ထင်းဆယ်ကြသူများ
ဆင်းလာ ဒီးဒီး၊ ချောင်းရေစီး
စီးတယ်လေ့ - စီးတယ်လေး။
ကမ်းနား သစ်ပင်၊ ချောင်းနုတ်ဝင်
ရေလျဉ် ဝေါဝေါ၊ ထင်းခွေမျော
မျောတယ်လေ့ - မျောတယ်လေး။
လှိုင်းနှင့် လိမ့်ကာ၊ ထင်းမျော်လာ
ဆယ်ပါစို့လား ပျိုအများ
သွားတယ်လေ့ - သွားတယ်လေး။
ထင်းကို ရစ်ကာ၊ မြွေမျောလာ
ကူးကာ ဝေးဝေး၊ ပျိုတို့ပြေး
ပြေးတယ်လေ့ - ပြေးတယ်လေး။
တစောင်း ရွှေယောင်၊ ပျိုတို့မောင်
ခေါင်းထောင် မြွေပွေး၊ သတ်တယ်လေး
သတ်တယ်လေ့ - သတ်တယ်လေး။
ခေါင်းထောင်မြွေပွေး၊ ဘေးရန်ဝေးမှ
ပြေးကာ ချောင်းတွင်း၊ ပျိုတသင်း
တဝုန်းဝုန်းနှင့် ဆင်းတယ်လေး
ဆင်းတယ်လေ့ - ဆင်းတယ်လေး။ ။ မောင်စွမ်းရည် (၂၈-၇-၁၉၆၁)
အနီနှင့် အပြာကဗျာများစာအုပ်ကို ၁၉၆၄ ခုနှစ်မှာ ထုတ်တယ်။ အမျိုးသားစာပေဆု ရတယ်။ မောင်သာနိုးက အင်္ဂလိပ်လို ဘာသာပြန်တယ်။
ကျွန်တော့မွေးဇာတိ မင်းရွာဟာ ချင်းတွင်းမြစ်ထဲကို စီးဝင်တဲ့ ပုလဲမြို့နယ်ထဲက တောင်ယမား ချောင်းဘေးမှာရှိတယ်။ ယမားဆိုတာ မိုးရွာမှသာ ရေလာတယ်။ ယမားအထက်အညာ တောင်ပေါ်မှာ မိုးတွေညို့လာရင် ချောင်းရေ လာတာ့မယ်။ ယမားကို ကန့်လန့်ဖြတ်မကူးလေနဲ့။ ကားတောင်မလွတ်နိုင်။ ယမားထဲချောင်းရေတွေ ကျပြီဆိုရင် နောက်ကျိနေတဲ့ ရေတွေကလည်း တဝုန်းဝုန်နဲ့။ သစ်ပင်တွေ မျောပါလာတယ်။ ထင်းအဖြစ် ဆယ်ယူကြရတယ်။ ရေစီးကသန်တော့ သက်စွန့်ဆံဖျား။ မြွေတွေလည်း ပါသတဲ့။ မြွေကိုက်လူနာကို မကုတတ်သေးတဲ့ ကျွန်တော်က အတော်ကြောက်တယ်။ ဆရာမောင်စွမ်းရည် ကဗျာထဲက အပျိုတသင်းဆိုတာ ကျွန်တော့ အမျိုးတွေ။ ယမားဘေး မွေးတဲ့သူ တစောင်းနဲ့ တဝုန်းဝုန်းကို စသတ်နဲ့ မရေးပါ။ ဆရာမောင်စွမ်းရည် နေကောင်းပါစေ။ မြန်မာစာ ကျန်းမာပါစေ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment