Hypertension (2) သွေးတိုးရောဂါ (၂)

သွေတိုးကိုတိုင်းတဲ့အဖြေဂဏန်းတွေကို သွေးပေါင်လို့ခေါ်တာ မမှန်ပါ။ သွေးဖိအားဖြစ်ဖြစ်၊ BP ဘီပီ ဖြစ်ဖြစ် ခေါ်သင့်ပါတယ်။ ပြောရင်လည်း ဂဏန်း နှစ်ခုအနည်းဆုံးပြောရမယ်။ ပြည့်စုံတာကတော့ နှလုံးခုန်နှုန်းရောပါ ဂဏန်း (၃) ခု ပြောရပါမယ်။ 

သွေးဖိအားများနေတာကို High blood pressure နဲ့ Hypertension သွေးတိုးရောဂါလို့ခေါ်တယ်။ နှလုံးကနေ တကိုယ်လုံးကို စီးလျှောက်နေတဲ့သွေးတွေက သွေးကြောနံရံပေါ်ကို ဘယ်လောက်ဖိအားနဲ့ သက်ရောက်နေသလဲကို တိတိကျကျတိုင်းတာတဲ့ ကိန်းဂဏန်းဖြစ်တယ်။ ဒီဖိအားများနေတာက စဉ်တိုက်ဆက်တိုက်လို ဖြစ်နေတာမို့ ကြာလာတာနဲ့ သွေးကြောတွေတွေကို ပျက်စီးစေရုံသာမကဘဲ နှလုံးမှာပါရောဂါရလာစေနိုင်တယ်။ သွေးဖိအားကို ထိန်းမထားနိုင်ရင် တချိန်မှာ နှလုံးရောဂါ၊ ဦးနှောက်-သွေးကြောရောဂါနဲ့ ကျောက်ကပ်ရောဂါ တမျိုးမျိုးရလာစေနိုင်တယ်။

• သွေးတိုးလက္ခဏာတွေ

များသောအားဖြင့် ဘာမှမခံစားရသလိုနေပြီး ရုတ်တရက် အသက်ကို ရန်ရှာနိုင်တဲ့ အပြင်းအထန်ရောဂါရတတ်လို့ တိတ်တဆိတ် လူသတ်သမားလို့ တင်စားလေ့ရှိတယ်။ အဲလိုလူမျိုး ၅ ယောက်မှာ ၁ ယောက်ရှိတယ်။ အပြင်မှာ ဘာမှမဖြစ်သလိုနေပေမဲ့ ကိုယ်တွင်းထဲမှာတော့ နှလုံး၊ အဆုပ်၊ ဦးနှောက် နဲ့ ကျောက်ကပ်တွေကို ထိခိုက်နေတယ်။

• ဘာလို့ သွေးတိုးရတာလဲ

ဝေဒနာသည်အများစုမှာ ဘာလို့ သွေးတိုးလာဖြစ်သလဲ ဆရာဝန်တွေက အကြောင်းရှာမရကြဘူး။ လူကြီးတယောက်ရဲ့ ပုံမှန် သွေးဖိအားဟာ 120/80 ထက်မများရဘူး။ အထက်ဂဏန်းလို့ခေါ်တာက နှလုံးကနေ ညှစ်နေချိန်မှာ ရှိတာဖြစ်တယ်။ အောက်ဂဏန်းဆိုတာက နှလုံးက တခါနဲ့တခါကြား နားနေချိန်မှာရှိတာ ဖြစ်တယ်။ အကြောင်းရှာရတာတွေထဲမှာ ကျောက်ကပ်နဲ့ သူ့အထက်နားကအင်္ဂါမှာ ရောဂါတွေပါတယ်။

• သွေးတိုးရှိနိုင်နေပြီဆိုတာ

လူဦးရေရဲ့ ၄ ပုံ၁ ပုံမှာ သတိပေးချက်အဆင့် ရှိနေတယ်လို့ ပြောရင် ခြောက်ပြောတာ မဟုတ်ပါ။ အထက်ဂဏန်း 120 နဲ့ 139 ကြား၊ အောက်ဂဏန်း 80 နဲ့ 89 ကြား ရှိနေသူတွေပါတယ်။ ဒီလိုလူတွေက သာမန် သွေးဖိအား ရှိနေသူတွေထက် နှလုံးရောဂါရလမ်း ၂ ဆ ပိုတယ်။ ဆရာဝန်ဆီလာရင် လူနေမှုပုံစံ ပြောင်းပါလို့ အကြံပေးလိမ့်မယ်။

• အန္တရာယ်နယ်မြေ

သွေးဖိအား 140/90 နဲ့အထက်ရှိနေပမဲ့ လက္ခဏာတွေ မခံစားရတာ ရှိနိုင်တယ်။ 180/110 ဆိုရင်တော့ စိုးရိမ်အမှတ် ရောက်နေပြီ။ ခဏလေး ကိုယ်ရောစိတ်ပါ နားလိုက်ပါ။ သွေးဖိအားပြန်တိုင်းပါ။ ဒိထက်မကျရင် အရေးပေါ်ဌာန အမြန် ကြွပါ။ ဦးနှောက်ထိခိုက်တာ၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါနဲ့ သတိလစ်တာတွေ ဖြစ်လာနိုင်စရာရှိနေပြီ။ ခေါင်းတအားကိုက်မယ်၊ စိုးရိမ်စိတ်ကဲနေမယ်၊ နှာခေါင်းသွေးယိုမယ်၊ အသက်ရှူမဝဖြစ်မယ်။

• ဘယ်လိုလူတွေမှာ လာဖြစ်သလဲ

အသက် ၄၅ နှစ်အထိ ယောက်ျားတွေက မိန်းမတွေထက် ပိုဖြစ်နိုင်တယ်။ ဒိထက်ကြီးရင် အတူတူဖြစ်ကြတယ်။ မိန်းမတွေက အသက် ၆၅ နှစ်ကျော်လာရင် ပိုဖြစ်တယ်။ ဆီးချိုရောဂါလိုဘဲ မိသားစုထဲမှာ တယောက်ဖြစ်ရင် နောက်လူလဲ ဖြစ်တတ်တယ်။ အားလုံးတော့ မဟုတ်ပါ။ ဆီးချိုရှိနေသူထဲက ၆ဝ% မှာ သွေးတိုးလဲတွဲရှိနေတယ်။

• ဆားနဲ့ သွေးတိုး အမျိုးတော်တယ်

လူတွေ၊ တိရစ္ဆာန်တွေ ဆားမရှိရင် အသက်မရှင်နိုင်ဘူး။ ဒါပေမဲ့ သွေးတိုးနဲ့မတည့်ပါ။ ဆားထဲမှာ အများဆုံး ပါနေတာက (ဆိုဒီယမ်) ဖြစ်တယ်။ ဒီဓါတ်ကနေ သွေးဖိအားတက်စေတာသေခြာတယ်။ (ဆဲလ်) တွေထဲ ရေပိုအောင်းစေလို့ ကိုယ်ရောင်မယ်။ လူတယောက် တနေ့မှာ (ဆိုဒီယမ်) 1,500 milligrams ထက် များမစားဘို့ဖြစ်တယ်။ သိတဲ့အတိုင်း သူတို့က အာရှသားတွေထက် လူကောင်ကြီးသေးတော့ ကျွန်တော်တို့က ပိုနည်းသင့်သေးတယ်။ အလွယ်ဝယ်စားလို့ရတာတွေ၊ ပြုပြင်စီမံထားတဲ့ အစာတွေကနေ လိုအပ်ချက်ထဲက ၇၅% ရနေတာ သတိထားပါ။

• သွေးတိုးများတာနဲ့ စိတ်ဖိအား

စိတ်ဖိအားများရင် သွေးတိုးများတယ်။ ဘာလို့လဲတော့ အဆက်အစပ်မပြနိုင်သေးဘူး။ ဒါပေမဲ့ စိတ်ဖိစီးမှုများသူတွေဟာ နှလုံးရောဂါရလမ်းလဲ များတယ်။ ဒီလိုလူတွေက အစားကောင်းကောင်းမစား၊ အရက်သောက်၊ ဆေးလိပ်သောက်တာတွေလဲ လုပ်ကြတော့ ဆက်စပ်နေတယ်။

• သွေးချိန်နဲ့ ကိုယ်အလေးချိန်

ဝတဲ့သူတွေဟာ သူတို့နှလုံးအပေါ်ဖိအား များနေစေလို့ သွေးတိုးဖြစ်ဘို့ များတယ်။ ဒါကြောင့် အစားအသောက်မှာ ဆား လျှော့စားဘို့နဲ့အတူ ကိုယ်အလေးချိန်ချဘို့၊ (ကလိုရီ) ချဘို့ လိုအပ်တယ်။ အဆီလဲလျှော့၊ သကြားလဲ နည်းစေရတယ်။ အသီးအနှံတွေ၊ အသီးအရွက်တွေကို ပိုစားသင့်တယ်။ အဆီလွတ်အသားနဲ့ (ဖိုင်ဘာ) များအစားတွေကို အစားခိုင်းတယ်။ အလေးချိန် ၁ဝ ပေါင်ကျတာနဲ့ အန္တရာယ်ကိုနည်းစေတယ်။

• သွေးတိုးနဲ့ အရက်

အရက်များရင် သွေးတိုးများစေတယ်။ အမေရိကန်နှလုံးအသင်းရဲ့ လမ်းညွှန်ချက်မှာ အရက်ကို လူတိုင်းလိုလို သောက်နေတဲ့နိုင်ငံမို့ အမျိုးသားတိုင်း ၂ ခါသောက်၊ နဲ့ အမျိုးသမီးတိုင်း ၁ ခါသောက်ထက် မပိုဘို့ပါနေတယ်။ ၁ ခါ သောက်ဆိုတာ ဘီယာ ၁၂ အောင်စ၊ ဝိုင် ၄ အောင်စ၊ အရက် (80-Proof) ၁ အောင်စခွဲ နဲ့ အရက် (100-Proof) ၁ အောင်စကို ပြောတာဖြစ်တယ်။

• သွေးတိုးနဲ့ (ကေဖင်း) 

(ကေဖင်း) ပါတဲ့ ကော်ဖီ စတာတွေ သောက်ရင် လူက တမျိုးတမည်ဖြစ်သလို သွေးတိုးကိုလဲ တက်စေတယ်။ ယာယီ သဘောတော့ ဖြစ်တယ်။ တနေ့ ၁ ခွက်၊ ၂ ခွက် သတ်မှတ်တယ်။

• သွေးတိုးနဲ့ ကိုယ်ဝန်

ကိုယ်ဝန်ဆောင်လို့ သွေးတိုးတယ်ဆိုတာ ဖြစ်တတ်တယ်။ ကိုယ်ဝန် နောက်ပိုင်းမှာ အဖြစ်များတယ်။ ဆေးကုသမှု မလုပ်ရင် ဆိုးဝါးတာတွေ ဆက်ဖြစ်လာနိုင်တယ်။ ဥပမာ PET ကိုယ်ဝန်ဆောင်သွေးဆိပ်တက်ခြင်းမဖြစ်မီအဆင့်) ကနေ မိခင်ရော ကလေးပါ ဆိုးဝါးတာတွေဖြစ်လောစေနိုင်တယ်။ ဒီလိုဖြစ်သူတွေ ကလေးမွေးပြီး ပြန်ကောင်းပါတယ်။

• သွေးတိုးနဲ့ ဆေးဝါးတွေ

အအေးမိဆေးတွေထဲမှာ Decongestants အမျိုးအစားဆေးတွေ ပါနေတယ်။ ဒီဆေးက သွေးတက်စေနိုင်တယ်။ တခြားဆေးတွေကတော့ အကိုက်အခဲပျောက်ဆေးတွေ၊ (စတီရွိုက်) ဆေး၊ ပိန်ဆေး၊ ကိုယ်ဝန်တားဆေးနဲ့ စိတ်ကျဆေးတွေ ဖြစ်တယ်။

• ကော်လာဖြူသွေးတိုး

အလုပ်လုပ်တဲ့နေရာ၊ ရုံးတွေမှာ သွေးချိန်တိုင်းရင် အိမ်မှာနေရင်း တိုင်းတာထက် တက်နေတတ်တယ်။ လူနာတွေလဲ ဆေးခန်းလာဘူးကာစ၊ ဆေးခန်းသစ်လာစ၊ ဆရာဝန်-ဆရာမ အသစ်နဲ့ စစ်ကာစ အချိန်တွေမှာ သွေးချိန် နည်းနည်း ပိုတက်နေတတ်တယ်။ ဒါကြောင့် အိမ်မှာ အေးအေးဆေးဆေး တိုင်းတာတာက ပိုသေခြာတဲ့ဂဏန်းကို ရစေနိုင်တယ်။ ဒါပေမဲ့ လူတိုင်းက အိမ်မှာချည်း အမြဲနေကြတာ မဟုတ်ပါ။ အပြင်နေရလို့ သွေးချိန်တက်တာလဲ သူ့သွေးချိန်ဘဲဖြစ်တယ်။

• သွေးတိုးနဲ့ ကလေး

သွေးတိုးဟာ လူကြီးရောဂါ မှန်တယ်။ ကလေးတွေလဲ မဖြစ်ဘူး မပြောနိုင်ပါ။ ကလေး ဝနေမယ်၊ မိဘတွေမှာ သွေးတိုး ရှိနေမယ်ဆိုရင် ကလေးလဲ တက်နေနိုင်တယ်။ ကလေးရဲ့ အသက်၊ အရပ်၊ ကျား-မ မတူရင် သွေးချိန်မတူဘူး။

• သွေးတိုးကို ဘယ်လိုကုသလဲ

အစားအသောက် ရွေးစားတာကြောင့် သွေတိုးကျစေတယ်။ DASH ဆိုတာ Dietary Approaches to Stop Hypertension ကို အတိုကောက်ရေးတာပါ။ အသီးတွေ၊ ဟင်းသီး-ဟင်းရွက်တွေ၊ ဖြူနေအောင်ချွတ်မထားတဲ့အဆံတွေ၊ အဆီလွတ်နို့၊ ငါး၊ ကြက်သား၊ အစေ့အဆံတွေကိုစားခိုင်းတာဖြစ်တယ်။ အမဲသား-ဆိတ်သား၊ အဆီ၊ အချိုတွေ လျှော့စားစေတယ်။ (ဆိုဒီယမ်) နည်းလေ ကောင်းလေဖြစ်တယ်။

• ကိုယ်လက်လေ့ကျင့်ခန်း

ပုံမှန်လေ့ကျင့်ခန်းလုပ်တာ သွေးတိုးအတွက်လဲ သက်သာစေတယ်။ ၇ ရက်တပါတ်မှာ မပြင်းထန်တဲ့ လေ့ကျင့်ခန်း မိနစ် ၁၅ဝ လုပ်သင့်တယ်။ ဥယျာဉ်လုပ်တာ၊ လမ်းတိုလျှောက်တာ၊ စက်ဘီးစီးတာ၊ (အေရိုးဘစ်) လုပ်တာတွေလဲ ပါတယ်။ ကြွက်သား ဆန့်တန်းတာကိုလဲ တပါတ်မှာ ၂ ခါလုပ်သင့်တယ်။

• Diuretics ဆီးသွားစေတဲ့ဆေး

သတိပေးချင်တာက ဆီးဆေးဆိုတာ မတူတဲ့ ၂ မျိုး မရောစေချင်ဘူး။ ဆီးကို အတင်းသွားခိုင်းတဲ့ဆေး နဲ့ ဆီးအောင့်လို့ သောက်ရတာ မတူပါ။ သွေးတိုးမှာ ဆီးကို တမင်တကာ သွားစေအောင် လုပ်ရတယ်။ သွေးကျတာမြန်လို့ ပဌမတန်းစားဆေး အနေနဲ့ သုံးလေ့ရှိတယ်။ ဆီးသွားရင် ကိုယ်ထဲကနေ ရေရော၊ ဆားရောထွက်ကုန်စေတယ်။ သတိထားစရာက တချို့ ဆီးဆေးတွေက ပိုတက်ဆီယမ်နည်းစေနိုင်လို့ ကြွက်သားနာတာ၊ အားယုတ်တာတွေ ဖြစ်စေနိုင်တယ်။ တချို့ဆီးဆေးက ဆီးချိုတက်စေတတ်တယ်။ တချို့မှာ ယောက်ျားလိင်အရေး နည်းစေနိုင်တယ်။

• Beta-blockers (ဘီတာ-ဘလော့ကာ) ဆေး

ဒီဆေးမျိုးက နှလုံးခုန်တာနှေးစေတယ်။ တခြားနှလုံးရောဂါအတွက်လဲ သုံးတယ်။ ဥပမာ Arrhythmia ရောဂါ။ ဒီဆေးမျိုးက အိပ်မပျော်တာ၊ ခေါင်းမူးတာ၊ အားယုတ်တာ၊ ခြေ-လက်အေးစက်တာနဲ့ ယောက်ျား လိင်အားနည်းတာတွေ ဖြစ်စေနိုင်တယ်။

• ACE Inhibitors (အေ-ဟီ-အီး အင်န်ဟဘစ်တာ) ဆေး

သွေးကြောတွေကို ကျုံ့စေ-ကျဉ်းစေတဲ့ ကိုယ်ကနေထွက်တဲ့ Angiotensin II ဓါတ်ကို ဆန့်ကျင်တယ်။ ဒီဆေးမျိုးက ချောင်းခြောက်ဆိုးတာ၊ အရေပြားအနီစက်ထွက်တာ၊ ခေါင်းမူးတာ၊ (ပိုတက်ဆီယမ်) များတာတွေ ဖြစ်စေနိုင်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မပေးသင့်ဘူး။

List of ACE inhibitors

Lisinopril

Ramipril

Quinapril

Captopril

Trandolapril

Perindopril

Enalapril

Fosinopril

Benazepril

• ARBs (အေ-အာရ်-ဘီ) ဆေး

ဒီဆေးမျိုးက သွေးကြောတွေကို ကျုံ့စေ-ကျဉ်းစေတဲ့ Angiotensin II ဓါတ်ကို ကိုယ်ကနေထွက်တာကို နည်းစေတယ်။ ဆေးသတ္တိပြဘို့ အချိန်စောင့်ရတယ်။ ခေါင်းမူးတာ၊ ကြွက်သားနာတာ၊ အိပ်မပျော်တာ၊ (ပိုတက်ဆီယမ်) များတာတွေ ဖြစ်စေနိုင်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မပေးသင့်ဘူး။

Atacand (candesartan)

Avapro (irbesartan)

Benicar (olmesartan)

Cozaar (losartan)

Diovan (valsartan)

Micardis (telmisartan)

Teveten (eprosartan)

• Calcium Channel Blockers (ကယ်လ်စီယမ်-ချင်နယ်လ် ဘလော့ကာ) ဆေး ဒီဆေးမျိုးကနေ နှလုံးနဲ့ သွေးကြော (ဆဲလ်) တွေထဲကို (ကယ်လ်စီယမ်) ဓါတ်ဆား ဝင်တာကိုနှေးစေမယ်။ (ကယ်လ်စီယမ်) ဓါတ်က နှလုံကိုပိုညှစ်စေပြီး သွေးကြောကိုကျယ်စေတယ်။ ခေါင်းမူးတာ၊ ရင်တုန်တာ၊ ခြေထောက်ရောင်တာ၊ ဝမ်းချုပ်တာတွေ ဖြစ်စေနိုင်တယ်။ အစာနဲ့ သောက်ရတယ်။ အရက်၊ စပျစ်ဖျော်ရည်တွေနဲ့ တွဲမသောက်သင့်ဘူး။

Amlodipine (Norvasc).

Diltiazem (Cardizem, Tiazac, others).

Felodipine.

Isradipine.

Nicardipine.

Nifedipine (Procardia).

Nisoldipine (Sular).

Verapamil (Verelan).

• တခြားဆေးကျဆေးတွေ

Vasodilators, Alpha blockers, Central agonists အမျိုးအစားဆေးတွေကိုလဲ သုံးတယ်။ ခေါင်းမူးတာ၊ ရင်ခုန်-ရင်တုန်တာ၊ ခေါင်းကိုက်တာ၊ ဝမ်းလျှောတာတွေ ဖြစ်စေနိုင်တယ်။

• အထောက်အကူပြုကုသနည်းတွေ

တရားထိုင်တာ၊ ယောဂလုပ်တာ၊ အသက်ပြင်းပြင်းရှူတာတွေက သွေးတိုးကျဘို့ အထောက်အကူရစေနိုင်တယ်။ တိုင်းရင်းဆေးတချို့က သွေးတိုးကိုပိုတိုးစေတယ်။

• သွေးတိုးနဲ့ ဘယ်လိုစခန်းသွားမလဲ

သွေးတိုးကို ပျောက်သွာအောင် ဆရာဝန်တွေ မစွမ်းသေးပါ။ တသက်တာသွေးတိုးကို ထိန်းနေတတ်အောင် လုပ်နေနိုင်ရင် အသက်တမ်းစေ့ နေနိုင်ပါမယ်။ လူဆိုတာ ရသာ ၆ ပါးကို အာရုံထားကြတယ်။ ရှောင်ရမှာက ငန်တာတပါးတည်းပါ။ ကျန် ၅ ပါး အားကိုးရတာ မနည်းပါ။

Dr. တင့်ဆွေ

၂၃-၈-၂၀၁၆

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ