ပြည့်ရှင်မင်းကြီး ပြည်ဝတ်တည်ဆိုတာ
ပြည့်ရှင်မင်းကြီးလား ပြည်ရှင်မင်ကြီးလားဆရာ။ ပြည်ဝတ်တည်ဆိုတာဘာကိုပြောတာလဲရှင့်
၁။ အရင်ဆုံး အလွယ်ပြောရရင် အောက်မြစ် ခေါ်
အောက်ကမြင့်ထည့်လို့ရင် စာလုံးက ၏ သို့မဟုတ် ပိုင်ဆိုင်သည့်လို့
ဆိုလိုရာရောက်ပါတယ်။ သူ - သူ့၊ ငါ - ငါ့၊ တိုင်းပြည် - တိုင်းပြည့် (တိုင်းပြည်၏)။
၂။ ပြည်ရဲ့ နောက်အဓိပ္ပါယ်တခုက အနာပြည်။ အနာဖြစ်တဲ့အခါ
တခါတလေမှာ ပြည်တည်တယ်။ ပြည်တည်စေနိုင်တဲ့ ပိုးအမျိုးအစားဝင်ခံရလို့ဖြစ်တယ်။
အဲဒီချိန်မှ အနည်ပြည်တည်လာပြီလို့ ပြောကြရတယ်။ တချို့က ပြည်ဝတ်ဆံလို့လည်း
ပြောကြတယ်။
၃။ တခုခုကို အစတည်ရာမှာလည်း ပြည်တည်တယ်လို့ ပြောပါတယ်။
တကယ့်တိုင်းပြည် တည်ထောင်တာအပြင် တင်စားပြောနိုင်တာတွေလည်း ရှိတယ်။ ဥပမာ ပြဇာတ်တခု
တင်ဆက်တဲ့အခါ အစပျိုးခန်းတွေကို ပြည်တည်တယ်လို့ ပြောလေ့ရှိတယ်။ ဇာတ်ပွဲတွေမှာ
ရှေ့ပိုင်းအပြီး နောက်ပိုင်းအကူးမှာ ဝန်ကြီး သရုပ်ဆောင်တွေက
အလွန်မှတ်သားဘွယ်ကောင်းတဲ့ သုတစကားတွေ ပြောဆိုကြတာကိုလည်း ပြည်တည်ခန်း လို့
ခေါ်ကြတယ်။
·
ဒေဝဒဟပြည့်ရှင်မင်းကြီး သုပ္ပဗုဒ္ဓသည် -
·
ဗိမ္ဗိသာရမင်းသည် မဂဓတိုင်း၊ ရာဇဂြိုဟ်ပြည့်ရှင်၊ ဘာဂီနိယ မင်းကြီး၏
သားတော်ဖြစ်သည်။
·
ဟံသာဝတီပြည့်ရှင်မင်းကြီး သလွန်ပေါ်တွင်လှဲလျောင်းနေသည်။
· သုဝဏ္ဏဘူမိပြည့်ရှင် မနူဟာမင်းကြီးအကြောင်း။
ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္ဗိသာရမင်းသည် သားတော်၏လက်ကအနာ ပြည်တည်လို့ ကိုက်ခဲနာလွန်းသည့်အတွက် ငိုယိုနေစဉ်မှာ အနာပါတဲ့လက်ချောင်းအား ပါးစပ်ထဲတွင်ငုံပေးထားသည်ဟု ဆိုပါသည်။
ပြည်
ဆန်တပြည်
ပြည်ကြီးပန်း (ဗေဒါပန်း)
ပြည်စွန်ရွာနား
ပြည်တည်တည်လုပ်
ပြည်တော်ပြန် (ဂီတသံစဉ်)
ပြည်တော်ပြန်ဝါမျိုး
ပြည်ထောင်စု
ပြည်ထဲရေး
ပြည်နှင်ဒဏ်
ပြည်ပန်းညိုပင်
ပြည်ဖုံးကား
ပြည်လုံးကျွတ်
ပြည်ဝတ်တည်
မြို့ပြပြည်ရွာ
သွေးပြည်
အနာပြည်တည်
ပြည့်
ပြည့်ကံကျွေး
ပြည့်ကျပ်
ပြည့်စင်ပင်
ပြည့်စုံ
ပြည့်ညပ်
ပြည့်တန်ဆာ
ပြည့်ဖြိုး
ပြည့်မွမ်း
ပြည့်မီ
ပြည့်လျှံ
ပြည့်လျှမ်း
ပြည့်ဝန်း
ပြည့်ဝှန်
ပြည့်သိပ်
ဖြည့်၍ပြည့်
အလင်္ကာပုလဲပန်း၊ ထူးခြားဆန်းပြား မြန်မာစာအမှား
(စ) အမြစ်၊ အောက်မြစ်၊ အောက်ကမြစ်
အခုမှားကြတဲ့အမှားဟာ အောက်မြစ်အကြောင်း ကောင်းကောင်းနားမလည်လို့
မှားတဲ့အမှားလို့ယူဆရပါတယ်။ အဲဒါကြောင့် အောက်မြစ်အကြောင်းကို
နည်းနည်းပြောချင်ပါတယ်။
ဆရာကြီး ဒဂုံဦးစန်းငွေက သူ့ရဲ့ သဒ္ဒါအမြင်၊ စာအမြင်စာအုပ်မှာ
အောက်မြစ်၊ ဝစ္စပေါက်၊ သေးသေးတင်၊ တစ်ချောင်းငင်၊ နှစ်ချောင်းငင်၊ သဝေထိုး၊
ရှေ့ထိုး၊ ဟထိုးဆိုတာမျိုးတွေဟာ ဘာကိုအကြောင်းပြုပြီး ဘယ်လိုဖြစ်ပေါ်လာသလဲ၊
ဘာ့ကြောင့်လိုအပ်သလဲဆိုတာ ကလေးသူငယ်တွေသိအောင်၊ ခြေခြေမြစ်မြစ် နားလည်အောင်
အသိပေးဖို့သင့်တယ်၊ သူတို့သိထိုက်တယ်၊ သိခွင့်ရှိတယ်လို့ ဆိုခဲ့ပါတယ်။
သူ့စာအုပ်မှာလည်း ရှင်းလင်းရေးသားထားပါတယ်။ အခုတော့ ကလေးသူငယ်တွေသာမက လူကြီးတွေပါ
ခြေခြေမြစ်မြစ် မသိကြလို့သာ မူ့၊မှု့၊ စု့၊ ပြု့၊ ဟု့၊ သိ့၊ ရှိ့ ဆိုတဲ့
အရေးအသားမျိုးတွေပေါ်ထွက်လာတာလို့ ယူဆရမှာ ဖြစ်ပါတယ်။
အောက်မြစ်ဆိုတာ မြန်မာစာပေ၊ မြန်မာစကားတမျိုးတည်းမှာသာရှိပါတယ်။ ပါဠိ၊
သက္ကတမှာရော တခြား ဘယ်ဘာသာမှာမှ မရှိဘူးလို့ ဦးသောင်းလွင်ရဲ့
မြန်မာအက္ခရာဗေဒကျမ်းမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ အောက်မြစ်ဟာ မြန်မာစာပေအစကတည်းက
တခါတည်းပါလာတဲ့အရာမဟုတ်ပါဘူး။ နောက်ပိုင်းမှ လိုအပ်ချက်အရ တီထွင်လိုက်တဲ့အရာပါ။
တနည်းအားဖြင့်ပြောရရင် စာပေလိုအပ်ချက်အရ ဖွံ့ဖြိုး ပေါ်ပေါက်လာတဲ့ အရာလို့လည်း
ဆိုနိုင်ပါလိမ့်မယ်။
သံရှည်တွေကို သံတိုအဖြစ်ပြောင်းလဲဖတ်ရှုစေချင်တဲ့အခါ အသုံးပြုဖို့
သင်္ကေတအဖြစ် အောက်မြစ်ကို အသုံးပြုခဲ့တာပါ။ ဥပမာ ကကြီးကိုနငယ်နဲ့သတ်ရင်
ကန်လို့အသံထွက်မှာပါ။ အဲသလောက်အသံရှည်နဲ့ မထွက်ပါနဲ့လို့ တားမြစ်ချင်တဲ့အခါ
သင်္ကေတတခုလိုအပ်လာပါတယ်။ အဲဒီအခါမှာ အောက်မြစ်ကို ထည့်ပေးလိုက်တာပါ။
အောက်မြစ်ကိုတွေ့တဲ့အတွက် အသံရှည်ကိုတားမြစ်လိုက်ပြီးဖြစ်သွားတယ်။ အသံတိုဖြစ်တဲ့
ကန့်လို့ ပြောင်းလဲရွတ်ဆိုပေးရပါတယ်။ ပုဂံခေတ်မှာတုန်းကတော့ အခုရေးကြသလို
အစက်ကလေးအောက်မှာပြပြီး တားမြစ်တာ မဟုတ်သေးတော့ အောက်မြစ်လို့ မခေါ်ပါဘူး။
ပုဂံခေတ်တုန်းက "အ" အက္ခရာကိုအောက်မှာရေးပြီး သံရှည်ကို တားမြစ်တဲ့ အတွက်
"အ" မြစ် လို့ခေါ်ပါတယ်။ ဥပမာ အိန်ကို
အိန့်အဖြစ်အသံပြောင်းထွက်စေချင်ရင် ပုဂံခေတ်တုန်းက "အ" အက္ခရာနဲ့
ဆင့်ပြီး "အိန္အ်" လို့ရေးပါတယ်။ အသံထွက်က "အိန့်" ပါပဲ။
"ယခုအခေါ် အောက်မြစ်ကို ရှေးပုဂံခေတ်ကျောက်စာတို့၌ "အ" မြစ်ဟူ၍ ရေးထိုးကြကုန်၏"
လို့ ဆရာကြီး ဒဂုံဦးစန်းငွေရဲ့ သဒ္ဒါအမြင်၊ စာအမြင် စာအုပ်မှာ ရေးသားထားပါတယ်။
ဒါပေမဲ့ ဗမာစကားစစ်စစ်မည်သည် လုံးဆင့်ရိုးထုံးစံမရှိပါဘဲလျက်
"အ" ကိုအောက်က ဆင့်ရေးထားတာဟာ အစဉ်အလာကိုဖျက်သလို ဖြစ်နေပါတယ်။
ဗမာစကားစစ်စစ်မှာ လုံးဆင့် မရှိပါဘူး။ ပါဠိစကားလုံးတွေကသာ ရှိတာပါ။ နောက်တခါ
"အ" ကိုအောက်က ဆင့်ရေးရတာက အလုပ်ရှုပ်လက်ဝင်တဲ့အတွက် နောင်မှာ
အစက်ကလေးကို အစားထိုးအသုံးပြုလာတဲ့အခါ "အ" မြစ် အဖြစ်မှသည်
အောက်မြစ်ဖြစ်လာပါတယ်။
"ဗျုပ္ပတ်ကား အောက်ကနေ၍ အထက်ဒီဃသံ သံရှည်ကို
"အ" ဖြင့် မြစ်သောကြောင့် "အ" မြစ်။ အောက်ကနေ၍ မြစ်သောကြောင့်
အောက်မြစ်ဟူလို။" ဆိုပြီး ဆရာကြီး ဒဂုံဦးစန်းငွေက ရေးသားထားပါတယ်။
မွန်ဘာသာစကားမှာရှိတဲ့ "အ" သတ် (အ်) ဟာ
ဗမာတွေသုံးချင်တဲ့အသံတိုလောက်နီးပါး သံတိုကို ပြဆိုပါတယ်။ ဒါ့ကြောင့်
ဗမာကလည်းမွန်ကိုတုပြီး သံရှည်ကိုတားမြစ်တဲ့ သင်္ကေတအဖြစ် "အ" ကို အောက်မှာ
ဆင့်သုံးစွဲခဲ့တာ ဖြစ်ပုံရတယ်လို့ ဦးသောင်းလွင်ရဲ့
မြန်မာအက္ခရာဗေဒကျမ်းမှာဆိုပါတယ်။ မြန်မာကျောက်စာတွေမှာလည်း "အ"
မြစ်ကိုအသုံးမပြုခင်က "အ်" ကိုအရင် စမ်းသပ်အသုံးပြုခဲ့ကြတာကို
တွေ့နိုင်ပါတယ်။
အောက်မြစ်ကိုပဲ နောက်ပိုင်းမှာအောက်ကမြစ်လို့လည်း
ခေါ်ဆိုလေ့ရှိကြပါတယ်။ အခုခေတ်မှာ အောက်ကမြစ်လို့ ခေါ်သူကပိုများမယ်ထင်ပါတယ်။ လိုရင်းကတော့
အောက်မြစ်၊ အောက်ကမြစ်ထည့်ရခြင်းဟာ သံရှည်ကို သံတိုအဖြစ်ပြောင်းဖို့ပါ။
အောက်မြစ်မလိုသောအသံထွက်များ
အောက်မြစ်ရဲ့ ရည်ရွယ်ချက်ဟာ အသံရှည်ကို အသံတိုဖြစ်အောင် လုပ်ဖို့ပါပဲ။
ဒါ့ကြောင့် အသံရှည်တွေကို အသံတိုဖြစ်အောင် လုပ်ချင်တဲ့အခါမှာသာ အောက်မြစ်ကို သုံးဖို့လိုအပ်ပါတယ်။
မူလကတည်းက သံတိုသံပြတ်ဖြစ်နေရင် အောက်မြစ်သုံးစရာမလိုပါဘူး။ အောက်မြစ်သုံးစရာမလို၊
သုံးလို့မရတဲ့ သရသံတွေနဲ့ ပတ်သက်ပြီး ဆရာကြီးဦးထွန်းတင့်က အခုလိုပြောပြပါတယ်။
"မြန်မာမှာလည်း အကျယ်အပွားဆိုရင်တော့ အများကြီးပါ။
သရအသံပေါင်း ၅၁ သံတောင်ရှိတာပေါ့။ ထားပါတော့။ အခြေခံလို့ပဲပြောပြော
ပါဠိသရသံလို့ပဲပြောပြော အခြေခံသရဆိုရင် ၈ မျိုးပဲရှိတယ်ပေါ့ဗျာ။ အ၊ အာ၊ အိ၊ အီ၊
အု၊ အူ၊ အေ၊ အော လို့ ၈ လုံးရှိတာပေါ့။ အဲဒီ ၈ လုံးထဲမှာ အ၊ အိ၊ အုက အသံတို သရ ၃
လုံး။ ပါဠိမှာတော့ ရဿသရလို့ ခေါ်တာပေါ့ဗျာ။ အာ၊ အီ၊ အူ၊ အေ၊ အောဆိုတဲ့ သရ ၅
လုံးကို ဒီဃသရလို့ခေါ်တာပေါ့။ သံရှည်သရပေါ့။ အဲဒီတော့ အ၊ အိ၊ အု ဆိုတဲ့ အသံတို
သရသုံးလုံးမှာ အောက်ကမြစ် ထည့်ဖို့မလိုဘူး။ သူ့ဘာသာ အသံကတိုပြီးသား။ သံရှည်သရ ၅
လုံးမှာတော့ အသံတိုချင်ရင် အောက်ကမြစ်လေးထည့်ပေးရမှာပေါ့။ ကာဆိုတဲ့စကားကို
အသံတိုချင်ရင် အောက်ကမြစ်လေးထည့်ပြီး ကာ့လို့ရေးရမှာပေါ့။ လူဆိုတဲ့စကားကို
အသံတိုချင်ရင် အောက်ကမြစ်လေးထည့်ပြီး လူ့လို့ ရေးရမှာပေါ့။ နီဆိုတဲ့စကားလုံးလေးကို
အသံတိုစေချင်ရင် အောက်ကမြစ်လေးထည့်ပြီး နီ့လို့ ရေးရမှာပေါ့။ ဒါပေမဲ့ သိတို့၊
ရှိတို့ မုတို့ စုတို့ ပြုတို့လို အိသရ အုသရတွေမှာတော့ အောက်ကမြစ်ထည့်စရာမလိုပါဘူး။"
အ၊ အိ၊ အုတွေဟာ သံတိုသံပြတ်တွေဖြစ်ပါတယ်။ အဲဒီ အ၊ အိ၊ အုတွေ အောက်မှာ
အောက်မြစ်ထည့်စရာ မလိုပါဘူး။ အောက်မြစ်ထည့်လိုက်လို့လည်း ဒီ့ထက်ပိုပြီးတိုတဲ့
ပြတ်တဲ့အသံဖန်တီးရွတ်ဆိုလို့ မရတော့ပါဘူး။ အော ကိုသာ အော့၊ အီ ကိုသာ အီ့၊ အူ ကိုသာ
အူ့ အဖြစ် အောက်မြစ်ထည့်ပြီး အသံတိုပြောင်းလို့ရပါတယ်။ တနည်းအားဖြင့် အသံရှည်ကို
တားမြစ်လို့ ရပါတယ်။
ဒါ့ကြောင့် မှု၊ မု၊ စု၊ ပြု၊ ဟု ဆိုတဲ့ အုသရသံတွေအောက်မှာ
အောက်မြစ်ထည့်တာဟာ မလိုအပ်ဘဲ မှားယွင်းထည့်သွင်းခြင်းသာဖြစ်ပါတယ်။ မထည့်သင့်ဘူး။
မထည့်ရဘူး။ အဲသလို ရေးထုံးလည်း ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။
အဲသလိုမှားပုံမှားနည်းမျိုးတောင်မှ ရှေးက တခါမှ မကြားဖူး၊ မကြုံဖူးပါဘူး။ အခုခေတ်မှ
ပေါ်လာတဲ့ မှားပုံမှားနည်း အသစ်အဆန်းလို့တောင် ခေါ်ရမဲ့သဘောဖြစ်ပါတယ်။ အလားတူပဲ
သိ၊ ရှိ စတဲ့ အိသရသံတွေဟာလည်း သံတို၊ သံပြတ်တွေဖြစ်တယ်။ နဂိုကတည်းက
တိုပြီးသားပြတ်ပြီးသား အဲဒီအသံတွေမှာ အောက်မြစ်ထည့်စရာမလိုဘူး။ သိ့ တို့ ရှိ့
တို့ဆိုတဲ့ အရေးအသားမျိုးဟာ ကြံကြံဖန်ဖန် ရေးမှရေးတတ်ပလေလို့ ပြောရမဲ့
အရေးအသားမျိုးဖြစ်ပါတယ်။
က၊ စ၊ တ၊ ပ အသတ်များ
"အခြေခံအားဖြင့် ပြောရင် အသံရှည်ကို
အသံတိုစေချင်ရင် အောက်ကမြစ်ထည့်တယ်။ အသံရှည်အားလုံးကို အသံတိုဖြစ်စေချင်တဲ့အခါ
အောက်ကမြစ်ထည့်တာပေါ့။ ဥပမာအားဖြင့် အင်၊ အင့်၊ အင်း ဆိုတဲ့နေရာမှာ အင် ကိုသံရှည်လို့ခေါ်တယ်။
အင့်လို့ပြောချင်ရင် အောက်ကမြစ်ထည့်တာပေါ့ဗျာ။ ဒါကလိုအပ်လို့ထည့်တာပဲ။
အောင်ဆိုတာကိုအသံတိုစေချင်ရင် အောက်ကမြစ်ထည့်တာပေါ့။ ဥပမာ ဗိုက်အောင့်တယ်ဆို
အောက်ကမြစ်ထည့်တာပေါ့။ ဗမာမှာတော့ အသံရှည်တွေ အများကြီး ရှိတာပေါ့။
အဲဒီအသံရှည်အားလုံး အသံတို ဖြစ်စေချင်ရင် အောက်ကမြစ် ထည့်တာပါပဲ" လို့
ဆရာကြီးဦးထွန်းတင့်က ဆိုပါတယ်။
က၊ စ၊ တ၊ ပ သတ်တဲ့အသံတွေကတော့ မူလကတည်းက အသံတိုတွေပါ။
အဲဒီအသတ်တွေဆိုရင် အောက်မြစ်ထည့်စရာ မလိုပါဘူး။
"မြန်မာစကားမှာ က၊ စ၊ တ၊ ပ အသတ်တွေကို
ရှေးကမြန်မာတွေကတော့ တိုင်သံလို့ခေါ်ကြတယ်။ င၊ ည၊ န၊ မ အသတ်တွေကို
နှာသံတွေလို့ခေါ်တယ်။ မြန်မာစကားမှာ အသတ် ၁၀ ပါးရှိတယ်။ က၊ စ၊ တ၊ ပ၊ င၊ ည၊ ညလေး
(ဉ) ၊ န၊ မ၊ ယ ၁၀ လုံး။ အဲဒီ ၁၀ လုံးထဲမှာ က၊ စ၊ တ၊ ပ သတ်တဲ့အသံတွေဆိုရင်
အောက်ကမြစ် ထည့်စရာမလိုဘူး။ ထပ်ပွားလိုက်ရင် တိုင်သံချည်းပဲ အရေးအားဖြင့် ၁၀
လုံးရှိတယ်။ ကသတ်က ၃ လုံး။ အက်၊ အောက်၊ အိုက်။ စသတ်က ၁ လုံး အစ်။ တသတ်က ၃ လုံး
အတ်၊ အိတ်၊ အုတ်။ ပသတ်ကလည်း ၃ လုံး အပ်၊ အိပ်၊ အုတ်။ အရေးအားဖြင့် ၁၀ လုံး။
အသံအားဖြင့်တော့ ၇ လုံးပဲရှိတယ်။ ဘာ့ကြောင့်လဲဆိုတော့ တသတ်နဲ့ ပသတ်နဲ့က
အသံတူနေလို့။ အဲဒီအသတ်တွေဆိုရင် အောက်ကမြစ်ထည့်စရာမလိုဘူး။"
အက်၊ အောက်၊ အိုက်စတဲ့ သရဆယ်လုံးလို့ ဆရာကြီးဦးထွန်းတင့်ကပြောရာမှာ
အဲဒီသရတွေနဲ့တွဲတဲ့ စာလုံး အားလုံးကို ဆိုလိုပါတယ်။ ကက်၊ ကောက်၊ ကိုက်၊ တက်၊
တောက်၊ တိုက် စသည်ဖြင့် ဘယ်ဗျည်းနဲ့ပဲ တွဲတွဲ အဲဒီအသံတွေအားလုံးမှာ
အောက်ကမြစ်ထည့်သုံးစရာမလိုပါဘူး။
အောက်ကမြစ် ထည့်စရာမလိုတဲ့နေရာတွေမှာ အပိုထည့်လိုက်လို့ အသံလည်း ပိုပြီးတိုမသွားပါဘူး။ ဒါ့ကြောင့် အပိုထည့်လိုက်ခြင်းဟာ မလိုအပ်ရုံသာမက မှားလည်း မှားပါတယ်။ ဘယ်တုန်းကမှလည်း မရှိခဲ့ဖူးတဲ့ အရေးအသားမျိုးဖြစ်ပါတယ်။ ဒါ့ကြောင့် မူ့၊ မှု့၊ စု့၊ ပြု့၊ ဟု့၊ သိ့၊ ရှိ့ စတဲ့ အရေးအသားများဟာ ရှောင်ကြဉ်အပ်တဲ့ အရေးအသားတွေလို့ ဆိုချင်ပါတယ်။ (ဆုံး)
ဒေါက်တာတင့်ဆွေ
Think
ReplyDelete