May Day နိုင်ငံတကာအလုပ်သမားနေ့ အမေရိကမှာ ဘာလို့မကျင်းပသလဲ

နှစ်တိုင်း မေလ (၁) နေ့မှာ ဒပ်ဗလင်ကနေ ဒက္ကား စသဖြင့် ကမ္ဘာ့နိုင်ငံပေါင်းမြောက်များစွာမှာ International Workers Day နိုင်ငံတကာ အလုပ်သမားနေ့ ကျင်းပကြတယ်။ ချီတက်ပွဲတွေ၊ ဆန္ဒထုတ်ဖေါ်ပွဲတွေ၊ အခမ်းအနားတွေ။ တချို့အလုပ်သမားတွေက အနားယူကြတယ်။

ဒါပေမယ့် ဘာလို့ အမေရိကားမှာ မလုပ်ကြသလဲ။ ဝေါဟာရနှစ်လုံးတည်းပါ။ Anarchists မင်းမဲ့နဲ့ Communists ကွန်မြူနစ်ပါလို့ International Business Times မှာ (ကိုးလ် စထရင်ဂလာ) က ရေးသားလိုက်ပါတယ်။ ဒီလို အမေရိကားပျောက်နေတာဟာ အလွန်အဆီအငေါ်မတည့်ပါ။ ဘာလို့လည်းတိုတော့ နိုင်ငံတကာ အလုပ်သမားနေ့ ရယ်လို့ဖြစ်လာစေခဲ့တာက အမေရိကားမှဖြစ်ပါတယ်။ ၁၈၈၆ (သီပေါမင်းပါတော်မူပြီးနောက် ၆ လ) မှာ ချီကာဂို အလုပ်သမားတွေအများကြီးဟာ အလုပ်ခွင်ကနေထွက်ပြီး တနေ့ (၈) နာရီသာအလုပ်လုပ်ခွင့်အတွက် ဆန္ဒပြခဲ့ကြတယ်။ ဒိနောက်မကြာခင်မှာ Haymarket Square (ဟေးမားကက် စကွဲယား) လူစုလူဝေးထဲ ဗုံးခွဲလို့ ၁၁ ယောက်သေပါတယ်။ ရဲ ၇ ယောက်ပါတယ်။ မင်းမဲ့ဝါဒီ (၄) ယောက်ကြိုးပေးခံရတယ်။ သက်သေမခိုင်လုံပါ။

နောက်နှစ်အနည်းငယ်မှာတော့ ဥရောပမှာ အသစ်ဖွဲ့ထားကြတဲ့ ဆိုရှယ်လစ်နဲ့ အလုပ်သမားပါတီတွေကနေ မေလ (၁) ရက်နေ့ကို အလုပ်သမားနေ့ဖြစ်သတ်မှတ်ဖို့ တောင်းဆိုလာကြတယ်။ Haymarket Martyrs ဟေးမားကက် အာဇာနည်များလို့ ဆိုလိုတယ်။ နောက်မှာပိုကျယ်ပြန့်လာတယ်။ ကွန်မြူနစ်တွေသာမက အစိုးရတွေကပါ အလုပ်အားရက်အဖြစ် သတ်မှတ်ပေးလာတော့တယ်။

အမေရိကားမှာတော့ မင်းမဲ့ဝါဒနဲ့ ဆိုရှယ်လစ်ဝါဒကို စိုးရိမ်မှုတွေရှိတယ်။ ၁၈၉၄ မှာ သမတ (ဂရိုဗာ ကလေ့ဖ်လင်း) ကနေ စက်တင်္ဘာ ပထမ တနင်္လာနေ့ကို အလုပ်သမားနေ့လို့သတ်မှတ်ခဲ့တယ်။ တချို့တွေက မေလ (၁) ရက်သာ လုပ်စေချင်ပေမယ့် အမေရိကန်အလုပ်သမားဖက်ဒရေးရှင်းအပါအဝင် တခြားသမဂ္ဂတွေကတော့ မေဒေးကို လက်မခံကြပါ။

နယူးယောက် (အင်ပါယာစတိတ်) ကောလိပ်က ပါမောက္ခ (ဂျက်ကော့ ရီးမီးစ်) ကပြောတာက သူတို့တတွေဟာ ပိုကျယ်ပြန့်တဲ့ နိုင်ငံတကာလှုပ်ရှားမှုကြီးထဲမှာပါတယ်လို့ မမြင်စေချင်ကြဘူး။ သူတို့က ကျွမ်းကျင်သူလူဖြူတွေဖြစ်တယ်။ အစဉ်အလာစွဲကြီးတယ်။ သူတို့ရဲ့ ယူနီယန်အယူအဆက ပြုပြင်ရေးဆန်တယ်။

မေဒေးကို မကျင်းပယုံသာမကပါ။ အာဏာပိုင်တွေက လက်ဝဲအစွန်းရောက်မှုနဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးပုံစံမျိုး အသွင် ရောက်အောင်ကြိုးစားကြတယ်။ ၁၉၅၅ ခု စစ်အေးကာလ ထိပ်ပိုင်းရောက်နေချိန်မှာ ကွန်ဂရက်ကနေ မေလ (၁) ရက်ကို Loyalty Day သစ္စာခံနေ့အဖြစ်သတ်မှတ်ဖို့ သမတအိုင်ဆင်ဟောင်ဝါဆီကို ဘီလ် ချမှတ်ပေးခဲ့တယ်။ ၃ နှစ်နေတော့ ဥပဒေဖြစ်လာခဲ့တယ်။ ဆိုဗီယက်ယူနီယံဆန့်ကျင်ရေး လုပ်နည်းတခု ဖြစ်တယ်။

၂၀၀၆ တုန်းက ပြည်ပကနေအခြေချနေထိုင်သူအများစု ရာထောင်ပေါင်းများစွာကနေ လူဝင်မှုဥပဒေကို ဆန့်ကျင် ကန့်ကွက်ပွဲကို မေလ (၁) ရက်လုပ်ခဲ့ကြတယ်။ လွန်ခဲ့တဲ့ (၃) နှစ်ကလည်း Occupy movement လှုပ်ရှားမှု လုပ်ခဲ့တယ်။ ဒီနှစ်မှာတော့ အုတ်ကလင်းသင်္ဘောကျင်းအလုပ်သမားတွေက လက်ရှိဖြစ်နေတဲ့ ရဲတပ်ဖွဲ့ရက်စက်မှုကို ကန့်ကွက်ပြီး အလုပ်မလုပ်ပဲ အချိန်တိုဆန္ဒထုတ်ဖေါ်ခဲ့ကြတယ်။ အမေရိကန်သမတတွေကတော့ Loyalty Day နဲ့ Law Day နေ့တွေကို နှစ်စဉ်လက်မှတ်ရေးထိုးနေကြပါတယ်။

ဒေါက်တာတင့်ဆွေ

၃၀-၄-၂၀၁၅

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Colorectal cancer အူမကြီး ကင်ဆာ