ဥတုရာသီ မြို့ကိုမှီ၏
ဒီနေ့တော့ ဒီအရပ်မှာ ရာသီဥတုက အိမ်ပြင်ထွက်လို့ရလာတယ်။ အေးနေခဲ့တာက ကြာပြီ။ နေရာင်ရှိနေလည်း လေက အတော်ကိုအေးတာ။ မထွက်ရဲခဲ့ပါ။
ပုရစ်သစ် ကိုက်ညွန့်ဖူးစီ လေပြည်ကသွေး ရာသီနွေး၍ ဆောင်းပြေးနှုတ်ဆက် ထွက်ခွါပြီတည့်။
ဆောင်းရာသီမှာ စနိုး(နှင်း)တွေကျစဉ်က ဖွေးနေတဲ့အကိုင်းလေးတွေသာ ရှိခဲ့တယ်။ တဖြည်းဖြည်းနဲ့ ရာသီအလိုက် ကိုက်ညွန့်ဖူးစီ ဖြစ်လာတယ်။
ရာသီပင်တွေရဲ့ သံသရာတပတ်လည်ပုံကို မြင်တွေ့ခဲ့ရတာ အလွန်တရာ များလှပြီ။ အားလုံးဟာ မျက်စိအောက်မှာ။
ရာသီပင်မဟုတ်တဲ့ ကိုယ့်တိုင်းပြည်ကြီးကို မြင်သိနေတာလည်း နှစ်ပရိစ္ဆေဒ ကြာခဲ့ပြီ။ အားလုံးဟာ မျက်စိအောက်မှာ။ စည်ပင်ဖွံ့ဖြိုးတဲ့ခေတ်လည်း ကြုံခဲ့ရတယ်။ ပင်စည်ကြီး ဒါးထစ်ခံရတာလည်း သိမြင်ခဲ့တယ်။
အရိပ်နေနေ အခက်ချိုးချိုးတွေက များလှတယ်။ ပန်းကောင်း အညွန့်ချိုး ခံရတာမျိုးလည်း ကြားရ ဖတ်ရတယ်။
အပွင့်တွေ အရွက်တွေ ရာသီမဟုတ်ပဲ ကျွေကျကြတာက မျက်စိရှေ့မှာ။ ပွင့်ကျွေတချို့မှာ မြက်ခင်းအခံ မရှိရှာကြပါ။
ရုက္ခစိုးတွေက ဆိုးကြတယ်။
မိခင်တိုင်းပြည် သစ်ပင်ကြီး ဝေဆာ စိုပြေ သီးပွင့်နိုင်လာပါစေသတည်း။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment