အာဒိကပ္ပ (မောင်ထင်)
လွန်ခဲ့တဲ့၆၂ နှစ်၊ ၁၉၅၂ -ခု၊ ဇွန်လကနေ အောက်တိုဘာလအထိ စာပေဗိမာန်မဂ္ဂဇင်းနဲ့ ရှုမဝမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့စာမူငါးပုဒ်ကိုစုစည်းပြီး စာအုပ်အဖြစ် ပထမအကြိမ်ပုံနှိပ်ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပါတယ်။
အာဒိကပ္ပ (စာပေဗိမာန် မဂ္ဂဇင်း။ အတွဲ - ၁၊ အမှတ် - ၁၊ ၁၉၅၂ - ခု ဇွန်လ)
အာဒိကပ္ပမင်းတရားထွက်စေဗျား (စာပေဗိမာန် မဂ္ဂဇင်း၊ အတွဲ - ၁၊ အမှတ် - ၂၊ ၁၉၅၂ - ခု၊ ဇူလိုင်လ)
အာဒိကပ္ပဒေသရာဇာ (ရှုမဝမဂ္ဂဇင်း။ အတွဲ - ၆၊ အမှတ် ၆၃၊ ၁၉၅၂ -ခု၊ သြဂုတ်လ)
အာဒိကပ္ပဓနရာဇာ (ရှုမဝမဂ္ဂဇင်း။ အတွဲ - ၆၊ အမှတ် ၆၄၊ ၁၉၅၂ -ခု၊ စက်တင်ဘာလ)
အာဒိကပ္ပလူထုရာဇာ (အတွဲ - ၆၊ အမှတ် ၆၅၊ ၁၉၅၂ -ခု၊ အောက်တိုဘာလ) စာမူတို့ ဖြစ်ပါတယ်။
အာဒိကပ္ပ စာမူကိုလုံးချင်းအဖြစ်နဲ့ထုတ်ဝေဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။ ခေတ်ကာလအခြေအနေကြောင့်နှစ်ပေါင်း ၆၀ -ကျော်မှလုံးချင်းအဖြစ်ထုတ်ဝေနိုင်ခဲ့ပါတယ်။
အာဒိကပ္ပစာမူကို၁၉၉၈ခုနှစ်ကတည်းကထုတ်ဝေဖို့ စိုင်းပြင်းခဲ့ပါတယ်။ အဲဒီအချိန်မှာဆရာကြီးနတ်မောက်ဘုန်းကျော်သက်ရှိထင်ရှားရှိစဉ်အခါလည်းဖြစ်ပါတယ်။
အာဒိကပ္ပစာမူနဲ့ပက်သက်ပြီး ဆရာကြီးနတ်မောက်ဘုန်းကျော်က အဖေ့ဆီကိုစာ တစောင် ရေးပို့ဖူးပါတယ်။ ၁၉၉၈-ခုနှစ်၊ မေလ ၃ ရက်နေ့နေ့စွဲနဲ့စာမှာ-
ဆရာကြီး ဦးထင်ဖတ် သို့
လေးစားစွာဖြင့်စာပြန်ကြားပါသည်ဆရာထင်ခင်ဗျား။ ဆရာ၏ပေးစာကို ရပါတယ်။ (အာဒိကပ္ပ)ကို ကျွန်တော်ခေါင်းထဲ အမြဲထည့်ထားပါတယ်။ ကျွန်တော်အလေးစားဆုံး အခင်မင်ဆုံးစာရေးဆရာကြီးနှစ်ဦးရှိပါတယ်။ သခင်ဘသောင်းနဲ့ ဆရာကြီးမောင်ထင်တို့ပါ။ သခင်ဘသောင်းရဲ့“ ငါပြောမယ်ရွှေရှင်ဘုရင်ရဲ့့့့ ”နဲ့ဆရာကြီးမောင်ထင်ရဲ့ “ အာဒိကပ္ပ ” ဒီစာမူ နှစ်ခုကိုစာဖတ်ပရိတ်သတ် လက်ထဲရောက်ရှိအောင်ပို့ပေးဖို့စိတ်ကူးထားတာကြာပါပြီ။
Swift တို့ JohnBunyan တို့ Nietzsche တို့ထက်မသာချင်သာရှိမယ်။ အဲဒီစာတွေSatire တွေထက်အောက်မကျဘူးလို့ကျွန်တော်ခံယူထားပါတယ်။
တခုတော့ရှိပါတယ်။
နိုင်ငံတော်ကြီးမှာ မီးနတ်သား။ ရေနတ်သား။ စည်ပင်သာယာက အမှိုက်ခွန်နတ်သား၊ မြို့နယ်ရပ်ကွက်ပေါင်းစုံနတ်တွေ့ နိုင်ငံတရိုးမှာ ပိုင်စံစိုးနေတဲ့ အရှင်ကြီး၊ အရှင်ကလေး နတ်ကောင်းနတ်ဆိုးအမျိုးမျိုးကိုအာဒိကပ္ပထဲထည့်ပြီး ရေးသားပူဇော် ကန်တော့လိုက်ရရင် အတိုင်းထက်အလွန်တံခွန်နဲ့ဘုရားသိပ်ပနံစားမှာပါဗျာ။ ကျန်းမာရေးထိခိုက်မယ်ထင်ရင်တော့ မရေးဘူးပေါ့ ဆိုပြီး ၁၉၉၈ ခုနှစ်မှာစာကလေး တစောင်ရေးပို့ခဲ့ဖူးပါတယ်။
အာဒိကပ္ပကိုထုတ်ဝေနိုင်ဖို့ ဆရာကြီး နတ်မောက်ဘုန်းကျော်ကအကူအညီပေးခဲ့တဲ့စာဖြစ်ပါတယ်။
အခြေအနေအချိန်ကာလကိုစောင့်စားရင်းနဲ့ပဲ အဖေရော၊ ဆရာကြီးနတ်မောက်ဘုန်းကျော်ပါ ကွယ်လွန်ခဲ့ပြီးနောက် အချိန်တော်တော်နှောင်းပြီးမှ ထုတ်ဝေနိုင်ခဲ့ပါတယ်။ အခုစာအုပ်မျိုး လူထုလက်ထဲရောက်ဖို့အချိန်တန်တဲ့ အချိန်မှာ တာဝန်သိသိစိတ်စေတနာပြည့်ပြည့်နဲ့ စာအုပ်အဖြစ် ဖြစ်မြောက်လာအောင် ကူညီစီစဉ်ဆောင်ရွက်ပေးလိုက်တဲ့ ဦးကျော်ဦး (ပါရမီစာပေ) ရဲ့ကျေးဇူးကို အထူးပဲ အလေးထားမိပါတယ်။ ယခင့်ယခင်ကအာဒိကပ္ပစာမူတွေကို စာအုပ်အဖြစ်ထုတ်ဝေို့ စိတ်ကူးရခဲ့တဲ့သူတွေနဲ့တကွကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာကြီးနတ်မောက်ဘုန်းကျော်ဖြစ်တဲ့ ဆရာကြီး နတ်မောက် ဘုန်းကျော်ကျေးဇူးကိုလည်း ဒီစာအုပ် ပထမအကြိမ် စီစဉ်လိုက်ချိန်မှာ တလေးတစား သတိတရနဲ့ မှတ်တမ်းတင်အပ်ပါတယ်။
နိဒါန်း
နိဒါန်းဟူသည်မှာစာရေးသူကမိမိသိစေလိုသောအဓိပ္ပာယ်ကို စာဖတ်သူနားလည်စေရန် အောင်သွယ်ပေးသော စကားချီးဖြစ်သည်။ အများနားလည်လွယ်သာသော စာကိုယ်အတွက်နိဒါန်းလိုမည်မဟုတ်။ သို့ရာတွင် ယေဘုယျကိုပြောနေစဉ်ဝိသေသကို ထုတ်ပြရန်လိုအပ်သော်။ စာဖတ်သူနားရှင်းအောင်နိဒါန်းကို စကားဦး သန်း၍ရေးကြသည်မှာစာရေးဆရာတို့၏ထုံးစံကဲ့သို့ဖြစ်သည်။ ဤထုံစံအတိုင်းဤဒါန်းကိုရေးပါသည်။ နိဒါန်းစကားတနန်ရှည်သည်ဟုထင်လျှင်စေတနာအရင်းခံကို သိလာကြပါလိမ့်မည်။
ဤအာဒိကပ္ပအကြောင်းကို စဉ်းစားမိသောအချိန်မှာ မြန်မာတိုင်းရင်းသားအားလုံး လွတ်လပ်ရေး အောင်ပွဲကိုကျင်းပရန် တာစူနေကြသော အချိန်ဖြစ်သည်။ မြန်မာတို့သည် ကိုယ့်နိုင်ငံကိုယ့်လူမျိုး ကိုယ့်ရာဇဝင်နဲ့ကိုယ် နှစ်ပေါင်းရာထောင်စည်းရုံးညိညွတ်စွာနေထိုင်ခဲ့ကြရာမှ၊ ဗြိတိသျှနယ်ချဲ့တို့ကြောင့် ၁၈၂၅ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ ကျွန်ုပ်တို့ကျွန်တွင်းနစ်ခဲ့သည်မှာနှစ်ပေါင်း၁၂၃ နှစ်ဖြစ်သည်။ ကျွန်ုပ်တို့တိုင်းရင်းသားအပေါင်းတို့ကို ကျွန်တွင်းမှ လွတ်မြောက်အောင်ကြိုးပမ်း၍ လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံကို တည်ထောင်ကြသည်မှာ ကမ္ဘာဦးလူတို့လောကကို စတင်တည်ထောင်သည်နှင့် အလားသဏ္ဍာန်တူသည်ဟု ကျွန်တော့်စိတ်ထင်မြင်မိပါသည်။
မြန်မာစာပေကျမ်းဂန်တို့တွင် အာဒိကပ္ပကျမ်းဟူ၍ရှိသည်။ အာဒိကပ္ပဆိုသည်မှာ ကပ်ကမ္ဘာ၏အစဖြစ်သည်။ ထိုကျမ်းတွင်ကမ္ဘကြီးစတင်ဖြစ်ပေါ်ပုံ၊ ကမ္ဘာဦးလူတို့လူ့ဘောင်ကိုတည်ဆောက်ပုံစသည်တို့ကို ဖော်ပြထားသည်။ ယင်းကဲ့သို့ကမာ္ဘဦးလူတို့ လူ့ဘောင်ကိုတည်ဆောက်ကြသည့်အခါ၊ ကမ္ဘာအစ၌ ဖြစ်ခဲ့တည်ခဲ့ပျက်ခဲ့သောနိုင်ငံရေးသင်္ခါရဓမ္မတို့ကို ရှေးလူတို့တွေ့ကြုံခံစားရဘိသကဲ့သို့ လွတ်လပ်ရေးခေတ်ဦးမြန်မာတို့သည်လည်း တွေ့ကြုံခံစားကြရသည်။
ကမ္ဘာဦး၌ သက်ရှိရုပ်ကိုအားပေးသောမြေဆီလွှာမြေသြဇာတို့သည် တကမ္ဘာလုံးကိုဖုံးလွှမ်းနေသည်။ သက်ရှိတို့တွင် လူသားသည်အရေးအကြီးအဆုံးဖြစ်၏။ ရှေးဦးစွာလူအမှူးရှိသော သတ္တဝါအမျိုးမျိုးတို့သည် အလိုလိုဖြစ်ထွန်းနေသော သယံဇာတအဟာရတို့ကိုမျှမျှတတမှီဝဲနိုင်ကြသဖြင့် သက်ရှိလောက တခုလုံးသည် ငြိမ်းချမ်းသာယာဝပြေသည်။ မနုဿလူ့ဘောင်ထဲတွင် လူသားတိုင်းသည် သမ္မာအာဇီဝနည်းဖြင့်ကောင်းမြတ်မှန်ကန်စွာ အသက်မွေးကြသောကြောင့်၊ လူ့လောက တခုလုံးသည်နှလုံးစိတ်ဝမ်းအေးချမ်းကြလေည်။ တခုသောကာလသို့ရောက်သောအခါ၌မူကား။ ကမ္ဘာ့လူဦးရေနှင့်စားနပ်ရိက္ခာဦးရေတို့သည်မမျှမတဖြစ်လာကြ၏။ ထိုအခါ လူ့လောကအတွင်းရှိ လူသားအချင်းချင်းတို့သည် ခိုးဝှက်လုယက်တိုက်ခိုက် စားသောက်နေထိုင်ကြလေသည်။ ဤကား သမ္မာအာဇီဝသဘောတရားများရွေ့လျား၍မိစ္ဆာအာဇီဝ (ဝါ) မိစ္ဆာရတည်းဟူသောသောင်းကျန်းမှုများ ပေါ်ပေါက်လာခြင်းပင်ဖြစ်၏။ ထိုအခါ အသိဉာဏ်နှင့်ပြည့်စုံသောရပ်ရွာလူကြီးတို့သည် အများသဘောတူ စည်းဝေးတိုင်ပင်ကြပြီးလျှင်၊ တိုင်းကားပြည်ရွာကို အေးချမ်းသာယာအောင်အုပ်ချုပ်နိုင်မည့် ပုဂ္ဂိုလ်ကို ရွေးကောက်တင်မြှောက်ကြသည်။ ဤသည်တွင် မဟာသမ္မတစနစ်ဟူ၍ရှေးဦးစွာပေါ်ပေါက်လာလေသည်။
ဤကားမြန်မာ့ဇာတိ၊ မြန်မာ့အတွေးအခေါ်၊ မြန်မာ့ရိုးရာ အစဉ်အလာအတိုင်းမြန်မာတို့ မှတ်တမ်းတင်ထားသောမင်းဟူ၍ဖြစ်ပေါ်လာပုံကို ပြဆိုခြင်းဖြစ်၏။ ရှေးဦးစွာသမ္မာအာဇီဝတရားများ ထွန်းကား၍ နောင်သောအခါ၌သော်ဒုစရိုက်တို့ကြောင့် မိစ္ဆာရတည်းဟူသော သောင်းကျန်းမှုကြီး ပေါ်ပေါက်လာလေသောအခါ၊ မြန်မာတိုင်းရင်းသားတို့သည်ထိုသောင်းကျန်းမှုကြီးကိုပြုပြင်၍ သမ္မတစနစ်ကို ဘုရင်စနစ်ဖြစ်အောင် ဆောင်ရွက်ခဲ့၏။ ဘုရင်စနစ်သည်ဧကရာဇ်စနစ်အထိတိုးတက်ခဲ့၏။ သို့သော် နိုင်ငံရေးသင်္ခါရတရားအတိုင်း ယင်းစနစ်ပျက်ပြားသောအခါ၊ မင်းညီမင်းသား မှူးကြီးမတ်ရာသေနာပတိတို့၏ ပဒေသရာဇ်စနစ်သည် ထွန်းကားလာသည်။ ယင်းစနစ်ပျက်ပြားသွားသောအခါ သူဌေးကြွယ်ဝသောသူတို့က အရပ်သားအုပ်ချုပ်ရေးစနစ်ကို ထူထောင်ကြသည်။ ယင်းစနစ် ဆိတ်သုဉ်းလေသော် အစိုးရအမှုထမ်း၊ အရာထမ်းအရာရှိ အရာခံတို့၏ အုပ်ချုပ်ရေးစနစ်ပေါ်ပေါက်လာသည်။ ထိုစနစ်လည်း နိုင်ငံရေးသင်္ခါရတရားထဲတွင် လုံးပါးပါးသွားသောအခါ၊ ပြည်သူလူထုအချင်းချင်းရွေးကောက်တင်မြှောက်သော ပြည့်သူ့အုပ်ချုပ်ရေးစနစ် ထွန်းကားလာလေသည်။ မြန်မာ့သမိုင်းကို ခေတ်နှင့်အမီလိုက်၍ လေ့လာလျှင် ဤသဘာဝကိုကျွန်ုပ်တို့တွေ့ရလိမ့်မည်။ ယခုခေတ် ကာလအနောက်တိုင်းအသုံးအနှုန်းနှင့်နှိုင်းယှဉ်၍ပြောရလျှင်၊ မဟာသမ္မစနစ်၊ ဘုရင့်စနစ်၊ ဧကရာဇ်စနစ်၊ ပဒေသရာဇ်စနစ်၊ အရစ္စတိုကရေစီ (aristocracy) စနစ်၊ ပလူတိုကရေစီ (plutocracy) စနစ်၊ ဗျူရိုကရေစီ (bureaucracy) စနစ်၊ ဒီမိုကရေစီ (democracy) စနစ်ဟူ၍ ပြောရလိမ့်မည်။ အဆိုပါအုပ်ချုပ်ရေးစနစ်များအဆင့်ဆင့်ပြောင်းလဲလာပုံကိုအာဒိကပ္ပကျမ်း၊ လောကနီတိကျမ်း၊ ရာဇာနီတိကျမ်း၊ စာဏကျနီတိကျမ်း၊ ရာဇောဝါရကျမ်း၊ ရာဇသေဝကကျမ်းစသည်တို့၌ သင့်ရာသင့်ရာ ညွန်းဆိုထားခဲ့ပြီးဖြစ်သည်။ ယင်းတို့ မြန်မာ့ရိုးရာနိုင်ငံရေး ဒဿနတရားများပင်တည်း။
ယခုကျွန်ုပ်တို့ လွပ်လပ်ရေးရ၍တိုင်းပြည်သစ်ကိုထူထောင်သောအခါ၊ မိမိတို့ရိုးရာနိုင်ငံရေး ဒဿနအမြင်များပေါ်တွင်အခြေခံ၍ခေတ်မီနိုင်ငံရေးလုပ်ထုံးလုပ်နည်းများဖြင့်အညီအညွတ်ဝိုင်းဝန်းလုပ်ဆောင်ကြလျှင်၊ သမ္မာအာဇီဝတို့ဖြစ်ထွန်း၍၊ တိုင်းကားပြည်ရွာအေးချမ်းသာယာပေလိမ့်မည်။ ယခုမူကား ကျွန်ုပ်တို့သည်၁၉၄၈ခုနှစ်တွင် လွတ်လပ်ရေးကိုကြေငြာခဲ့ပြီးသည်နှင့် တပြိုင်နက် ရှေးမူအရညီညွတ်နေသော မြန်မာနိုင်ငံထဲမှခွဲထွက်ပြီးလျှင် တသီးတခြားနိုင်ငံငယ်များတည်ထောင်ရန် စိတ်ကူးဖြင့်တိုင်းရင်းသားတို့ ပုန်ကန်ခြားနားသောင်းကျန်းလာကြသည်။ ကိုယ့်လူမျိုးကိုယ့်ဇာတိအတိုင်း သမိုင်းအဆက်မပြတ်ဘဲ နေထိုင်ခဲ့ရပါလျှင် ကျွနိုပ်တို့မြန်မာတိုင်းရင်းသား လူမျိုးများသည် လွတ်လပ်ရေးကို တလုံးတစည်းရ၍၊ တလုံးတစည်းတည်းဖြစ်သောလွတ်လပ်ရေးကို ခိုင်မာအောင်အညီအညွတ်ဆောင်ရွက်နိုင်ကြလိမ့်မည်။ မိမိဇာတိကို မိမိသိလျှင် အာဒိကပ္ပကျမ်းထဲ၌ညွှန်ပြထားသောအချက်တို့ကိုကောင်းစွာသတိမူနိုင်ကြပေလိမ့်မည်။ အချုပ်မှာမူကျွန်ုပ်တို့သည် ကိုယ့်အကောင်းကိုကိုယ်ဖျက်သကဲ့သို့ပင်ဖြစ်သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ တနှစ်အလို၊ ၁၉၇၄ခုနှစ်၊ သြဂုတ်လ၂၆ရက်နေ့တွင် မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်းကိုတည်ထောင်ခဲ့သည်။ ရည်ရွယ်ချက်မှာ အင်္ဂလိပ်အစရှိသော နိုင်ငံခြားဘာသာတို့ဖြင့် ရေးသားထားသည့်သုတ၊ ရသစာပေများကိုလူထုအားလုံး အသိဉာဏပညာတိုးပွားစေရန် ဘာသာပြန်၍ ထုတ်ဝေဖြန့်ချီရန်ဖြစ်သည်။ ဤရည်ရွယ်ချက်ကိုအထမြောက်အောင် ရှေးဦးပထမ၌ သုပဒေသာစာအုပ်များနှင့် မြန်မာ့စွယ်စုံကျမ်းစသည်တို့ကို ပုံနှိပ်ထုတ်ဝေခဲ့လေသည်။ ယင်းကျယ်ဝန်းသောလုပ်ငန်းများကို အများပြည်သူတို့ သိရှိနားလည်စေရန် စာပေဗိမာန်မဂ္ဂဇင်း ထုတ်ဝေသင့်သည်ဟု ဘာသာပြန်စာအသင်းကြီးက ၁၉၅၂ခုနှစ်တွင် ဆုံးဖြတ်ချက်ချလေသည်။ ထိုဆုံးဖြတ်ချက်အရ ဦးထင်ကြီးကို စာပေဗိမာန်မဂ္ဂဇင်း အယ်ဒီတာ အဖြစ်ဖြင့် ဆောင်ရွက်ရန်တာဝန်ပေးခဲ့လေသည်။
ထိုစဉ်က ကျွန်တော်သည်မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းကြီးနှင့် တနည်းမဟုတ် တနည်း ပက်သက်နေပါသည်။ တချိန်က မြန်မာ့စွယ်စုံကျမ်း အတိုင်ပင်ခံအဖြစ်ဖြင့်ပင်လျှင် စွယ်စုံကျမ်း ပြုစုရေးတွင် ပါဝင်ဆောင်ရွက်ခဲ့ဖူးပါသည်။ ထို့ကြောင့်ကျွန်တော့်အကြောင်းသိသူ ဦးထင်ကြီးက ကျွန်တော့်ကို စာပေဗိမာန်မဂ္ဂဇင်း၌ ဆောင်းပါးများရေးသားပေးရန်မေတ္တာရပ်ခံပါသည်။ ထိုအခါကျွန်တော်သည် ကျွန်တော်၏ ဦးခေါင်းထဲမှာစွဲနေသော“အာဒိကပ္ပကျမ်း”တို့နားလည်သောအုပ်ချုပ်ရေးပုံစံပြုပြင်ပြောင်းလဲပုံများကိုဦးထင်ကြီးအားအကျဉ်းပြောပြ၍ “အာဒိကပ္ပ”အမည်ဖြင့်ဆောင်းပါးများရေးပေးမည် ဟုပြောလိုက်ပါသည်။
ကျွန်တော်စိတ်ကူးထားသော အာဒိကပ္ပသည်ဒဏ္ဍာရီပုံပြင်သဏ္ဍာန်၊ အနုပညာဆန်ဆန်၊ ဆန်းဆန်းပြားပြား ဖွဲ့ဆိုရမည့်စာဖြစ်ပါသည်။ အများနားလည်ပြီးသားကို ဆန်းဆန်းပြားပြားဖြစ်အောင် ဖန်တီးထားသောအခါဥပမာ ဥပမေယျတို့ဖြင့် တန်ဆာဆင်ရပါလိမ့်မည်။ ယင်းသို့တန်ဆာဆင်ရာ၌ ထူးထူးခြားခြားဆန်းပြားလျှင် စာဖတ်သူတို့ သဘောမပေါက်ပါကသို့လောသို့လောနှင့် အမျိုးမျိုးအဓိပ္ပာယ်ကောက်ကြပါလိမ့်မည်။ ထိုအခါအကျိုးလို၍ ညောင်ရေလောင်းသော ကျွန်တော်သည် ပတ်ထမ်းတွေ့ရပါလိမ့်မည်။ ထို့ကြောင့် ဦးထင်ကြီးကို ယခုရေးပြခဲ့သောအတွေးအခေါ်တို့ကို နားလည်အောင်ရှင်းပြခဲ့ပါသည်။ အမှန်မှာ ဦးထင်ကြီးသည်လည်း ကျွန်တော်ကဲ့သို့ပင်မြို့နယ်အုပ်ချုပ်ရေးလုပ်ငန်းတို့၌ ဆောင်ရွက်ခဲ့ဖူးသောကြောင့် သူ့ကိုနားလည်အောင် ရှည်ရှည်ဝေးဝေးပြောပြရန်မလိုပါ။ ဦးထင်ကြီးကရေးသားပါဟု ကျွန်တော်ကို တိုက်တွန်းပါသည်။
ဤနေရာ၌စာကားလိပ်ပတ်လည်အောင်ခေတ်အဆက်ဆက် အုပ်ချုပ်ရေးပုံစံ အမျိုးမျိုးပြောင်းပုံကို အကျဉ်းဖော်ပြပါရစေ။ ကျွန်တော်သည် ဗြိတိသျှလက်ထက်မှ အစပြု၍ လွတ်လပ်ရေးရပြီးသည်အထိ ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့်အစိုးရကအပ်နှင်းသောတာဝန်ဝတ္တရားအမျိုးမျိုးကိုအောက်ခြေမှစ၍အထက်အထိဆောင်ရွက်ခဲ့ဖူးပါသည်။ ဗြိတိသျှခေတ်အုပ်ချုပ်ရေးအကြောင်း၊ ဗြိတိသျှတို့ ဆုတ်ခွာသွားသောအခါ ယိုယွင်းပျက်ပြားရသောအုပ်ချုပ်ရေးအကြောင်း၊ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့မြန်မာနိုင်ငံကို သိမ်းပိုက်သော လက်နက်အားကိုးအုပ်ချုပ်ရေးအကြောင်း၊ ဂျပန်အစိုးရ မြန်မာနိုင်ငံကို လွတ်လပ်ရေးပေး၍ အုပ်ချုပ်စေသောအကြောင်း၊ ဗြိတိသျှ မြန်မာနိုင်ငံကို ပြန်ဝင်လာလျှင်ဗြိတိသျှစစ်အုပ်ချုပ်ရေးကို တည်ဆောက်သည့်အကြောင်း၊ မြန်မာ့လွတ်လပ်ရေးကို အရေးဆိုပြီးနောက် လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံကို တည်ထောင်၍အုပ်ချုပ်သည့်အကြောင်း စသည်တို့ကိုပြည်သူ့ဝန်ထမ်း တဦးအဖြစ်ဖြင့် ဌာနအမျိုးမျိုးတို့၌ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ဆောင်ရွက်ခဲ့ဖူးပါသည်။ ထို့ကြောင့် အုပ်ချုပ်ရေးစနစ်အမျိုးမျိုး ပြောင်းလဲခဲ့ပုံကို ကောင်းစွာနားလည်ပါသည်။
နမူနာသဘောပြောရလျှင် မြန်မာဘုရင်မြန်မာမင်းမြတ်တို့၏စနစ်မှတိုးတက်ပြုပြင်ပြောင်းလဲသောအင်္ဂလိပ်ဘုရင်မင်းမြတ်တို့၏ကျေးရွာအုပ်ချုပ်ရေးစနစ်အခြေခံသည်၊ သူကြီး၊ သမာဓိလူကြီးနှင့်ဆယ်အိမ်ခေါင်းတို့သဘောတူတိုင်ပင်၍ စီမံခန့်ခွဲသော အုပ်ချုပ်ရေးစနစ်ဖြစ်ပါသည်။ ထိုအုပ်ချုပ်ရေးစနစ်အရကျေးရွာသူကြီးမင်းကအရပ်ထဲတွင်မောင်ကြေးနင်းခတ်ပြီးလျှင်လူခွန်တော်မည်ရွေ့မည်မျှထမ်းဆောင်ရမည်ဟုအမန့်ချမှတ်ပါသည်။ ထိုအမိန့်သည်မြန်မာဘုရင်ခံနှင့် အမှုဆောင်ကောင်စီတို့က ချမှတ်လိုက်သောအမိန့်ဖြစ်သည်။ တနည်းဆိုသော်ဗြိတိသျှဧရာဇ်ဘုရင်မင်းမြတ်ကချမှတ်လိုက်သော အမိန့်ပင်ဖြစ်ပါသည်။ အထူးသဖြင့် စစ်ကာလအတွင်းအရေးပေါ်ချမှတ်သော အဆိုပါအမိန့်တို့သည် စစ်မိန့်များ ဖြစ်ကြပါသည်။ မြန်မာပြည်ကို ဂျပန်ကျူးကျော်သိမ်းပိုက်သောအခါဂျပန်တို့သည် စစ်ဦးဘီလူးဟူသော စကားအတိုင်းစိတ်ကူးရလျှင်ရသလို ကြမ်းကြမ်းတမ်းတမ်း အမိန့်ပေး၍ အုပ်ချုပ်ပါသည်။ ဂျပန်ခေတ်အတွင်း ဂျပန်စစ်သားကကျန်းမာရေးကိစ္စအတွက် အိမ်တိုင်းစေ့ ကြက်ဖမ်းရမည်ဟုဂျပန်ဘုရင်တင်နော်ဟေကာ၏ ကိုယ်စားအမိန့်ပေးစေခိုင်းနိုင်ပါသည်။ မြန်မာဘုရင်တို့၏ အုပ်ချုပ်ရေးခေတ်မှစ၍ ကျူးကျော်သူဂျပန်စစ်တပ်၏အုပ်ချုပ်ရေးစနစ်ပေါ်ပေါက်သည်အထိ အုပ်ချုပ်ရေးအမိန့်အာဏာတို့သည် အဆင့်ဆင့်ပြောင်းလဲခဲ့ပါသည်။ စစ်ကာလအတွင်း စစ်သား တဦး၏ တကိုယ်တော်အမိန့်သည် အုပ်ချုပ်ရေး တိုးတက်သော သဘောကိုမဆောင်ပါ။ မတည်ငြိမ်သောသဘောကိုသာဆောင်ပါသည်။
ဒုတိယ ကမ္ဘာစစ်အတွင်း အထက်ပါမတည်ငြိမ်သော ဂျပန်ခေတ်တွင် ဗြိတိသျှတို့က စနစ်တကျဖွဲ့စည်းထားသော အိန္ဒိယပဋိညဉ်ခံ ဝန်ထမ်းအဖွဲ့၊ တိုင်းနှင့်ပြည်နယ်ဒေသ ဝန်ထမ်းအဖွဲ့၊ လက်အောက်ခံ မြို့နယ်ဝန်ထမ်းအဖွဲ့ ဟူသည်တို့သည် ယိုယွင်းပျက်ပြားသွားပါသည်။ ထိုသို့ပျက်ပြားသွားသောအခါ ဂျပန်စစ်တပ်က လက်သင့်ရာကို တာဝန်ပေး၍ခန့်အပ်ခဲ့သော အမှုထမ်းအရာရှိတို့၏ တချက်လွှတ်အမိန့်ပေးစနစ်သည်ကြီးထွားလာပါသည်။
ထိုကဲ့သို့ယိုယွင်းသော စနစ်များကြီးထွားလာခဲ့ပြီး နောက်မှ မြန်မာနိုင်ငံသည် လွတ်လပ်ရေးကို ရခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး၊ နှစ်နှစ်ကျော်သုံးနှစ်ကြာမျှကာလအတွင်းတိုင်းပြည်ဖယိုဖရဲဖြစ်နေစဉ်ရခဲ့သော လွတ်လပ်ရေးဖြစ်၍ အုပ်ချုပ်ရေးသဘောတရားအရ ခိုင်မာတောင့်တင်းခြင်းမရှိခဲ့ပါ။
ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပြီဟု ဆိုသည်နှင့်တပြိုင်နက် လွတ်လပ်ရေးအတွက် တော်လှန်မည့် လူငယ်အစိတ်အပိုင်းတို့သည် ထိုခေတ်ကာလ၌တာစားနေသော နိုင်ငံရေးဝါဒအမျိုးမျိုးတို့ကို စိတ်ပါဝင်စားစွာဖြင့် လေ့လာခဲ့ကြပါသည်။ စစ်ကြီးပြီးသောအခါ ကွန်မြူနစ်ဝါဒ ဆိုရှယ်လစ်ဝါဒ စသော အမျိုးမျိုးတို့သည်တော်လှန်ရေးလူငယ်များ၏အသိုက်အဝန်းထဲတွင်ပျံ့နှံ့လာပါသည်။ ထိုအခါဝါဒ အစွဲအလမ်းများလည်း ပြင်းထန်လာပါသည်။ ဤအခြေအနေတွင် ကိုလိုနီနယ်ချဲ့စနစ်ပျက်ပြားသွားသည်ဟု ဆိုရသော်ငြားလည်း ဗြိတိသျှအင်ပါယာဝါဒဖြင့်ပြုစုပျိုးထောင်ခဲ့သောဘေးဥပါယ်သည် ရှေးယခင်ကထက်ပို၍ ပြင်းထန်လာပါသည်။
အထက်ပါအုပ်ချုပ်ရေးယိုယွင်းပျက်ပြားမှုတို့ကြောင့်လည်းကောင်း၊ ဝါဒအမျိုးမျိုး ကွဲပြားခြားနားသောကြောင့်လည်းကောင်း၊ မြန်မာတိုင်ရင်းသားလူမျိုးများအချင်းချင်းထဲတွင် စိတ်အမျိုးမျိုး၊ ရည်ရွယ်ချက်အမျိုးမျိုး၊ သဘောထားအမျိုးမျိုး၊ လုပ်ကိုင်ပုံ အမျိုးမျိုးဟူသည် ကွဲပြားခြားနားလာလေသည်။ စစ်ဆိုသည်မှာလူလျှင်လူချင်း လက်ရုံးအားကို တိုက်ခိုက်ကြသော အချိန်အခါတွင် သဘောထားကွဲပြားခြားနားသည်ဟူသည်မှာ လက်နက်အားကိုးဖြင့် တ်ိုက်မည်ဆိုသောသဘောပင်ဖြစ်သည်။ ထိုသဘောတရားသည် အုပ်ချုပ်ရေးဓမ္မတာအတိုင်းနေရာတကာ ပျံ့နှံ့နေပါသည်။ ထို့ကြောင့် သောင်းကျန်းမှုတည်းဟူသော အရိမ်ကြီးသည် ပြည်ထောင်စုမြန်မာနိုင်ငံအပေါ်လွှမ်းမိုးလာပါသည်။ ယင်းအရိပ်ကြီးကို ကျွန်တော့်စိတ်ထဲ၌ ထင်မြင်လာသောအခါငြိမ်းချမ်းသမ္မာအာဇီဝသဘောကို ပယ်ဖျက်၍ ဒုစရိုက်သမားတို့၏မိစ္ဆာအာဇီဝ(ဝါ)မိစ္ဆာစာရဖြစ်ပေါ်လာပြီဟုတွေးမိပါသည်။ ထို့ကြောင့်သောင်းကျန်းမှုဆိုသည်မှာ ငဆ်ိုးနှင့်အတူတူပင်ဖြစ်သည်ဟု ဥပမာဥပမည်းကပ်၍ ပြောရလျှင်ရတန်ကောင်းပါသည်။
အာဒိကပ္ပဟူသောပထမပုံဝတ္ထုကိုစာပေဗိမာန်မဂ္ဂဇင်း ၁၉၅၂ ခုနှစ်၊ ဇွန်လတွင်အတွဲ -၁၊ အမှတ် - ၁ အဖြစ်ဖြင့် ထည့်တွင်ပုံနှိပ်ထုတ်ဝေသောအခါ မည်သူကမျှသတိထားမိဟန်မတူပါ။ တလောကလုံးတိတ်ဆိတ်နေပါသည်။ ဇူလိုင်လတွင် “အာဒိကပ္ပ မင်းတရားထွက်စေဗျား ”ဟူသော ပုံဝတ္ထုပေါ်ပေါက်လာသော အခါ၌မူကား ကျွန်တော့်အတွက်ပြဿနာတက်လာပါသည်။ ရှေးခေတ်မြန်မာပြဇာတ်များကို ရေးသားထုတ်ဝေသောအခါ အဆိုပါ်ပြဇာတ်များထဲတွင် ပြဇာတ်ဆရာကဇာတ်ဆောင်သူတို့ လိုက်နာရမည့်အညွှန်းကို ရေးသားဖော်ပြလေ့ရှိပါသည်။ သာဓကပြရသော် ပွဲဦးထွက်အပျိုတော်နှင့်ယိမ်းကိုကပြစရာရှိလျှင်၊ အပျိုတော်ထွက်စေ၊ ယိမ်းထွက်စေဟူ၍ ပြဇာတ်စာအုပ်၌ ရေးမှတ်ထားပါသည်။ ဤနည်းအတိုင်း ရှင်ဘုရင်နှင့် ဝန်ကြီးလေးပါးထွက်စေဟူ၍ဇာတ်ညွှန်းများကိုရေးမှတ်ကြသည်လည်းရှိပါသည်။ ဤသဘာဝကိုအတုခိုး၍ ကျွန်တော်က ဒုတိယဒဏ္ဍာရီအတွက်“အာဒိကပ္ပ မင်းတရားထွက်စေဗျား ” ဟူ၍ခေါင်းစည်းတပ်လိုက်ပါသည်။ ဆိုလိုရင်းမှာ ပထမပုံပြင်၌ မဟာသမ္မတစနစ်ပေါ်ပေါက်လာပြီး သည့်နောက် ဒုတိယပုံပြင်၌ဘုရင်စနစ်သို့ ရွေ့လျားခြင်းကို ဖော်ပြခြင်းဖြစ်ပါသည်။ သို့ရာတွင် စကားဝိုင်း တခု၌ မျက်မှောက်နိုင်ငံရေးကို ဆွေးနွေးသူအချို့က စာရေးဆရာသည်ထိုအချိန်က ဝန်ကြီးချုပ်အဖြစ်ဆောင်ရွက်နေသောဦးနုကို ရာထူးမှ ထွက်ပေးရန် တိုက်တွန်းနေပုံရသည်ဟုနိုင်ငံရေးအတင်းအဖျင်းစကားများ ကိုပြောဆိုခဲ့ကြပါသည်။ ထိုအချိန်က အလွန်စည်းလုံးညီညွတ်သော ဖဆပလထဲတွင်လည်းကောင်း၊ ဖဆပလပြင်ပတွင်လည်းကောင်း၊ ဖဆပလ ခေါင်းဆောင်မှုကို မလိုလားသော အသံဗလံများပေါ်ပေါက်လာခဲ့ပါသည်။ လက်ရှိဝန်ကြီးချုပ်သည် ခေါင်းဆောင်သစ်များအတွက် နေရာဖယ်ပေးရန် အချိန်တန်ပြီဟူ၍ပင်တီးတိုးဝါဒဖြန့်နေကြပါသည်။ အတိုက်အခံများထဲတွင်ကွန်မြူနစ်များ၊ ဆိုရှယ်လစ်များ၊ ရဲဘော်ဖြူများ၊ ရဲဘော်ဝါများဟူ၍ အမျိုးမျိုး ရှိကြပါသည်။ ယင်းကိစ္စမှာကြီးကျယ်လှသည်မဟုတ်ပါ။ မလိုလျှင် မလိုသလိုပြောဆိုသော သဘောမျိုးမျှသာဖြစ်ပါသည်။ သို့ရာတွင် အမနာပနိုင်ငံရေး ထွန်းကားစပြုနေသော ခေတ်ကာလဝယ် အတို့အထောင်စကားများမှာ တဖက်သားကိုအကျိုးယုတ်အောင် ဖန်တီးနိုင်သောအာနိသင်ရှိနေပါသည်။ ထို့ကြောင့် ထိုအတို့အထောင်တို့သည်မင်းနား တထောင်ဟုဆိုသည့်အတိုင်းဝန်ကြီးချုပ်ဦးနု နားထဲသို့ ရောက်သွားပါသည်။
ကျွန်တော်သည်သမ္ဖပ္ပလဝါစာကြောင့် တုန်လှုပ်ခြင်းမရှိခဲ့ဖူးပါ။ သို့ရာတွင်အချင်းချင်း အလွန်စည်းလုံး ချစ်ခင်ညီညွတ်ကြသည်ဟုနာမည်ကြီးသော မြို့မကျောင်းသားဟောင်း အသိုက်အဝန်းထဲတွင် ချစ်ကြည်ရေးကို ဖျက်ဆီးမည့် သူတယောက်ပေါ်ပေါက်နေသည်။ ထိုသူမှာလည်း အခြားမဟုတ် ဦးနုနှင့် ညီရင်းအစ်ကိုကဲ့သို့ ပေါင်းသင်းဆက်ဆံနေသောကျွန်ုပ်ဖြစ်နေသည်။ ဤအကြောင်းကြောင့် မြို့မကျောင်းသားဟောင်း အသင်းတိုက်ထဲတွင်သို့လော၊ သို့လော၊ သန်ရာသန်ရာသူ့ဘက်ကိုယ့်ဘက်ပြောဆိုခဲ့ကြပါသည်။ ကျွန်တော့်ကို ဝန်ကြီးချုပ်ကအရေးယူလိမ့်မည်ဟုလည်း သတင်းဖြစ်ပွားခဲ့ပါသည်။ ထိုအခါကျွန်တော့်အဖို့ ငြိမ်နေရန်မဖြစ်တော့ချေ။ မြို့မကျောင်းသားဟောင်းအချင်းချင်း သံသယကင်းအောင် ဆောင်ရွက်ဖို့တာဝန်ရှိလာပါသည်။
ဇော်ဂျီအမည်ခံ ဦးသိန်းဟန်သည်ကျွန်တော်ကဲ့သို့ပင် မြို့မကျောင်းသားဟောင်း တဦးဖြစ်ပါသည်။ ထိုစဉ်အခါက မြို့မကျောင်းသည် မြန်မာစာပေအရာ၌ဦးဆောင်နေဟုပြောထိုက်ပါသည်။ ကျွန်တော်သည်ဦးနုကို အစ်ကိုကြီးသဖွယ် ပေါင်းသင်းဆက်ဆံကဲ့သို့ ဦးသ်ိန်းဟန်ကိုလည်းအစ်ကိုကြီး တဦးကဲ့သို့ ပေါင်းသင်းဆက်ဆံခဲ့ပါသည်။ မြို့မကျောင်းသားဟောင်းအသင်းထဲတွင်လှုပ်လှုပ်ရှားရှားဖြစ်လာသောအခါ ဦးသိန်းဟန်က ကျွန်တော်ရေးသောစာမျိုးမှာ ပြင်သစ်စာပေတွင်အလွန်ခေတ်စားခဲ့သည့် ဆက်တိုင်းယား (Satire) အဖွဲ့မျိုးဖြစ်ကြောင်းထိုအဖွဲ့မျိုးသည် လူ့ဘောင်လောကထဲတွင် အမြင်မတော် ဆင်တော်နှင့်ခလောက် ကဲ့သို့သော ကိစ္စများ၌ ပညာရှိသတိသူတို့ဆင်ခြင်နိုင်စေရန် ဟာသနှော၍ ရေးသားပြောဆိုသော အဖွဲ့မျိုးဖြစ်ကြောင်း ဝန်ကြီးချုပ်ဦးနုကို ရှင်းလင်းပြောဆိုခဲ့သည်ဟုကျွန်တော်အသေအချာသိခဲ့ရသည်။ ကျွန်တော်ရေးသားခဲ့သော အဖွဲ့မှာပြင်သစ်စာရေးဆရာကြီးဗောလတဲယား (Volatire) ၏ လောကသရော်စာအဖွဲ့မျိုး၌ စိတ်ဝင်စားပြီး ရေးသားသောအဖွဲ့ဖြစ်ပါသည်။ ပုဂ္ဂဓိဋ္ဌာန်အားဖြင့် လောကသဘာဝလူ့သဘာဝကို ပြက်ရယ်ပြုသောသဘောမျိုူးဖြစ်ပါသည်။ မြို့မကျောင်းသားဟောင်း အမှုဆောင်အဖွဲ့ အစည်းဝေး တခုကျင်းပသောအခါ ကျွန်တော်ကဦးနုကိုယင်းသို့ အကျိုးအကြောင်း ရှင်းလင်းပြောကြား ခဲ့ပါသည်။ ကျွန်တော့်စာမှာဦးနုကိုရည်ရွယ်သော သဘောမရှိပါ။ မဟာသမ္မစနစ်မှဘုရင်စနစ်သို့၊ ဘုရင်စနစ်မှ ပြည်သူတို့အုပ်ချုပ်သော စနစ်သို့ အဆင့်ဆင့် ပြောင်းလဲလာပုံကိုသာဖော်ပြထားသည်ဖြစ်လေရာ၊ နိုင်ငံအစိုးရကကျွန်တော့်ကို တရားစွဲလိုလျှင် ကျွန်တော်သည် ကောင်းစွာထုချေနိုင်ပါသည်ဟူ၍ ပြောခဲ့ပါသည်။ ကျွန်တော်ကထုချေသောအခါ မလိုသူတို့မနှောင့်ရှက်နိုင်အောင်ကျွန်တော့်ကိုစောင့်ရှောက်ပါဟုလည်း မေတ္တာရပ်ခံခဲ့ပါသည်။
ထိုအခါ ဦးနုသည်ကျွန်တော့်ထံပါးသို့ကပ်၍ကျွန်တော့်ပခုံးကိုဖက်ပြီးလျှင်အများမြင်သာအောင် အသင်းတိုက်မှထွက်လာခဲ့ပါသည်။ ကျွန်တော်တို့နှစ်ဦးပြုံးပြုံးရွှင်ရွှင်နှင့် ထွက်လာသောအခါ ယေဘုယျအားဖြင့် အားလုံးစိတ်ပြေသွားပြီဟုကျွန်တော်ယူဆပါသည်။
ကျွန်တော်တို့သည်ထမင်းစားမြိန်သောအခါသူငယ်ချင်း အဖော်များကိုသတိရကြပါသည်။ ဧည့်ဝတ်ကျေသော မြန်မာတိုင်းရင်းသားအဖို့ ယင်းအချက်မှာထုံးစံဖြစ်နေပါသည်။ အဆိုပါ ထုံးစံအတိုင်း စာကောင်းပေကောင်းများကို ဖတ်ရှုရလျှင် ငယ်သူငယ်ချင်းများကို သတိရမိပါသည်။ အင်္ဂလိပ် ဥရောပစာပေများတွင် ဆန်းပြားသောအကြောင်းရပ်နှင့်အဖွဲ့အနွဲ့များကိုဖတ်ရှုရသောအခါ၊ စာပေအရသာကို ကျွန်တော်ခံစားရဘိသကဲ့သို့ကျွန်တော့်ရောင်းရင်း သူငယ်ချင်းများလည်း ခံစားနိုင်အောင်ဘာသာပြန်၍ရေးပြလိုသော ဝါသနာအလွန်ပြင်းပြပါသည်။ ဤဝါသနာကြောင့်အလွန်ရိုးသော မြန်မာစာပေအဖွဲ့ထဲတွင်အလွန်ခေတ်ဆန်သောအတွေးအခေါ်များကိုတွေ့့နိုင်ကြောင်း ထင်ရှားအောင် မိမိဇာတိကို မိမိလေ့လာကြပါဟုနှိုးဆော်သောသဘောဖြင့်အာဒိကပ္ပကိုပြုစုခဲ့ခြင်းဖြစ်ပါသည်။ သို့ရာတွင် ကျွန်တော်၏ စာပေအနုပညာအဖွဲ့အနွဲ့မှာရောက်ဆဲကာလနှင့်အလိုက်သင့် မဟုတ်သောကြောင့် ကျွန်တော့်၏စေတနာမှာ ခုတ်ရာ တလွဲရှရာတခြားဖြစ်ခဲ့ဟန်တူပါသည်။ ထို့ကြောင့်ဝတ္တရားရှိသည့်အတိုင်း မိမိအာသီသကိုပြည့်ဝအောင် ဆက်လက်ရေးသားပြီးနောက် အာဒိကပ္ပကိုမေ့ပစ်လိုက်ပါသည်။
သို့ရာတွင် ကျွန်တော်၏စာပေသူငယ်ချင်းများက အာဒိကပ္ပကိုထုတ်ဝေရန် အလျဉ်းသင့်တိုင်း တိုက်တွန်းကြပါသည်။ ထိုတိုက်တွန်းချက်ကို လက်ခံရန်ဝန်မလေးပါ။ သို့သော်ငြားလည်း လွန်ခဲ့သော ငါးနှစ်ကျော်ခန့်ကပင်လျှင် ကျွန်တော်သည်မျက်စိထဲ၌တိမ်သလ္လာစွဲသော ဝေဒနာကိုခံစားခဲ့ရပါသည်။ ယင်းကိုချက်ချင်း ခွဲစိတ် ကုသ၍မရပါ။ မျက်စိနှစ်ဖက်စလုံးကို တချိန်စီခွဲစိတ်ကုသရမည်ဖြစ်၍ အချိန်စောင့်ရပါသည်။ ယခု ၁၉၉၈ ခုနှစ်ရောက်မှမျက်စိကုသပြီး၍မျက်မှန်တပ်နိုင်ပါသည်။ ဤအတွင်း ကျွန်တော်၏ သားသမီးနှင့်မြေးများ၏ကျေးဇူးကြောင့်အာဒိကပ္ပပုံပြင်များကို ရှာဖွေ၍ မူရင်းအတိုင်း ပြန်လည်စုစည်းနိုင်ခဲ့ပါသည်။
ကျွန်တော်၏အယူအဆကိုစာဖတ်သူတို့သဘောပေါက်လောက်ပါပြီ။ လူမျိုးနှင့် နိုင်ငံတည်ထောင်ရာတွင် မိမိတို့၏သမိုင်း၊ မိမိတို့၏ဇာတိ၊ မိမိတို့၏ အတွေးအခေါ်၊ မိမိတို့၏လုပ်ငန်းစသည်တို့သည် အရင်းမူလဖြစ်သည်။ ထိုအရင်းမူလအပေါ် အခြေခံကာ၊ ခေတ်မီတိုးတက်သော အယူအဆတို့ကို မွမ်းမံလျှင်၊ ပြုပြင်ပြောင်းလဲခြင်းသဘောတရားတို့သည်အဆင်ပြေ၍ နိုင်ငံတော်တည်တံ့ခိုင်မာလိမ့်မည်။ ဥရောပသမိုင်းကို လေ့လာလျှင်၊ ရုတ်ချည်းပြောင်းလဲသောတော်လှန်ရေး ( revolution) နှင့်တရွေ့ရွေ့မှန်မှန်ပြုပြင်ပြောင်းလဲခြင်း (evolution) ဆိုသည်တို့ကို တွေ့ရပါလိမ့်မည်။ တရွေ့ရွေ့နှင့်မှန်မှန် ပြုပြင်ပြောင်းလဲခြင်းကို ကျွန်ုပ်တို့သည် ရုတ်တရက်မမြင်ရပါ။ ပြောင်းလဲမှုမြန်လွန်းလှ၍စိတ်မရှည်နိုင်ကြပါ။ သို့သော်မမြင်ရသောတော်လှန်ရေးသည် စနစ်တကျဖြစ်ထွန်းတက်သောကြောင့် တည်တံ့ခိုင်မာ၍ အကျိုးပေးကောင်းတက်သည်။ နေ့ချင်းညချင်း “ ဝုန်းဒိုင်”နှင့်ပြောင်းလဲသောတော်လှန်ရေးမှာအဓမ္မပြုပြင်စီရင်ခြင်းသဘောသို့ရွေ့လျားတက်သောကြောင့် သမာဓိရရန်ခက်ခဲသည်။ ဤခေတ်၌ ဝုန်းဒိုင်းကျဲခဲ့သောတော်လှန်ရေးများလမ်းချော်ခဲ့သည်ကို သမိုင်းပညာရှင်တို့ကောင်းစွာနားလည်လာကြပါပြီ။
ထို့ကြေင့် မိမိဇာတိကိုသိရှိနားလည်ရန် အရေးကြီးပါသည်။ လက်အောက်ခံဘဝတွင် ကျွန်ုပ်တို့နှစ်ပေါင်းများစွာ နစ်မြုပ်ခဲ့ရသောကြောင့်အရင်းမူလမြန်မာ့ဒဿနအမွေအနစ်တို့ကို သတိမရနိုင်ကြချေ။ မိမိတို့၏ လက်ငုတ်လက်ရင်းကိုမသိဘဲ၊ ရုပ်ဒြပ်အားဖြင့်ကြီးကျယ်နေသော နိုင်ငံကြီးများကို ကြည့်၍အတုယူနေကြလျှင်၊ တကယ့်အရေးပေါ်လာသောအခါ နောင်လာနောက်သားများ ဒုက္ခတွေ့ကြဖို့ ရှိသည်။ ဤသဘောကို ဆင်ခြင်မိသောအခါ၊ ကျွန်တော်တို့၏ကျေးဇူးရှင်ဆရာကြီး ဦးဖေမောင်တင်က မြန်မာ့အကြောင်းကို မြန်မာသိလိုလျှင်မြန်မာ့မြေကြီးကိုတူးကြည့်ရမည်ဟူသောအဓိပ္ပာယ်ဖြင့် သြဝါဒပေးခဲ့ပုံကို ကျွန်တော်သတိရပါသည် အနာဂတ်တွင်ပေါ်ပေါက်လာကြမည့်နောင်လာနောက်သားတို့သည်ယောနိသောမနသီကာရဖြင့် ကျွန်တော် တင်ပြသော“အာဒိကပ္ပ ”ကိုတူးကြည့်ကြစေလိုသည်။ ရှေးဟောင်း မြန်မာစာပေအနုပညာစသည်တို့ကို သုတေသနပြုကြည့်ကြလျှင်၊ မြန်မာတိုင်းရင်းသားတို့သည် တမျိုးသားလုံးတို့၏ ညီညွတ်ရေးကို တည်ဆောက်နိုင်ပြီးလျှင်နှလုံးစိတ်ဝမ်းအေးချမ်းသောဘဝကို ရကြပါလိမ့်မည်။ ကျွန်တော်၏ယုံကြည်ချက်သည် ဖြစ်မြောက်ပါစေသား။ ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment