ဗဟိန်း (သို့မဟုတ်) ကဗျာ

(ဒဂုန်တာရာ)

အကယ်၍ ကိုဘဟိန်းသည် နိုင်ငံရေးသမားမဖြစ်လျှင် ဧကန်စာရေးဆရာတယောက်ဖြစ်မည်ဟု ကျွန်တော်ထင်သည်။
သူသည် စာပေကိုလည်း အင်မတန် ဝါသနာပါသည်။ ကားလ်မတ်စ်၏ ကွန်မြူနစ်စာပေကိုသာမဟုတ်၊ အနုစာပေ စသည်ကိုလည်း ဖတ်သူဖြစ်သည်။ ရုရှားစာရေးဆရာကြီး ဂေါ်ကီကို သူ အတော်ကြိုက်သည်။
တခါက သူသည် နွေရာသီ ကျောင်းပိတ်ရက်အတွင်း၌ တက္ကသိုလ်သမဂ္ဂတွင်ရှိစဉ် ဂေါ်ကီ၏ ဝတ္ထုတိုတပုဒ်ကို မြန်မာလို ဆီလျော်အောင်ဘာသာပြန်ဖူးသည်။ သူသည် ကျွန်တော်ရှေ့တွင်ပင် ဝတ္ထုတိုကို ရေးပေသည်။
သူ၏ဝတ္ထုသည် ထိုအခါက နာမည်ထွက်စ ပြုလျက်ရှိသော လက်ရွေးစင် မဂ္ဂဇင်းတွင် ပါစေသည်။ (လက်ရွေးစင် မဂ္ဂဇင်းကို စတင်တည်ထောင်သူ အယ်ဒီတာမှာ ဂျာနယ်ကျော်တွင် မကြာခဏ ရေးလေ့ရှိသော ကွန်လွန်သူ အဆန်းဆရာကြီးဖြစ်သည်။) ကိုဘဟိန်းရေးသော ဝတ္ထုတို၏အမည်မှာ ‘လေလွင့်သူ’ဖြစ်၍ ပစ္စည်းမဲ့အချင်းချင်း ဆင်းရဲသောဘဝအကွေ့၌ တွေ့ဆုံကာ ရင်းနှီးခင်မင်ပုံ သဘာဝကို ပြထားသောငတ်မွတ်ခြင်း ဘွဲ့တပုဒ်ဖြစ်ပေသည်။
ဒဂုန်မဂ္ဂဇင်းတွင် ပါဝင်သော သူ၏ ‘ဘဝခရီး’အမည်ရှိ ဝတ္ထုတိုကား ဝတ္ထုတိုဂုဏ်နှင့် ကြွယ်ဝပြည့်စုံလှသည်။ ကုလား-ဗမာ အဓိကရုဏ်းကို နောက်ကားခံကာ ဆင်းရဲမွဲတေသော ပန်းချီဆရာ သူငယ်ချင်းနှစ်ယောက်၏ မေတ္တာနှင့် ငတ်မွတ်ခြင်းအကြောင်းကို ပေါင်းစပ်ကာ ရေးသားထားသည်။ သည်အထဲတွင် အရင်းရှင်စနစ်၏ စာရိတ္တကိုလည်း သိမ်မွေ့စွာ ထည့်သွင်းထားသေးသည်။
ထွန်းအေးစာအုပ် ဖြန့်ချိရေးဌာနမှ ထုတ်ဝေသော ‘ဓနရှင်လောက’ကား ထင်ရှားပေသည်။ ‘ဓနရှင်လောက’သည် ကွန်မြူနစ်ဝါဒကို မျိုးစေ့ချပေးသော သစ်စေ့ကောင်းတစေ့ဖြစ်သည်။ ရှင်းလင်းပြတ်သား၍လှပသည်။ ဤစာအုပ်တွင် ကိုဘဟိန်းသည် အရေးအသား နိုင်နင်းကျွမ်းကျင်ကြောင်း ဖော်ကြွားထားပေ၏။ သူသည် စာရေးကောင်းသူတယောက်ဖြစ်သည်။
အင်္ဂလိပ်ပြေးခါနီး သူ ထောင်မကျခင်က ချားလ်ဒစ်ကင်း၏ နာမည်ကျော် ‘မျှော်တလင့်လင့်’ဝတ္ထုကြီးကို ‘လူ့အလို’အမည်ဖြင့် ရေးဖူးသည်။ သို့သော် တိုင်းပြည်ပျက်ခိုက်နှင့် ကြုံသဖြင့် စာမျက်နှာ ၆၀ကျော်သာ ပုံနှိပ်ပြီးစီးရသေးသည်။ အကယ်၍ သည်ဝတ္ထုသာ ထွက်လာလျှင် မြန်မာစာပေလောကတွင် ကျော်စောထင်ရှားဦးမည့် ဝတ္ထုကောင်းတပုဒ်ဖြစ်ပေမည်။ သူသည် နိုင်ငံရေးကိစ္စများဖြင့် အလုပ်ရှုပ်နေလေရာ တဖောင်ရိုက်နေစဉ် နောက်တဖောင်ဆက်စီနိုင်ရန် ပန်းဆိုးတန်းရှိ ထွန်းအေး စာအုပ်ဖြန့်ချိရေးဌာန အလုပ်ခန်းတွင်ထိုင်ကာ ရေးပေးသောဝတ္ထုဖြစ်သည်။ သူ့မှာ ဝတ္ထုရေးဆရာကြီးတယောက် ဖြစ်နိုင်သော လက္ခဏာတွေ အများကြီးရှိသည်။ သို့သော် မြန်မာပြည်ကို လွတ်လပ်ချင်သောစိတ်၊ ဆိုရှယ်လစ်နိုင်ငံတော် တည်ထောင်လိုသောစိတ်က ပြင်းထန်လွန်းလှသဖြင့်သာ ကျောင်းသားဘဝကတည်းကပင် ထောင်ကျ ဆင်းရဲ အနစ်နာခံကာ နိုင်ငံရေးသမား ဖြစ်လာရခြင်း ဖြစ်ပေသည်။
ကိုဘဟိန်းကို သူ့မိဘများက ကြေးမုံသဖွယ် အရိပ်တကြည့်ကြည့်နေအောင် ချစ်၏။ သူ ရန်ကုန်တက္ကသိုလ်သို့ လာနေသောအခါ မိဘများက သူ၏သေတ္တာကို ချိတ်လုံချည်၊ မန္တလေးပိုးလုံချည်၊ ပိုးအင်္ကျီများဖြင့် ကြပ်နေအောင် သိပ်ပေးခဲ့၏။ ကိုဘဟိန်းမှာ သပ်သပ်ရပ်ရပ်နေတတ်၏။
ရှမ်းပြည်အသွားတွင် ကျွန်တော်သည် လက်ဆည်ကန်ရှိ ကိုဘဟိန်း၏မိဘများအိမ်တွင် ရက်သတ္တတပတ်ခန့် တည်းခိုရလေသည်။ ထိုအခါက သူ၏ဖခင် ဦးမှင်သည် သူ့ကိုစကားမပြော၊ မခေါ်ဘဲ နေသောအခိုက်ဖြစ်၏။ သို့သော် ရှမ်းပြည်တွင် လည်ပတ်သောအခါ အချမ်းလုံအောင်ဆို၍ သားအတွက် ရှူးဖိနပ်ကို ကိုယ်တိုင် ဆေးသုတ်ပေရှာ၏။ ဤမျှ သားကို ယုယ၏။
တည ကျွန်တော်တို့ရှိစဉ် သခင်အောင်ဆန်းသည် မန္တလေးသို့ နိုင်ငံရေးကိစ္စနှင့် လာခိုက်ဖြစ်၍ ကိုဘဟိန်းထံသို့ အလည်လာ၏။ ကိုဘဟိန်း အပြင်သို့ ထွက်နေသဖြင့် သခင်အောင်ဆန်းသည် ဦးမှင်နှင့် စကားပြောလျက်ရှိ၏။ ကိုဘဟိန်းအကြောင်း ရောက်သွားသောအခါ ဖခင် ဦးမှင်က “ သူ့ကို ကျုပ်တို့က ဘယ်လောက် အရိပ်တကြည့်ကြည့်နဲ့ ချစ်ရပေမဲ့ သူက မိဘကို နိုင်ငံရေးလောက် ချစ်တာမဟုတ်ဘူး”ဟု ပြောလေသည်။
သခင်အောင်ဆန်း နှုတ်ဆက်၍ ပြန်သွားသောအခါ ဦးမှင်သည် ကျွန်တော့်ဘက်လှည့်၍ “ကိုအောင်ဆန်းနဲ့ ဘဟိန်းဟာ အတူတူပဲ။ သူတို့က နိုင်ငံရေးကို မိဘထက် အပုံကြီးချစ်တယ်”ဟု ပြောလေသည်။
မိခင်နှင့်အစ်မများကလည်း သူ့ကို “ကိုဘဟိန်း….ကိုဘဟိန်း”နှင့် ပါးစပ်ဖျားလေးတွင်။ ကိုဘဟိန်းသည် သူ့မိခင်၏ပေါင်ကို ခေါင်းအုံးကာ မိခင်၏ ယုယစွာ ဆံပင်သပ်ပေးခြင်းကို ကျေနပ်စွာ ခံလျကိရှိ၏။ အစ်မလုပ်သူများက ဘေးတွင်ထိုင်ကာ စကားပြောလျက်ရှိကြသည်။
မိဘများက သူ့ကို ဘယ်လောက်ပင်ချစ်ချစ်၊ သူသည် နိုင်ငံရေးအတွက် အတွယ်အတာများကို စွန့်ပယ်ကာ မိဘ၏ အေးချမ်းရိပ်ငြိမ်သောအရိပ်တွင် မနေနိုင်ဘဲ ကြမ်းတမ်းခက်တရော်၍ မာကျောလှသော အကျဉ်းထောင် နံရံလေးဖက်အတွင်း၌သာ ဆင်းရဲခြင်းဒုက္ခကို တွေ့ကြုံလေသည်။
သူသည် အဝတ်အစားကို သပ်သပ်ရပ် ဝတ်ဆင်တတ်၏။ သန့်ရှင်းစွာ နေတတ်၏။ ဘန်ကောက်လုံချည် အပြာကို ကြိုက်၏။ ဂီတကို ချစ်၏။ သူ့အား အဝေးကကြည့်လိုက်လျှင် ပေါ်လွင်၍ ကျက်သရေဖြင့် ရွှန်းရွှန်းမြသော သူ၏အပြုံးကို ကြာပန်းမှ ဝတ်ဆံဖွင့်လှပ် တင့်ကြွားလိုက်သလို မြင်ရ၏။ သူ၏ရုပ်သည် ယဉ်ကျေးသိမ်မွေ့သော လူလတ်တန်းစားဟန် အသွင်ဖြစ်၏။ သို့သော် ကျောင်းသားဘဝကတည်းက မကွေးထောင်၊ အင်းစိန်ထောင်တို့တွင် နေရ၏။ တိုက်ပိတ်ခံရ၏။ အင်္ဂလိပ်ပြေးခါနီး အဖမ်းခံရ၍ ထောင်အမျိုးမျိုး ပြောင်းကာ ဒုက္ခကို တွေ့ကြုံ၏။ ဆင်းရဲခြင်းနှင့် နပန်းလုံး၏။
ရှမ်းကုန်းမြေမြင့်ဒေသကား လွင်ပြင်ထက်မှာထက် စော၍နေဝင်သည်။ နေဝင်သော်လည်း အမှောင်ထုသည် မင်းမမူ။ လသည် ငြိမ့်ငြိမ့်ကြီးထွက်လာပေတော့သည်။
ငွေလရောင်သည် တောနှင့်တောင်ကို ပွေ့ဖက်ကာ မြှူလိုက်လေသည်။ တဖက်တွင် မှိုင်းညို့သော သစ်တောနှင့် စောက်မတ်သော မြေထရံကြီး။ တဖက်တွင် ရေတံခွန်တို့ဖြင့် ပြွမ်းသော တသွင်သွင်စီးဆင်းနေသော ဒုဌဝတီမြစ်။
မြစ်ကမ်းဘေးရှိသစ်ပင်တို့သည် ငွေသရဖူ၊ ငွေမကိုဋ်ကို ဆောင်းကာ သူတို့၏အလှကို ဝင့်ကြွားလိုက်သည်။ မြစ်ယံမှ ရေတံခွန်တို့သည် ငွေလရောင်ဦးဝယ် တလက်လက် ကွန့်မြူး၍နေသည်။ လားရှိုးသို့တက်သော မီးရထားသည် မန်ဆန်ဘူတာရုံကို ကျော်လေပြီ။
ကိုဘဟိန်းသည် ငွေလရောင်၏အလှတွင် ယစ်မူးကာ မေရှင်၏ ကျောင်းပိတ်ရက်သီချင်းကို တအေးအေး ညည်းလျက်ရှိလေသည်။
ရေတံခွန်သွယ်ဖြာစီးလို့ရယ်..
တောင်ခြေနှင်း မြူတွေဝိုင်းတယ်။ အလျှိုလျှို တောင်ညိုတန်းလို့ကွယ်...ပျိုပျို လွမ်းပါလှတယ်...
ရှမ်းပြည်သို့ လည်ပတ်စဉ်က ကိုဘဟိန်းနှင့် ကျွန်တော်တို့တွင် နောက်ခံ နိုင်ငံရေး ရည်ရွယ်ချက်ရှိကြသည်။ အကယ်လမ်းပန်း သာမည်ဆိုလျှင် နယ်ခြားကို ဖြတ်သန်း၍ တရုတ်-ဗမာ လမ်းမကြီးတ လျှောက် တရုတ်ပြည်တွင်းသို့ သွားရန်ဖြစ်၏။ တရုတ်ပြည်သို့ ရောက်မိ လျှင် နိုင်ငံခြားအဆက်အသွယ် ရနိုင်မည်ဖြစ်၏။ သို့သော် အကြောင်း မသင့်သဖြင့် သိန္နီသို့ ရောက်သောအခါ ရှမ်းပြည်ပုဒ်မ ၁၀ ကြောင့် ဆက်မသွားနိုင်တော့ဘဲ ပြန်ခဲ့ရ၏။
လွယ်ယိုးသည် ငွေလရောင်နှင့် မှောင်ရိပ်ကြားဝယ် ငြိမ်ဝပ်စွာ ရှိ သည်။ ယူနန်-မြန်မာလမ်းမကြီးသည် ငွေပြာဖဲပြားကို ဖြန့်ထားလေ၏။ တရုတ်ပြည်သို့ သွားကြသော မော်တော်ကားတန်းကြီးသည် လမ်း ဘေးတွင် အိပ်စက်လျက်ရှိ၏။ မလှမ်းမကမ်းတွင်ကား ဒမ်းစတေရှင် ခေါ်သော လက်နက်ရုံကြီးသည် ကုန်းမြင့်အစွန်းဝယ် ပေါ်နေ၏။ တဖက်တွင်ကား မှိုင်းညို့သော လားရှိုး လေယာဉ်ပျံကွင်းကြီးသည် ငွေလရောင်ဝယ် ဝမ်းလျားမှောက်၍နေသည်တောတောင်ရေမြေသာမဟုတ်၊ လေသည်လည်း ငွေရောင်ဖြင့် ပြွမ်းသည်။ ကိုဘဟိန်းနှင့် ကျွန်တော်သည် ယူနန်-မြန်မာ လမ်းမကြီးပေါ် တွင် လမ်းလျှောက်၍နေကြစဉ် သူက စတင်၍ “လသာတယ်ဗျာ၊ တယ်ပြီး ကြည်နူးစရာကောင်းတာပဲ။ ဒီငွေလရောင်က ကျွန်တော့်ရဲ့ အတွင်းစိတ်တခုကို ထကြွရွှင်လန်းအောင် လှုံ့ဆော်ပေးနေတယ်”
ကျွန်တော်က သူသည် ရန်ကုန်တွင်ရှိရစ်သော မခင်ကြီးကို တမ်းတလွမ်းဆွတ်လိမ့်မည်ဟု အောက်မေ့လျက်ရှိသည်“ကဲ... ဆိုစမ်းပါဦး” ဟု ကျွန်တော်က ပြုံးကာ ဝင်ထောက်၏။
“အဲဒီတော့၊ ဒီလို ငွေလရောင် မြူးခိုက်မှာ စိတ်ဟာ ကြည်လင် ရွှင်လန်းပြီး၊ လီနင်ရေးတဲ့ နိုင်ငံတော်အစိုးရနှင့် တော်လှန်ရေးအကြောင်း ကို ဆွေးနွေးရအောင်...
ကျွန်တော်ထင်သည်မှာ တက်တက်စင် လွဲလေပြီ၊ လသာသဖြင့် သူယုံကြည်သော ကွန်မြူနစ်ဝါဒကို ပြောချင်သည်။ ကျွန်တော်လည်း စိတ်မပါလှ၍ သူ၏ လီနင်ဝါဒများကို နားထောင်၍ နေရလေသည်။ ကိုဘဟိန်း၏ ရုပ်ဝါဒတရားသည် လှပတင့်ထူးသော ငွေလရောင်ဝယ် ပျံ့လွင့်ကာ ပဲ့တင်ထပ်လျက် ရှိလေသည်။
ကျွန်တော်ကား နိုင်ငံရေးသမား မဟုတ်၊ ကွန်မြူနစ်လည်း မဟုတ်၊ သို့သော် ကိုဘဟိန်းနှင့် ကျွန်တော့်ကို မေတ္တာကြိုးသွယ်၍ထား၏။ တခါက သူ၏ဓာတ်ပုံကို ကျွန်တော့်အား အထိမ်းအမှတ်လက်ဆောင် ပေးသောအခါ ဓာတ်ပုံ၏ နောက်ကျော၌ “ကိုယ်တို့နှစ်ဦး၏ တွယ်တာချစ်ခင်ခြင်းသည် ဂဟေဆက်စေသတည်း” ဟု စာထိုးလိုက်၏။ တခုသွား၍ သတိရ၏။ ဂျပန်ခေတ်က နိုင်ငံခြားရေးဌာနသည် အင်းလျားကန်စွန်းရှိ ‘အိမ်ဖြူ’တွင် ရုံးလုပ်ထား၏။ ကိုဘဟိန်းသည် နိုင်ငံခြားရေး ဒုတိယအတွင်းဝန် ဖြစ်နေ၏။ ကျွန်တော်သည် ရန်ကုန်သို့ ခေတ္တလာလည်စဉ် နေ့တိုင်း သူ၏ရုံးခန်းတွင် အချိန်ဖြုန်း၏။ သူသည် အက်ဂါစနိုးရေးသော တရုတ်ပြည်ပေါ်က ကြယ်နီ” စာအုပ်ကို ဖတ် လျက်ရှိသည်။
ကျွန်တော်မှာ ရန်ကုန်သို့ နှစ်ရက်၊ သုံးရက်ဆိုပြီး တောမှအလာ သုံးလခန့်ကြာပြီး သောင်တင်လျက်ရှိရာ လဲစရာ လုံချည်ပိုမရှိ၊ ဘန် ကောက်လုံချည် အပြာတထည်ကိုသာ မချွတ်တမ်း ဝတ်နေရ၏။ သို့ ဖြစ်ရာ ကိုဘဟိန်း ဝတ်ထားသော မန္တလေးလုံချည် အစိမ်းနှင့်လဲရန် အတင်းပူဆာ၏။
ကျွန်တော်တို့သည် သူ၏ နိုင်ငံခြားရေးဌာန အတွင်းဝန်ရုံးမန်း တံခါးကိုပိတ်ကာ ဘောင်းဘီတိုကလေးတွေနှင့် တယောက်လုံချည် တယောက်လဲကြ၏။ ပြီးလျှင် နှစ်ယောက်သား အူတက်မတတ် ရယ် မောလျက် ရှိကြလေသည်။ သည်အကြောင်းကို မခင်ကြီးအား ပြောပြ သောအခါ “ရှင်တို့ဟာ ကလေးတွေလိုပဲနော်၊ အရှက်လည်းမရှိဘူး ဟု ရယ်ကာ ကြိမ်း၏။
သူကား ကျွန်တော့်ကို အခွင့်သင့်တိုင်း နိုင်ငံရေးလောကသို့ သွေး ဆောင်၏။ အင်္ဂလိပ်ကို တော်လှန်ခါနီးက တို့ဗမာအစည်းအရုံးဝင်ရန် ဖြားယောင်း၏။ နောက် ကွန်မြူနစ်ဖြစ်သောအခါ သူ ဥက္ကဋ္ဌလုပ်သော အလုပ်သမားသမဂ္ဂတွင် ပါဝင်ရန် တိုက်တွန်း၏။ သို့သော် ကျွန်တော် ကား နိုင်ငံရေးသမားမဖြစ်။ စာပေလောကတွင်သာ မွေ့လျော်၏။
ကဗျာကိုတွေ့လျှင် လူတွေချစ်သလို၊ ကိုဘဟိန်းကိုလည်း မိ လျှင် မချစ်ဘဲ မနေနိုင်။ သူ၏အပြုံးသည် အင်မတန် ချစ်ဖွယ်ကောင်၊ သည်။ အပြုံးမှာ ကဗျာလေးတပုဒ်နှင့် တူနေ၏။ အင်္ဂလိပ်စာ ပါမောက္ခ ရုက်စ်ကပင် ကိုဘဟိန်းအား “နှစ်လိုဖွယ်ကောင်းသော သူငယ်ပဲ" ဟု ပြော၏။ ဒါကြောင့် သူ့ကို “ကဗျာ”ဟု ကျွန်တော်က ခေါ်၏။ ကျွန်တော့် အထင်ဖြင့် သူ့အမူအရာ၊ သူ့အပြုံးကလေးများသည် ကဗျာဆန်လှ၏။
ကိုဘဟိန်းက ကျွန်တော့်ကို နိုင်ငံရေးသမားဖြစ်စေချင်၏။ သို့သော် မဖြစ်။ ကျွန်တော်က ကိုဘဟိန်းကို စာရေးဆရာ ဖြစ်စေချင်၏။ သို့ သော် မဖြစ်။
ကိုဘဟိန်း မကျန်းမာ၍ မန္တလေးတွင် ဆေးကုလျက်ရှိစဉ်၊ တနေ့သ၌ သုဓမ္မဝတီ ပုံနှိပ်တိုက်တွင် သခင်ဘကိုးနှင့် သွားတွေ့ ၏။ “ဘယ့်နှယ်လဲ၊ ကိုဘဟိန်း ဘယ်လိုနေသေးသလဲ” ဟု ကျွန်တော် က မေး၏။
“ဒီလိုပဲ.. ရောဂါက တန်းနေတာပဲဗျာ။ မန္တလေးဆေးရုံမှာ တက်နေတယ်။ ခင်ဗျားတောင် ကိုဘဟိန်းက မေးလိုက်တယ်”
နောက် ၁၀ ရက်ခန့်ကြာသောအခါ ကျွန်တော်လည်း နေမကောင်း ၍ အိပ်ရာထဲတွင် မှိန်းနေစဉ် တည၌ သမာဓိသတင်းစာတိုက်မှ မိတ် ဆွေ အယ်ဒီတာတဦးက “ကိုဘဟိန်းတယောက် မန္တလေးဆေးရုံမှာ ဆုံးပြီ” ဟု လာရောက်ပြော၏။ ကျွန်တော်သည် အံ့အားသင့်ကာ ထိတ် လန့်တုန်လှုပ်သွားသည်။
ကိုဘဟိန်း... ကိုဘဟိန်း၊ ချစ်လှစွာသော သူငယ်ချင်း ကိုဘဟိန်း ကား မရှိတော့ပြီ။ (ဒဂုန်တာရာ)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ