ဗဆွေလေး (သို့မဟုတ်) လက်ဝဲစာလုံး တီထွင်သူ

ကျနော်တင်ပြချင်တဲ့ ရုပ်ပုံလွှာတချပ်ကတော့ ရန်ကုန်တက္ကသိုလ်ရဲ့ နောက်ဆုံး တကသဥက္ကဋ္ဌဖြစ်တဲ့ ကိုဗဆွေလေးပါ။ သူက ဘိုကလေးသား။ ကိုဗဆွေလေးကို မြင်ရရင် မျက်နှာကလေးချောင်ပြီး ပင်ပန်းနွမ်းနယ်နေဟန် ပုံသဏ္ဌာန်ပါ။ အိပ်ရေးမဝတဲ့ အခြေအနေနဲ့ တူပါတယ်။ သူ့အပြုံးကလေးက လျော့ရဲရဲအပြုံးလို့ ဆိုနိုင်ပါတယ်။ ဆံပင် သပ်သပ်ရပ်ရပ် ဖီးသင်ထားခြင်း မရှိ။ သူ့ကို နာမည်သာကြားဖူးပေမဲ့ လူချင်းမတွေ့ဖူးပါ။ ၁၉၆ဝ - ၆၁ ခုနှစ် ကျနော် ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာဂုဏ်ထူးသင်တန်း လာတက်စဉ်က တကသ လက်ဖက်ရည်ဆိုင်မှာ စတင်တွေ့ဖူးခြင်းပါပဲ။

ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ ဆရာမင်းသုဝဏ် ပါမောက္ခ ဖြစ်ပြီလို့ သတင်းစာထဲမှာ တွေ့လိုက်ရတော့ ကျနော်ဟာ ဆရာမင်းသုဝဏ်ရဲ့ပို့ချမှုကို ခံယူချင်တာနဲ့ ရန်ကုန်တက္ကသိုလ် ပြောင်းခဲ့တာပါ။ အရင်နှစ်က မန္တလေးတက္ကသိုလ် မြန်မာစာဌာနမှာ ပထမနှစ် မြန်မာစာဂုဏ်ထူးသင်တန်း တက်ခဲ့ပါတယ်။ မန္တလေး သီးခြားတက္ကသိုလ်နှစ်ရဲ့ ပထမဦးဆုံး စာမေးပွဲပါ။ ကျနော် ဂုဏ်ထူးတန်း ပထမနှစ် ကျခဲ့ပါတယ်။ သမိုင်းဘာသာမှာ စာမေးပွဲ ကျခဲ့ခြင်း ဖြစ်ပါတယ်။ ယခင့် ယခင် နှစ်များက သမိုင်းဘာသာ ကျရှုံးသူ မရှိသလောက်ပါပဲ။ ဝိဇ္ဇာ ပထမနှစ် ဆိုရင် အေးအေးဆေးဆေး အောင်ကြတာ များပါတယ်။ ရန်ကုန် တက္ကသိုလ်က ဘာသာရပ်အားလုံး စစ်ဆေး အအောင်ပေးလေ့ ရှိပါတယ်။

မန်းသီးခြား တက္ကသိုလ်နှစ်မှာ သမိုင်းပါမောက္ခက ဒေါက်တာ မောင်မောင်ကြီးပါ။ ယခု အမေရိကမှာ ထင်ပါရဲ့ ...။ ပါမောက္ခက သမိုင်းကို လေးစားအောင်လုပ်မယ်လို့ ရည်ရွယ်တယ် ကြားတာပဲ။ အများအပြား အတုံးအရုံး ကျရှုံးကုန်ကြပါတယ်။ (နောင် ကျောင်းသားတွေ ဆူပူဆန္ဒပြလို့ နောက်ဆက်တွဲ အောင်စာရင်း ထုတ်ပြန်ရပါတယ်။ ကျနော်လဲ အောင်ပါတယ်)။ ကျနော့်ဆရာ ပါမောက္ခ ဦးချမ်းမြက ကျနော့်အတွက် အသနားခံပေးသေးတယ်လို့ တဆင့်စကား ကြားရဖူးပါတယ်။ ဒါပေမဲ့ မရပါ။ သမိုင်းပါမောက္ခက စာမေးပွဲချလိုက်တော့ ကျနော် ဂုဏ်ထူးတန်း ပြုတ်ခဲ့ရပါရော။ ဒီလိုနဲ့ … ဒီမှာ ရန်ကုန် ရောက်လာပြီး ရဲဘော် ကိုဗဆွေလေး၊ ရဲဘော် မောင်မောင်ညွန့် (ညွန့်ကြူး)၊ ဦးစိုးသိန်း၊ ကိုလှရွှေ စတဲ့ တကသ ရဲဘော်ကြီးများနဲ့ အကျွမ်းတဝင် ခင်မင်သွားသဗျ။ အဲဒီနှစ်က တကသဥက္ကဋ္ဌ မြို့မဦးတင်အေး (နောင်အခါ ကျွန်တော်နဲ့ မယားညီအကို) နဲ့လဲ ရင်းနှီးကြတယ်။ ကိုဗဆွေလေးက တကသ အတွင်းရေးမှူးကိုး။

သူက ကဗျာချစ်တယ်။ ‘ထွန်းသစ်’ ဆိုတဲ့ နာမည်နဲ့ တက္ကသိုလ် စာစောင်တွေမှာ ကဗျာရေးတယ်။ လူသိခံပုံ မရဘူး။ ပန်းချီလဲ ချစ်တယ်။ လက်ဝဲစာလုံး၊ တပ်ဦး စာလုံးလို့ နာမည်ကျော်တဲ့ လက်ရေးစတိုင်ဟာ သူထွင်ခဲ့တဲ့ ပိုစတာ လက်ရေးပေါ့။ ကျနော် သိသလောက် ကိုဗဆွေလေးဟာ တကသ အလုပ်တွေကို အောက်ခြေသိမ်း ကုန်းရုန်းပြီး မအိပ်မနေ လုပ်ရုံမက ရဲဘော်တွေကို ကျွေးဖို့၊ သူ့မိသားစု ထောက်ပံ့ဖို့၊ သူ့ဇာတိ ဘိုကလေးမှာရှိတဲ့ ကျောင်းသားသမဂ္ဂရဲဘော်တွေ ရပ်တည်ဖို့ မနားမရပ် လှုပ်ခတ်တောင်ပံ အားမာန်အပြည့်နဲ့ လုပ်ကိုင်တာကို တွေ့ရတယ်။

ဒီအတောအတွင်း ပညာရေးတက္ကသိုလ်မှာ မနက် ၇ နာရီ တက်ရတဲ့ ပညာရေးဒီပလိုမာလဲ မှန်မှန်တက်နေသေးတယ်။ အဲဒီတုန်းက ရန်ကုန်အလွတ်ပညာရေးကျောင်းတွေမှာ ဦးဗဆွေလေးက ပထဝီဘာသာ နာမည်ကျော် ဆရာ။ ဟိုကျောင်းကခေါ် ဒီကျောင်းကခေါ် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်။ လက်မလည်နိုင်။ ဒါလဲ တာဝန်ကျေပါပေ့။

တကသမှာ ပိုစတာရေးရင်း ညအိပ်၊ ဖြစ်သလိုစား၊ ကျောင်းတွေလဲ မပျက်၊ အလုပ်နဲ့လက် ဒရစပ်အလုပ်လုပ်တဲ့အပြင် ဘိုကလေးက ရဲဘော်တွေဖို့ ဖွင့်ပေးထားတဲ့ စာအုပ်ဆိုင်အတွက် လေဟာပြင်ဈေးက စာအုပ်ဆိုင်မျိုးစုံသွားပြီး စာအုပ်တွေ ဝယ်ပို့ပေးရသေးတယ်။ ကျနော့်ကို ရဲဘော်တွေ ဖတ်သင့်တဲ့ စာအုပ်တွေရွေးပေးဖို့ အကူအညီတောင်းတယ်။ ဒါနဲ့ သူနဲ့ခင်သွားကြတာပဲ။ ဆဲဗင်းဂျူလိုင်အရေးတော်ပုံအထိ တာဝန်ထမ်းဆောင်သွားခဲ့တယ်။ တောထဲမှာ ကျဆုံးသွားသတဲ့။ ဖြစ်ရလေ ရဲဘော်ကြီးရယ် ...။ 

နိုင်ငံ့အတွက် အဖိုးတန်သားကောင်းရတနာ အစစ်ပါ။ စံပြကျောင်းသားခေါင်းဆောင် မီးရှူးတန်ဆောင်ပါ။ ။

(တင်မိုး။ ဘဝရုပ်ပုံလွှာ ကဏ္ဍ။ ဧရာဝတီမြန်မာပိုင်း)

ဆရာတင်မိုးရဲ့ စာအရေးအသားနဲ့ သတ်ပုံကိုပါ လေ့လာနိုင်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Colorectal cancer အူမကြီး ကင်ဆာ