G6PD မွေးရာပါရောဂါ
- ဆရာရှင့် သားလေး ၂၀၁၇ကမွေးတဲ့ G6PD ကလေးပါ သားလေးကနှုတ်ခမ်းဖြူမျက်ကွင်းညိုပါတယ် အရမ်းစိတ်ပူပါတယ် သူ့ကို FOLIC ACIDတစ်နေ့(တနေ့)ဘယ်လောက် Mg တိုက်သင့်ပါသလည်းရှင် အဲ့ဒါအပြင် ဘာအားဆေးတွေထပ်တိုက်သင့်ပါသလည်းရှင် ဖြေကြားပေးစေလိုပါတယ်
- မွေးမွေးချင်းတုန်းက ကလေးကကျန်းမာရေးကောင်းတယ် အသက်၂နှစ်မှာဖျားလို့ဆေးခန်းကသွေးစစ်တော့ G6PD လိုပြောတယ် ဗျ
- G6PD အကြောင်း သိချင်တာနဲ့ ဆရာတင်ထားတာတွေ့ရလို့ကျေးဇူးတင်ပါတယ်ဆရာ။ ကျမနားမလည်တာရှိလို့ မေးပါရစေ။ G6PD ကမွေးရာပါလို့ပြောတဲ့အတွွက် ကုရင်ပျောက်နိုင်ပါသလား။ ဘယ်အစားအစာတွေရှောင်ပေးရမလဲ။ G6PD ရှိတဲ့လူနာကို Quinine ငှက်ဖျားဆေး ထိုးလိုက်တဲ့အခါမှာ ဆီးသွားရင်သွေးတွေနှင့် အသားစတွေပါလာတာ ကျောက်ကပ်ကိုထိခိုက်နိုင်ပါသလား။ အဘယ်ကြောင့် ဆီးတွင်သွေးနှင့်အသားစပါလာသလဲ့။ မည်သို့နေထိုင် စားသောက်ရမည်နည်း။
- ကျေးဇူးပါဆရာ ကျမသားက G6PD မွေးပြီးသွေးလဲထားရပါတယ်။ ဘယ်ချိန်ပျောက်ကင်းနိုင်ပါသလဲ။ အခု သူအသက် ၆ နှစ်ကျော်ပါ။ ဘယ်အချိန်သွေးပြန်စစ်ရပါမလဲ ကျေးဇူးပြုပြီးပြောပေးပါလားဆရာ။
- G6PD ရှိတဲ့ကလေးတယောက်ဟာ ဘယ်လိုနေထိုင် စားသောက်ရမယ် ဆိုတာ ရှင်းပြပါဆရာ။ ဆေးတွေက ဆရာ ပို့ထားတဲ့စာနဲ့လုံလောက်ပါပြီ။ ဒီလိုကလေးဟာ ဘာရောဂါတွေ ထပ်ဖြစ်လာနိင်သေးလဲ ဆရာ။ ကျန်းမာပျော်ရွင်စွာနဲ့ရော သက်တန်းစေ့နေနိင်ပါ့မလား။ သားဦးဖြစ်ပြီး ဒီရောဂါရှိတော့ ကျွန်မရူးတော့မယ်။ မေးသမျှကို ပြန်ဖြေပေးတဲ့ဆရာကို ကျေးဇူးတင်ပါတယ်။
- ဆရာခင်ဗျား ကျွန်တော့်သမီးလေးက -22-4-2015 မှာမွေးပါတယ်။ ကလေးက G6PD ဖြစ်နေတယ်ပြောပါတယ်။ ဆရာ့ ဆောင်းပါးဖတ်ကြည့်ထားလို့ paracetamol နဲ့မတည့်ဘူးလို့သိရပါတယ်။ ကျွန်တော်တို့ကနယ်မှာနေတော့ ကလေး နေမကောင်းဖြစ်ရင် ရန်ကုန်မလာခင် ဘာဆေးတိုက်ထားရမလဲလို့ ကလေးအထူးကုကိုမေးတော့ paracetamol အရည်တိုက်ဖို့ပြောပါတယ်။ G6PD ကလေးမို့တိုက်လို့ရပါ့မလားမေးတော့ အဲဒါမတိုက်ရင် ဘာတိုက်ရမလဲလို့ ပြန်ပြောပါတယ်။ ဘာဆေးများသင့်တော်မလဲဆိုတာ ညွှန်ကြားပေးပါခင်ဗျာ။ ကျေးဇူးအထူးတင်ပါတယ်ဆရာ။ သမီးလေးနဖူးနဲ့ မျက်ခွံမှာလည်း အနီကွက်တွေပါလာတာ ရောဂါနဲ့ဆက်စပ်မှုရှိပါသလားဆရာ။
မွေးကတည်းက G6PD (အင်ဇိုင်း) ချို့ယွင်နေတဲ့ ရောဂါဖြစ်တယ်။ မိဘတဦးဦးကဖြစ်ဖြစ် ၂ ဦးလုံးကဖြစ်ဖြစ် မျိုးဗီဇ ရလာလို့ သူ့ X chromosome မှာ လာထိခိုက်တယ်။ တကမ္ဘာလုံးမှာ သန်း ၄၀၀ ဖြစ်နေတယ်။ ငှက်ဖျားရောဂါရှိတဲ့ နေရာတွေနဲ့ ဆက်စပ်နေတယ်။ များသောအားဖြင့် ကလေးတွေမှာ ဒီရောဂါရှိနေတာ မသိကြဘူး။ ကလေးငယ်ငယ်လေး ကတည်းက ဒီလိုရှိနေတာကိုသိသူတွေက ကံကောင်းကြပါတယ်။ G6PD enzyme testing နည်းနဲ့စမ်းရတယ်။ တခါတည်းမသေချာသေးရင် ထပ်စမ်းရမယ်။
G6PD ဆိုတာ (ကဇီဓါတ်) ကနေ အင်အားဖြစ်စေရာမှာကူညီတဲ့ (အင်ဇိုင်း) ဖြစ်တယ်။ သွေးနီဥကို တခုခု ဖြစ်သွားစေမှာကိုလည်း သူကနေအကာကွယ်ပေးတယ်။ G6PD နည်းနေရင် အကာကွယ်လုံလောက်အောင် မပေးနိုင်တော့ဘူး။ အဲလိုဖြစ်လာရင် ရိုးတွင်းခြင်ဆီကနေ သွေးနီဥတွေထုတ်ပေးနေတာက မလုံလောက်တော့တဲ့အခါ သွေးအားနည်းရောဂါ ဝင်လာမယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ အမျိုး ၅ ခုခွဲထားတယ်။ ဆိုးတာကနေစတယ်။
၁။ သွေးအားနည်းနေပြီး ၁၀% အောက်မှာသာ အလုပ်လုပ်နိုင်သူ။
၂။ သွေးအားနည်းတာ ဖြစ်လိုက်-သက်သာလိုက်နဲ့ ၁၀% အောက်မှာသာ အလုပ်လုပ်နိုင်သူ။
၃။ သွေးအားနည်းတာ တခါတလေသာ ဖြစ်ပြီး ၁၀-၆၀% အလုပ်လုပ်နိုင်သူ။
၄။ လက္ခဏာ မပြသေးသူ။
၅။ နေကောင်းနေသူ။
အများအားဖြင့် ဘာရောဂါလက္ခဏာမှ မပြဘဲနေတတ်တယ်။ လက္ခဏာပြလာသူတွေက ယောက်ျားလေးတွေသာ ဖြစ်တယ်။ မွေးကင်းစမှာ အသားဝါတာက ကြာရှည်ဖြစ်သူတွေက ရောဂါနဲ့ ဆက်စပ်နေတတ်တယ်။ မွေးရာပါမို့ ပျောက်အောက်တော့ ကုမရပါ။ လူကောင်းလို နေတဲ့ကလေးဟာ ခလုပ်ဆွဲဖြုတ်လိုက်သလို အခြေအနေမျိုး ရှိလာရင် ရောဂါလက္ခဏာ ပြလာမယ်။
အဲဒါတွေကတော့ -
၁။ ရောဂါပိုး (ဗက်တီးရီးယား၊ ဗိုင်းရပ်စ်) ဝင်တာ၊
၂။ တချို့ဆေးဝါးများ၊ ငှက်ဖျားဆေး၊ (ဆာလ်ဖါ)၊ အနာ-အကိုက်-အဖျားသက်သာတဲ့ဆေး၊ ပိုးသေစေတဲ့ဆေးတွေ ဖြစ်တယ်။ တချို့ကလေးတွေက အဲလိုဆေးဝါး နဲနဲပေးတာကို ခံနိုင်တတ်တယ်။ တချို့က နဲနဲလေးမှ မရဘူး။
၃။ Broad beans ပဲ စားသုံးတာ။ Horse Bean, Vicia faba, Fava Bean, Field Bean, Bell Bean, Tic Bean လို့လဲ ခေါ်တယ်။
၄။ Naphthalene ပရုပ်လုံး အနံ့တောင်မှ မတည့်ပါ။
ရောဂါလက္ခဏာပြစေမှာတွေကို ရှောင်ကျဉ်-ဖယ်ရှားလိုက်တာနဲ့ ရက်သတ္တ ၁-၂ ပါတ်အတွင်း သက်သာလာမယ်။ သိပ် မဆိုးရင် ဆေးကုစရာတောင်မလိုပါ။ သူ့ခန္ဓာကိုယ်ကနေ သွေးနီဥသစ်တွေ ထုတ်လုပ်ပေးနေလိမ့်မယ်။ ကုသရတာက ဆေးဝါးနဲ့ အစားအသောက် ဆင်ခြင်-ရှောင်ကျဉ်ရတာပါ။ ကလေးကာကွယ်ဆေး အားလုံးအပြင် အသဲရောင် အေ၊ ဘီ ကာကွယ်ဆေး ထိုးပေးရမယ်။ လိုအပ်လို့ သွေးသွင်းပေးရင် လူကောင်းလိုနေနိုင်တယ်။ ကျောက်ကပ်ထိသွားချိန်မှာ Dialysis လုပ်ပေးရမယ်။ တချို့ ဘေလုံးထုတ်ရနိုင်တယ်။ Folic acid, Vitamin E တွေ ပေးနိုင်တယ်။
သွေးအားနည်းနေပြီး ၁ဝ% အောက်မှာသာ အလုပ်လုပ်နိုင်သူ။ သွေးအားနည်းတာ ဖြစ်လိုက်-သက်သာလိုက်နဲ့ ၁ဝ% အောက်မှာသာ အလုပ်လုပ်နိုင်သူ။ သွေးအားနည်းတာ တခါတလေသာ ဖြစ်ပြီး ၁ဝ-၆ဝ% အလုပ်လုပ်နိုင်သူ။ လက္ခဏာ မပြသေးသူ။ နေကောင်းနေသူဆိုပြီး အမျိုးမျိုးရှိပါတယ်။ ဘာမှမဖြစ်သလိုကနေ Hemolysis သွေးနီဥတွေကို ဖျက်ဆီးလို့ Hemolytic anemia သွေးအားနည်းရောဂါ ဖြစ်လာ နိုင်တယ်။ ဖြစ်လာရင် အသားအရေ ဖြူရော်ရော်ဖြစ်လာမယ်။ မောပမ်းမယ်။ နှလုံးခုန်မြန်မယ်။ အသက်ရှူ မဝဘူး။ အသား ဝါမယ်။ ဆီးအရောင် ရင့်မယ်။ ဘေလုံး ကြီးလာမယ်။
ပရုတ်ပါရင် ဘာမှမတည့်ပါ။ အနံ့ကအစ မတည့်ပါ။ သောက်ရင် ပိုဆိုးတယ်။ လူးတာကလဲ သွေးထဲဝင်သွားတာဘဲ။ တိုင်းရင်း-မြန်မာဆေးတွေထဲမှာပါနေရင် ရှောင်ရင်ပါ။ ကလေးကို မတည့်မဲ့ ဆေးနာမယ်တွေကို မှတ်ပြီး ကိုယ်လဲ ရှောင်ပါ။
ရှောင်ရမယ့်ဆေးတွေ
Acetanilide (ရာဘာထုတ်လုပ်ရာတွင် သုံးသည်), Acetylphenylhydrazine (polycythemia ရောဂါအတွက်ဆေး), Acetylsalicylic acid (Aspirin), Aminophenazone (အကိုက်အခဲပျောက်ဆေး), Antazoline (အလာဂျီ သက်သာဆေး), Arsine (ဓါတုလက်နက်သုံး ဓါတ်ငွေ့), Beta-Naphthol (ဆိုးဆေး), Chloramphenicol (ပဋိဇီဝဆေး), Chloroquine (ငှက်ဖျားဆေး), Ciprofloxacin (ပဋိဇီဝဆေး), Colchicine (ဂေါက်ဆေး), Dapsone (အနာကြီးရောဂါ ဆေး), Dimercaprol (အာဆင်းနစ်၊ ရွှေ၊ ပြဒါး အဆိပ်သင့်ခြင်းတို့အတွက်ဆေး), Diphenhydramine (အလာဂျီ ဆေး), Dopamine (ပါကင်ဆွန်ရောဂါ၊ သွေးတိုးဆေး), Doxorubicin (ကင်ဆာဆေား), Furazolidone (ပဋိဇီဝဆေး), Glibenclamide (ဆီးချိုဆေး), Glucosulfone (အရေပြားနာဆေး), Isobutyl Nitrite (ရှူဆေး), Isoniazid (တီဘီဆေး), Menadione (ဗီတာမင်ကေ), Mepacrine (သံချဆေး), Mesalazine-5-Aminosalicylic Acid (အူရောဂါဆေး), Methyltioninium Chloride (methylene blue) (ငှက်ဖျား၊ ကင်ဆာ၊ အဆိပ်ဖြေဆေး), Nalidixic Acid (ပဋိဇီဝဆေး), Naphtalene (ပရုပ်), Niridazole (သန်ချဆေး), Nitrofural (ပဋိဇီဝဆေး), Nitrofurantoin Nitrofurantoin, Norfloxacin (ပဋိဇီဝဆေး), Urate (ဂေါက်ရောဂါတွင်ဖြစ်သည့်ဆား), Pamaquine (ငှက်ဖျားဆေး), Para-Aminobenzoic Acid (အစာလမ်းရောဂါ၊ အရေပြားနာဆေး), Paracetamol (ပါရာစီတမော အကိုက်-အဖျားဆေး), Pentaquine (ငှက်ဖျားဆေး), Phenacetin, Phenazone, Phenazopyridine, Phenylbutazone, Phenytoin, Phynylhydrazine, Primaquine (ငှက်ဖျားဆေး), Probenecid, Procainamide, Proguanil (ငှက်ဖျားဆေး), Pyrimethamine, Quinidine, Quinine (ငှက်ဖျားဆေး), Stibophen, Streptomycin (ပဋိဇီဝဆေး), Sulfacetamide (ပဋိဇီဝဆေး), Sulfacytine (ဆာလ်ဖါဆေး), Sulfadiazine (ဆာလ်ဖါဆေး), Sulfadimidine (ဆာလ်ဖါဆေး), Sulfafurazole (ဆာလ်ဖါဆေး), Sulfaguanidine (ဆာလ်ဖါဆေး), Sulfamerazine (ဆာလ်ဖါဆေး), Sulfamethoxazole (ဆာလ်ဖါဆေး), Sulfamethoxypyridazine (ဆာလ်ဖါဆေး), Sulfanilamide (ဆာလ်ဖါဆေး), Sulfapyridine (ဆာလ်ဖါဆေး), Sulfasalazine (ပဋိဇီဝဆေး), Salazosulfapyridine (ဆာလ်ဖါဆေး), Thiazosulfone Thiazosulfone, Tiaprofenic Acid (အနာ-အဖျားဆေး), Tolonium Chloride (ဆိုးဆေး), Trihexyphynidyl (ပါကင်ဆိုနဇင်ဆေး), Trimethoprim (Septin ထဲပါသည့် ပဋိဇီဝဆေး), Trinitrotoluene (ဖေါက်ခွဲပစ္စည်း), Tripelennamine (စိတ်ရောဂါဆေး), Vitamin C, Vitamin K1, Vitamin K3, Vitamin K4 ဗီတာမင် စီ၊ ကေ။
သတိထားရမှာက ငှက်ဖျားဆေး Chlorguanidine, Chloroquine, Quinine တွေ မတိုက်ပါနဲ့။ တိုက်ဖွိုက် စတဲ့ရောဂါကို ပေးတတ်တဲ့ Chloramphenicol ဆေး လုံးဝရှောင်ပါ။ တီဘီဆေး Streptomycin, (INH) မတည့်ပါ။ ဆာလ်ဖါဆေးတွေ အားလုံးမတည့်ပါ။ ကလေးအတော်များများပေးတတ်တဲ့ Septrin မတည့်ပါ။ ကိုယ်ပူ-ကိုက်ခဲရင် Paracetamol ပါရာစီတမော တိုက်-မတိုက် ချိန်ဆရမယ်။ တကယ်လိုရင်တိုက်နိုင်ပါတယ်။
G6PD မွေးရာပါရောဂါ အမေး-အဖြေ https://dr-tint-swe.blogspot.com/2021/05/g6pd.html
G6PD မွေးရာပါရောဂါ https://dr-tint-swe.blogspot.com/2022/03/g6pd.html
G6PD Low-risk Drugs မွေးရာပါချို့ယွင်းချက်နဲ့ ဆေး https://dr-tint-swe.blogspot.com/2025/09/g6pd.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment