အရက်သမား

(ဦးဖိုးကျား)
အင်းစိန်မြို့နေ ကျောင်းဆရာမ မစိန်သည် ဆယ်တန်းနှင့် ဆရာဖြစ်စာမေးပွဲကို အောင်မြင်ပြီး ရန်ကုန်မြို့ ကျောင်းတကျောင်းတွင် အလုပ် လုပ်နေရာ တနေ့၌ ကျောင်းဆင်း၌ ညနေလော်ကယ်ရထားနှင့် ပြန်လာခဲ့၏။ ၎င်းစီးသောတွဲတွင် လူမများလှ၊ မနီးမဝေးခုံတွင် "ဗိုလ်ဆံတောက်"ခေါင်းစုတ်ဖွားနှင့် အဝတ်အစား မသပ်မရပ်သော လူရွယ်ရွယ်တယောက် ပါ၏။ အသက်ကား ၂၄နှစ်လောက်ရှိ၍ ဆရာမ မစိန်အောက် သုံးလေးနှစ် ငယ်ပုံရ၏။ သမိုင်းဘူတာအနီးသို့ ရောက်သော အခါ လက်မှတ်စစ်တက်လာ၍ လက်မှတ်စစ်ရာ မကြာမီပင် ၎င်းလူကို ရထားခိုးစီးသည်ဟု ဖမ်းလေ၏။ မလိုက်ဘူး၊လိုက်ရမည်ဟု ငြင်းနေစဥ် မစိန်က ဝင်၍ လက်မှတ်စစ်အား မိမိကပင် ကျသင့်သော လက်မှတ်ဖိုးငွေကို ပေးပါမည်ဟုဆို၍ လက်ထဲသို့ ငွေထည့်ပြီး လက်မှတ်စစ်ကို လွှတ်လိုက်လေသည်။
"ရှင် ဘာဖြစ်လို့ ရထားခိုးစီးရသလဲ"
"ပိုက်ဆံ မရှိလို့"
"ဪ-ဪ ပိုက်ဆံမရှိရင် ခိုးစီးရရောလား"ဟု ဆရာသံဖြင့် ခပ်ထန်ထန်မေးလေသည်။
ထိုယောကျာ်းပျိုကား ဘာမျှ ပြန်မပြောဘဲ မျက်နှာအောက်ချ၍ အောက်သိုးသိုး လုပ်နေသည်။ အတန်ကြာမှ မစိန်က ဆက်၍-
"ဘယ်သွားမလို့လဲ"
"သွားချင်တာကတော့ ပြည်မြို့ကို ရောက်အောင်သွားချင်တာပဲ။ အင်းစိန်မှာ သူငယ်ချင်းတယောက်ရှိလို့ ပိုက်ဆံကလေးများ ရမလားလို့ အင်းစိန်ကို ဆင်းမလို့"
"ပြည်ကို ဘာလုပ်လဲ"
"အလုပ်ရှာရအောင်"
"ရှင် ဘာလုပ်တတ်သလဲ၊ပညာဘယ်လောက်အထိ သင်ဖူးသလဲ"
ယောကျာ်းပျိုသည် ဆရာမမျက်နှာကို တချက်မော်ကြည့်ပြီး ဘာမျှ ပြန်မပြောဘဲ ငုံ့၍နေသည်။
"ဒီလူဟာ ဘယ့်နှယ်လဲ၊ မေးတာလည်း မပြောတတ်ဘူးလား၊ရှင့်နာမည်ဘယ်သူလဲ"ဟု တပည့်တို့ကို ငေါက်နေကျအတိုင်း ခပ်ငေါက်ငေါက် မေးလေသည်။
ထိုလူပျိုသည် နာမည်ရင်းကို မပြောဘဲ လိမ်ပြောမည်ဟု ကြံထားသော်လည်း ဆရာမ၏ တည်ကြည်စူးရှသော မျက်လုံးတို့ကို မြင်၍ ဘာဖြစ်သွားသည်မသိရ၊"ဘမြစ်"ဟု ထွက်သွားလေ၏။
"ရှင်-ဘာဖြစ်ဖြစ် လုပ်မလား"
ထိုအခါမှ အနည်းငယ် ပြုံးရွှင်လာ၍ "ဟုတ်ကဲ့၊ဘာမဆို ကြိုးစားလုပ်ပါ့မယ်" ဟု ဖြေကြားလိုက်လေ၏။
"ကောင်းပြီ၊ ကျွန်မမှာ အဒေါ်တယောက်နဲ့ နေတယ်၊ ယောကျာ်းအဖော်အလှော် တယောက် အကူအညီဆိုသလို ရစေတော့ ကျွန်မတို့ဆီမှာ နေမလား၊ ပန်းပင်တို့ဘာတို့ ရေလောင်း၊ ကျွန်မအဒေါ်ကို ကူညီညာလုပ်ဆိုသလိုပေါ့"
"ကျေးဇူးတင်ပါတယ်ခင်ဗျာ၊ ကျွန်တော်အစွမ်းကုန် လုပ်ပါ့မယ်"
သို့နှင့် အင်းစိန်ဘူတာသို့ ဆိုက်လာ၍ ဘမြစ်သည် ကပျာကယာ ထကာ ဆရာမ၏ ထီးတို့ လွယ်အိတ်တို့ကို ကောက်ယူလေ၏။ ဆရာမက "နေပါစေ၊ ကျွန်မ နိုင်ပါတယ်"ဆိုသော်လည်း ဘမြစ်သည် အတင်းဆုပ်ကိုင်ထားသဖြင့် လုယူရန်လည်း မသင့်လျော်သည်နှင့် ဆရာမ က လက်လျှော့ပေးလိုက်ရလေ၏။
အိမ်ရောက်၍ အဒေါ်အား အလုံးစုံ ပြောကြားပြီး မိမိတို့အိမ်ဘေးရှိ မာလီခြံတဲကလေး၌ နေစေ၏။
မစိန်တို့အိမ်မှာ ဘူတာရုံနှင့် မနီးမဝေးလမ်းကြားထဲတွင် ရှိ၍ သစ်သားတထပ်အိမ် ဓနိမိုးခြံပတ်လည်ရှိ၏။ ခြံတွင်း၌ ဟင်းသီးဟင်းရွက်ပင်၊ အလှပန်းပင်များရှိ၏။ ဘမြစ်သည် ယခု အသက်၂၄နှစ်အထိ ယခုနေရာ ယခုအခါ‌လောက် တခါဖူးမျှ ပျော်မွေ့ခြင်း မရှိခဲ့ချေ။နံနက်စောစော ထ၍ ခြံတွင်းရှိ ရေတွင်းနှုတ်ခမ်းတို့မှ သောက်ရေ သုံးရေတို့ကို ခပ်၏။ ခြံတွင်းရှိ သစ်ပင်၊နွယ်ပင်၊ပန်းပင်တို့ကို ရေလောင်း၏။ ထို့ကြောင့်လည်း မစိန်တို့ အိမ်ကို ရေပေးနေကျ ပါနီဝါလား ဂန်ဂရား၏ မနာလိုမုန်းထားခြင်းကို ခံရ၏။ မစိန်၏အဒေါ် ချက်ရာပြုတ်ရာ၌ ကူညီသည့်အပြင် ဈေးဝယ် ပင် လိုက်သွားနိုင်သေး၏။ မစိန်ကျောင်းတက်ချိန်၌ ဘူတာသို့ လိုက်ပို့ခြင်း၊ အပြန်ကြိုခြင်းကိစ္စတို့မှာလည်း အမြောက်ပစ်သော ကုလား၏နာရီကဲ့သို့ပင် မှန်လေ၏။
မစိန်တို့ တူဝရီးမှာ မောင်တယောက်၊တူတယောက် ရသည်ဟု ကျိတ်၍ ဝမ်းသာနေကြလေ၏။ သို့ရာတွင် မစိန်ကား ဘမြစ်အား မျက်နျာမှန်မှန်ပင် ထား၏။ အဒေါ်လုပ်သူကပင် ဝင်၍ "ညည်းက အေ မျက်နှာထားကြီးနဲ့ မနေပါနဲ့"ဟု ပြောရသော ဟူ၏။
ဘမြစ်၏ နေရပ်၊ မိဘစသည်တို့ကို မေးသော်လည်း မရချေ၊ပေတေတေ လုပ်နေတတ်၏။ သို့ကြောင့်လည်း ဆရာမသည် အကဲအလေးကို အထူးပိုမိုဂရုစိုက်၍ ကြည့်နေ၏။ ဆရာမက ဈေးသုံး တနေ့သုံးပဲ၊ တမတ် ပေးတတ်၏။ ဘမြစ်သည် မကြာမကြာ ဆရာမကိုတိုင်၍။ ရန်ကုန်ဘက်သို့ လာတတ်၏။ တခါတရံ ကြားဖောက်၍ ဆရာမ မသိဘဲလည်း လစ်တတ်၏။ သို့ရာတွင် မိမိလုပ်နေကျ အလုပ်ကိုကား တစုံတရာ အလစ်ဟင်း မခံချေ။
တခါသော် ထိုသို့ ရန်ကုန်ဘက်သွားနေခိုက် ဆရာမသည် ဘမြစ်၏ တဲရုံထဲသို့ ဝင်ကြည့်ရာ မြန်မာသတင်းစာ၊ အင်္ဂလိပ်သတင်းစာ အဟောင်းများကို တွေ့ရ၏။ နောက်တနေ့ ဘမြစ်သည် တံခါးပိတ်၍ အင်္ဂလိပ်သတင်းစာတခုကို ဖတ်နေရာ ဆရာမက အပြင်က ချောင်းကြည့်၍ မြင်ရမှ"အင်း-အာဂလူပါကလား"ဟု တွေးထင်မိ၏။ ပြီးမှ ဟန်လုပ် ချောင်းဟန့်ပြီး "ကိုဘမြစ်-တံခါးဖွင့်စမ်း၊နေ့ခင်းကြီး တံခါးပိတ်ပြီး ဘာလုပ်နေသလဲ"ဟု မေးလေ၏။
ထိုအခါ ဘမြစ်သည် ကပျာကယာ အရုပ်ပါသော မျက်နှာသို့ လှန်၍ "ဪ-ကျွန်တော် အရုပ်တွေ ကြည့်နေပါတယ်"ဟု ပြန်ပြောလိုက်၏။
ဆရာမသည် ထပ်မံစမ်းလိုသည်နှင့် တနေ့၌ မိမိစားပွဲပေါ်တွင် အင်္ဂလိပ်စာ သုံးလေးအုပ် တင်ထားခဲ့ပြီးလျှင် ကျောင်းတက်ရန်ဟု ထွက်လာ၍ အိမ်ဝအပြင်သို့ ရောက်မှ "ဪ-ကိုဘမြစ်၊ကျွန်မစာအုပ် စားပွဲပေါ်မှာ မေ့ကျန်ရစ်တယ်၊ ကပျာကယာပြေးပြီး ယူပေးစမ်းပါ၊စာအုပ်က 'မိုင်းဒ်ရိဒိန်'(Mind Reading) ခေါ်တယ်" ခိုင်းလိုက်လေ၏။
ဘမြစ်မှာ အမှတ်တမဲ့ဖြစ်၍ စုံစမ်းမှန်းမသိဘဲ ကပျာကယာပြေး၍ အလွယ်နှင့်ပင် ထိုအင်္ဂလိပ်စာအုပ်ကို ယူ၍ ပေးလိုက်လေ၏။ဆရာမက ပြုံး၍ "ကျွန်မ မောင်ကလေး အတော်သားပဲ၊အင်္ဂလိပ်စာ သင်ရင် မြန်မြန်တတ်မှာပဲ" ဟု ပြောလိုက်၏။
ထိုအခါ ဘမြစ်သည် သတိရ တွေးမိ၍"အင်း-ပထမ နာမည်ပေါ်တယ်၊ အခု အင်္ဂလိပ်စာတတ်တာ ဒုတိယပေါ်ပြန်ပြီ၊ ငါတော့ ဒုက္ခပဲ"ဟု တွေး၍ ပူပန်မိလေ၏။ အလုပ်ကို အကြွေးမထား လက်ငင်းလုပ်တတ်သော မစိန်သည် ၎င်းညနေ ထမင်းစားပြီးနောက် "ကိုဘမြစ် လာဦး၊မေးစရာရှိတယ်"ဟု ခေါ်၍ မိမိကား ဆရာမပီပီ စားပွဲအနီး ကုလားထိုင်တွင်ထိုင်ကာ ဘမြစ်ကို တပည့်သူငယ်ကဲ့သို့ အနီးတွင် မတ်တတ်ရပ်နေစေ၏။
"ကိုဘမြစ်-မေးရင် မှန်မှန်ပြောမလား"
"ဟုတ်ကဲ့-အင်း၊ ပြောတာပေါ့"
"အင်္ဂလိပ်စာ ဘယ်နှစ်တန်းအောင်ခဲ့သလဲ"
"အိုင်အေ"
"ဘယ်လောက်ကြာပြီလဲ"
"နှစ်နှစ်ကျော် ရှိပြီ"
"နှစ်နှစ်ကျော်အတွင်း ဘာလုပ်နေသလဲ"
အတန်ကြာ တွေနေပြီးမှ ဆရာမမျက်နှာကို တချက်စိုက်ကြည့်၍
"ဘီအေကို ဆက်သင်နေတယ်၊စာမေးပွဲ မအောင်ခဲ့ဘူး"
"အိုင်အေအထိ စာမေးပွဲကျခဲ့ဘူးသလား"
"မကျခဲ့ဖူးဘူး"
"ဘီအေကျမှ ဘာဖြစ်လို့ မအောင်ရသလဲ"
ထိုအချက်ကို ဘမြစ်သည် တစုံတရာ ပြန်မဖြေဘဲ မျက်နှာအောက်ချ၍ နေသည်။
"ကောင်းပြီ၊ မပြောချင်ရင် နေပါ၊ နို့ပေမဲ့ ကျွန်မဟာ ဘယ်လိုမိန်းမစားဆိုတာ သိတယ်မဟုတ်လား၊ရှင်မပြောပေမယ့် သိအောင် စုံစမ်းနိုင်တဲ့ မိန်းမလို့ မှတ်ပါ၊ ဒါပဲ ကိုင်း-သွားတော့"
ဘမြစ်သည် မိမိတဲဘက်သို့ ခြေလှမ်းနှေးနှေးဖြင့် လျှောက်ခဲ့၏။
"အင်း-ပထမနာမည်၊ဒုတိယ အင်္ဂလိပ်စာတတ်တာ၊အခု တတိယ အိုင်အေအောင်တာ ပေါ်လေပြီ၊ နောက်မကြာခင် ငါ့အကျင့်တွေ ပေါ်တော့မှာပဲ၊ ‌ပေါ်တာက အရေးမကြီး၊ ပေါ်ရင်တော့ ငါ့ကို နှင်ထုတ်မှာက အရေးကြီးတယ်"ဟု အမျိုးမျိုးတွေး၍ စိတ်မအေး လက်မသာ ရှိရှာရလေ၏။
ဤသည့်နောက် နှစ်လလောက်အကြာတွင် ဆရာမက ဖန်တီးကြံစည်ပေး၍ မိမိလုပ်သော ကျောင်းမှာပင် အထက်တန်းပြဆရာအလုပ်ကို သေချာလေ၏။ ထိုသို့ စီမံခဲ့ပြီးမှ  ဆရာမက-
"ကိုဘမြစ်၊ အခု အလုပ်လုပ်ရမယ်"
"ဒါ-အဆန်းလားဗျ၊ ကျွန်တော် အခု အလုပ် လုပ်နေတာပဲ၊မကျေနပ်တာ ရှိရင် ပြောပါ"
"အိမ်အလုပ်ကို ပြောတာမဟုတ်ဘူး။ကျောင်းဆရာ အလုပ် လုပ်ရမယ်"
"ဟိုက်...ဟာ...မလုပ်ချင်ဘူးဗျာ"ဆို၍ မျက်နှာအတော်ပျက်သွား၏။ အကြောင်းကား မိမိဆရာအလုပ်ရလျှင် မိမိ၏ ဇာတိ၊အဖြစ်အပျက်၊အကျင့်စာရိတ္တတို့ ပေါ်မည်ကို စိုးသောကြောင့်ပင်တည်း။စင်စစ်သော်ကား ယခုလက်ရှိအလုပ်သည် လောကနိဗ္ဗာန် အကောင်းဆုံးအချမ်းသာဆုံးဟု ထင်နေသောကြောင့်တည်း။
 "ဘာ မလုပ်ချင်ဘူးလဲ၊ လုပ်ရမယ်၊ စကားမရှည်နဲ့၊ အားလုံးပြောဆို စီမံခဲ့ပြီ"
"မလုပ်ပါရစေနဲ့ ဆရာမရယ်၊ အခုလက်ရှိအလုပ်ကို ကျွန်တော် အင်မတန် မြတ်နိုးပါတယ်"
"အခု အလုပ်လည်း လုပ်ရမယ်၊ဆရာအလုပ်လည်း လုပ်ရမယ်"
"ကျွန်တော် လူထဲကို မတိုးပါရစေနဲ့ခင်‌ဗျာ၊ကျွန်တော့်ကို သနားပါ"
"သနားလို့ လူထဲ တိုးဝံ့အောင် စီမံခဲ့တာရှင့်။လူထဲ မတိုးဝံ့တဲ့အကြောင်းလည်း မပြောဘဲကိုး၊ဘာပဲဖြစ်ဖြစ်၊ ရှင် အခု ဆရာအလုပ်ကို လုပ်ရမယ်၊ မလုပ်ရင် အိမ်မှာ မထားဘူး၊ခပ်ရှင်း ရှင်းပဲ" (ခပ်ဆတ်ဆတ် ပြောသည်။)
 ဘမြစ်သည် အတန်အကြံရကျပ်သွား၏။ အခြားအကြောင်းတို့ထက် ဆရာမ၏ အိမ်၌ မနေရမည်က အရေးအကြီးဆုံးဖြစ်နေလေသဖြင့် မငြင်းနိုင်တော့ဘဲ "ခုအခါတော့ ဆရာမတို့က နှိပ်စက်နိုင်တဲ့အခါကို ကျွန်တော်မငြင်းဝံ့တော့ပါဘူး၊ခိုင်းတာ လုပ်ရမယ့်လူ ဖြစ်နေပါတယ်"ဟု ခနဲ့တဲ့တဲ့ပြော၍ တဲကုပ်ဘက်သို့ ခပ်ဆောင့်ဆောင့် နင်း၍ ပြန်ခဲ့လေ၏။ နံနက် ကျရောက်ကာလ ဆရာမသည် တဲကုပ်ဘက်သို့ လာ၍။ "ကဲ-ဟောဒီမှာ အဝတ်အစားတွေ၊ ခုမနက် ကျောင်းတက်ရမယ်"ဆို၍ မိမိဝယ်ထားသော ပုဆိုးသစ်၊ပဝါသစ်၊ အင်္ကျီသစ်တို့ကို ပစ်၍ ပေးလိုက်၏။ ဘမြစ်ကား ကြည့်ရုံကြည့်လိုက်၏။ မလှုပ်ချေ။ဘူတာရုံသို့ သွားချိန်ကျ၍  ဆရာမက ခေါ်သောအခါ ဘမြစ်သည် ရှိရင်းစွဲ အဝတ်အစားနှင့်ပင် ထွက်လာခဲ့လေ၏။
ထိုအခါ ဆရာမသည် စိတ်ထွက်လာ၍"ဒါ-ဘာလုပ်တာလဲ၊ဘာဖြစ်လို့  ကျွန်မပေးခဲ့တဲ့ အဝတ်အစားကို မဝတ်သလဲ၊ဘာမှတ်လို့လဲ၊လာ အခုလဲရမယ်"ဆို၍  ပြောပြောဆိုဆိုနှင့် ဘမြစ်ကို အတင်းဆွဲ၍ တဲကုပ်တွင်းသို့ ခေါ်ခဲ့၏။ အဒေါ်လုပ်သူက မြင်၍"ဟယ်-မယ်စိန်ကလည်း ဒီလို မလုပ်ပါနဲ့"ဆို၍ ဆင်းလာပြီးလျှင် ဘမြစ်ကို မစိန်လက်ထဲက ဆွဲလုပြီးမှ "ငါ့တူကလည်းကွယ်၊ အလုပ်ကို သွားရမှာပဲ၊ အဝတ်အစား လဲမှပေါ့"ဟု ချေ့ာနေစဉ် မစိန်က"ကဲ-ရထားမမီဘဲနေမယ်၊အခုလဲ"ဆို၍ အင်္ကျီကို အတင်းချွတ်၍ အတင်းစွပ်ပေး၏။ ပုဆိုးကိုလည်း အတင်းချွတ်၍ ဝတ်ပေးမည်လုပ်ရာ ဘမြစ်က ပြုံးပြ၍ ဖယ်ပါဗျာ၊ ကျုပ်ဘာသာ ကျုပ်ဝတ်ပါ့မယ်"ဆို၍ တဲကုပ်အတွင်းခန်းသို့ ဝင်၍ အဝတ်အစားဝတ်၏။ ခေါင်းပေါင်းအုပ်ပေါင်းကို ယခု မစိန်တို့အိမ်ရောက်မှ ပထမအကြိမ် ပေါင်းခြင်းဖြစ်၏။
ဝတ်စားပြီး၍ ထွက်လာသောအခါ တူဝရီးနှစ်ယောက်မှာ အံ့အားသင့်သွား၏။ "တောင်းမှာအကွပ်၊လူမှာ အဝတ်"ဆိုသကဲ့သို့ ယခုကဲ့သို့ သန်မာထွားကျိုင်း ခံ့ညားသော လုလင်ပျိုတယောက်သည် ‌ကောင်းမွန်သော အဝတ်အစားများကို သပ်ရပ်ကျနစွာ အချိုးကျစွာ ဝတ်ဆင်လိုက်သောအခါ များစွာ ကျက်သရေရှိ၍ ကြည့်မငြီး ဖြစ်ရ၏။
ဆရာမ မစိန်ကား"အင်း-ကိုယ့်လူ အဟုတ်ကြီးပါတကား"ဟု ပထမအကြိမ် စိတ်တွင် ဖြစ်ပေါ်မိ၏။ သို့ရာတွင် မျက်နှာကို တည်တည်ပင် ထားလိုက်၏။
ထိုနေ့ နှစ်ယောက်အတူ ကျောင်းတက် ကျောင်းဆင်းကြရလေ၏။ ထိုသည့်နောက် နှစ်ပတ်လောက်အကြာ တနင်္ဂနွေနေ့တနေ့တွင် ဘမြစ်သည် မိမိ၏တဲကုပ်၌ တံခါးပိတ်၍ အိပ်နေရာ ညငါးနာရီအထိ မထသည်နှင့် မစိန်တို့ တူဝရီးနှစ်ယောက် သွားရောက်ကြည့်ရှုရာ အပြင်က နှိုး၍ မရသည်နှင့် တံခါးကို ဖျက်၍ ဝင်ကြ၏။ အတွင်းသို့ရောက်သော် ဘမြစ်၏ ကိုယ်မှ အရက်နံ့နှင့်တကွ ပါးစပ်က  အမြှုပ်များထွက်လျှက် မူးယစ်အိပ်မောကျနေသည်ကို တွေ့ရလေ၏။
ထိုအခါ မစိန်တို့မှာ အံ့သြခြင်း၊ဝမ်းနည်းခြင်းတို့ဖြင့် ရောလျက် မျက်ရည်များပင် ကျမိ၏။ မစိန်၏ စိတ်တွင် ရထားပေါ်၌ တွေ့စက ဘမြစ်၏ ခေါင်းစုတ်ဖွားနှင့် ရုပ်ပုံကိုလည်းကောင်း၊စာမေးပွဲကျခြင်း၏ အကြောင်းကိုလည်းကောင်း၊ မိမိအိမ်သို့ရောက်မှ မကြာမကြာ အခွင့်တောင်း၍ဖြစ်စေ၊မတောင်းဘဲနှင့်ဖြစ်စေ ရန်ကုန်ဘက်သို့ ခဏခဏ လစ်သွားသည်ကိုလည်းကောင်း ဆက်၍ဆက်၍ တွေးမိလေ၏။
"ကိုင်း-အ‌ဒေါ် အိပ်ပစေ၊အိပ်ရာက နိုးမှပြောမယ်"ဆို၍ မစိန်တို့ ပြန်ခဲ့ကြ၏။ ၎င်းည မစိန်တို့ ထမင်းမစားနိုင်ချေ။
နံနက်သို့ ကျကာလ ဘမြစ်နိုးသောအခါ ယီးတီးယားတားဖြစ်နေပြီးလျှင် တံခါးပျက်စီးနေသည်ကို တွေ့ရမှ "အင်း-ပထမ နာမည်၊ဒုတိယ အင်္ဂလိပ်စာတတ်တာ၊ တတိယ အိုင်အေအောင်တာ၊စတုတ္ထ ငါအရက်သောက်တာ ပေါ်ကုန်ပြီ၊ အခု ငါ့အကျင့်ဆိုး ပေါ်တော့ ငါ့ကိုနှင်ထုတ်ဖို့ပဲ ရှိတယ်၊ငါ့တသက်တာမှာ လောကနိဗ္ဗာန်လို့ ထင်ထားတဲ့နေရာက ထွက်သွားရမှာ ငါအစိုးရိမ်ဆုံးပဲ"ဟု တွေးနေစဉ်"ကိုဘမြစ်၊လာဦး"ဟူသော အမိန့်သံကို ကြားလေရာ ထိပ်ထက် မိုးကြိုးကျသကဲ့သို့ ပြင်းစွာတုန်လှုပ်၍ အပြစ်ရှိ‌သောတပည့်သည် ဆရာရှေ့မှောက်သို့ ရောက်သကဲ့သို့ တုန်လှုပ်သောကိုယ်စိတ်ဖြင့် ဆရာမရှေ့သို့ ရောက်လာလေ၏။
မစိန်၏မျက်နှာမှာ ခါတိုင်းကဲ့သို့ တင်းမာသော မျက်နှာထားမဟုတ်တော့ဘဲ ညှိုးငယ်ပူပန်သော မျက်နှာတွင် မျက်ရည် စမ်းစမ်းဖြင့် ရှိလင့်၏။
"ကိုင်း-ကိုဘမြစ်၊ကျွန်မတော့ အတော်ဝမ်းနည်းသွားတာပဲ၊ ဒေါသလည်း  ဖြစ်မိတယ်။ ပထမတော့ နှင်ထုတ်မယ်လို့ စိတ်ကူးမိတယ်။ သို့သော် ကျွန်မပြုပြင် စီရင်ပေးလို့ အတော်နေရာကျလာမှ မလုပ်ရက်တာနဲ့ ရှင့်ကို အချိန်ပေးမယ်၊ ကိုင်း  ဒီအရက်သောက်တဲ့ အကျင့်ကို ဖြတ်မလား၊ဒီအိမ်က ထွက်သွားမလား၊ တခုခုကို ရွေးပေတော့"
ဘမြစ်မှာကား နှင်ထုတ်တော့မည်ဟု တထစ်ချယုံကြည်ထားရာ ယခု ရွေးဖို့ အချိန်ပေးသည်ကို များစွာ ကျေးဇူးတင်လျက် အားတက်ပြီးကာ နှုတ်မလေးဘဲ "ကျွန်တော် အရက်သောက်တဲ့အကျင့်ကို ဖြတ်ပါမယ်"ဟု ဝန်ခံလိုက်လေ၏။
ထိုသို့ ဝန်ခံပြီးသော်လည်း နှစ်နှစ်သုံးနှစ်မျှ စွဲလမ်းခဲ့သော အကျင့်ဆိုးကို ထင်သလောက် မဖြတ်နိုင်ချေ။ စိတ်ကို တင်းပါသော်လည်း ခုနှစ်ရက်ခန့်အကြာ၌ အရက်ဆိုင်ဘက်သို့ လှည့်မိ၏။ နောက်တပတ်၌ ဆိုင်တွင်းသို့ ‌ရောက်ပြီးမှ စိတ်ကိုတင်း၍ ထွက်ခဲ့ရ၏။ မကြာမီ အရက်၏ဘေးရန်ကို ခုခံနိုင်တော့မည် မဟုတ်ကြောင်း သိရလေ၏။
သို့ရာတွင် ဘမြစ်တို့ မစိန်တို့၏ ကုသိုလ်လှုံ့ဆော်လာသည်လား မသိရ၊ တနေ့၌ ဘမြစ်သည် ကျောင်းတွင် ငါးတန်း၌ မြန်မာဘာသာဆင်း၍ ပြရ၏။ ဘမြစ်သည် စာသင်လိုသောစိတ် မရှိသည်နှင့် အတန်းသားတို့အား မြန်မာစာစီစာကုံး ရေးစေ၏။ ဘာအကြောင်းဟူ၍ပင် တွေးမရသည်နှင့်"မင်းတို့ အခုနှစ်ရက်၊သုံးရက်အတွင်း တွေ့ကြုံခဲ့တဲ့ မှတ်သားစရာတခုခု၊ဘာဖြစ်ဖြစ် စာ ၁၀ကြောင်း၊ ၁၅ကြောင်းလောက် ရေးချင်တာရေး" ဟု မသေမချာပင် ခိုင်းလိုက်၏။
အချိန်စေ့၍ စာစီစာကုံးစာအုပ်တို့ကို စု၍ အိမ်သို့ယူခဲ့၏။ ညအခါ၌ ပြင်ရန်ဟု ကြည့်ရှုရာ သုံးလေးအုပ်အပြီးတွင် လှလှဆိုသော မိန်းကလေးတယောက်၏ စာစီစာကုံးသို့ ရောက်လာလေ၏။ ထိုစာကား အောက်ပါအတိုင်းဖြစ်၏။
"အရက်သမားကြီးအကြောင်း"
ကျွန်မတို့အိမ်အနီးတွင် အရက်သမားကြီးတယောက်ရှိ၏။ မနေ့က သူသည် အလွန် အရက်မူးလာပြီးလျှင် မယားရော၊ကလေးတွေကိုရော ကြိမ်လုံးကြီးနှင့် ရိုက်လေသည်။ ကျွန်မဖြင့် အင်မတန်ကြောက်၍ အသားများတောင် တုန်ပါသည်။ လူ့ပြည်မှာ အရက်သမားသည် အမိုက်ဆုံး ဖြစ်ပါသည်။ အရူးဆုံးလည်း ဖြစ်ပါသည်။ ထိုလူကြီးမှာ အဝတ်အစားကိုပင် မနိုင်ဘဲ မုန်းစရာကြီး၊ ကြောက်စရာကြီး၊ရွံစရာကြီးဖြစ်ပါသည်။ ကျွန်မဖြင့် အရက်သမားအိမ်အနားမှာ မနေပါရစေနှင့်၊ အမျိုးထဲမှာ အရက်သမားမရှိပါစေနှင့်၊ အရက်သမားအဖေ၊အရင်သမားမောင်၊ အရက်သမားလင်၊ အရက်သမားသား မရှိပါရစေနှင့်ဟု ဘုရားရှေ့မှာ ဆုတောင်းမိပါသည်..."
ဘမြစ်သည် မြန်မာစာပေကိုလည်း အတန်လိုက်စားသောသူ ဖြစ်၍ စာပေကျမ်းဂန်တို့၌ အရက်၏ အပြစ်အမျိုးမျိုးကို တွေ့ဖူးလှလေပြီ။ဆရာသမားဘုန်းကြီးတို့က ဟောပြောသည်ကိုလည်း နာခဲ့ရလှလေပြီ။ မိမိ၏မျက်မြင် အရက်သမားတို့ ပျက်စီးကြသည်ကိုလည်း တွေ့ခဲ့ရဖူးလေပြီ။ မိမိကိုယ်တိုင် ဘယ်အထိ ပျက်စီးသည်ကိုလည်း ကိုယ်တွေ့ဖြစ်တော့သည်။ ထိုသို့ အမျိုးမျိုးကြားဖူး၊ မြင်ဖူးပါသော်လည်း တရားမကျနိုင်၊ အမြစ်မပြတ်နိုင် ဖြစ်ခဲ့ရ၏။ ယခု ငါးတန်းသူ အသက် ၁၂နှစ်ရွယ် သူငယ်မကလေး၏ ရေးသားချက်ကို တွေ့မြင်ရသောအခါ ကျွတ်ချိန်ကျ၍လား မသိရ၊ ဘမြစ်၏ နှလုံးကို များစွာ ထိခိုက်လေ၏။ ထိုလူမမယ် သူငယ်မသည် မိမိ၏စိတ်တွင် ဖြစ်ပေါ်လာသမျှ အရိုးခံသက်သက်ဖြင့် ‌ရေးခြင်းကြောင့် ထိုသို့ ထိခိုက်လွယ်သည်ဟု ထင်မှတ်စရာ ရှိသည်။ ဤသို့ လူမမယ် သူငယ်မကလေးက ရိုးရိုးလွယ်လွယ်ဖြင့် ရေးအပ်သောစာတို့သည်  ရှေးက ဘမြစ်ကြားဖူး၊တွေ့ဖူးသော အချက်အလက်တို့ကို လွှမ်းမိုး၍ ဘမြစ်ကို ပိုင်ပိုင်နိုင်နိုင်ကြီး ဆုံးမလိုက်လေသတည်း။
ဘမြစ်သည် ထိုစာကို အခေါက်ခေါက် အခါခါဖတ်၍"အင်း-ငါကျွတ်ချိန်ကျပြီ၊ ဒီကလေးမကလေး ပြောသလိုပဲ ငါဟာ ရွံစရာကောင်ကြီး၊မုန်းစရာကောင်ကြီး လူမိုက်ကြီးပဲ၊ ကိုင်း-တော်ပြီ၊ပြတ်ပြီ"ဟု စိတ်ဖြတ်၍ ၎င်းစာအုပ်ကို ရင်ဘတ်ပေါ်တင်လျက် ထိုညဉ့်အိပ်ပျော်ခြင်းသို့ ‌ရောက်လေသတည်း။
ထိုသို့ မစိန်နှင့် လှလှတို့၏ ဆေးဖြင့် အရက်ရောဂါကို အမြစ်ဖြတ်လိုက်ပြီးနောက် တလခန့်အကြာတွင် ဘမြစ်၏မိဘတို့သည် ကျောင်းဆရာ၏စာရင်းတွင် ဘမြစ်နာမည်ကို တွေ့သည်နှင့် စုံစမ်း၊ မေးမြန်း၍ မစိန်တို့အိမ်သို့ မိဘနှစ်ပါး ရောက်လာလေသတည်း။
ဘမြစ်ကား တဲကုပ်တွင် အိပ်နေ၏။ မစိန်သည် ဆီဒန်ကားကြီးနှင့် တခမ်းတနား ရောက်လာသော ဧည့်သည်နှစ်ယောက်ကို အံ့အားသင့်စွာဖြင့် ကြည့်ပြီးမှ ထိုင်ပါ-နေပါ စသည်ဖြင့် ဧည့်ဝတ်ပြုရ၏။
 "ဘယ်ကပါလဲရှင်၊ ကိစ္စများ အထူးရှိတော်မူပါသလား"
 "ကျုပ်တို့က ရန်ကုန်ထဲကပါ၊ ဟုတ်ကဲ့။ ကိစ္စကတော့ ဆရာမရဲ့အိမ်မှာ ကျုပ်သားတယောက် နေတယ်ကြားလို့ပါ။နာမည်က မောင်ဘမြစ်တဲ့"
"ဪ-ကိုဘမြစ်ရဲ့ မိဘများလား၊ဟုတ်ကဲ့-ရှိပါတယ်ရှင်"
"ကြားရတာ ဝမ်းသာပါတယ်ဆရာမရယ်၊ ကျုပ်တို့က ကုန်သည်ပွဲစားပါပဲ။ ကျုပ်သားကလေး ကျောင်းမှာထားရတာ အိုင်အေလည်း အောင်ပြီးရော၊ ဘီအေတန်းမှာ အပေါင်း ဖျက်တာနဲ့ အသောက်အစားစွဲပြီး အကျင့်လည်းပျက်၊ စာမေးပွဲလည်းကျ၊ အားလုံးပျက်စီးတာပါ ပဲလေ။ ကျုပ်တို့လည်း စိတ်ပျက်ပြီး သူ့ကို အိမ်က နှင်လိုက်တယ်ပဲ ဆိုပါတော့။ မအေမှာတော့  အဲဒီလွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကစပြီး မျက်ရည်စက်လက်နဲ့ဟာ အဲ-အခု ကြုံကျနေတာသာ ကြည့်တော့၊ အဲဒါ အခု ဆရာမနဲ့တွေ့လို့ ကယ်ဆယ်ထားတယ်ကြားတာနဲ့ အင်မတန် ဝမ်းမြောက်ကျေးဇူးတင်ပြီး ရောက်လာကြတာပါပဲ ဆရာမရယ်၊ ကိုင်း-သူ့ကို တွေ့ပါရစေ၊ သူ့အမေက တွေ့ချင်လှပြီ၊ မြင်တဲ့အတိုင်းပါပဲ"
"ဟုတ်ကဲ့ရှင့်၊ကျွန်မခေါ်ပေးပါ့မယ်"ဆို၍ တဲကုပ်သို့ ဆင်းခဲ့၏။ ဘမြစ်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်နေရာမှ ပုတ်နှိုး၍ ဝိုးတိုးဝါးတားရှိနေစဉ်"ရှင့် ကိုဟိုဒင်း၊ ရှင့်အဖေတို့ အမေတို့ လိုက်လာတယ်၊အဲဒါ တခါတည်း လိုက်သွာဖို့ အဝတ်အစားတွေပါ ထုပ်ယူခဲ့ပေတော့"
"ဘယ့်နှယ်-အဖေတို့ အမေတို့လိုက်လာတယ်၊ နေပါဦး၊ ကျွန်တော်သူတို့နောက် လိုက်သွားဖို့ အဝတ်အစားတွေ ထုပ်ယူခဲ့ရမှာက ဘယ်သူက ဘာပြောလို့လဲ၊ဘယ်လို စီမံလို့လဲ"
"ပြောလို့တော့ မဟုတ်ပါဘူး။ နို့ပေမယ့် အဖေအမေဆိုတာ အမျိုးအရင်းကြီး ရှိသေးတယ်တော့၊ ဒီတော့ ရှင်လိုက်သွားမှပေါ့"
"ခင်ဗျားကြီး အင်မတန် စကားများတယ်၊ လျှာရှည်တယ်၊ သွားပါဗျာ၊ပြောပါချေ၊ ကျွန်တော်မလိုက်ဘူးလို့"
"အလို-မလုပ်ပါနဲ့တော်၊ ကိုယ့်ဟာကိုယ် သွားပြောပါ၊ ကျွန်မကို တမျိုးထင်နေပါဦးမယ်"
ဤသို့ စကားဆိုနေကြစဉ် မစောင့်နိုင်သော မိခင်သည် တဲကုပ်သို့ လိုက်၍ လာခဲ့၏။ မြင်တွေ့ကြလျှင်ပင် "လူလေးရေ၊သားရေ"ဟု ဆိုမြည်ကာ သားကို ပွေ့ဖက်လေ၏။ သားမှာလည်း မျက်ရည်သွယ်ဖြာနှင့် မိခင်၏ယုယသော ပွေ့ဖက်ခြင်းကို ခံနေလေ၏။ သားအမိ ဖက်၍ ငိုယိုနေကြစဉ် မစိန်သည် အိမ်သို့ပြန်ခဲ့၍ အဒေါ်နှင့် ဘမြစ်၏ဖခင်ကို စကားပြောနေစေ၍ မိမိကား အခန်းတွင်းသို့ ဝင်၍ အိပ်ရာ၌ လဲပြီးလျှင် အမျိုးစုံတွေး၍ နေလေ၏။
ဘမြစ်တို့သားအမိ သားအဖဆုံမိကြသောအခါ ဖခင်ကစ၍-
"ကိုင်း-မင်းအိမ်ကို လိုက်မယ်မဟုတ်လား"
"ကျွန်တော်တယောက်တည်း မလိုက်နိုင်ဘူး"
ထို ဘမြစ်၏စကားကို မစိန်သည် အခန်းတွင်းက ကြားသောအခါ ထိတ်ခနဲ ဝမ်းသာသွား၏။
အဘိုးကြီးက ရယ်၍"ဘယ့်နှယ်လဲ ရှင်မ"ဟု မေးလိုက်၏။
"ကျုပ်ကတော့ အစောကြီးကတည်းက တပိုင်းသေပြီးသားပဲ၊ ကျုပ်တို့မွေးထုတ်လိုက်တာတော့ ဟုတ်ပါရဲ့၊ အခု ဆရာမက ဒုတိယလူဖြစ်အောင် လုပ်ပေးတော့ သူလည်း ကျုပ်တို့ ဆိုင်သလောက် ဆိုင်တာပဲ၊ ဘာပဲဖြစ်ဖြစ် ကျုပ်သားချမ်းသာသလို နေစေချင်တာပဲ"
"ကျုပ်ကလည်း မနေရဘူး မပြောပါဘူးဗျာ၊ကဲလေ-ဘာပဲဖြစ်ဖြစ် အိမ်တော့ လိုက်ခဲ့ဦး၊ မင့်ဆရာမကိုလည်း အလည်အပတ် ခေါ်ခဲ့တာပေါ့"
ဘမြစ်တို့အိမ်မှာ ခြံကြီးဝင်းကြီးနှင့် အတန်ခမ်းနားကြီးကျယ်သော အိမ်ကြီးဖြစ်၏။ ဘမြစ်တို့မိဘမှာ ကြွယ်ဝသော သူများဖြစ်ကြ၍ အရာရာလိုလေသေးမရှိ ပြည့်စုံကြ၏။ ထိုမျှ ကြီးကျယ်ခမ်းနားသော အခြေအနေကို မြင်ရသောအခါ မစိန်သည် ဘမြစ်အား ရေခပ်ခြင်း၊ ရေလောင်းခြင်း၊ ဈေးသွားခြင်း စသည်တို့ကို ပြုစေမိသမျှ တွေး၍ အားနာမိ၏။
ညစာ စားသောက်ပြီးကြသောအခါ ပွဲစားကြီးက စ၍"ကိုင်း-မစိန်၊ 'ရေအဆုံး ကုန်းတဝက်'ဆိုသလို ကျုပ်သားကို မစိန်တဝက်ဆိုင်တယ် ဆိုရမယ်။ ကျန်တဝက်ကိုလည်း ကျုပ်တို့က ကြည်ကြည်သာသာ မစိန်ကို ယုံကြည်စိတ်ချပြီး ပုံအပ်လိုက်ပါတယ်"
ထိုအခါ ပွဲကတော်ကြီးက ဝင်တဲ့၍"အဆစ် မထည့်တော့ဘူးလားရှင့်"ဟု မေးလိုက်၏။
"ဘယ့်နှယ် ပွဲက‌တော်ရယ်၊ အဆစ်မထည့်ဘဲ ရှိပါ့မလား၊ အဆစ်ကလေ ကျုပ်တို့ရှိတဲ့ ပစ္စည်းအကုန်ပေါ့ဗျ"
ထိုစကားကိုကြားသောအခါ ဘမြစ်ပင် အတန်အံ့သြသွား၏။
ထို့နောက် မစိန်တို့သည် ဘမြစ်တို့အိမ်သို့ ပြောင်းရွှေ့ခဲ့ကြ၍ အင်းစိန်က ခြံအိမ်ကို အခြေမပျက်ထားပြီး တနင်္ဂနွေနေ့တိုင်း ခြံထွက်ကြလေသတည်း။
ကျွန်ုပ်သည် ထိုဆရာလင်မယားနှင့် တွေ့ကြုံ၍ ၎င်းတို့အကြောင်းကို  သိရ၏။ မောင်ဘမြစ်သည် လှလှ၏စာကို စာအုပ်ပါ တောင်းယူ၍ တရိုတသေ သိမ်းထား၏။ လှလှကို ကျေးဇူးဆပ်သည့်အနေဖြင့် မောင်ဘမြစ်တို့သည် ထိုကလေးမ၏ ပညာသင်စရိတ်ကို ထောက်ပံ့ခဲ့သည်မှာ ယခုနှစ် ဘီ-အေအောက်တန်းသို့ ရောက်နေလေပြီ။
မနေ့တနေ့ကပင် ကျွန်ုပ်ကို ဖိတ်ခေါ်၍ အင်းစိန်က ခြံအိမ်ကလေးသို့ ရောက်ခဲ့ရ၏။ ထိုနေ့၌ ဘမြစ်တို့လင်မယား၊ ပွဲစားကြီးလင်မယား၊ လှလှ၊ ကျွန်ုပ်ပါ ခြောက်ယောက် တွေ့ဆုံစားသောက်ကာ များစွာပျော်ရွှင်ကြ၏။ ကျွန်ုပ်သည် ထိုစိတ်လက် ချမ်းသာသော လူတသိုက်ကိုမြင်ရလျှင် အကယ်၍ မောင်ဘမြစ်သာ အရက်ရန်သူကို မခုခံနိုင်ခဲ့ပါလျှင် ထိုကျေးဇူးတရားတို့မှ ဆုံးရှုံးလေရာ၏ဟု တရားကျမိသဖြင့် 
ဤကိုယ်တွေ့ဝတ္ထုကလေးကို ရေးလိုက်ရပေသတည်း။
(ဦးဖိုးကျား၏ကိုယ်တွေ့ဝတ္ထုတိုများမှ/ စာရိုက် U Ko Ko Htwe)
စာကို မူရင်းသတ်ပုံမပျက် တင်ပေးထားသူ ကျေးဇူး + ကွန်ဂရက်ကျူလေးရှင်း။ လူအများစုကတော့ ကိုယ်ရေးတဲ့စာမဟုတ်ဘဲ သတ်ပုံပြင်တင်ကြထုတ်ကြတယ်။ ကိုယ်စပ်တဲ့ကဗျာမဟုတ်ဘဲ သတ်ပုံပြင် တင်ကြထုတ်ကြတယ်။ ကိုယ်သီတဲ့သီချင်းမဟုတ်ဘဲ သတ်ပုံပြင်တင်ကြထုတ်ကြတယ်။ မြန်မာစာလောကကြီး ပျက်စီးနေတာကို ပြင်ကြစေချင်တယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ