေတ္တာဆိုတဲ့စကားဟာ သစ်နဲ့လုပ်ထားတဲ့တာကို ပြောတာဖြစ်တဲ့အတွက် ရင်းမြစ်အမှန်၊ ဗျုပ္ပတ်အမှန်အတိုင်းရေးမယ်ဆိုရင် သစ်တာလို့ပဲရေးရပါမယ်။ ဒါဆိုရင် ဘာ့ကြောင့် သတ်ပုံကျမ်းနဲ့ မြန်မာအဘိဓာန်တွေမှာ သေတ္တာဆိုတဲ့ ရေးထုံးကို လက်ခံပြဋ္ဌာန်းထားပါသလဲ။ ဆရာကြီးဦးထွန်းတင့်က အခုလိုရှင်းပြပါတယ်။

“အမှန်ကတော့ သစ်တာကအမှန်ပဲ။ ဒါပေမဲ့ သစ်တာလို့ ရေးထုံးသတ်မှတ်ရင် ဘာဖြစ်မလဲ။ သစ်နဲ့လုပ်ထားလို့သစ်တာလို့ ကျွန်တော်တို့ကပြင်ရင် တခြားဝေါဟာရတွေပါပြင်ရမှာတွေ အများကြီး ဖြစ်သွားမယ်။ သစ်နဲ့လုပ်ထားတာက သစ်တာဆိုရင် သံနဲ့လုပ်ထားတာဆိုရင် သံတာလို့ ပြင်ရတော့မယ်။ သားရေနဲ့လုပ်ရင် သားရေတာပေါ့။ ရွှေနဲ့လုပ်ထားရင် ရွှေတာပေါ့။ သားရေသစ်တာတို့ ရွှေသစ်တာတို့ဆိုပြီးရေးရင် အဲဒီသစ်က တော်တော်ခွကျသွားပြီ။ ဒီတော့ သစ်တာဆိုတာက အဓိပ္ပာယ်သစ်ထွန်းလာပြီး သေတ္တာဆိုတာ ထည့်စရာလို့ လူအများက လက်ခံလာတဲ့အတွက် သေတ္တာကို အတည်ပြုပြဋ္ဌာန်းပေးလိုက်ရတာပါပဲ။”

အများအသုံးတွင်တာကို လိုက်လျောပြဋ္ဌာန်းပေးလိုက်ရတာလို့ ဆရာကြီးဦးထွန်းတင့်က ဆိုပါတယ်။ တကယ်တော့ ရှေးကသုံးတဲ့အတိုင်းရေးရမယ်ဆိုရင်လည်း သစ်တာ၊ ရွှေတာလို့သုံးခဲ့ဖူးတဲ့ အထောက်အထားတွေရှိပါတယ်။ ဆရာယုဒသန်ရဲ့ ပထမဆုံးအဘိဓာန်မှာ သစ်တာလို့ပဲ ရေးပါတယ်။ မုံရွေးဆရာတော်ရေးသားတဲ့ မဟာသီလဝပျို့ အပိုဒ် ၁၆၂ မှာ “နန်းတွင်းဌာန၊ စောရမင်းအား၊ ဝတ်စားစိမ့်ငှာ၊ လုံခြုံစွာဖြင့်၊ ရွှေတာတော်ထဲ၊ သော့စုံစွဲလျက်၊ မခဲစတောင်း၊ ထားကုန်ရှောင်းသား” လို့ရေးထားပါတယ်။ 

ဒါပေမဲ့ သစ်တာလို့ ပြဋ္ဌာန်းလိုက်မယ်ဆိုရင် သံတာ၊ ရွှေတာတွေသာမက ရေခဲသေတ္တာကိုလည်း ရေခဲတာလို့ ခေါ်ရပါလိမ့်မယ်။ မီးခံသေတ္တာကိုလည်း မီးခံတာလို့ခေါ်ရပါမယ်။ ငါးသေတ္တာဘူးကိုတောင်မှ ငါးတာဘူးလို့ ခေါ်မှ သဘာဝကျပါလိမ့်မယ်။ အဲသလိုသုံးရမယ်လို့ ပြဋ္ဌာန်းပေးခဲ့ရင် လူအများကလက်ခံသုံးစွဲကြပါ့မလား။ 

ထမိန်၊ ထဘီ၊ တံဖီ

အမျိုးသမီးဝတ်တဲ့လုံချည်ကို ထမိန်လို့အသံထွက်ပါတယ်။ သတ်ပုံကျမ်းမှာ ပြဋ္ဌာန်းထားတာက ထဘီပါ။ တကယ့်မူလရင်းမြစ်က တံဖီဖြစ်ပါတယ်။ တံဆိုတာ တပ်ထားတယ်ဆိုတဲ့သဘောပါ။ ဖီဆိုတာကလည်း တားဆီးတဲ့သဘော၊ ဖုံးဖိတဲ့သဘောပါ။ ဆိုလိုတာကတော့ လုံခြုံအောင် တပ်ထားဆီးထား၊ တားထားတဲ့ အဝတ်၊ အရှက်ကိုဖုံးဖိထားတဲ့ အဝတ်ဆိုတဲ့အနက်ရှိပါတယ်။ မူရင်းကတံဖီ၊ တံဖီကနေ ထဘီ၊ ထဘီကနေ ထမိန်လို့ရွေ့လျားလာပါတယ်။ သတ်ပုံကျမ်းမှာ မူရင်းတံဖီအထိလည်း နောက်ဆုတ်မပြဋ္ဌာန်းပါ။ ဒီနေ့အသံထွက်နေတဲ့ ထမိန်အထိလည်း ရှေ့တိုးမပြဋ္ဌာန်းပါ။ အလယ်ခေတ်မှာ အသုံးများခဲ့တဲ့ ထဘီကိုသာပြဋ္ဌာန်းထားပါတယ်။ 

ဂေါက်၊ ဂေါ်၊ ဂျင်၊ ဂွမ်း

မြန်မာစာ၊ မြန်မာစကားမှာ တတိယအက္ခရာနဲ့ စတုတ္ထအက္ခရာ ရင်းမြစ်၊ ဗျုပ္ပတ်မရှိပါဘူး။ ဆိုလိုတာက တတိယအက္ခရာနဲ့ စတုတ္ထအက္ခရာမှာ မြန်မာစကားရဲ့ မူလအဓိပ္ပာယ်မရှိပါဘူး။ တတိယအက္ခရာနဲ့ စတုတ္ထအက္ခရာ ရင်းမြစ်အနက်ရှိတဲ့ဝေါဟာရအားလုံးဟာ ပါဠိတွေချည်းပဲ ဖြစ်ပါတယ်။ မြန်မာစကားကို တတိယအက္ခရာ၊ စတုတ္ထအက္ခရာနဲ့ ပြဋ္ဌာန်းထားတဲ့ ဝေါဟာရအားလုံးဟာ အနက်ရှိလို့မဟုတ်ဘဲ အသံကိုစွဲပြီး ခေါ်တဲ့ အခေါ်တွေချည်းပဲ ဖြစ်ပါတယ်။ 

သတ်ပုံကျမ်းထဲမှာ ဂေါက် ဆိုတဲ့စကားလုံးပြဋ္ဌာန်းထားပါတယ်။ ဂေါက်ဆိုတာ တကယ်တော့ ကောက်ကနေ လာပါတယ်။ ကောက်နေလို့ ကောက်လို့ခေါ်တာပါ။ အဲဒီကောက်နေတဲ့အရာကို တဖြည်းဖြည်းနဲ့ဂေါက်လို့ အသံထွက်ပြောင်းခေါ်ကြတဲ့အတွက် အသံထွက်အတိုင်း လိုက်လျောပြဋ္ဌာန်းပေးလိုက်တော့ ဂေါက်ဖြစ်နေတာပါ။ ရင်းမြစ်အတိုင်း၊ အမှန်အတိုင်းပြဋ္ဌာန်းရင် ကောက်လို့ ပြဋ္ဌာန်းရပါမယ်။ 

ဂေါ်ဆိုတာကလည်း ကော်လို့ ရတဲ့ပစ္စည်းမို့ ကော်၊ ကော်ကနေမှဂေါ်လို့ခေါ်တာပါ။ ရင်းမြစ်အမှန်အတိုင်းဆိုရင် ကော်လို့ ပြဋ္ဌာန်းရပါမယ်။

ဂျင်ဆိုတာကလည်း ကျင်ကလာပါတယ်။ ကျင်ဆိုတာ လည်တဲ့ အနက်ရှိပါတယ်။ ကျင်လည် ဆိုတဲ့အသုံးကိုကြည့်ရင် သိနိုင်ပါတယ်။ လည်တဲ့ပစ္စည်းမို့ ကျင်လို့ ခေါ်ရမှာပါ။ ဒါပေမဲ့ လူအများက ဂျင်လို့ အသံထွက်တာမို့ ဂျင်လို့ ပြဋ္ဌာန်းပေးထားပါတယ်။ ဝါဂွမ်းဆိုတာလည်း ကွမ်းကနေ လာပါတယ်။ အထပ်ထပ် ကွပ်ထား၊ ထပ်ထားလို့ ဝါကွမ်းလို့ခေါ်ရာကနေ ဝါဂွမ်းဖြစ်လာတာပါ။ 

ဒေါက်ဆိုတာလည်း ထောက်တဲ့ပစ္စည်းကိုခေါ်တာဖြစ်ပါတယ်။ သတ်ပုံကျမ်းမှာ ဒေါက်လို့ အသံထွက်အတိုင်းပြဋ္ဌာန်းထားပါတယ်။ ဇွဲဆိုတာ စွဲမြဲတဲ့ သဘောပါ။ မူရင်းအတိုင်းဆို စွဲလို့ပြဋ္ဌာန်းရမှာဖြစ်ပေမဲ့ အများသုံးတွင်ကျယ်တဲ့အတိုင်း ဇွဲ လို့ပြဋ္ဌာန်းထားပါတယ်။ 

သည်နဲ့တယ်၊ မည်နဲ့မယ်၊ မည်ဟာနဲ့မှာ

“သွားတယ်” “လာတယ်” “ရယ်တယ်” “ပြုံးတယ်” လို့ ဒီနေ့ခေတ်သုံးနေတဲ့ “တယ်” တွေဟာ “သည်” ကနေ လာပါတယ်။ မြန်မာစကားမှာ လည်းကိုလဲ၊ မည်းကိုမဲ၊ နည်းကိုနဲ၊ သည်းကိုသဲ လို့အသံထွက်ပြောင်းလဲတတ်တာကို အားလုံးသိပြီးဖြစ်ပါတယ်။ ညသတ် အသံတွေကို နောက်ပစ်အသံသို့မဟုတ် ယပက်လက်သတ် အသံပြောင်းလဲ ထွက်ဆိုတတ်ပါတယ်။ လည်ပတ်တာကို လယ်ပတ်တယ်၊ စျေးသည်ကို စျေးသယ်၊ အမည်စုံကို အမယ်စုံ၊ စသည်ဖြင့် အသံထွက်တတ်ပါတယ်။ အဲသလိုအသံထွက်ပြောင်းသလိုပဲ သွားသည်၊ လာသည်ဟာလည်း သွားသယ်၊ လာသယ်လို့ အသံထွက်ပြောင်းသွားပါတယ်။ သွားသယ်၊ လာသယ်ကနေမှ သွားတယ်၊ လာတယ်လို့ အသံထွက်ပြောင်းသွားတာဖြစ်ပါတယ်။ ဒီတော့ တယ် ရဲ့ ရင်းမြစ်ဟာ သည် ဖြစ်ပါတယ်။ သွားမယ်၊ လာမယ်လို့ အခုပြောနေတဲ့ မယ်ရဲ့ ရင်းမြစ်ဟာလည်း မည် ဖြစ်ပါတယ်။ လုပ်မှာ၊ ကိုင်မှာလို့ အခုပြောနေတဲ့ မှာကလည်း တကယ်တော့ မည်ဟာကနေ လာပါတယ်။ မည်ဟာကနေ မယ်ဟာဖြစ်ပါတယ်။ မယ်ဟာကနေ မဟာ ဖြစ်ပါတယ်။ ဟ နဲ့ ဟထိုးဟာ အတူတူပါပဲ။ ဒါ့ကြောင့် မဟာကနေ မှာဖြစ်လာပါတယ်။ သွားမည်ဟာ၊ သွားမယ်ဟာ၊ သွားမဟာ၊ သွားမှာ စသည်ဖြင့်ပြောင်းလဲလာတာပါ။ 

ဒါ့အပြင် ကျီးကန်းရဲ့ရင်းမြစ် ကီ၊ နှစ်ကျိပ်သုံးကျိပ်ရဲ့ရင်းမြစ် ကိပ်၊ ပန်းချီရဲ့ရင်းမြစ်ဟာ ပန်ခီ၊ ဘုရားရဲ့ရင်းမြစ်ဟာ ပုရှ၊ သလွန်ရဲ့ရင်းမြစ်ဟာ သလဝန်၊ ပလွေရဲ့ရင်းမြစ်ဟာ ပြွေဖြစ်ပါတယ်။ 

အများညီရင် “ဤ” ကျွဲဖတ်ဖို့သင့်မသင့်

“အနက်ရင်းမမှန်ပေမဲ့ အများညီရင် “ဤ” ကိုကျွဲဖတ်ဖို့သင့်မသင့်။ ပြောင်းလဲပျက်စီးလာတဲ့စကားလုံးကို လူအများကသုံးနေရင် လက်ခံပြဋ္ဌာန်းဖို့သင့်မသင့်။” ဆိုတဲ့ မေးခွန်းကို ဆောင်းပါးအပိုင်း ၁ မှာဖော်ပြခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး မဆွေးနွေးရသေးပါဘူး။ 

အထက်မှာဖော်ပြခဲ့တဲ့ သေတ္တာ၊ ဂေါ်၊ ဂေါက်၊ တယ်၊ မယ်၊ မှာ အသုံးတွေကိုကြည့်ရင် အများညီရင် “ဤ” ကိုကျွဲဖတ်ဖူးတဲ့ အစဉ်အလာများစွာရှိကြောင်း သိနိုင်ပါတယ်။ 

သဘာဝသိပ္ပံပညာရပ်တွေမှာ အများညီတိုင်း “ဤ” ကိုကျွဲဖတ်လို့မရပါဘူး။ ကမ္ဘာကြီးကလုံးတယ်လို့ ပိုက်သာဂိုးရပ်စ်ကပြောတော့ လူအများက လက်မခံပါဘူး။ ဒါပေမဲ့ လူအများလက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ ကမ္ဘာကြီးက လုံးကိုလုံးပါတယ်။ ဟိုက်ဒြိုဂျင်မော်လီကျူး ၂ ခုနဲ့ အောက်ဆီဂျင် မော်လီကျူး ၁ ခုပေါင်းစပ်ရင် ဘယ်သူကြိုက်ကြိုက်မကြိုက်ကြိုက် ရေဖြစ်ပါတယ်။ ဒါပေမဲ့ ဘာသာစကားဆိုတာ လူအများ ဆက်သွယ်ပြောဆိုရာမှာ အသုံးပြုတဲ့ကြားခံဖြစ်ပါတယ်။ ဒါ့ကြောင့် အများကြိုက်ရင် အတည်ဖြစ်ပါတယ်။ အများမကြိုက်ရင် အလိုလိုပျက်ပြယ်ပါတယ်။ ဘာသာစကားမှာ အများညီရင် “ဤ” ကျွဲဖတ်တဲ့ထုံးစံဟာ သင့်သည်ဖြစ်စေ၊ မသင့်သည်ဖြစ်စေ ဖြစ်ပေါ်နေပါတယ်။ ပြောင်းလဲပျက်စီးလာတဲ့စကားလုံးပေမဲ့ လူအများက လက်ခံသုံးစွဲလို့ အတည်ဖြစ်သွားတာတွေလည်း အများအပြားရှိပါတယ်။ 

တစ်အသုံးအပေါ်စောဒကအမြင်

မြန်မာစာအဖွဲ့ကပြဋ္ဌာန်းထားတဲ့ တစ်အသုံးအနှုန်းအများအပြားဟာ အမှန်ပဲ (မူလရင်းမြစ်ပဲ) ဆိုတာ ငြင်းလို့မရပါဘူး။ အထောက်အထားလည်း အများအပြားရှိပါတယ်။ သဘာဝယုတ္တိလည်း အပြည့်အဝရှိပါတယ်။ 

ဒါပေမဲ့ မြန်မာစာအဖွဲ့ရဲ့ ဆုံးဖြတ်ပြဋ္ဌာန်းချက်ကို စောဒကတက်စရာ အမြင်လည်း ရှိပါတယ်။ အဲဒါကတော့ စားတယ်၊ သောက်တယ်လို့ ဒီနေ့ခေတ်သုံးနေတဲ့ “တယ်” တွေကို မူလရင်းမြစ်အတိုင်း “သည်” လို့ပြန်ပြောင်းဖို့ သင့်ပါသလား။ စားမှာ၊ သောက်မှာ ဆိုတဲ့မှာတွေကို စားမည်ဟာ၊ သောက်မည်ဟာလို့ ပြန်ပြောင်းဖို့ သင့်ပါသလား။ ဂေါက်ကိုကောက်၊ ဂေါ်ကိုကော်၊ သေတ္တာကိုသစ်တာ၊ ကျီးကိုကီ၊ ပန်းချီကိုပန်ခီ၊ ပလွေကိုပြွေလို့ ပြန်ပြောင်းဖို့သင့်ပါသလား။ ထဘီကိုရော တံဖီအထိပြန်သွားဖို့သင့်ပါသလား။

အဲဒါတွေကို အမှန်အတိုင်း မူလရင်းမြစ် အတိုင်းပြန်လည် မပြဋ္ဌာန်းဘဲ တစ်အသုံးတွေကိုကျမှ ဘာ့ကြောင့် ရင်းမြစ်အတိုင်းပြန်လည်ပြဋ္ဌာန်းသင့်ပါသလဲ။ အများသုံးတွင်ကျယ်တဲ့အတိုင်း လိုက်လျောခွင့်ပြုရင် မသင့်ပေဘူးလား။ အင်းဝခေတ်ကနေ ၁၉၈၀ ကျော်အထိ နှစ်ပေါင်းများစွာကာလအတွင်းမှာ ဂဏန်း “တစ်” မှတပါး ကျန်အားလုံးကို “တ” နဲ့ရေးခဲ့တာလည်း အဆင်ပြေတာပဲ မဟုတ်ဘူးလား။ အများပြည်သူအတွက် မှတ်သားရ၊ ရေသားရတာပိုမလွယ်ကူပေဘူးလား။ 

ဒါက မြန်မာစာအဖွဲ့ရဲ့ ဆုံးဖြတ်၊ ပြဋ္ဌာန်းချက်အပေါ် စောဒကတက်တဲ့ အမြင်ရှုထောင့်ဖြစ်ပါတယ်။ 

ဆရာကြီးဦးထွန်းတင့်ရဲ့သဘောထား

ဆရာကြီးဦးထွန်းတင့်အနေနဲ့ကတော့ အခုအခါမှာ “တစ်” ပြဋ္ဌာန်းချက်ကို လူအများလိုက်နာကျင့်သုံးနေကြပြီလို့ မြင်ပါတယ်။ မလိုက်နာလိုသူက လူနည်းစုလို့ ဆရာကြီးကမြင်ပါတယ်။ မလိုက်နာလိုသူ လူနည်းစုကြောင့် မှန်နေတဲ့ ရင်းမြစ်ကို ပြောင်းလဲစရာ အကြောင်းမရှိဘူးလို့ ဆရာကြီးကယူဆပါတယ်။ ဟိုလူကြီးကပြင်ခိုင်းလို့ “တစ်” ဖြစ်လိုက်၊ မကြိုက်တဲ့လူတွေက ကန့်ကွက်တော့ “တ” ပြန်လုပ်လိုက်ဆိုသလို အမျိုးမျိုးအဖုံဖုံ ရှုံ့ချည်နှပ်ချည်လုပ်လို့ သင့်ပါ့မလားဆိုတဲ့အမြင်လည်း ရှိပါတယ်။ 

ဒါ့အပြင် စာလုံးပေါင်းသတ်ပုံကျမ်းဆိုတာဟာ အများညီအောင် သတ်မှတ်ပြဋ္ဌာန်းပေးတဲ့ ပြဋ္ဌာန်းချက်ဖြစ်တယ်။ မြန်မာစာအဖွဲ့ဟာလည်း နိုင်ငံတော်အဆင့်အဖွဲ့အစည်းဖြစ်တယ်။ နိုင်ငံတော်အဆင့်အဖွဲ့အစည်းဖြစ်တဲ့ မြန်မာစာ အဖွဲ့ရဲ့ ပြဋ္ဌာန်းချက်ဟာ ဥပဒေသဘောသက်ဝင်တယ်။ နောက်ထပ်ပြင်ဆင်ပြဋ္ဌာန်းချက် ထွက်ပေါ်မလာမချင်းမှာ မူလပြဋ္ဌာန်းချက်ဟာ အတည်ဖြစ်တယ်လို့ဆရာကြီးကဆိုပါတယ်။ 

နိဂုံးချုပ်ကောက်ချက်များ

ဆောင်းပါး ၄ ပုဒ်စလုံးမှာပါဝင်တဲ့ အချက်တွေကို နိဂုံးချုပ်ရင် အောက်ပါအချက်တွေ ထွက်ပေါ်လာပါတယ်။

၁။ တစ်အရေးအသား အပြောင်းအလဲတွေမှာ ဦးနေဝင်းရဲ့ စွက်ဖက်မှုဟာအမှန်တကယ်ရှိခဲ့တယ်။

၂။ ဦးနေဝင်းသာမစွက်ဖက်ခဲ့ရင် တစ်ရေးထုံးပြင်ဆင်ချက်ထွက်ပေါ်လာဖွယ်မရှိဘူး။

၃။ မြန်မာစာအဖွဲ့ဝင်ပညာရှင်များဟာ ဦးနေဝင်းခိုင်းလို့လုပ်ခဲ့တာမှန်ပေမဲ့ မဟုတ်မမှန်တာတွေကို ဇွတ်ပြဋ္ဌာန်းခဲ့တာတော့ မဟုတ်ဘူး။ တစ်အနက် အမှန်တကယ်ရှိတဲ့ စာလုံးတွေကိုသာ တစ်လို့ရေးသားဖို့ပြဋ္ဌာန်းတာဖြစ်တယ်။

၄။ ဒါပေမဲ့ သတ်ပုံကျမ်းမှာလည်း အနက်အမှန်ရှိတဲ့ စကားလုံးတိုင်းကို မူလအနက်မှန်အတိုင်း ပြန်သုံးမယ်လို့ အမြဲပြဋ္ဌာန်းတာတော့ မဟုတ်ဘူး။အနက်မှန်မဟုတ်ပေမဲ့ အသုံးတွင်ကျယ်တဲ့အလျောက် လိုက်လျောပြဋ္ဌာန်းပေးထားတာတွေလည်း အများအပြားရှိတယ်။ အသံထွက်သလိုပြဋ္ဌာန်းပေးတာတွေလည်းရှိတယ်။

၅။ “တ”နဲ့”တစ်”ခွဲရတာခက်ခဲတယ်။ “တ”လို့အားလုံးကိုပြဋ္ဌာန်းပေးရင် အများပြည်သူအတွက်ပိုမိုလွယ်ကူမယ်။ 

၆။ ဒါပေမဲ့ တစ်လို့ရေးတာက ရင်းမြစ်အရ ပိုမှန်တယ်။ တစ်လို့အနက်ရင်းအတိုင်းကြိုးစားရေးသားနေကြတာဟာ အတန်အသင့်အသားကျနေပြီမို့ နောက်ကြောင်းပြန်လှည့်တာဟာ မသင့်တော်ဘူးလို့ဆရာကြီးဦးထွန်းတင့်နဲ့ မြန်မာစာအဖွဲ့ပညာရှင်များကယူဆတယ်။

၇။ အများညီအောင်ပြဋ္ဌာန်းသတ်မှတ်ပေးထားတာဖြစ်တဲ့အတွက် နိုင်ငံတော်အဆင့် အဖွဲ့အစည်းဖြစ်တဲ့မြန်မာစာအဖွဲ့ရဲ့  ပြဋ္ဌာန်းချက်ကို လူအများလိုက်နာရေးသားကြဖို့ ဦးထွန်းတင့်နဲ့ မြန်မာစာအဖွဲ့ဝင် ပညာရှင်ကြီးများက လိုလားတယ်။

တ နဲ့ တစ် အငြင်းပွားမှုဟာ အလွန်ပြင်းထန်ပါတယ်။ စာပေအကြောင်းတရားရော၊နိုင်ငံရေးအကြောင်းတရားပါ ရောယှက်နေပါတယ်။ ဒါ့ကြောင့်ဘယ်ဟာကိုပယ်ပါ။ဘယ်ဟာကိုလက်ခံပါဆိုတဲ့အကြံပြုချက်ကို ဒီဆောင်းပါးက ပြုလုပ်မထားပါဘူး။

 ဒီဆောင်းပါးရေးရာမှာ မိမိနှစ်သက်ရာဘက်ကိုလူအများလက်ခံလာအောင် ဆွဲဆောင်စည်းရုံးတာမျိုး မလုပ်မိဖို့လည်း တတ်နိုင်သမျှသတိထားရှောင်ကြဉ်ပါတယ်။  အငြင်းပွားနေတဲ့ “တ” သို့မဟုတ် “တစ်” အသုံးပြုရမဲ့စကားလုံးတွေကိုတောင် ဆောင်းပါး ၄ ပုဒ်စလုံးမှာ ခက်ခက်ခဲခဲ ရှောင်တိမ်းရေးသားခဲ့ပါတယ်။ စာဖတ်သူကိုယ်တိုင် ဆုံးဖြတ်နိုင်အောင် စဉ်းစားစရာ အချက်အလက်များကိုသာ  စားပွဲပေါ်အရောက် အတတ်နိုင်ဆုံး စုံစုံလင်လင် ပို့ဆောင်ပေးထားတာဖြစ်ပါတယ်။

အရင်က “တစ်” ပြဋ္ဌာန်းချက်တွေအပေါ်မှာ ဦးနေဝင်းရဲ့ သြဇာလွှမ်းမိုးမှုဟာ အမှန်ရှိခဲ့တယ်။ မဖြစ်သင့်ပေမဲ့ ဖြစ်ခဲ့ပြီးပြီ။ ဦးနေဝင်းရဲ့ အာဏာရှင်ဆန်တဲ့ လုပ်ဆောင်ချက်တွေကြောင့် သူသေသွားပြီးတဲ့အထိ လူအများက သူ့အပေါ်မုန်းတီးမှုရှိနေတဲ့အချက်ဟာလည်း အငြင်းပွားစရာမရှိလောက်အောင် တော်တော်ထင်ရှားပါတယ်။ ဒါပေမဲ့ အခုအခါ မြန်မာစာရေးထုံးနဲ့ပတ်သက်ပြီး စဉ်းစားရာမှာ ဦးနေဝင်းကို မုန်းတဲ့အမုန်းအပေါ် အခြေခံမစဉ်းစားသင့်ပါဘူး။ အဲသလိုစဉ်းစားရင် အဲဒါဟာလည်း အဂတိမကင်းတဲ့ဆုံးဖြတ်ချက်မျိုးဖြစ်နိုင်ပါတယ်။ သြဇာလွှမ်းမိုးမှုကြောင့် ဖြစ်တဲ့အဂတိက ဘယာဂတိ၊ အမုန်းကြောင့်ဖြစ်တဲ့အဂတိက ဒေါသဂတိဖြစ်ပါတယ်။ စာဖတ်သူများကြိုက်ရာရွေးချယ်နိုင်ပါတယ်။ ဒါပေမဲ့ အဂတိကင်းသင့်ပါတယ်။ ဒါ့ကြောင့် ဒီနေ့ကာလ မြန်မာစာကိစ္စစဉ်းစားရာမှာ ဦးနေဝင်းကို ဘေးဖယ်စဉ်းစားကြဖို့ကိုတော့ တိုက်တွန်းချင်ပါတယ်။

ပုံ ၁ ကျီးကိုအရင်က ကီလိုခေါ်ခဲ့ရေးသားခဲ့

ပုံ ၂ ကော်တဲ့ပစ္စည်းမို့ကော်လို့ပြဋ္ဌာန်းသင့်ပေမဲ့ ဂေါ် လို့အသံထွက်တော့

ပုံ ၃ ရေခဲတာလို့ခေါ်ရမယ်ဆိုရင် လိုက်နာကြပါ့မလား

ပုံ ၄ အရင်တုန်းက တန်ဖီ၊ အလယ်ခေတ်မှာ ထဘီ၊ အခုခေတ်မှာ ထမိန်လို့ခေါ်ကြပေမဲ့ ပြဋ္ဌာန်းချက်မှာ ထဘီ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ