Sweeping broom တံမြက်စည်းလှည်းနည်း

အဖေနေ့မှာ တခြားသူတွေက သူတို့ဖခင်တွေကို အသီးသီးဂုဏ်တင်ကြ၊ ကျေးဇူးတင်ကြတယ်။ ကောင်းတယ်။ ကျွန်တော်လည်း ပါဦးမယ်။ ကျွန်တော့အဖေက စက်ဘီးစီးနည်း သင်ပေးတယ်။ တံမြက်စည်းလှည်းနည်းလည်း သင်ပေးတယ်။ မန္တလေးရောက်တော့ ဦးလေးဘုန်းကြီးက မွမ်းမံသင်တန်းပေးတယ်။
အမှိုက်ကို ဘယ်နေရာမှစုထားမလဲ။ အလှမ်းကျယ်ရာမှာ အမှိုက်လှည်းရရင် ဟိုနေရာမှာတပုံ၊ သည်နေရာမှာတပုံ လုပ်ရတယ်။ အမှိုက်ကို မြေနိမ့်ရာမှာပုံမှသာ ကြာတော့ မြေသားပါညီလာတယ်။ အိမ်ပြင်ကအမှိုက် အိမ်ထဲမသွင်းရ ဆိုတဲ့ဥပဒေသက မြန်မာစကားပုံထဲမှာတောင်ပါသေးတာ။
ဇာတိမင်းရွာမှာက အုန်းပင်ပေါလို့ အုန်းတံမြက်စည်းထွက်တယ်။ ငါးနှစ်သားကတည်းက မိသားတစုလုံး မုံရွာကို ပြောင်းနေတော့လည်း လူကြုံလာတိုင်းပါလာကြလို့ အုန်းတံမြက်စည်းဟာ အိမ်မှာပြတ်လပ်နေတယ်လို့ မရှိပါ။
အဲလိုတံမြက်စည်းမျိုးကို တသက်လုံးသုံးခဲ့ရပြီး မြန်မာပြည်ကနေ ထွက်နေရတဲ့နောက် ဘယ်တိုင်းပြည် ရောက်ရောက် ပြန်မတွေ့တော့ပါ။ နောက်ပေါ်လှည်းစရာတွေကို ငယ်တုန်းကသုံးတဲ့ အုန်းတံမြက်စည်းလောက် မကြိုက်ပါ။ 
တံမြက်စည်းအသစ်မှာ အုန်းလက်တံလေးတွေက ဖြောင့်စင်းနေတယ်။ တဖြေးဖြေးနဲ့ တဖက်သပ်ယိုင်စောင်းလာတယ်။ အစောင်းနှစ်ဖက်ကို အမှိုက်ကိုလှည်းတဲ့အခါ အသုံးပြုရတာ မတူပါ။ အကြိုအကြားကအမှိုက်ကို ခြူယူတဲ့အခါ အချွန်ပိုင်းလေးနဲ့ယူမှရတယ်။ တံမြက်စည်းကို ပက်လက်ထားပြီး အမှိုက်လှည်းမိရင် အဆူခံရတယ်။ အမှိုက်ပါမလာပဲ ဖုန်ပဲထတယ်။ အမှိုက်မလှည်းခင် ရေလေးနည်းနည်းဖြန်းနိုင်ရင် ဖုန်မထပါ။
မြန်မာပြည်မှာ အမှိုက်လှည်းတာ ကိုယ့်အိမ်ရှေ့လမ်းကိုယ်တာဝန်ယူတဲ့ခေတ်ရှိခဲ့တယ်။ လမ်းထဲက စေတနာထားသူ တယောက်က တလမ်းလုံး နိစ္စဓူဝလှည်းရှင်းတာမျိုးလည်းရှိတတ်တယ်။ အလိုက်သိတဲ့ အိမ်နီးခြင်းတွေက လှည်းပုံထားပြီးသား အမှိုက်ကို လာကြုံးပေးကြတယ်။ အဲတာလည်း ပညာပါသေးတယ်။ မြေကြီးတွေ ကျန်နေစေရမယ်။ မဟုတ်ရင် လမ်းခွက်ဝင်ပြီး မိုးရွာရင်ရေဝပ်မယ်။ လက်ခတ်လို့ခေါ်တဲ့ သစ်သားပြား နှစ်ချပ်ကို တဖက်ကအဖြောင့် တဖက်ကိုခုံးခုံးလေးလုပ်ထားတာနဲ့ အမှိုက်ကြုံးရတယ်။ အိမ်မှာကိုယ့်ဖါသာလုပ်ရတာ ကျွန်တော်က သိပ်မပိုင်ပါ။
အဲဒီ စေတနာ့ဝန်ထမ်းယဉ်ကျေးမှုက အိန္ဒိယရောက်တော့ ပြဿနာတက်ပါလေရော။ သူတို့ဆီမှာ အမှိုက်လှည်းတာကို အိမ်စေတွေ၊ ဇာတ်နိမ့်သူတွေကသာလုပ်တော့ ဗမာတယောက် စေတနာပေါက်လို့ အိမ်ရှေ့မှာ အမှိုက်လှည်းတာကို ဆိုရှယ်ဝပ်လို့ မသတ်မှတ်ပါ။ တော်ကြာဘေးအိမ်တွေက သူတို့အိမ်ရှေ့မှာပါ လာလှည်းလို့ခိုင်းမယ်ဆိုပြီး အရင်ရောက်နှင့်သူတွေကသတိပေးမှ တံမြက်လှည်းအမှိုက်သိမ်းအတတ်ကို ရှင်ခန်းဖြတ်လိုက်ရတော့တယ်။
မြန်မာပြည်ထဲမှာ ယဉ်ကျေးမှုတွေ၊ တန်ဘိုးထားမှုတွေ ယိုယွင်းကျဆင်းလာနေတာ မမြင်ရလို့ မျက်စေ့အောက်လို့ မပြောနိုင်ပေမယ့် အတတ်သိနေရတယ်။ အဲလိုအစဉ်အလာကောင်းခဲ့တဲ့ လူမှုဝန်ထမ်းယဉ်ကျေးမှုကို အသိရှိသူတွေက အညစ်အပေခံ၊ အထင်သေးတဲ့မျက်လုံးတွေနဲ့ ပါးစပ်ပေါက်တွေကို ရင်ဆိုင်ပြီးလုပ်နေကြတာ မကြာလှသေးပါ။ ပျက်ခဲ့တာက ရာစုနှစ်တဝက်လောက်ရှိခဲ့ပြီ။
အရင်က တံမျက်စည်းလို့ရေးတာလည်း တွေ့ဘူးတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Colorectal cancer အူမကြီး ကင်ဆာ