အိမ်ရှင်မတွေကို လေးစားပါ
အိမ်ရောက်တော့ စားပွဲမှာ ရုံးသွား ကျောင်းသွားမယ့် သူတွေအတွက် အဆင်သင့် မနက်စာ ပြင်ပေးထား။ သားအတွက် သမီးအတွက် လင်အတွက်။ နောက်ဆုံးမှ ကိုယ့်အတွက်။ ထမင်းဘူးတွေ အတွက် ညက ချက်ပြီး ရေခဲ သေတ္တာထဲ ထည့်ထားတဲ့ ဟင်းတွေ ပြန်နွှေး။
ဟော သူတို့ နိုးလာတဲ့အခါ "အမေ သား မဝဘူး အသုပ်က နည်းတယ် ထပ်စားလို့ ရသေးလား" "အမေ့ မုန့်ဟင်းခါး ယူစားလိုက်" သမီးက "အမေ အမေ့ ပဲကြော်လေး နည်းနည်း ပေးပါလား" "အေး အေး ယူလိုက်" ယောကျာ်းက "မိန်းမရေ ဒီဘောင်းဘီလေး မီးပူ ဖိပေးပါဦး မြန်မြန်လေး"
ထမင်းဘူးတွေ အသီးသီး ထည့်ပေးလိုက်ရတာ ကိုယ့်အတွက် ကတော့ တောင်ပံ ၂ ချောင်းပဲ ကျန်တယ်။ မနက်စာလား။ ကိုယ့်ဝေစုပါ စားသွားကြတယ်။ ကျောင်းသွားမယ့် သူကို ကားမောင်းပို့၊ ဈေးဝင်ဝယ် နေရတာတွေ၊ လူမှုရေးကိစ္စ ဝင်နေရတာတွေ၊ ကားဓာတ်ဆီ ဝင်ထည့်ရတာ၊ လမ်းသင့်လို့ မီတာဘေလ် အင်တာနက်ဘေလ် ဝင်ဆောင်လိုက်ရတာတွေလည်း တခါတရံ ရှိတတ်တယ်ပေါ့။
အိမ်ပြန်ရောက်လို့ နားမယ် ရှိသေး ရေတင်လိုက် ပါဦးမယ်။ ရေတင်နေတုန်း ပန်းကန်တွေ ဆေးရ အဝတ်လျှော်စက် လှည့်ရ အပင်လေးတွေ ရေလောင်းရ။ မပြီးသေးဘူး တံမြက်စည်းလေး လှဲလိုက်ဦးမှ၊ ရေပုလင်းလေးတွေ ရေထည့်လိုက်ဦးမှ။ အဝတ်လျှော်ပြီးသွားတော့ အဝတ်လေးတွေ လှန်းလိုက်ဦးမှ။ ဒီလိုနဲ့ ထမင်းစားချိန် ရောက်သွား Facebook လေး ဟိုကြည့် ဒီကြည့် ကြည့်ရင်း နေ့ခင်းလေး တရေးတမော အိပ်မယ်ကြံသေး အမှိုက် အမှိုက်တဲ့။
ဟော အမှိုက်ထွက်ပစ် ရပြန်ပြီ။ ရေသန့် ရေသန့် တဲ့။ ကုန်နေတဲ့ ရေသန့်ဗူးတွေ လဲဖို့ ထရပြန်ပြီ။ သြော် အဝတ်လေးတွေ ခြောက်သွားပြီ ဆိုတော့ မီးပူလေးက တိုက်လိုက်ဦးလေ တဲ့။ ပြောနေပြန်ပြီ မီးပူတိုက်လို့ မပြီးသေး ကျောင်းကြိုချိန် ပြန်ရောက်လာ။ အမေရေ မိန်းမရေ လို့ သူတို့ ခေါ်လိုက်ရင် အလိုလို နေရင်း ကြောက်လာတာ။ ခိုင်းတော့မယ်လေ။ အမလေး လူတွေ အကုန် ပြန်ရောက်လာ ကြတဲ့ အချိန်မှာ ကိုယ်ဟာ ရေတောင် မချိုးရသေး။ လုပ်ရပြန်ပေါ့ ညစာ။ နောက်နေ့ မနက်အတွက် တခါတည်းချက်။ ဒီလိုနဲ့ ည ၈ နာရီလောက်မှ ရေထချိုး ဘုရားကို ဝတ်ကျေ တန်းကျေလေး ဦးချပြီး သကာလ တီဗွီလေး ဟိုကြည့် ဒီကြည့် ကြည့် ဖဘလေး ဟိုပွတ်ဒီပွတ် ပွတ်ရင်း တနေ့ ကုန်သွားပြန်တယ် မဟုတ်လား။
စိတ်ထဲမှာ လုပ်ချင်နေတာတွေက သူတို့ မရှိတဲ့ အချိန်တော့ ငါ ချုပ်လက်စ အကျီလေး ပြီးအောင် ချုပ်လိုက်ဦးမယ်။ ငါချုပ်တတ်ပါတယ်။ ပန်းချီလေး ဆွဲလိုက်ဦးမယ်။ ငါကြိုက်တာ လေးတွေ လုပ်ချင်သေးတယ်။ ဂစ်တာ ပြန်တီးမယ် ပီယာနို ပြန်တီးမယ်။ သင်တန်း သွားတက်မယ်။ ရေပြန်ကူးချင်တယ်။ စာလေးတပုဒ် ဖတ်လိုက်ချင် သေးတယ်။ တွေးသာ တွေးနေမိတယ် ကိုယ်သိပ်ကြိုက်ခဲ့တဲ့ အလုပ်လေးတွေ ဝါသနာလေးတွေကို အလိုလို စွန့်လွှတ်ပြီးသား ဖြစ်နေလျက်ကနေ ဘယ်တော့မှလည်း ပြန်မလုပ်ဖြစ်တော့ပါဘူး။ ချုပ်မယ် တေးထားတဲ့ အဝတ်စလေးကလည်း စက်ခုံပေါ်မှာ တန်းလန်းပေါ့။ ဂစ်တာလေး ကလည်း အခန်းထောင့်မှာ ကြိုးတွေ ပြတ်လို့ပေါ့။
ဒီလိုပါပဲ ပေးဆပ်ဖို့ကို ကိုယ်တိုင် ကျေနပ်စွာ ရွေးချယ် တည်ဆောက်ထားတဲ့ ဘဝတွေထဲ တနေ့ တနေ့ ကိုယ့်ကိုယ်ကို ပျောက်ဆုံး နေကြသူတွေ ထဲမှာ ရှင်ရော ကျွန်မရော ပါတယ် မဟုတ်လား။ ပြီးတော့ ဒီလူတွေက မှီခိုတွေတဲ့လေ။ မိန်းမတွေဘဝ ကိုယ်ချင်းစာနိုင်ကြပါစေ။ ဒီ post က အတော်အတန် ပြည့်စုံတဲ့ မိသားစုက အိမ်ထောင်ရှင်မ အကြောင်းပါ။ မပြည့်စုံတဲ့ အိမ်ထောင်ရှင်မဆိုရင် ဒီထက်မက များစွာ ပင်ပန်းကြရပါတယ်။ ဘာပဲ ဖြစ်ဖြစ် မိန်းမတွေ ဘဝကို ကိုယ်ချင်းစာကြပါ။ (kakar Love Media)
ကျေးဇူး။ အချက်အလက်သာမက တခါတရံ၊ စာလေးတပုဒ်၊ တနေ့၊ တရေးတမော၊ တခါတည်း၊ ရေးတာလည်း မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။ တခြားသူတွေကတော့ (တ) ရေးပြီးတာနဲ့ ဝဆွဲဘို့သာ အလုပ်ရှုပ်နေကြလေရဲ့။ အိမ်ရှင်မတွေရော၊ အိမ်ရှင်ထီးတွေရော။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment