ကောက်ရိုးနွယ် (ဇေယျ)
တပေါင်းကလည်း ဆန်းကြယ်ပေ၏။ တန်ခူးကလည်း လှပါပေ၏။ တပေါင်းလရောက်လျှင် နှင်းကလေး တဝေဝေ၊ မြူကလေး တဆို့ဆို့နှင့်၊ တောင်လိုလို မြောက်ယောင်ယောင် လွမ်းစိတ်များပေါ်လာ၏။ သွားလေသူ အဖေ့မျက်နှာ၊ အမေ့မျက်နှာ၊ အကို့မျက်နှာ၊ အမမျက်နှာများကို မြင်ယောင်မိ၏။ နှစ်ပေါင်း လေးဆယ်ကျော်ခဲ့ပြီ။ ရန်ကုန်ရောက်ယင် ကျမ မမေ့နဲ့နော်။ ရောက်ရောက်ချင်း စာထည့်နော်။ အမေသိရင် ဆူနေအုံးမယ်။ ဈေးထဲက ဒေါ်ဒေါ်အေးနာမည်နဲ့ ထည့်နော်။ ကျမဈေးသွားယင်း ဝင်ယူမယ်။ သီတင်းကျွတ် အလုပ်ပိတ်ရက် ဆက်ဆက်ပြန်ခဲ့နော်။ ကျောင်းကပြန်တုံးကလို အိမ်ကိုတိုက်ရိုက်ကြီး ဝင်မလာနဲ့အုံးဟု မှာလိုက်သော အသံကလေးကို ပြန်လည်ကြားယောင် လွမ်းတမိ၏။ လွမ်းရင်းလွမ်းရင်း တန်ခူးရောက်ခဲ့ပြန်၏။ ရွက်သစ် ပုရစ်အဖူး အညှောင့်ကလေးတွေ ထွက်လာ၏။ တခွင်တပြင်လုံး စိမ်းနုလျက်ရှိ၏။ တခါတခါ နံနက်ကြော မြူဆို့သလိုလို မှုန်မှုန်မှိုင်းမှိုင်းကလေးပြုနေ၏။ ကျီးကန်းတွေ ဒီနှစ် အသိုက်စောစော လုပ်ကြတယ်ကွ။ မိုးဦးစောလိမ့်မယ် တင်ပါရဲ့ဟု ဦးကြီးရွှေဖိုး ပြောသံနှင့်အတူ အနောက်ဖက်ဆီက မိုးသားကလေးလိုလို သန်းသွားသည်ကို မြင်လိုက်မိ၏။ ပေါင်းကလည်း ဆန်းကြယ်ပေ၏။ တန်ခူးကတည်း လှပါပေသည်။ အလွမ်းစိတ်နှင့် အတွေးစိတ်သည် သူတပြန် ငါတပြန် ပေါ်လာကြကာ စာဆိုလိုသော စိတ်ကလည်း တဖွားဖွားတက်လာ၏။
ဇေယျရေးသားတဲ့ မြန်မာ့မျက်ပွင့်စာအုပ်ပါ ရွာဓလေ့အောက် စာဖြစ်ပါတယ်။ ၁၉၆၄-၆၅ ဆယ်တန်း စိတ်ကြိုက်မြန်မာစာ ပြဋ္ဌာန်းစာအုပ်ဖြစ်ပါတယ်။
- နှင်းကလေး တဝေဝေ၊ မြူကလေး တဆို့ဆို့နှင့်၊
- တခွင်တပြင်လုံး စိမ်းနုလျက်ရှိ၏။
- တခါတခါ နံနက်ကြော မြူဆို့သလိုလို
- သူတပြန် ငါတပြန်
- စာဆိုလိုသော စိတ်ကလည်း တဖွားဖွားတက်လာ၏။
မြန်မာသတ်ပုံဆိုတာ အဲလိုု။ အခုခေတ်ကောက်ရိုးနွယ်ကို နွားတွေတောင်မှ မျိုချမရ တစ်နေတော့၏။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment